- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
အထူးစီးပွားရေးဇုန်ထဲက ကျိန်စာသင့် ဒေသခံများနှင့် ရခိုင်ပြည် အပြောင်းအလဲ
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းတွင်တည်ရှိသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ တရုတ်၏ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်အတူ ကမ္ဘာ့စီးပွားရေး ဇာတ်ခုံပေါ်တွင် ထင်ရှားလျက်ရှိသည်။
15 Sep 2024
အောင်ထိန် - ရေးသည်
စစ်ကောင်စီ၏ “ဖြတ်လေးဖြတ်” စစ်တလင်းအဖြစ် ကန့်သတ်ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ကုန်စည်ပြတ်လပ်ကာ အခြေခံစားသောက်ကုန်ဈေး ဆယ်ဆကျော်မြင့်တက်နေ၍ ဒေသတွင်းနေထိုင်သူများမှာ အငတ်ဘေး မဆိုက်ရုံမျှသာ ရှိသည်။
ထိုသို့ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ခါးစည်းစွာရင်ဆိုင်နေရသည့် အခြေအနေတွင် တရုတ်စီမံကိန်း တည်ရှိရာ မဒေးကျွန်းက ဒေသခံရေလုပ်သားများ၏ တစ်ခုတည်းသော အသက်ရှူပေါက် ပိတ်ပင်ခံထားရသည်။
မဒေးကျွန်းဆိပ်ကမ်းသို့ တရုတ်ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရေး ရေကြောင်း ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်၍ ပင်လယ်ပြင်ဖြတ်သန်းသွားခွင့်ကို ဇူလိုင်လ ၁၅ ရက်မှ စက်တင်ဘာလ ၃၀ ရက် နေ့ထိ နှစ်လတိတိ စစ်ကောင်စီက ပိတ်လိုက်သည်။
ပင်လယ်ပြင်အတွင်း သင်္ဘောငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများနှင့် စက်တပ်သဗ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချခြင်း မပြုလုပ်ကြရန် စစ်ကောင်စီက တားမြစ်ထားသည်။
မဒေးကျွန်းဒေသခံများမှာ နေ့တဓူဝ အသက်မွေးဝမ်းကျောင်းအလုပ် ငါးဖမ်းလုပ်ငန်းကို မလုပ်ကိုင်နိုင်တော့သဖြင့် မိသားစု စားဝတ်နေရေးပိုင်းတွင် ဂယက်ရိုက်ခတ်နေသည်။
“မဒေးကျွန်းကလူတွေက ရေလုပ်ငန်းကို အဓိကအမှီပြု အားကိုးနေကြရတာ။ အခုလိုငါးဖမ်းခွင့်ကို ပိတ်ထားတော့ ကျနော်တို့မှာ ငါးမဖမ်းရရင် ငတ်ရုံပဲရှိတော့တယ်” ဟု မဒေးကျွန်းဒေသခံ ဦးကျော် (အမည်လွှဲ)က ပြောသည်။
မဒေးကျွန်းဒေသခံများအတွက် တရုတ်စီမံကိန်းများသည် အဆိပ်အတောက်တစ်ခုဖြစ်နေပြီး ဒေသခံများ၏ လူမှုစီးပွားဘဝသည်လည်း တရိပ်ရိပ်ထိုးကျလာနေသည်။
တရုတ်စီမံကိန်းနှင့် ဒေသခံများအခက်အခဲ
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းတွင်တည်ရှိသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ တရုတ်၏ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်အတူ ကမ္ဘာ့စီးပွားရေး ဇာတ်ခုံပေါ်တွင် ထင်ရှားလျက်ရှိသည်။
သို့သော် ထိုနေရာက ဒေသခံများမှာ အလုပ်အကိုင်အခွင့်အလမ်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှု စသည့် အခြေခံ စီမံကိန်းအကျိုးကိုပင် ခံစားခွင့်မရကြဘဲ စားဝတ်နေရေးရင်းမြစ်ဖြစ်သည့် လယ်ယာ၊ ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်စားသောက်ခွင့် ဆုံးရှုံးနေရသည်။
