- ပုဏ္ဏားကျွန်းတွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်
- အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဖွဲ့စည်းထားမှုကို အသိအမှတ်ပြုပေးရန် တောင်းဆို
- ရခိုင်နှင့် ပလက်ဝတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရသူ ၂၂၀ ကျော်ရှိခဲ့
- မြောက်ဦးက စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ICRC မှ WFP သို့ လွှဲပြောင်း
- စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသော စစ်ဘေးရှောင်များ ဘ၀ရပ်တည်ရေး ခက်ခဲနေ
- ဘူးသီးတောင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
- ၂၀၂၂ တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက တစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ကုလထုတ်ပြန်
- မင်းပြားတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး
မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်တို့ကြား စစ်သုံ့ပန်းများ လှဲလှယ်
ရက္ခိုင့်တပ်တော်(AA)မှ အရာရှိတစ်ဦးအပါအဝင် ၅ ဦးနှင့် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင် ၃ ဦးတို့ဖြင့် စစ်သုံ့ပန်းလှဲလှယ်ခြင်းကို ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာ(ရွာသစ်)နှင့် ကွမ်းတောင်ကျေးရွာကြားတွင် ပြုလုပ်ခဲ့ကြသည်။
05 Jan 2023

(ပုံဟောင်း) ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် စစ်သုံ့ပန်း ၁၅ ဦးကို AA က လွှတ်ပေးခဲ့စဉ်။
DMG ၊ ဇန်နဝါရီ ၅
မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်(AA)တို့သည် နှစ်ဖက်လုံးမှဖမ်းဆီးခဲ့ကြသည့် စစ်သုံ့ပန်းများကို ဇန်နဝါရီလ ၃ ရက်နေ့က လှဲလှယ်ခဲ့ကြကြောင်း ခိုင်လုံသောသတင်းရင်းမြစ်များထံမှ သိရသည်။
ရက္ခိုင့်တပ်တော်(AA)မှ အရာရှိတစ်ဦးအပါအဝင် ၅ ဦးနှင့် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင် ၃ ဦးတို့ဖြင့် စစ်သုံ့ပန်းလှဲလှယ်ခြင်းကို ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာ(ရွာသစ်)နှင့် ကွမ်းတောင်ကျေးရွာကြားတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ခိုင်လုံသောသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“AA ဖက်က အရာရှိတစ်ဦးနဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီက လွှတ်ပေးခဲ့တယ်။ AA ဖက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို အပြန်အလှန်လွှတ်ပေးခဲ့ကြတယ်။ ပဒေသာရွာသစ်အနီးမှာ အပြန်အလှန် လွှတ်ပေးခဲ့ကြတာပါ”ဟု ၎င်းကဆိုသည်။
ထိုသို့ သုံ့ပန်းလှဲလှယ်ခြင်းကို မြင်တွေ့လိုက်သည့် ကွမ်းတောင်ကျေးရွာသားတစ်ဦးကလည်း “အဲဒီနေ့ နံနက်ပိုင်းက စစ်ကား ၃ စီးနဲ့လာပြီးတော့ ပဒေသာကျေးရွာနားမှာ လှဲလှယ်မှု လုပ်ခဲ့တာပါ။ လွှတ်ပေးခဲ့တဲ့ အထဲမှာ AA အရာရှိ တစ်ယောက်ပါတယ်။ AA ဖက်ကတော့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင် ၃ ယောက်ကို လွှတ်ပေးခဲ့တာလို့ သိရတယ်”ဟု ပြောသည်။
သုံ့ပန်းများလှဲလှယ်ရာတွင် မြန်မာစစ်တပ်မှ အင်အား ၃၀ ခန့်က ကား ၃ စီးဖြင့်လာရောက်ခဲ့ကာ ရက္ခိုင့်တပ်တော်(AA)မှ အင်အား ၄၀ ခန့်ပါဝင်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများကပြောသည်။
ထိုသို့ အပြန်အလှန်လွှတ်ပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။
ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ အပစ်အခတ်ရပ်စဲထားသည်မှာ တစ်လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။
ယမန့်နေ့ (ဇန်နဝါရီလ ၄ ရက်) လွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်ရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၀၈ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ တရားရင်ဆိုင်နေရသူများ မပါဝင်ခဲ့ပေ။
#R007