အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နှင့် ယုံကြည်မှုတည်ဆောက်နေရဆဲ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရရှိရေးအချက်သည် တိုင်းရင်းသားများ နှစ်ပေါင်း (၇၀)ကျော် တောင်းဆိုလာသည့် ဖက်ဒရယ်အခြေခံမူထဲတွင် အရေးကြီးဆုံးဖြစ်ပြီး လက်နက်ကိုင်တော်လှန်နေရခြင်း၏ အဓိက အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်သည်။
05 Oct 2020
By ခိုင်ရိုးလ | DMG
ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အခြေခံဖြစ်သည့် ပြည်နယ်အခြေခံဖွဲ့စည်းပုံဥပဒေရှိရေးသည် တိုင်းရင်းသားများက ဆန္ဒပြင်းပြစွာ တောင်းဆိုပြောကြားနေသော အချက်ဆိုလျှင် ငြင်းနိုင်မည် မဟုတ်ပါ။ ထိုသို့ဆိုလျှင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား မကျေလည်ဘဲ ပြည်ထောင်စုသဘောတူညီချက်၏ အစိတ်အပိုင်း(၃)မှာ ထည့်သွင်းမချုပ်ဆိုနိုင်ခဲ့ခြင်းက ဝေါဟာရ အငြင်းပွားမှုလား၊ အနှစ်သာရအငြင်းပွားမှုလား ဆိုသည်ကို ပိုပြီး နက်နက်နဲနဲစဉ်းစားရမည့်အချက် ဖြစ်ပါသည်။
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရရှိရေးအချက်သည် တိုင်းရင်းသားများ နှစ်ပေါင်း (၇၀)ကျော် တောင်းဆိုလာသည့် ဖက်ဒရယ်အခြေခံမူထဲတွင် အရေးကြီးဆုံးဖြစ်ပြီး လက်နက်ကိုင်တော်လှန်နေရခြင်း၏ အဓိက အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်သည်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက “ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲဖို့ဆိုတဲ့ အခြေခံမူဟာ ငြိမ်းချမ်းရေးသော့ချက်ဖြစ်ပါတယ်” ဟု ပြီးခဲ့သည့် ၂၀၂၀ခုနှစ် သြဂုတ်လ(၁၇)ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၎င်းသည် မြန်မာ့ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုတွင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ခေါင်းဆောင် လည်းဖြစ်ပြီး UPDJC ၏ ဒုတိယဥက္ကဋ္ဌ၊ ချင်းအမျိုးသားတပ်ဦး(CNF)၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။
ပြီးခဲသည့် သြဂုတ်လ ၂၁ ရက်နေ့က အစိုးရ၊ တပ်မတော်၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့တို့ ပါဝင်သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)သည် ၂၀၂၀ ခုနှစ်အလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆက်လက်အကောင်အထည် ပေါ်လာရန် အုတ်မြစ်ချပေးနိုင်ခဲ့သည်ဟု ကောင်းသောအမြင်နှင့်ကြည့်၍ ပြောနိုင်သည်။
သို့သော် အခြားတစ်ဘက်တွင်လည်း တိုင်းရင်းသားများလိုလားသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည့် ဝေါဟာရကိုပင် အစိုးရ၊ တပ်မတော်တို့ဘက်က လက်မခံဘဲ သဘောစာချုပ်မှာ ထည့်သွင်း မချုပ်ဆိုနိုင်ခဲ့ခြင်းအပေါ် အနာဂတ်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ် စိုးရိမ်မှုလည်း ရှိနေကြသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၏ အနှစ်သာရတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝရရှိရန်မှာ အဓိက ကျနေသည်။ ယင်ကြောင့် တိုင်းရင်းသားများက ခိုင်မာသည့်ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံကျသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကတဆင့် အာမခံနိုင်သောကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီအခွင့်အရေးများကို ဆက်ပြီး အကောင်အထည်ဖော်သွားလိုသည့် ဆန္ဒများရှိကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ၏ နောက်ဆုံးကျင်းပခဲ့သော ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ)တွင် တိုင်းရင်းသားများမျှော်လင့်ထားသော ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်ရေးကိုမူ မရရှိခဲ့သည့်အတွက် တိုင်းရင်းသားခေါင်းဆောင်တို့တွင် အားရမှုမရှိခဲ့သည်ကို တွေ့နေရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်းက “ကျွန်မတို့ကတော့ ဒီတစ်ခေါက်တော့ ပြည်နယ်ဖွဲ့စည်းပုံရမယ်လို့ မျှော်မှန်းခဲ့တာပေါ့လေ။ ပြည်နယ်ဖွဲ့စည်းပုံရမယ်ဆိုလို့ရှိရင် ကျွန်မတို့မျှော်မှန်းတာတွေ ၅၀ ရာခိုင်နှုန်းရောက်တယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် အခုက ထစ်ဆို့မှုတွေများသွားတယ်” ဟု အားမလိုအားမရ ပြောသည်။
၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက်က သဘောတူချုပ်ဆိုနိုင်ခဲ့သော ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း(၃)တွင် အပိုင်း(၃)ပိုင်းပါဝင်ခဲ့သည်။ အပိုင်း(၁)တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA )အကောင်ထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅)ချက်ကို သဘောတူနိုင်ခဲ့ခြင်းဖြစ်သည်။
အပိုင်း(၂)တွင် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ ဇယား(၁)ကို သဘောတူခဲ့ကြပြီး အပိုင်း (၃)တွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် (၅)ချက် သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအစိတ်အပိုင်း(၃)သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) စဉ်ဆက်မပြတ်ဆွေးနွေးမှုများမှ သဘောတူညီမှု ရရှိခဲ့သည့်အချက်များကို ပြည်ထောင်စုသဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း သြဂုတ်(၂၆)ရက်နေ့က သဘောတူလက်ခံခဲ့ပြီးဖြစ်သည်။
သို့သော်လည်း ယင်းပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃)တွင် တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ထဲမှ အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်သော ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ဆိုသည့် အချက်တစ်ခု ကျန်နေခဲ့သည်။
၂၁ ရာစု ငြိမ်းချမ်ရေးတည်ဆောက်မှု၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်သမိုင်း
၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်တွင် NCA မူချောအဖြစ် သဘောတူခဲ့သည့် NCA စာချုပ်ပါ အခြေခံမူအခန်း(၁)၏ အပိုဒ်(က)တွင်မူ “ပြည်ထောင်စုသမ္မတနိုင်ငံတော် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကိုရှေ့ရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု တို့ကိုအခြေခံသော ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်ပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်” ဟု ထည့်သွင်းဖော်ပြထားသည်။
၂၀၁၇ ခုနှစ် မေလ ၂၉ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးကနေ ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ချုပ်ဆိုနိုင်ခဲ့သော အစိတ်အပိုင်း(၁)၏ နိုင်ငံရေးကဏ္ဍာ မူဝါဒသဘောတူညီချက်တွင် ဖက်ဒရယ်စနစ်အခြေခံမူအပိုင်း၌ ဖက်ဒရယ်တည်ဆောက်မှုတွင် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည် ဟူ၍လည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တိုင်းဒေသကြီး/ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်။ မှတ်ချက်အဖြစ် တိုင်းဒေသကြီး/ပြည်နယ်များသည် အခွင့်အာဏာတန်းတူရှိရမည်။ အမည်နာမသတ်မှတ်ချက်နှင့်ပတ်သက်၍ နောင်တွင် ဆက်လက်ဆွေးနွေးမည် ဟူ၍ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်မှာကျင်းပခဲ့သည့် NCA လေးနှစ်ပြည့်အခမ်းအနား၌ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ကိုယ်ပိုင်အခြေခံဥပဒေများ ရေးဆွဲခွင့်ရရှိရမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ဖက်ဒရယ်အခြေခံမူများကို ရေးဆွဲခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင်များကလည်း သဘောတူခဲ့ကြသည်။ ထိုမူတွင် ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံအကျဆုံးဟု တိုင်းရင်းသားများဘက်က ရှုမြင်လိုလားသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အစိုးရဘက်က ပြည်နယ်အခြေခံဥပဒေ (State Law) ဟု သုံးနှုန်းခွင့်အဖြစ်သာ လက်ခံခဲ့သည်။ ပြီးခဲ့သည့်ညီလာခံတွင် သဘောမတူနိုင်ခဲ့သည့်အချက်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များက ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(State Constitution law)အဖြစ် စာချုပ်တွင် ထည့်သွင်းအသုံးပြုလိုခြင်း ဖြစ်သည့်အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပြေလည်မှုမရရှိခဲ့ခြင်းကြောင့် “ပြည်နယ်အခြေခံဥပဒေ’’ နှင့် “ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ’’ ဝေါဟာရပြင်ဆင်ချက်အပေါ် ချန်လှပ်ထားခဲ့ရခြင်းဖြစ်သည်။
ထိုအချက်နှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်သည့် နိုင်ငံတော် အတိုင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြည်နယ်တိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်အတွက် အားလုံးသဘောတူထားပြီးသား ဖြစ်သော်လည်း သဘောတူညီချက်များကို ဖော်ပြသည့်အခါ အရေးအသား၊ ဝေါဟာရများတွင် နှစ်ဘက်စလုံးက အကြောင်းပြချက်ကိုယ်စီရှိကြသဖြင့် ကွဲလွဲနေခြင်းဖြစ်သည်ဟု မီဒီယာ များကို ပြောကြားထားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပြည်နယ်အခြေခံဥပဒေ” နဲ့ “ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ” စကားရပ်၊ အခေါ်အဝေါ်ညှိယူလို့မရတဲ့အတွက် လို့ဆိုနိုင်သော်လည်း ဝေါဟာရတွေအပေါ်မှာ အနက်အဓိပ္ပာယ်ကောက်ယူဖွင့်ဆိုမှုတွေရဲ့ အကျိုးဆက်လို့ဆိုနိုင်တယ်” ဟူ၍လည်းကောင်း၊ “ဒါဟာ တကယ်တော့ နှစ်ဘက်စလုံးမှာရှိနေတဲ့ စိုးရိမ်မှုတွေပါပဲ။ ဒီလိုစိုးရိမ်မှုတွေကို ထပ်ပြီးစိစစ်သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့မြင်နေကြလို့၊ အပြန်အလှန်ယုံကြည်မှုအားနည်းလို့ဆိုတာကို အတိုင်းသား မြင်နိုင်ပါတယ်” ဟူ၍ သြဂုတ်လ ၁၉ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေးကို စစ်ရေးနည်းနှင့်မဖြေရှင်းဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းအဖြေရှာနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများ၊ NCA အရ အကောင်အထည်ဖော်နေသည့် ကော်မတီအစည်းအဝေးများ၊ အလွတ်သဘော အစည်းအဝေးများ၊ တွေ့ဆုံညှိုနှိုင်းရေးအစီအစဉ်များဖြင့် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးစားနေကြဆဲဖြစ်သည်။
နိုင်ငံရေးနည်းနှင့် ငြိမ်းချမ်းရေးကို အဖြေရှာရင်း တစ်ဘက်မှာလည်း စစ်ရေးနည်းနှင့်ဖြေရှင်းမှုများကြားမှာ ပြည်သူများ၏ အသက်အိုးအိမ်များလည်း သိန်းသန်းချီဆုံးရှုံးနေရသည်။ လက်ရှိ ရခိုင်တွင်လည်း စစ်ရေးပဋိပက္ခများ ပြင်းထန်နေသည်။
အနာဂတ်မှာတည်ဆောက်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံကိုပုံဖော်ရန် ပန်းပုဆရာများသည် တိုင်းရင်းသားအသီးသီး၊ အစိုးရသစ်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ တပ်မတော်နှင့် အများပြည်သူပါဝင်မှုနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရေးပါသော အခန်းကဏ္ဍက ပါဝင်ထုဆစ်နေသည့် နိုင်ငံတကာမှ ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ စိတ်ရင်းစေတနာနှင့် နိုင်ငံရေးဆန္ဒသဘောထားများပေါ်တွင် များစွာမူတည်နေသည်ကို တွေ့ရသည်။
စစ်ပွဲများရပ်တန့်ပြီး အားလုံးလိုလားချက်တူညီသော အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး တည်ဆောက်အကောင်အထည်ပေါ်ဖို့ ဆန္ဒပြုလျက်။