နယ်စပ်ကုန်သွယ်ရေး နှောင့်နှေးနေ၍ အလုပ်သမားများ အခက်အခဲဖြစ်နေ

ကုန်သွယ်ရေးစခန်းဂိုဒေါင်များကို မပြုပြင်နိုင်သေးခြင်း၊ ဘင်္ဂလားဒေ့ရှ်ကလည်း ဂျင်းနှင့် ကြက်သွန်နီ နှစ်ခုတည်းကိုသာ တင်ပို့မှုလက်ခံသဖြင့် နယ်စပ်ကုန်သွယ်ရေးမှာ နှောင့်နှေးလျက်ရှိနေသည်။

By Admin 15 Jul 2023

စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းက ဂိုဒေါင်များအား ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းက ဂိုဒေါင်များအား ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၅

မုန်တိုင်းအလွန် နှစ်လကြာပြီဖြစ်သော်လည်း ရခိုင်ပြည်က နယ်စပ်ကုန်သွယ်ရေးစခန်းများ ပုံမှန် မလည်ပတ်နိုင်သေး၍ ကုန်တင်ကုန်ချ အလုပ်သမားများမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြသည်။

ကုန်သွယ်ရေးစခန်းဂိုဒေါင်များကို မပြုပြင်နိုင်သေးခြင်း၊ ဘင်္ဂလားဒေ့ရှ်ကလည်း ဂျင်းနှင့် ကြက်သွန်နီ နှစ်ခုတည်းကိုသာ တင်ပို့မှုလက်ခံသဖြင့် နယ်စပ်ကုန်သွယ်ရေးမှာ နှောင့်နှေးလျက်ရှိနေသည်။

“အလုပ်မလုပ်ရတဲ့နေ့ ပိုများတယ်။ မုန်တိုင်းတိုက်ပြီးနောက်မှာ သင်္ဘောတွေမသွားဘူး။ ကုန်တင်ကုန်ချဖို့ပစ္စည်းတွေ နည်းလာတယ်။ အရင်ကဆိုရင် ဘင်္ဂလား‌ဒေ့ရှ်ဘက်ကို သင်္ဘောတွေပုံမှန်သွားနေတော့ အလုပ်လုပ်ရတာ အဆင်ပြေတယ်” ဟု ချောင်းနွယ်ကျေးရွာက ကုန်တင်ကုန်ချလုပ်သား ဒေါ်မလှသိန်းက ပြောသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းကို အမှီပြုလုပ်ကိုင်နေသည့် မင်းဂံ၊ ချောင်းနွယ်၊ ဇော်မဒတ်၊ ဗျိုင်းဖြူရွာတို့မှ ဒေသခံ ၃၀၀ ကျော်ရှိပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွင် အလုပ်သမား ၁၆၀ ကျော်ရှိသည်။ လက်ရှိတွင် အလုပ်နည်းပါးသဖြင့် မောင်တောကုန်သွယ်ရေးစခန်းတွင် အုပ်စုခွဲပြီး လုပ်ကိုင်နေကြကြောင်း သိရသည်။

“ကုန်သည်တွေက အလုပ်ပုံမှန် မလည်ပတ်သေးတော့ အလုပ်သမားအကုန်လုံးက တခါတည်း မလုပ်ရဘူး။ ၃ ဖွဲ့ ခွဲလိုက်တယ်၊ တစ်ဖွဲ့လုပ်ရင် နှစ်ဖွဲ့ကနားတယ်။ အလုပ်ကတော့ အရင်လောက်အဆင်မပြေဘူး” ဟု မောင်တောကုန်သွယ်ရေးစခန်း အလုပ်သမားခေါင်းဆောင် ဦးအာယာစ်က ဆိုသည်။

မုန်တိုင်းအလွန်တွင်ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေချိန် ပုံမှန်ဝင်ငွေမရှိသဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်သားများမှာ စားဝတ်နေရေးအတွက် စိန်ခေါ်မှုများရှိနေကြသည်။

“တစ်ရက်လုပ်အားခ ၅,၀၀၀ လောက်ရတာနဲ့ မိသားစုတစ်ခုလုံးစားဖို့ဆိုတာ ဘယ်လိုမှအဆင်မပြေဘူး” ဟု ဇော်မဒတ်ကျေးရွာသား ဦးကျော်စိန်မောင်က ပြောသည်။ ၎င်းမှာ မုန်တိုင်းမတိုင်မီက တစ်နေ့လုပ်အားခ ၁၅,၀၀၀ ကျပ်အထိ ရရှိခဲ့ကြောင်း ဆိုသည်။

ဗျိုင်းဖြူရွာက ဒေါ်ဝေသန်းစိန်ကလည်း “အလုပ်အကိုင် အဆင်မပြေတော့ သားသမီးပညာရေးကို အများကြီး ထိခိုက်တယ်။ သားသမီးလိုအပ်ချက်တွေကို ဖူလုံအောင်မထောက်ပံ့နိုင်ဘူး” ဟု ပြောသည်။

ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးသီးနှံများကို တင်ပို့နေခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှလည်း သွပ်၊ သံထည် စသည့် ဆောက်လုပ်ရေးပစ္စည်းများကို မြန်မာဘက်သို့ ပြန်လည်တင်သွင်းခဲ့သည်။

#R010

ဗီဒီယိုများ