မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ၏ ခြိမ်းခြောက်မှုအန္တရာယ်မှ ကလေးသူငယ်များကို ကာကွယ်ပါ

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းမှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ကြသည့် ကလေးသူငယ်များအား မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ ခြိမ်းခြောက်မှုအန္တရာယ်မှ ကာကွယ်ပေးရန် အရေးတကြီး လိုအပ်နေသည်။

25 Nov 2020

အယ်ဒီတာ့အာဘော် | DMG

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းမှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ကြသည့် ကလေးသူငယ်များအား မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ ခြိမ်းခြောက်မှုအန္တရာယ်မှ ကာကွယ်ပေးရန် အရေးတကြီး လိုအပ်နေသည်။

လက်နက်ကိုင်ပဋိပက္ခရှိရာ ဒေသများတွင် ကလေးသူငယ်များသည် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် အသက်သေဆုံးရမှုများ၊ ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးရမှုများမှာ မြင့်တက်လျက်ရှိနေသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာအတွင်း မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကလေး ၅၆ ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး ကလေးငယ် ၁၃ ဦးသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(UNICEF) က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ တစ်နိုင်ငံလုံးတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ၏ ၃၅ ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်ကြပြီး ရခိုင်ပြည်နယ်သည် ကလေးသူငယ်ထိခိုက်သေဆုံးမှု ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်ဟု UNICEF က ဖော်ပြထားသည်။

ကလေးသူငယ်များသည် “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ” အရ အသက်ရှင်သန်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ ကာကွယ်စောင့်ရှောက်မှုရရှိရန်နှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆက်ဆံခွင့်ရရှိရန် အခွင့်အရေးများရှိသည်။ သို့သော် လက်နက်ကိုင်ပဋိပက္ခရှိရာဒေသများမှ ကလေးသူငယ်များသည် ဥပဒေပါရပိုင်ခွင့်များကို ဆုံးရှုံးနေကြရသည်။

ဗုံးသံ၊ သေနတ်သံများကြောင့် ကလေးသူငယ်များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရသည်။ မိသားစုဝင်များနှင့်အတူ နေရပ်ကိုစွန့်ခွာထွက်ပြေးနေရမှုများကြောင့်လည်း ကလေးသူငယ်များမှာ အစာအာဟာရ လုံလောက်စွာမရရှိသည့်အပြင် ပညာသင်ကြားခွင့်ကိုပါ ဆုံးရှုံးလျက်ရှိနေသည်။ အဆိုးဆုံးမှာ မြေမြှုပ်မိုင်းများနှင့် စစ်ကျန်လက်နက်များကြောင့် အရွယ်မရောက်မီ အသက်ဆုံးရှုံးရခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးရခြင်း တို့ဖြစ်သည်။

ပဋိပက္ခဖြစ်ပွားမှုများတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးကို ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်နှင့် ၎င်းတို့၏ ကာကွယ်စောင့်ရှောက်မှုအခွင့်အရေးကို ထိန်းသိမ်းရန်အတွက် မြေမြှုပ်မိုင်းများအသုံးပြုခြင်းကို ရပ်တန့်ရန်နှင့် လက်ရှိ ရှိနေသော မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းကြရန် ယူနီဆက်က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာစာချုပ်ကို ၁၉၉၁ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုပါဝင်ခဲ့သည်။ ကလေးသူငယ်များနှင့်ပတ်သက်၍လည်း အခြားနိုင်ငံများနည်းတူ “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားများကို ကျင်းပလျက်ရှိရာ (၃၁)ကြိမ်မြောက် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်က ကလေးသူငယ်များဥပဒေနှင့် ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ်နည်းဥပဒေများကို ပြဋ္ဌာန်းထားသည်။ ကလေးသူငယ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ပိုမို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်အဖြစ် ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့သည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လအတွင်း ကလေးငယ် ၄၃ ဦးသေဆုံးပြီး ၁၀၃ ဦး ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ကြောင်း UNICEF က ဖော်ပြသည်။ ယင်းအရေအတွက်မှာ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်များ၏ စုစုပေါင်း ထိခိုက်သေဆုံးမှုထက် များစွာပိုကြောင်း UNICEF က ဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသများရှိ ကျေးရွာများအတွင်းနှင့် ကျေးရွာအနီးပတ်ဝန်းကျင်တို့တွင် စစ်ကျန်လက်နက်များရှိနေခြင်းကြောင့် စစ်ဘေးရှောင်များမှာ နေရပ်ပြန်ရေးအတွက် စိုးရိမ်မှုများ ရှိနေကြသည်။

ထို့ကြောင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး မိုင်းအန္တရာယ်အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးကြရန်နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ပေးကြရန် DMG မှ တိုက်တွန်းလိုက်ရပါသည်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