ကျန်းမာရေးမကောင်းသည့် စစ်သုံ့ပန်းအချို့ကို AA လွှတ်ပေး 

AA လက်ထဲတွင် လက်နက်ချအညံ့ခံသူများ၊ အလင်းဝင်လာသူများ၊ ဖမ်းဆီးရမိသူများ စသည့်ပုံစံအမျိုးမျိုးဖြင့် စစ်သုံ့ပန်းထောင်ချီရှိနေပြီး ၎င်းတို့အား နိုင်ငံတကာစစ်ဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ဆိုသည်။

By Admin 08 Jun 2024

 AA ထံ လက်နက်ချအညံ့ခံခဲ့သော မောင်တော တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ 
AA ထံ လက်နက်ချအညံ့ခံခဲ့သော မောင်တော တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ 

DMG ၊ ဇွန် ၈ 

စစ်ပွဲကာလအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများထဲမှ ကျန်းမာရေးမကောင်းသူများကို လွှတ်ပေးနေကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“ပြန်လွှတ်လိုက်တဲ့သူတွေ အများကြီးရှိတယ်။ တချို့ကိုသတင်းထုတ်ပြန်ပြီး တချို့ကို သူတို့ရဲ့လုံခြုံရေးအရ မထုတ်ပြန်ခဲ့ဘူး။ အထူးသဖြင့် ကျန်းမာရေးမကောင်းတဲ့ သူတွေ၊ ကျနော်တို့ဖက်က ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ မပေးနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး လွှတ်ပေးလိုက်တာ” ဟု ဦးခိုင်သုခက ပြောသည်။ 

AA လက်ထဲတွင် လက်နက်ချအညံ့ခံသူများ၊ အလင်းဝင်လာသူများ၊ ဖမ်းဆီးရမိသူများ စသည့်ပုံစံအမျိုးမျိုးဖြင့် စစ်သုံ့ပန်းထောင်ချီရှိနေပြီး ၎င်းတို့အား နိုင်ငံတကာစစ်ဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ဆိုသည်။

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြီးခဲ့သည့် မေလအတွင်းက စစ်ကောင်စီနှင့် AA တို့ကြား သီးသန့်ဆွေးနွေးမှုရှိခဲ့သည်။ စစ်သုံ့ပန်းအရေးကို ဆွေးနွေးရာတွင် AA ဖမ်းမိထားသူများကို စစ်ကောင်စီက သစ္စာဖောက်အဖြစ်သာ သတ်မှတ်ခဲ့သဖြင့် ဆွေးနွေးမှု အဆင်မပြေခဲ့ပေ။

ဦးခိုင်သုခက “ကျနော်တို့မှာရှိတဲ့ စစ်သုံ့ပန်းတွေဟာ သူရဲဘောကြောင်သူတွေ၊ သစ္စာဖောက်သူတွေ၊ စစ်ဥပဒေအရ သေဒဏ်ချမှတ်ခံရမယ့်သူတွေ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ခါးခါးသီးသီးနဲ့ ရဲဘော်ရဲဘက်မပီသဘဲ သစ္စာမဲ့စွာ တုံ့ပြန်ခဲ့တာရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် အကျဉ်းထောင်၊ အချုပ်စခန်းများတွင် ထိန်းသိမ်းခံရသည့် အကျဉ်းသားများကိုလည်း တိုက်ပွဲများကြားကနေ ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးမှုများရှိခဲ့ကြောင်း AA က ပြောသည်။

ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက “သုံ့ပန်းတွေကိုကျွေးမွေးဖို့ ထမင်းနေ့တိုင်း ပို့ပေးရတယ်။ အဝတ်အစားတွေလည်း အလှူခံပြီးတော့ ပေးတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ပေးတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။ 

AA သည် ရခိုင်နှင့် ချင်းက မြို့နယ် ၁၀ ခုကို စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် တိုက်ခိုက်သိမ်းထားပြီး လတ်ရှိတွင် မောင်တောကျလုနီးပါးရှိနေပြီး၊ သံတွဲ၊ အမ်းမြို့နယ်တို့ကိုလည်း ထိုးစစ်ဆင်နေသည်။ ထို့အပြင် စစ်တွေကိုလည်း မကြာမီ တိုက်ခိုက်သွားမည်ဟု ကြေညာထားပြီး မြို့ခံများကို ရှောင်တိမ်းကြရန် အသိပေးထားသည်။