ရခိုင်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် တစ်ရက်အတွင်း အရပ်သား ၁ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အရပ်သား ၁ ဦးသေဆုံးပြီး၊ ၉ ဦး ဒဏ်ရာရရှိသွားသည်။  

By Admin 11 Dec 2023

မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိသွားသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - မာရယု
မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိသွားသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - မာရယု

မင်းပြားကျိန်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်က ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ မင်းပြားမြို့၊ ဉက္ကာပျံရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် မိန်းကလေးငယ် ၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။  

“ကလေးတွေက အိမ်ရှေ့မှာကစားနေကြတုန်း လက်နက်ကြီးက လမ်းမှာကျပြီးတော့ အကုန်ထိသွားကြတာ။ ကလေးတစ်ယောက်ကတော့ ခေါင်းမှာထိသွားတာကြောင့် ချက်ချင်းသေသွားတယ်။ ကျန်တဲ့သူတွေကတော့ ကျည်စတွေထိလို့ ဒဏ်ရာရသွားတာ” ဟု ဥက္ကာပျံရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။  

သေဆုံးသူမှာ မစံပယ် (၁၃ နှစ်) ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မမိုးမိုးဇံ (၁၄ နှစ်)၊ မောင်ထွန်းနုလင်း(၁၂ နှစ်)၊ မောင်ခိုင်လင်းနိုင် (၅ နှစ်)၊ ဒေါ်နီနီဝင်း (၃၅ နှစ်)၊ မောင်ဇော်မျိုးခိုင် နှင့် အခြားသုံးဦးဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေကြသည်။ 

စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာတွင်လည်း ဒီဇင်ဘာလ ၁၀ ရက်၊ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲမှုကြောင့် ကလေးတစ်ဦး ဒဏ်ရာရရှိသွားသည်။ မောင်မင်းဆက်ပိုင် (၁၂ နှစ်)မှာ ဒဏ်ရာအခြေအနေစိုးရိမ်ရသဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။

“ဒရုန်းတစ်စီးက ဗုံးချသွားတာ။ ဒဏ်ရာရသွားတဲ့ ကလေးရဲ့အိမ်အနီးက အိမ်မှာကျတာ။ အဲဒီကနေ ကျည်စတွေထိမှန်ပြီး ဒဏ်ရာရသွားတာ။ ဒဏ်ရာတွေက မျက်နှာမှာရသွားတော့ နှာခေါင်းကလည်း သွေးတအားထွက်တော့ ချက်ချင်းဆေးရုံပို့လိုက်ရတယ်” ဟု ဝါဘိုကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။  

အဆိုပါ ဗုံးကြဲပစ်ခတ်မှုအတွင်း ဝါဘိုကျေးရွာမှ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။ 

ယင်းအပြင် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာရှိ စစ်ကောင်စီတပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာ(ရွာသစ်)မှ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးသွားသည်။  

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီက တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားနေအိမ် အဆောက်အအုံနှင့် ရိက္ခာများအား လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုနှင့် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေပြီး ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။ 

“ပြည်သူတွေကို အကြောက်တရားသွင်းပြီး ဖက်ဆစ်တွေလို ရက်စက်နေတာဖြစ်တယ်။ သူတို့မှာ ဥပဒေဆိုတာလည်း မရှိတော့ဘူး။ လူအခွင့်အရေးဆိုတာလည်း မရှိတော့ဘူး။ ပြည်သူကို ရန်သူလိုသဘောထားပြီး တိုက်ခိုက်နေတဲ့ စစ်ကောင်စီကို ပြုတ်ကျအောင် ပြည်သူဖက်ကလည်း ပြန်ပြီး တော်လှန်သင့်ပြီ” ဟု ရခိုင်နိုင်ငံရေးသမား ဦးအောင်သောင်းရွှေက ပြောသည်။ 

DMG က ပြုစုထားသောစာရင်းအရ ရခိုင်ပြည်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်ထိ စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၂၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၀ ဦးရှိနေပြီ ဖြစ်သည်။ 

#D007 #D008 

ဗီဒီယိုများ