စစ်ကောင်စီက ယာဉ်မှတ်ပုံတင်ကြေးများကို သုံးဆအထိ တိုးမြှင့်ကောက်ခံရန် စီစဉ်နေ 

“နိုင်ငံတော်ဝင်ငွေ ဆုံးရှုံးနစ်နာမှုမရှိစေရေး” ဟုဆိုကာ ယာဉ်မှတ်ပုံတင်ဆိုင်ရာအခငွေများကို ယခင်ကထက် သုံးဆအထိ တိုးမြင့်ကောက်ခံရန် စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်နေသည်။

By Admin 11 Sep 2023

စစ်ကောင်စီက ယာဉ်မှတ်ပုံတင်ကြေးများကို သုံးဆအထိ တိုးမြှင့်ကောက်ခံရန် စီစဉ်နေ 

DMG ၊ စက်တင်ဘာ ၁၁

ပြည်တွင်းစီးနင်းနေသော ယာဉ်ကြီး၊ ယာဉ်ငယ်များ မှတ်ပုံတင်လိုင်စင်ကြေးများကို ယခင်နှုန်းထားများထက် သုံးဆအထိ တိုးမြှင့်ကောက်ခံသွားရန် စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်နေသည်။

“နိုင်ငံတော်ဝင်ငွေ ဆုံးရှုံးနစ်နာမှုမရှိစေရေး” ဟုဆိုကာ ယာဉ်မှတ်ပုံတင်ဆိုင်ရာအခငွေများကို တိုးမြင့်ကောက်ခံရန် လျာထားတွက်ချက်ထားပြီး စက်တင်ဘာလ ၁၃ ရက်နောက်ဆုံးထား၍ သဘောထားမှတ်ချက်ပေးကြရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာန နေပြည်တော်ကနေ စက်တင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များသို့ အကြောင်းကြားစာ ပေးပို့ထားသည်။ 

ယခင်ကောက်ခံလျက်ရှိသော အခငွေနှုန်းထားများသည် ခေတ်ကာလနှင့်လျှော်ညီမှု မရှိတော့ခြင်း၊ အခြေခံလစာနှုန်းထားများသည် ယခင်ကထက်တိုးမြှင့်လာခြင်းနှင့် ယာဉ်စီးရေသည်လည်း ယခင်ထက်များစွာ တိုးလာသည့်အပြင် ယာဉ်တန်ဖိုးများလည်းမြှင့်တက်လာခြင်း တို့ကြောင့် အခငွေတိုးမြှင့်ကောက်ခံရန် စီစဉ်နေခြင်းဟု အကြောင်းကြားစာတွင် ပါရှိသည်။  

မန္တလေးမြို့ခံ ကိုလှိုင်ဦးမော်က “အကြောင်းကြားစာတွေတော့ ထွက်နေပြီး ဘယ်နေ့ကောက်မယ် ဆိုတာတော့ မကြေညာသေးပါဘူး။ အခုလို ခက်ခဲနေချိန်မှာ ယာဉ်လိုင်စင်သက်တမ်းတွေ သုံးဆတိုးမြှင့်ကောက်ခံတာ မဖြစ်သင့်ပါဘူး။ ဒါက ပြည်သူကို ညှင်းဆဲရာကျပါတယ်” ဟု ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယာဉ်လိုင်စင်များ သက်တမ်းတိုးရာတွင် မြို့ရွာများအလိုက် ကောက်ခံသည့် စည်ပင်ခွန်၊ ဘီးခွန်များ၊ ယာဉ်အမျိုးအစားအပေါ် မူတည်၍ နှုန်းထားများကွာဟသဖြင့် သတ်မှတ်ထားသည့် အခြေခံလိုင်စင်ကြေးများ ပြောင်းလဲပါက ယခင်ထက် ပေးဆောင်ရသည့် နှုန်းထားပိုများ လာမည် ဖြစ်သည်။

“လိုင်စင်ကြေးက ယာဉ်ရဲ့အင်ဂျင်ကို ကြည့်ပြီး လိုင်စင်ကြေးပေးဆောင်ရတာ။ ရန်ကုန်လိုင်စင်ဆိုရင် စည်ပင်ခွန်၊ ဘီးခွန်က အခြားမြို့နယ်တွေထက် များတယ်။ လိုင်စင်နယ်မြေပေါ်မူတည်ပြီး ပေးရတဲ့နှုန်းက ကွာသွားတာ။ အခုဟာက အလွှာတိုင်းကို လည်ပင်းညှစ်နေတာ” ဟု ကားလိုင်စင်ကြေးပေးဆောင်နေသူ ရန်ကုန်မြို့ခံ မကျော်ဆုမွန်က ပြောသည်။

မြန်မာနိုင်ငံတွင် ယာဉ်မှတ်ပုံတင် လိုင်စင်ကြေးများကို ၂၀၁၈ ခုနှစ်က တစ်ကြိမ် တိုးမြှင့်ခဲ့ပြီး ငါးနှစ်အကြာမှာ ထပ်မံတိုးမြှင့်ကောက်ခံရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ပြောင်းလဲသတ်မှတ်မည့် လိုင်စင်ကြေးများမှာ - သက်တမ်း (၂) နှစ် နှင့် (၄) နှစ်ရှိ ဆိုင်ကယ်/ လျှပ်စစ်သုံးဘီးဆိုင်ကယ် အမျိုးအစားအလိုက် ယခင်က ငွေကျပ် ၂,၀၀၀ မှ ၆,၀၀၀ အကြား ရှိရှိရာကနေ ယခုအခါ ငွေကျပ် ၆,၀၀၀ မှ ၂၀,၀၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်သည်။ 

ထို့အတူ သက်တမ်း ၁ နှစ်ရှိ ကိုယ်ပိုင်ယာဉ်ငယ်မှာ ယခင်က ငွေကျပ် ၅,၀၀၀ မှ ၁,၅၀၀၀ ကြား ကောက်ခံရာမှ ယခုအခါ ငွေကျပ်၂၀,၀၀၀ မှ ၅၀,၀၀၀ အထိ၊ အငှားယာဉ်ငယ်ကို ယခင်က ငွေကျပ် ၁၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ အကြားမှ ယခုအခါ ငွေကျပ် ၈၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ အထိ ကောက်ခံသွားမည်ဖြစ်သည်။

သက်တမ်း ၁ နှစ်ရှိ  ကိုယ်ပိုင် ယာဉ်ကြီးကို ယခင်က ငွေကျပ် ၁၀,၀၀၀ မှ ၃၀,၀၀၀ ကြားကောက်ခံရာမှ ယခုအခါ ငွေကျပ် ၈၀,၀၀၀ မှ ၁၀၀, ၀၀၀ ကျပ်အထိ၊ အငှားယာဉ်ကြီးကို ယခင်က ငွေကျပ် ၂၀,၀၀၀ မှ ၄၀,၀၀၀ အကြား ကောက်ခံရာမှ ယခုအခါ ငွေကျပ် ၉၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ ပြောင်းလဲသတ်မှတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ 

ယင်းအပြင် ယာဉ်စစ်ဆေးခများကိုလည်း ယာဉ်အမျိုးအစားပေါ်မူတည်၍ ငွေကျပ် ၃၀,၀၀၀ အထိ တိုးမြှင့်ကောက်ခံရန် စီစဉ်ထားသည်ဟု ဆိုထားသည်။ 

#I004

ဗီဒီယိုများ