- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
ဖမ်းမိထားသည့် စစ်သုံ့ပန်းမိသားစုဝင် ၁၀၀ ကျော်ကို AA ပြန်လွှတ်ပေး
ရခိုင်ဒေသတိုက်ပွဲများအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းမိသားစုဝင်နှင့် အရပ်သားအကျဉ်းသား ၁၄၂ ဦး ကို အာရက္ခတပ်တော်(AA) က ယခုရက်ပိုင်းအတွင်း ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။
10 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၀
ရခိုင်ဒေသတိုက်ပွဲများအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းမိသားစုဝင်နှင့် အရပ်သားအကျဉ်းသား ၁၄၂ ဦး ကို အာရက္ခတပ်တော်(AA) က ယခုရက်ပိုင်းအတွင်း ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။
စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် အရပ်သားအကျဉ်းသား ၂၆ ဦးတို့ကို လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး ယင်းအထဲတွင် စစ်သုံ့ပန်းမိသားစုဝင် အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၇၆ ဦးနှင့် အရပ်သားအကျဉ်းသား ၂၆ ဦး တို့ပါဝင်သည်။
၎င်းတို့ကို AA က ထိန်းချုပ်ဒေသတစ်နေရာတွင် အခမ်းအနားပြုလုပ်ပြီး မိသားစုဝင်များထံ ပြန်လည် အပ်နှံလိုက်ခြင်းဖြစ်သည်ဟု AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" အခုလောလောဆယ်တော့ စစ်သုံ့ပန်းမိသားစု ၁၀၀ ကျော်ကို မိသားစုတွေဆီ ပြန်အပ်လိုက်ပြီ။ နောက်ထပ် လွှတ်ပေးဖို့ လူတွေရှိသေးတယ်လို့ သိရတယ်။ အရင်ကလည်း ကျန်းမာရေးမကောင်းတဲ့ စစ်သုံ့ပန်းတွေကို AA က ပြန်လွှတ်ပေးတာရှိ တယ် "ဟု ၎င်းက ပြောသည်။
တိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများထဲမှ ကျန်းမာရေးမကောင်းသူများကို လွှတ်ပေး နေကြောင်း ၂၀၂၄ ခုနှစ်၊ ဇွန် ၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စသည့် တိုက်ပွဲတစ်နှစ်ကျော်အတွင်း AA က ရခိုင်က မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်နိုင်မှုနှင့်အတူ စစ်သုံ့ပန်းအပါအဝင် သုံ့ပန်းမိသားစုဝင် ထောင်နှင့်ချီကို ဖမ်းဆီးရမိထားသည်။
လက်ရှိတွင် AA က ဖမ်းမိထားသည့် စစ်သုံ့ပန်းမိသားစုများ လွှတ်ပေးခြင်းမှာ အပြုသဘောဆောင်သည့် လုပ်ရပ်ဖြစ်၍ ကြိုဆို ထောက်ခံကြောင်း နိုင်ငံသားရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
" လူ့အခွင့်အရေးနဲ့ပဲဖြစ်ဖြစ်၊ လူ့သားချင်စာနာထောက်မှုနဲ့ပဲ ကြည့်ကြည့် အဖေစစ်သားဖြစ်လို့ သားသမီးတွေကို သုံ့ပန်းအနေနဲ့ ဖမ်းထားတဲ့ဆိုတာကလည်း သဘာဝမကျဘူး။ အချိန်အတိုင်း အတာတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းထားပြီးတဲ့ နောက်ပိုင်း ဒီလူတွေဟာ တကယ်လည်း အပြစ်မရှိဘူး။ သူ့အဖေ စစ်သားမို့လို့၊ သူ့ယောကျ်ား စစ်သားမို့လို့သာ သူတို့က ကြားထဲမှာညှပ်ပြီး ပါလာတဲ့လူတွေ ဖြစ်တဲ့အတွက် ဒီလူတွေကို လွှတ်ပေးတယ်ဆိုတာကတော့ ကောင်းပါတယ်" ဟု သူက ပြောသည်။
တိုက်ပွဲကာလအတွင်း လက်နက်ချအညံ့ခံသူများ၊ အလင်းဝင်လာသူများ၊ ဖမ်းဆီးရမိသူများစသည့် ပုံစံ အမျိုးမျိုးဖြင့် စစ်သုံ့ပန်းထောင်ချီရှိနေပြီး ၎င်းတို့အား နိုင်ငံတကာစစ်ဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း AA က ပြောဆိုထားသည်။
" AA ထိမ်းချုပ်မှုအောက် နေရတာဆိုတော့ သူတို့ ပေးတာစား၊ ခိုင်းတာ လုပ်နေရပါတယ်။ ဒါပေမဲ့ လုံခြုံမှုရှိအောင် ထားပေးပါတယ်" ဟု စစ်သုံ့ပန်းမိသားစုဝင် အမျိုးသမီးတစ်ဦးက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက DMG ကို ဖြေဆိုထားသည်။
တစ်ဖက်တွင် စစ်ကောင်စီသည် AA က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများနှင့် သုံ့ပန်းမိသားစုဝင်များအား ပြန်လွှတ်ပေးရန် လုပ်ထားသည့် ယာယီနေရာများ၊ အကျဉ်းစခန်းများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည်။
ထို့ကြောင့် စစ်သုံ့ပန်းမိသားစုဝင်များမှာလည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်မှုများ ရှိနေကြကြောင်း ပြောဆိုကြသည်။
"ဘယ်နေ့ သေမလဲ ဆိုတာကို ထမင်းစားပြီး စောင့်နေရတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ အခုကတော့ လုံခြုံမှုမရှိဘူးလို့ ခံစားနေရပါတယ်" ဟု နောက်ထပ် စစ်သုံ့ပန်းမိသားစုဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်က စစ်သုံ့ပန်းမိသားစုဝင်များ ထိန်းသိမ်းထားသည့် မြောက်ဦးမြို့နယ်၊ ရမ်းချောင်း ဒေသ တစ်နေရာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း မိသားစုဝင်အမျိုးသမီးနှင့် ကလေးငယ် ၂၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့သည်။
အလားတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ပေါက်တောနှင့် မောင်တောမြို့နယ်တို့ရှိ AA အကျဉ်း စခန်းများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း ၅၇ ဦးနှင့် အရပ်သား ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
လက်ရှိ ရခိုင်ဒေသတွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းများနှင့် စစ်သုံ့ပန်းမိသားစုဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော်အထိရှိလာနေသည်။