စီမံကိန်းဗဟိုချက်မဖြစ်သော မဒေးကျွန်းမှာ အိမ်ထောင်စု ၇၆၀ ကျော်နှင့် လူဦးရေ ၃,၆၀၀ ကျော်ရှိပြီး ရေလုပ်ငန်းဖြင့် အဓိက အသက်မွေးကြသည်။ မဒေးကျွန်းဒေသခံများ အမှီပြုနေကြသော သံဇစ်မြစ်သည် ရေသယံဇာတပေါများသည့် နေရာတစ်ခုဖြစ်သည်။
ရေနံတင်သင်္ဘောများ ဝင်ထွက်သွားလာနေမှုကြောင့် ငါးဖမ်းဧရိယာကျဉ်းမြောင်းလာခြင်း၊ ကုမ္ပဏီလုပ်ငန်းခွင် စွန့်ပစ်ပစ္စည်းများလာမှုကြောင့် ဒေသခံများမှာ ငါးသယံဇာတရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။
ငါး၊ ပုစွန်ပေါများသော နေရာများမှာလည်း ရေလမ်းကြောင်း သတ်မှတ်ဧရိယာအတွင်း ပါဝင်သွားသဖြင့် တစ်နေ့ထက်တစ်နေ့ ရုန်းကန်ရ ခက်ခဲလာနေသည်။
“တရုတ်စီမံကိန်းကြောင့် မဒေးကျွန်းက လူတွေ လုံးဝရပ်တည်လို့ မရတော့ဘူး။ အရမ်းခက်ခဲလာတယ်။ အခု မဒေးကျွန်းက စွန့်ခွာရမယ့် အခြေအနေရောက်နေပြီ” ဟု ဦးကျော်က ပြောသည်။
ယခင်က တစ်နေ့ငါးဖမ်းထွက်လျှင် ငါးပုစွန် ပိဿာ နှစ်ဆယ်မှ သုံးဆယ်အထိ ရရှိခဲ့သော်လည်း ယခုအခါ သုံးပိဿာမျှတောင် မရရှိတော့ကြောင်း ဒေသခံများက ဆိုသည်။ ထိုကြားထဲ ရေနံတင်သင်္ဘော သွားလာနေသော ရေပြင်ဧရိယာ အမှတ်အသား(တိုင်) များကြောင့်လည်း ငါးဖမ်းပိုက်များ ပျက်စီးဆုံးရှုံးနေရသည်။
အဓိကအသက်မွေးဝမ်းကျောင်း အလုပ်မှာ ရပ်တည်ရခက်ခဲလာ၍ နောက်ကွယ်က မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ သားသမီးပညာရေးစသည့် လူမှုစီးပွားဘဝ တဖြည်းဖြည်း ဆုတ်ယုတ်လာနေသည်။
“သားသမီးကို မြို့ပေါ်မှာ ပညာ ဆက်မသင်နိုင်တော့ဘူး။ မြို့မပြောနဲ့တော့ ကိုယ့်ရွာမှာတောင် အလယ်တန်းအဆင့်ကို ပညာမသင်ပေးနိုင်တဲ့သူတွေ အများကြီးဖြစ်လာတယ်။ ကျောင်းစရိတ်၊ စာအုပ်၊ ကျောင်းဝတ်အင်္ကျီ ဒီအရာတွေတောင် ဖြည့်ဆည်းမပေးနိုင်တော့ဘူး” ဟု ဦးကျော်က ပြောသည်။
မဒေးကျွန်းမှာ လယ်မြေဧရိယာနည်းပါးပြီး တောတောင်ကိုလည်း အမှီပြုမရသဖြင့် ဒေသခံများမှာ မြစ်ချောင်းမှအပ အခြားအားကိုးစရာ မရှိပေ။ လယ်မြေဧရိယာအချို့မှာ တရုတ်စီမံကိန်းနယ်မြေထဲ ပါဝင်သွားပြီး ထိုက်သင့်သော လျော်ကြေးငွေလည်း မရရှိခဲ့ကြပေ။
ဖိရိုးဖလာ ရေလုပ်ငန်းတစ်ခုတည်းဖြင့် ကြီးပြင်းလာကြသော မဒေးကျွန်းဒေသခံများမှာ ရေလုပ်ငန်းမှလွဲ၍ အခြားအလုပ်များကိုလုပ်ကိုင်ရန် မကျွမ်းကျင်သဖြင့် လုပ်ငန်းပြောင်းရွှေ့လုပ်ရန်လည်း အခက်အခဲရှိသည်။
အခြားတစ်ဖက်တွင် မဒေးကျွန်းဒေသခံတချို့မှာ မိမိဒေသကိုအမှီပြု၍ မရတော့သဖြင့် ရေလုပ်ငန်းကို ကျောခိုင်းကာ ပြည်ပနိုင်ငံများသို့ထွက်ခွာမှုများရှိနေပြီး လူ့အရင်းအမြစ်ပါဆုံးရှုံးနေသည်။
ရေလုပ်သားများကို ခြိမ်းခြောက်နေသည့် ရေနက်ဆိပ်ကမ်း
ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ) စီမံကိန်းထဲမှ ရေနက်ဆိပ်ကိမ်းစီမံကိန်းသည် တရုတ်၏ အိန္ဒိယသမုဒ္ဒရာစိုးမိုးမည့် စစ်ရေး၊ စီးပွားရေးအရ မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်သည်။
တရုတ်အနေဖြင့် ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ထားသော ရေလမ်းကြောင်းရှိလာပါက မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုမှု ရပ်တန့်နိုင်မည်ဖြစ်ပြီး လောင်စာပမာဏကို လျှော့ချနိုင်မည့်အပြင် အမေရိကန်လွှမ်းမိုးမှုအောက်က ကင်းလွတ်သွားမည်ဖြစ်သည်။
ယင်းအပြင် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကိုဖွံ့ဖြိုးစေရန်သာမက အနောက်တောင်ပိုင်း ပြည်နယ်များသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သယ်ဆောင်ပေးနိုင်မည်လည်း ဖြစ်သည်။
ကျောက်ဖြူ SEZ တည်ဆောက်မည့် ဧရိယာထဲတွင် ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ပင်လယ်ပြင်၊ ဒီရေတောနှင့် လယ်ယာမြေများ ပါဝင်နေပြီး စီမံကိန်းကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျောက်ကွယ်မည့်အရေးနှင့် ရင်ဆိုင်နေရသည်။
“အခုတောင်မှ ဒေသခံတွေဘဝ ဒုက္ခရောက်နေတာ။ ဒီရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်ထည်ပေါ် ဖြစ်မြောက်လာရင် ဒေသခံတွေဘဝ ပျက်သွားနိုင်တယ်။ ရေလုပ်ငန်းတစ်ခုတည်းနဲ့ ရပ်တည်နေထိုင်နေတဲ့ ကျနော်တို့မှာ အဲဒီအလုပ်ကိုမလုပ်ရရင် ဘဝပျက်ဖို့ပဲရှိတော့တယ်” ဟု မဒေးကျွန်းဒေသခံ ကိုရန်နိုင်ဝင်း (အမည်လွှဲ)က ပြောသည်။
အထူးစီးပွားရေးဇုန်ကို စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကမ်း ဟူ၍ အပိုင်း (၃) ပိုင်းဖြင့် စီစဉ်ထားပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပထမဆုံး ဖော်ဆောင်မည်ဖြစ်သည်။
စီမံကိန်းတစ်ခုလုံးအတွက် မြေဧရိယာ ၄၂၈၉.၃၂ ဧက (၁၇၃၅.၈၃ ဟတ်တာ) ကို နယ်နိမိတ်သတ်မှတ်ထားပြီး စက်မှုဇုန်အတွက် ၂၄၄၆ ဒသမ ၀၇ ဧက၊ အိမ်ရာစီမံကိန်းအတွက် ၁၂၃၅ ဒသမ ၃၇ ဧကနှင့် ရေနက်ဆိပ်ကမ်း အတွက် ၆၀၇ ဒသမ ၈၈ ဧက အသုံးပြုသွားမည်။
အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ အသုံးပြုရန်လျာသည့် ထိုစီမံကိန်းကို တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း (CITIC) ကုမ္ပဏီက အကောင်အထည် ဖော်ခွင့်ရရှိထားသည်။ မဒေးကျွန်းပေါ်တွင် ပထမအဆင့်အနေဖြင့် စတင်တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ သုံးစွဲသွားမည်ဖြစ်သည်။
SEZ အစုရှယ်ယာခွဲဝေမှုကမူ တရုတ်က ၇၀ ရာခိုင်နှုန်း မြန်မာက ၃၀ ရာခိုင်နှုန်းဖြင့် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် အပြီးသတ်သဘောတူစာချုပ် ရေးထိုးခဲ့ပြီးဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် ဒေသခံများ၏ အနာဂတ်ကို လွန်စွာခြိမ်းခြောက်လျက်ရှိသည်။ လုပ်ငန်းများ ထိခိုက်မည့်အပြင် ဒေသတွင်းနေထိုင်ရန်ပင် ခက်ခဲသွားနိုင်သည့် အခြေအနေဖြစ်သည်။
