စစ်တွေတွင် ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်

ယခုပြိုင်ပွဲမှ ကစားသမားကောင်းများကို ရွေးချယ်ပြီး နေပြည်တော်တွင် ကျင်းပမည့် တိုင်းနှင့်ပြည်နယ်အလိုက် အသက် ၁၈ နှစ်အောက် ဘောလုံးပြိုင်ပွဲကို ရခိုင်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။ 

By Admin 08 May 2023

စစ်တွေတွင် ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်

DMG ၊ မေ ၈

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မေလ ၁၀ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ဓညဝတီအားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင် တို့မှ ဘောလုံးအသင်း (၅) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ပွဲစဉ်များကို ပတ်လည်ကစားရန် ရေးဆွဲထားပြီး အမှတ်အများဆုံး နှစ်သင်းက နောက်ဆုံးဗိုလ်လုပွဲကို ဆင်နွှဲရမည် ဖြစ်သည်။

လက်ရှိမှာ ပါဝင်ယှဉ်ပြိုင်မည့် အသင်းသားများမှာ စစ်တွေသို့ ရောက်ရှိနေပြီဖြစ်ကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

မောင်တောခရိုင်ဘောလုံးအသင်း လက်ထောက်နည်းပြ ကိုခိုင်ကျော်ထွန်းက “ပြင်ဆင်ထားတာတွေက အရင်နှစ်တွေနဲ့ မတူပါဘူး။ လူသစ်တွေပါလာတယ်။ ပွဲအတွေ့အကြုံမရှိသေးတဲ့ ကလေးတွေလည်း ပါတယ်။ သူတို့ကို သင်ရတဲ့အခါ အခက်အခဲအနည်းအကျဉ်းတော့ ရှိတယ်။ တခြားအခက်အခဲတွေတော့ မရှိပါဘူး။ ကျနော်တို့ကတော့ အကောင်းဆုံးကြိုးစားပြီး လေ့ကျင့်ပေးထားပါတယ်” ဟု ပြောသည်။

ယခုပြိုင်ပွဲမှ ကစားသမားကောင်းများကို ရွေးချယ်ပြီး နေပြည်တော်တွင် ကျင်းပမည့် တိုင်းနှင့်ပြည်နယ်အလိုက် အသက် ၁၈ နှစ်အောက် ဘောလုံးပြိုင်ပွဲကို ရခိုင်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေးက ပြောသည်။

“၂၀၂၃ တိုင်းဒေသကြီးနဲ့ ပြည်နယ် အမျိုးသားဘောလုံးပြိုင်ပွဲရှိတဲ့အခါ ပြိုင်ပွဲမှာ ရခိုင်ပြည်နယ် အမျိုးသားဘောလုံးအသင်း အောင်မြင်မှုရရှိဖို့နဲ့ ခရိုင်တွေက မြို့နယ်အတွင်းမှာရှိတဲ့ ရွက်ပုံးသီးကစားသမားတွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“ဒီပြိုင်ပွဲကတဆင့် ကစားသမားတွေကို ပဏာမရွေးချယ်ပြီးတော့ စခန်းသွင်းလေ့ကျင့်မှာပါ” ဟု ဒေါ်ခင်မေဌေးက ဆက်ပြောသည်။ ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကိုမူ လာမည့် ဇွန်လခန့်တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခုပြိုင်ပွဲကို ဝင်ပြိုင်ရန်အတွက် ခရိုင်မြို့များတွင် မြို့နယ်များမှ လူငယ်ကစားသမားများကို စိစစ်ရွေးချယ်ပြီး ခရိုင်ကိုယ်ပြုကစားသမားများအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောခရိုင်ဘောလုံးအသင်း ကစားသမား မောင်ဖြိုးလွင်ဦးက “အခုလိုမျိုးပြိုင်ပွဲတွေချတာက ကျနော်တို့လို ဘောလုံးဝါသနာပါတဲ့ လူငယ်တွေအတွက် တကယ်ကောင်းပါတယ်။ တက်လမ်းတွေလည်း ရှိတယ်လို့မြင်တယ်။ နေပြည်တော်သို့ သွားဖို့အတွက် ရွေးချယ်ခံရရင်တော့ အရမ်းဝမ်းသာမိမှာပါ” ပြောသည်။

ယမန်နှစ်က ကျင်းပခဲ့သော ရခိုင်ပြည်၊ ခရိုင်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် သံတွဲခရိုင်က ဗိုလ်စွဲခဲ့သည်။

#I003

ဗီဒီယိုများ