မင်းပြားမြို့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အဆောက်အအုံအများအပြား ထိခိုက်ပျက်စီး 

ရခိုင်ပြည်၊ မင်းပြားမြို့၊ ကျိန်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ပေါ်နေအိမ်များနှင့် အရပ်ဖက်အဆောက်အအုံများ ထိခိုက်ပျက်စီးသွားသည်။ 

By Admin 03 Jan 2024

စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသည့် မင်းပြားမြို့မှ နေအိမ်အဆောက အအုံများ။ ဓာတ်ပုံ - CJ
စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသည့် မင်းပြားမြို့မှ နေအိမ်အဆောက အအုံများ။ ဓာတ်ပုံ - CJ

ယမန်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် ပြည်သူ့ဆေးရုံကြီးရှိ လူလိုင်းခန်း၊ အောက်သပြေညိုရပ်ကွက်ရှိ အ.ထ.က(၃)နှင့် မြို့မဈေးကြီးရှိ ဆိုင်ခန်းတချို့မှာ ခေါင်မိုးများပွင့်ထွက်သွားပြီး လမ်းမတော်ရပ်ကွက်မှ နေအိမ်တချို့နှင့် ရွှေပြည်တန်ဆိပ်မှ အဆောက်အအုံတချို့ ပျက်စီးသွားခဲ့သည်။ 

“စစ်ကောင်စီက လက်နက်ကြီးတွေ အဆက်မပြတ်ပစ်နေတာ။ မြို့တွင်းမှာ ၁၀ လုံးလောက်ကျတယ်” ဟု မင်းပြားမြို့မှ ဒေသခံတစ်ဦးက ပြောသည်။ 

ဇန်နဝါရီလ ၂ ရက်၊ နံနက် (၄) နာရီခန့်မှစ၍ မင်းပြားကျိန်းတောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၈၀)၊ ခမရ (၃၇၉)နှင့် ခမရ (၅၄၁) တပ်ရင်းများမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် မြို့ပေါ်သို့ လက်နက်ကြီးအကြိမ်ပေါင်း (၃၀)ကျော်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။ 

မင်းပြားမြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က မြို့ပေါ်သို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရရှိမှုဖြစ်ပြီးနောက် မြို့နေလူထုအများအပြားမှာ အသက်အန္တရာယ်စိုးရိမ်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။  

“အိမ်ပြန်ရမှာကိုတောင် စိုးရိမ်မိတယ်။ ကြားရတဲ့သတင်းတွေက စိတ်အေးစရာမရှိဘူး။  မြို့မှာကျန်နေသူတွေ သေဆုံးဒဏ်ရာရတာရှိကြတယ်။ လက်နက်ကြီး နေ့တိုင်းလိလိုပစ်နေတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု မင်းပြားမြို့မှ ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။  

လက်ရှိတွင် မင်းပြားမြို့၌ ဒေသခံအနည်းအကျဉ်းသာရှိပြီး လက်နက်ကြီးများ နေ့စဉ်ရက်ဆက် ပစ်ခတ်နေ၍ မြို့တွင်းလူသွားလူလာမရှိဘဲ တိတ်ဆိတ်လျက်ရှိနေသည်။ 

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေ၍ ပြည်သူများ၏ အသက်အိုးအိမ်များ ထိခိုက်နစ်နာနေရသည်။  

“ကိုယ့်အိမ်ကို ဘယ်အချိန်ပြန်ဖြစ်မယ်ဆိုတာ အတိအကျမပြောနိုင်ဘူး။ ပြန်သွားရင်လည်း လုံခြုံမှုမရှိဘူး” ဟု မင်းပြားမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။  

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဓလေ့ထုံးတမ်းဥပဒေတွင် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမဆို အရပ်သားများကို ကာကွယ်ပေးရန်နှင့် အရပ်သားများကို တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်း၊ လူသားဒိုင်းကာများ မပြုလုပ်ရန်နှင့် အရပ်သားနေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ မပြုလုပ်ရန် ဖော်ပြထားပြီး ကျူးလွန်သူများကို စစ်ရာဇဝတ်မှုအရ အရေးယူနိုင်ကြောင်း ပြဌာန်းထားသည်။

ဗီဒီယိုများ