International Commission of Jurists (ICJ) ၏ ၂၀၁၇ ခုနှစ်၊ ဖော်ဖော်ဝါရီလထုတ် အစီရင်ခံစာအရ ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားသော ဧရိယာထဲက လူဦးရေ ၂၀၀,၀၀၀ ခန့် ပြောင်းရွှေ့ရနိုင်ခြေရှိကြောင်း ဖော်ပြထားသည်။
စီမံကိန်းအကျိုးဆက်အနေဖြင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်စေနိုင်သည့်အပြင် ရေသယံဇာတများပြုန်းတီးစေခြင်း၊ သဘာပတ်ဝန်းကျင် ထိခိုက်သက်ရောက်မှုများ ရှိလာနိုင်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို လေ့လာရန် MSR Consortium က တာဝန်ယူဆောင်ရွက်နေပြီး ၈၅ ရာခိုင်နှုန်းအထိ ပြီးစီးထားပြီဟု စစ်ကောင်စီက ပြောဆိုထားသည်။
ISP – Myanmar ၏ သုတေသနအရ SEZ အထူးစီးပွားရေးဇုန်တွင် အသေးစား တံငါလုပ်ငန်းနှင့် အသက်မွေးသည့် ကျေးရွာ ၂၀ ခန့်ပါဝင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၅,၀၀၀ ကျော်၏ ငါးဖမ်းလုပ်ကွက်များ ပျောက်သွားနိုင်သည်ဟု ဖော်ပြထားသည်။
အတိတ်ထဲက သာဓက
ကျောက်ဖြူ SEZ စီမံကိန်းသည် လူဦးရေ အနည်းဆုံး သုံးသောင်းမှ တစ်သိန်းခန့် အလုပ်အကိုင် ရရှိနိုင်ပြီး စီမံကိန်းကြောင့် ရခိုင်ဒေသ ဖွံ့ဖြိုးတက်လာမည်ဟု စစ်ကောင်စီ ဒု - ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်နေ့က ကျင်းပသည့် မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ် ရေနက်ဆိပ်ကမ်း မူဘောင်သဘောတူညီချက် ချုပ်ဆိုချိန်က လုပ်ငန်းများလည်ပတ်ပြီး ၁၀ နှစ်အကြာ စီမံခန့်ခွဲမှုအလုပ်နေရာ ၉၀ ရာခိုင်နှုန်းကို ဒေသခံများအား ခန့်အပ်ရန်သွားမည်ဟု နှစ်နိုင်ငံတာဝန်ရှိသူတို့က ပြောဆိုထားသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းထက် ကြီးမားသည့် နိုင်ငံအချို့၏ ဆိပ်ကမ်းများတွင်ပင် ဒေသခံလူရာဂဏန်းဝန်းကျင်သာ အလုပ်အကိုင်ပေးထားနိုင်သည်ကို တွေ့ရကြောင်း ISP - Myanmar က ဆိုထားသည်။
အရှေ့တောင်အာရှတွင် လုပ်ဆောင်လျက်ရှိသည့် တရုတ်၏ စီမံကိန်းများတွင် ပြဿနာများစွာရှိနေပြီး နိုင်ငံအချို့တွင် တရုတ်စီမံကိန်းများ ၀င်ရောက်လုပ်ကိုင်လျက်ရှိရာ၌ တရုတ်အလုပ်သမားများကိုသာ တပါတည်းခေါ်ယူ လုပ်ကိုင်စေမှုများရှိကြောင်း ISP – Myanmar အစီရင်ခံစာက ဖော်ပြသည်။
စီမံကိန်းနှင့်ပတ်သက်၍ မက်လုံးများစွာဖြင့် ပုံဖော်ပြထားသော်လည်း စီမံကိန်းဆိုသည်မှာ အဖြူအမဲ သဲသဲကွဲကွဲ ခွဲခြားတွေ့မြင်ဖူးပြီဖြစ်သည့် ဒေသခံများက ယုံကြည်မှု ရှိကြတော့ပေ။
“အရင် CNPC ကုမ္ပဏီက စီမံကိန်းတွေ လုပ်တဲ့အချိန်မှာ မဒေးကျွန်းဒေသခံတွေကို အလုပ်အကိုင်ပေးမယ်၊ လူမှုဘဝတွေ တိုးတက်မယ်လို့ ပြောကြတယ်။ တကယ်တမ်း စီမံကိန်းပြီးစီးလို့ အလုပ်ခွင်မှာ ဒေသခံတစ်ယောက်လောက်တောင် အလုပ်ရဖို့ အနိုင်နိုင်ကြိုးပမ်းရတယ်” ဟု မဒေးကျွန်းဒေသခံ ကိုရန်နိုင်ဝင်း (အမည်လွှဲ) က ပြောသည်။
၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည့် တရုတ်၏ ရေနံနှင့်ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း တည်ဆောက်ချိန်က ဒေသခံများ အလုပ်အကိုင်ရရှိရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသဖြင့် မက်လုံးများ ပုံအောခဲ့ကြသည်။
သို့သော် လက်တွေ့တွင် ဒေသခံများမှာ တစ်စုံတစ်ရာ အလုပ်အကိုင်မရရှိကြဘဲ စီမံကိန်းကြောင့် လယ်ယာမြေဆုံးရှုံးမှု၊ သဘာဝပတ်ဝန်ကျင်ထိခိုက်မှု၊ ငါးသယံဇာတရှားပါးမှု စသည့် ဆိုးကျိုးများကို ယနေ့ထိတိုင် ခံစားနေရသည်။
မဒေးကျွန်းဒေသတွင် လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း/ အင်တာနက်လိုင်း အဆင်မပြေသည့်နေရာ အများအပြားရှိနေသည်။ တရုတ်စီမံကိန်းများသည် ဒေသခံများအတွက် ဆိုးကျိုးသာရှိပြီး ဒေသခံလူထု၏ အကျိုးစီးပွား လုံးဝ မပါဝင်ကြောင်း ဒေသခံများက ပြောကြသည်။
“မဒေးကျွန်းကလူတွေ မှန်မှန်ပြောရရင် တရုတ်ဆိုတဲ့ အသံကိုတောင် မကြားချင်ဘူး။ တရုတ်က မဒေးကျွန်းမှာ စီမံကိန်းလုပ်ပြီး ပိုက်ဆံတွေ တစ်ပုံတစ်ခင်းယူနေတယ်။ မဒေးကျွန်းကလူတွေမှာ မိုးတွင်းရောက်ရင် နေအိမ်မိုးယိုလို့ သံဖြူ(သွပ်ပြား)အပြောနဲ့ ဓနိတောင် မမိုးနိုင်ဘူး” ဟု မဒေးကျွန်းဒေသခံ ဦးကျော်က ပြောသည်။
ကျောက်ဖြူ SEZ စီမံကိန်း စတင်သည့် ပထမငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ကျန်နှစ်များတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သိန်းစီကို လူမှုရေးကိစ္စများအတွက် လှူဒါန်းရန် တရုတ်နှင့် စစ်ကောင်စီတို့ သဘောတူထားသည်။
စီမံကိန်းတင်ဒါတွက်ချက်မှုအရ လုပ်ငန်းဆောင်ရွက်ခွင့်ကာလ နှစ် ၅၀ အတွင်း မြန်မာအစိုးရအနေဖြင့် ရေနက်ဆိပ်ကမ်းစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံကို အခွန်ခအဖြစ် ရရှိမည်ဖြစ်သည်။
ကျောက်ဖြူဒေသခံ တက်ကြွလှုပ်ရှားသူ ကိုအောင်အောင်က “ ဒီစီမံကိန်းတွေက ဒေသခံတွေကို အလုပ်အကိုင် အခွင့်အလမ်း မပေးတာရယ်၊ ကျနော်တို့ဆီမှာ လုပ်သားတွေရှိရဲ့သားနဲ့ အလုပ်မခန့်တဲ့ ပြဿနာတွေကြောင့် ဒီမှာရှိတဲ့ဒေသခံတွေက စီမံကိန်းနဲ့ပတ်သက်လို့ ကန့်ကွက်ကြတယ်” ဟု ပြောသည်။
တရုတ်စီမံကိန်းများနှင့် ပတ်သက်၍ အစိုးရအဆက်ဆက်က ဒေသခံများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခဲ့သည်။ ဒေသခံများမှာ စီမံကိန်းဆိုသည့် ထိုင်ခုံပေါ်တွင်ထိုင်ရင်း ကျိန်စာသင့်နေကြရသည်။
စစ်ရေးကြားက ကျောက်ဖြူ SEZ
ကွန်တိန်နာပေါင်း (၇) သန်း ကုန်တင်ကုန်ချပြုလုပ်နိုင်မည့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၄ နှစ်ကုန်ပိုင်းတွင် စတင်နိုင်ရန် လျာထားခဲ့ကြသည်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း စောလျင်စွာ အကောင်အထည်ဖော်ရေး ကြိုးပမ်းနေသည်။
ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် သဘောစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ်(Addendum)ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျောက်ဖြူ SEZ အကောင်အထည်ဖော်ဆောင်ရေး ကြိုတင်ဆောင်ရွက်မှုအနေဖြင့် အခြေခံအဆောက်အအုံများ စတင်လုပ်ကိုင်ရန် စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့သည်။
ယင်းနောက် မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဌ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကျောက်ဖြူအထူးစီးပွားဇုန်တွင် ဦးစားပေးအနေဖြင့် စက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
သို့သော် ရခိုင်ဒေသအတွင်း ပြင်းထန်နေသော စစ်ရေးများကြောင့် တရုတ်ဘက်က ကျောက်ဖြူ SEZ စီမံကိန်း စတင်ရန် စိတ်အားထက်သန်မှု အခြေအနေမတွေ့ရကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
ရခိုင်ပြည်အတွင်း စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို စောင့်ကြည့်လေ့လာနေသည့် Center for Peace and Development အဖွဲ့မှ ဒါရိုက်တာ ဦးထွန်းကြည်က “တရုတ်ရဲ့ တိုက်တွန်းချက်တွေမှာလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဒီကာလမှာ မဖြစ်မနေ အကောင်ထည်ဖော်ဖို့ ထွက်ဆိုထားတာလည်း မရှိဘူး။ စစ်ကောင်စီဖက်ကတော့ ကျောက်ဖြူ မြို့ကို အကာအကွယ်ရရေး တရုတ်ရဲ့စီမံကိန်းတွေနဲ့ အကာအကွယ်လိုချင်တဲ့ သဘောဖြစ်တယ်” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ပေါက်ဖွားလာသော တကျော့ပြန်တိုက်ပွဲများသည် ဧရိယာကျယ်ပြန့်လာနေပြီး ရခိုင်ပြည် ၁၇ မြို့နယ်ထဲ မာန်အောင်မြို့နယ် တစ်ခုသာ တိုက်ပွဲမဖြစ်ဘဲ ရှိနေခြင်း ဖြစ်သည်။ AA သည် ရခိုင်မှ မြို့နယ် ၁၀ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားသည်။
ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်မည့် ဧရိယာထဲပါဝင်သည့် ရမ်းဗြဲကျွန်းကို AA က မတ်လ ၁၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ AA က ဝိုင်းရံပိတ်ဆို့ထားသည်။
ထို့ကြောင့် စစ်ရေးကြား ကျောက်ဖြူအထူစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်ထည်ဖော်ရန် စိန်ခေါ်မှုနှင့် မသေချာမရေရာနိုင်ကြောင်း လေ့လာသုံးများက ရှုမြင်ကြသည်။
“အထူးစီးပွားရေးဇုန် စီမံကိန်းကတော့ ဖြစ်လာမယ်။ တရုတ်ကတော့ ဘယ်အစိုးရနဲ့ပဲဖြစ်ဖြစ် သူ့စီမံကိန်းကို လုံခြုံမှုပေးနိုင်မယ့်၊ သူ့အကျိုးစီးပွားကို ကာကွယ်ပေးနိုင်တဲ့ သူတွေနဲ့ ဆက်သွားလိမ့်မယ်လို့ သုံးသပ်မိတယ်” ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာမှုနှင့်အတူ တရုတ်က ၎င်း၏စီမံကိန်းများ ထိခိုက်မည့်အရေး အလွန် စိုးရိမ်နေပြီး စစ်ကောင်စီကလည်း အပြည့်အဝ ကာကွယ်ပေးသွားမည်ဟု ကတိပေးထားသည်။
မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများနှင့် စီမံကိန်းများ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျကျ ကာကွယ်ထိန်းသိမ်းရန် တရုတ်သံအမတ် မစ္စတာဝမ်ယိက အခုနှစ်ဩဂုတ်လအတွင်း မြန်မာသို့လာရောက်စဉ် ပြောကြားခဲ့သည်။ ယင်းအပြင် မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုနှင့် စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း ဝမ်ယိက ဆိုသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီံမံကိန်း ၁၉ ခုရှိသည့်အနက် ၁၀ ခုကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၁၈ ရက်အထိ အပြည့်အဝ ထိန်းချုပ်ထားကြောင်း ISP – Myanmar အစီရင်ခံစာတွင် ဖော်ပြသည်။
ရခိုင်ပြည်တွင်းလည်း တရုတ်ရင်းနှီးမြှုပ်နိုင်ငံမှုစီမံကိန်း ၁၁ ခုရှိသည့်အနက် ၉ ခုကို (၂၀၂၄ ခုနှစ် သြဂုတ် ၁၈ ရက်အထိ) AA က တစိတ်တပိုင်း ထိန်းချုပ်ထားသည်ဟု ယင်းအစီရင်ခံစာတွင် ပါရှိသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွာရေးဇုန်၊ ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်း၊ ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ - အမ်းရထားလမ်း၊ မန္တလေး - ကျောက်ဖြူရထားလမ်း၊ မန္တလေး - ကျောက်ဖြူကားလမ်း၊ ကျောက်ဖြူ - နေပြည်တော်ကားလမ်း၊ သံတွဲလေအားလျှပ်စစ် စီမံကိန်းတို့ကို AA က ထိန်းချုပ်ထားခြင်းဖြစ်သည်။
AA ထိန်းချုပ်ထားသည့် တရုတ်စီမံကိန်းများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံနှင့် အထက်ရှိပြီး အကောင်အထည် မဖော်ရသေး၍ တန်ဖိုးမသိရသေးသည့် စီမံကိန်းများလည်း ပါဝင်သည်။
ရခိုင်ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့် မည်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို ကြိုဆိုကြောင်း AA ဘက်က ထုတ်ပြောထားသည်။
“AA ရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မူဝါဒအရလည်း ကာကွယ်ပေးသွားမယ်လို့ ပြောထားတယ်။ စီမံကိန်းတွေ အကုန်လုံး AA လက်အောက်ကို ရောက်သွားမယ်ဆိုရင် နှစ်ဖက်တာဝန်ရှိသူတွေကြားမှာ အကျိုးအမြတ် ခံစားခွင့်တွေ၊ ဆွေးနွေးမှုတွေ ပြုလုပ်လာနိုင်တယ်” ဟု ဦးဖေသန်းက ပြောသည်။
ရခိုင်တစ်ပြည်လုံးကို အလုံးသိမ်းပိုက်ထိန်းချုပ်နိုင်ရေး တိုက်ခိုက်သွားမည်ဟု ကြွေးကြော်ထားသော အာရက္ခတပ်တော်သည် ရည်မှန်းချက်ချက်ပန်းတိုင်သို့ ရောက်ရှိရန် တစ်ဆင့်ချင်း ချီတက်လျက်ရှိပြီး တရုတ်၏ ရှိနှင်းပြီးစီမံကိန်းများအပါအဝင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းမှာ မည်သို့ဖြစ်တည်လာမည်ကို စောင့်ကြည့်ကြရတော့မည် ဖြစ်သည်။
(မှတ်ချက် - ဤဆောင်းပါးတွင် ဒေသခံအချို့၏ နာမည်ကို လုံခြုံရေးအခြေအနေကြောင့် အမည်လွှဲ သုံးစွဲထားရခြင်းဖြစ်သည်။)