ရေချိုငါးဝယ်ယူမှု ကန့်သတ်ချက်ကြောင့် လေးလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု ၆၀ ရာခိုင်နှုန်းခန့် ကျဆင်း

“၂၀၂၃ ဧပြီလကစပြီး တစ်ဖက်နိုင်ငံက ရေချိုငါးဝယ်လိုအား ကျဆင်းသွားတာကြောင့် ပို့ကုန်တန်ဖိုး လျှော့နည်းသွားခဲ့ရပြီး ဂျင်းအစို ဝယ်လိုအား မြင့်တက်လာနေကြောင်း မြေပြင်သတင်းတွေအရ တင်ပြအပ်ပါတယ်” ဟု RSCCI မှ ထုတ်ပြန်ထားသည်။

By Admin 03 Aug 2023

မောင်တောနယ်စပ် ကုန်သွယ်ရေးဆိပ်ကမ်းတွင် ကုန်စည်များ သယ်ယူပို့ဆောင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- RSCCI)
မောင်တောနယ်စပ် ကုန်သွယ်ရေးဆိပ်ကမ်းတွင် ကုန်စည်များ သယ်ယူပို့ဆောင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- RSCCI)

DMG ၊ ဩဂုတ် ၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေချိုငါးဝယ်ယူမှု ကန့်သတ်ထားသဖြင့် လေးလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုမှာ ယခင်နှစ်ထက် ကုန်သွယ်မှု ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (RSCCI)က ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇူလိုင်လအထိ လေးလအတွင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၅၁ သန်း ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ လေးလအတွင်း ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄၅ သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခင်နှစ်ပမာဏနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှု ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခြင်းဖြစ်သည်။

“၂၀၂၃ ဧပြီလကစပြီး တစ်ဖက်နိုင်ငံက ရေချိုငါးဝယ်လိုအား ကျဆင်းသွားတာကြောင့် ပို့ကုန်တန်ဖိုး လျှော့နည်းသွားခဲ့ရပြီး ဂျင်းအစို ဝယ်လိုအား မြင့်တက်လာနေကြောင်း မြေပြင်သတင်းတွေအရ တင်ပြအပ်ပါတယ်” ဟု RSCCI မှ ထုတ်ပြန်ထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးတွင် ရေချိုငါးတင်ပို့မှုတန်ဖိုးသည် ကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး လက်ရှိတွင် နှစ်နိုင်ငံ ငွေကြေးကန့်သတ်ချက်နှင့် ရေချိုငါးဝယ်ယူမှု ကန့်သတ်ချက်များကြောင့် ကုန်သွယ်မှု ကျဆင်းလာနေခြင်းဖြစ်သည်ဟု ရခိုင်ကုန်သည်များက ပြောဆိုကြသည်။

“ရေချိုငါးက စစ်တွေဖက်ကနေ လုံးဝကို တင်ပို့မှုမရှိတော့ဘူး။ မောင်တောဖက်ကပဲ အနည်းငယ်လောက် တင်ပို့တော့တယ်။ ကုန်သွယ်မှုကတော့ ဆိုးဆိုးရွားရွား ကျဆင်းနေတယ်လို့ ပြောလို့ရတယ်” ဟု စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သည်တစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသည့် အခြေအနေတွင် ဘင်္ဂလားဒေ့ရှ်မှ ရေချိုငါးတင်သွင်းမှုကိုပါ ကန့်သတ်လိုက်သဖြင့် ကုန်သွယ်မှုမှာ ပို၍ ကျဆင်းသွားခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောကြသည်။

လက်ရှိတွင် တစ်ဖက်နိုင်ငံမှ မှာယူသည့် ရေချိုးငါးအရေအတွက်ကိုသာ တင်ပို့နေရသဖြင့် ကုန်သွယ်မှုမှာ ထိုးကျလာနေသည်ဟု မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ငါးကုန်သည်တစ်ဦးက ပြောသည်။

“ငါးတွေက အရင်ကဆိုရင် ကြိုက်သလောက် တင်ပို့လို့ရတယ်။ အခုက သူတို့နိုင်ငံက မှာသလောက်ပဲ တင်ပို့နေကြရတယ်။ သူတို့ နိုင်ငံမှာ နိုင်ငံခြားအရံငွေ နည်းနေတာကြောင့် ကန့်သတ်လိုက်တာလို့ သိရတယ်။ နောက်ဒီမှာကလည်း ဒေါ်လာကန့်သတ်ချက်တွေကြောင့် အရှုံးပေါ်တွေရှိကြတော့ ကုန်သွယ်မှုက တော်တော်လည်းကို ကျသွားတယ်” ဟု သူကပြောသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါးတင်ပို့မှုမှာ ယခင်တင်ပို့ခဲ့သည့် ရေချိုငါးပို့ဆောင်မှု၏ ၁၅ ရာခိုင်နှုန်းခန့် တင်ပို့နေရပြီး ၃ ရက်လျှင် မော်တော်ဘုတ် ၁ စီးခန့်သာ တင်ပို့နေရသည်ဟု ကုန်သည်များထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသည့် ရေချိုငါးမှာ ငါးမြစ်ချင်းကိုသာ အဓိက တင်ပို့နေခြင်းဖြစ်ပြီး အဆိုပါ ရေချိုငါးများကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းက အဓိက မှာယူတင်ပို့နေရခြင်းဖြစ်သည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဂျင်း(ချင်းစိမ်း)၊ မန်းကျည်းစေ့၊ ဇီးယိုအနည်းငယ်ခန့်သာ တင်ပို့နေကြရ၍ ကုန်သွယ်မှု ကျဆင်းနေခြင်းဖြစ်သည်။

လေးလတာ ကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု နည်းပါးခဲ့သော်လည်း ပို့ကုန်အသာစီးဖြင့် တင်ပို့ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန် (ဒေါ်လာ) ၃ ဒသမ ၅၇ သန်းနှင့် သွင်းကုန် (ဒေါ်လာ) ၀ ဒသမ ၈၈ သန်းဖိုး ဖြစ်ပေါ်ခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသည့် ကုန်ပစ္စည်းများကို ရခိုင်ပြည်အတွင်းရှိ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကုန်သွယ်မှု လုပ်ဆောင်နေခြင်းဖြစ်သည်။

ဧပြီလမှ ဇူလိုင်လထိ လေးလအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်းဆိပ်ကမ်း)မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၂ သန်းဖိုး ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး၊ စစ်တွေကုန်သွယ်ရေးစခန်း (ရွှေမင်းဂံဆိပ်ကမ်း)မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

#I006

ဗီဒီယိုများ