ရခိုင်တွင်စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးရန်လိုအပ်နေ

ရခိုင်ပြည်အတွင်း ဆောင်းသီးနှံစိုက်ပျိုးဧက ၅ သိန်း ၄ သောင်းကျော်ရှိသော်လည်း ဈေးကွက်အာမခံချက်၊ ငွေကြေးအခက်အခဲနှင့် ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်ခြင်း စသည့် အခြေအနေများကြောင့် စိုက်ပျိုးရေးလုပ်ငန်းအားနည်းနေကြောင်း တောင်သူများက ပြောဆိုကြသည်။

By Admin 06 Jan 2023

ရခိုင်တွင်စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးရန်လိုအပ်နေ

မြောက်ဦးမြို့နယ်တွင် စိုက်ပျိုးထားသည့် ဆီထွက်မုန်ညှင်းစိုက်ခင်းတစ်ခု။ / ဓာတ်ပုံ - DMG

DMG၊ ဇန်နဝါရီ ၆

ရခိုင်ပြည်အတွင်း စိုက်ပျိုးရေးအားနည်းခြင်းကြောင့် စားသုံးဆီဖူလုံရေးတွင် ပြည်မဘက်ကို အားကိုးနေရ၍ ဆီထွက်သီးနှံများကို ပိုမိုစိုက်ပျိုးရန် လိုအပ်နေကြောင်း စိုက်ပျိုးရေးလုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

ပြီးခဲ့သည့်နှစ်က ဆီထွက်သီးနှံ ဧကပေါင်း ၉၈,၁၅၆ ရှိခဲ့ကာ ယခုနှစ်တွင် ၁၁၀,၈၅၃ ဧကရှိပြီး သီးနှံစိုက်ပျိုးဧက ၁၂၀,၀၀ ကျော်အထိ တိုးလာနေကြောင်း ရခိုင်ပြည်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

သို့သော် စားသုံးဆီအတွက် ပြည်မဘက်ကို နှစ်စဉ်နှစ်တိုင်း အားကိုးနေရသေးသဖြင့် ပြည်တွင်းစားသုံးဆီဖူလုံစေရန် ဆီထွက်သီးနှံများကို ယခုထက် စိုက်ပျိုးရန်လိုအပ်သည်ဟု ရခိုင်ပြည်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဦးထွန်းမြင့်က DMG သို့ ပြောသည်။

“ရခိုင်ပြည်ရဲ့ စားသုံးဆီဖူလုံမှုဟာ ကိုယ့်ပြည်ကထွက်တဲ့ ဆီထွက်သီးနှံနဲ့ စားသုံးဆီအထွက်နှုန်းက အရမ်းနည်းနေတယ်။ အရင်နှစ်ကဆိုရင် ၄၄.၄၉ ရာခိုင်နှုန်းလောက်ပဲ ထွက်ရှိခဲ့တယ်။ တစ်နှစ်ထက်တစ်နှစ်  ဒီထက်ပိုပြီး ဆီထွက်သီးနှံ အများကြီး စိုက်ပျိုးဖို့ လိုအပ်ပါသေးတယ်” ဟု ဦးဦးထွန်းမြင့်က ပြောသည်။

တစ်ဖက်မှာလည်း ပြည်တွင်းကထွက်ရှိသည့် ဆီထွက်သီးနှံများကို ပြည်မဘက်သို့ တင်ပို့မှုများရှိနေသည့်အတွက် စားသုံးဆီဖူလုံရေးကို ထိခိုက်စေသည်ဟု ဦးဦးထွန်းမြင့်က ဆက်လက်ပြောသည်။

ရခိုင်ပြည်အတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ တောင်ကုတ်၊ ဂွ၊ ရမ်းဗြဲ၊ သံတွဲ မြို့နယ်တို့တွင် နေကြာ၊ နှမ်း၊ မြေပဲနှင့် ဆီထွက်မုန်ညှင်း စသည့် ဆီထွက်သီးနှံများကို အဓိကစိုက်ပျိုးကြသည်။ သို့သော် တပိုင်တနိုင် စိုက်ပျိုးကြခြင်းသာဖြစ်ပြီး စီးပွားဖြစ် စိုက်ပျိုးဧကတိုးချဲ့မည်ဆိုပါက နည်းပညာနှင့် ငွေကြေးအကူအညီများ လိုအပ်ချက်ရှိနေကြောင်း တောင်သူများက ပြောဆိုကြသည်။

မြောက်ဦးမြို့နယ်၊ ပုရိမ်ကျေးရွာမှ မုန်ညှင်းစိုက်တောင်သူ ဦးမောင်ရွှေက “ငွေများများသုံးနိုင်ရင်တော့ အများကြီး စိုက်ပျိုးလို့ရတယ်။ ငွေကြေးအထောက်အပံ့ ရရင်တော့ ပိုစိုက်ပျိုးနိုင်မယ်။ အခု ကုန်စျေးနှုန်းတက်တော့ မြေဆီမြေသြဇာတွေ အများကြီးမသုံးနိုင်ဘူး။ ဒါကြောင့် စိုက်ပျိုးဧက နည်းနည်းလျော့သွားတယ်။ သီးနှံထွက်ချိန်မှာလည်း ဈေးကောင်းရဖို့ လိုအပ်တယ် ” ဟု ပြောသည်။

လက်ရှိတွင် ဆီမုန်ညှင်း ၆ ပြည်(ဒေသအခေါ် တစ်တောင်း)ကို ကာလပေါက်ဈေး ငွေကျပ် သုံးသောင်းခွဲကျော် အထိရရှိကြောင်း တောင်သူများထံမှ သိရသည်။

ရခိုင်ပြည်အတွင်း ဆောင်းသီးနှံစိုက်ပျိုးဧက ၅ သိန်း ၄ သောင်းကျော်ရှိသော်လည်း ဈေးကွက်အာမခံချက်၊ ငွေကြေးအခက်အခဲနှင့် ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်ခြင်း စသည့် အခြေအနေများကြောင့် စိုက်ပျိုးရေးလုပ်ငန်းအားနည်းနေကြောင်း တောင်သူများက ပြောဆိုကြသည်။

စိုက်ပျိုးရေးလုပ်ငန်း ပိုမိုတွင်ကျယ်လာရန်အတွက် အစိုးအရအနေဖြင့် ကူညီထောက်ပံ့မှုများ လုပ်ဆောင်သင့်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက တိုက်တွန်းထားသည်။

“လယ်သမားတွေအနေနဲ့ အစိုးရဆီက အထောက်အပံ့ရမယ် ဆိုရင်တော့ အကုန်လုံး ပြည့်စုံသွားမယ်။ စားသုံးဆီအပြင် တခြားဆောင်းသီးနှံတွေလည်း အများကြီး စိုက်ပျိုးနိုင်မယ်။ ပြည်မဘက်တွေကို အားကိုးစရာ မလိုတော့ဘူး ” ဟု တောင်သူလယ်သမားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း ရခိုင်ပြည်တွင် မြေပဲ ၈၂,၄၈၁ ဧက၊ နှမ်း ၄,၀၉၅ ဧက၊ နေကြာ ၂,၉၀၂ ဧက၊ ဆီမုန်ညှင်း ၂၁,၃၃၈  ဧက နှင့် ပန်းနှမ်း ၃၇ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိတွင် ၈၂,၀၃၇ ဧကအထိ စိုက်ပျိုးထားပြီ ဖြစ်ကြောင်း စိုက်ပျိုးရေးဌာနမှ သိရသည်။

#R010

ဗီဒီယိုများ