- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
AA နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေသည့် နတ်ရေကန် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေဆဲ
နတ်ရေကန်စခန်းအနီးရှိ စစ်ကောင်စီ၏ မထုံး၊ လင်းတဲ၊ စွန်တက် ကာကင်းစခန်း သုံးခုကို သိမ်းပိုက်ပြီးနောက် ဖေဖော်ဝါရီလ ဒုတိယအပတ်မှစကာ နတ်ရေကန်ဗျူစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
24 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း - ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာစခန်းအား အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်နေ၍ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေကြောင်း စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။
နတ်ရေကန်စခန်းအနီးရှိ စစ်ကောင်စီ၏ မထုံး၊ လင်းတဲ၊ စွန်တက် ကာကင်းစခန်း သုံးခုကို သိမ်းပိုက်ပြီးနောက် ဖေဖော်ဝါရီလ ဒုတိယအပတ်မှစကာ နတ်ရေကန်ဗျူစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
“တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ စကစ ဘက်ကတော့ လေကြောင်း၊ လက်နက်ကြီး ပစ်ကူပေးတာတွေ ရှိတယ်။ လက်ရှိ ဗျူဟာကုန်းက ပိတ်ဆို့ခံထားရတဲ့ အနေအထားမှာ ရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
နတ်ရေကန်စခန်းသည် အမ်း - ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာ အနောက်မြောက်ဘက် တောင်ထိပ်တွင်ရှိပြီး လက်နက်ကြီးအမြောက်အများ တပ်ဆင်ကာ အင်အားရာနှင့်ချီသည့် တပ်သားများဖြင့် အခိုင်အမာခံစစ်ပြင်ဆင် ထားသည့် စခန်းတစ်ခုဖြစ်သည်။
လက်ရှိတွင် စခန်းသိမ်းတိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီတပ်သားများသည် တပ်ဆုတ်ခွာမှုများ ရှိလာနေကြောင်း နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“စကစ အနေနဲ့ နတ်ရေကန်ဗျူဟာကုန်းကနေ ဆုတ်ခွာဖို့ ပြင်ဆင်နေကြတယ်။ စကစက နတ်ရေကန်ကနေ ဆုတ်မယ်ဆိုရင် သိမ်းနိုင်တော့မယ့် အနေအထားလို့ ပြောရမယ်ပေါ့” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး စစ်ယာဉ်တန်းဖြင့် ဆုတ်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာ ကွယ်ရေးတပ် (အရှို)မှ ထုတ်ပြန်ထားသည်။
ယင်းအပြင် အမ်း - ပဒါန်းလမ်းပိုင်းသို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းများကို လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Mgway)၊ ကျောင်းသားလက်ရုံးတပ်(SAF)နှင့် ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)စသည့် တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်နေ၍ စစ်ကောင်စီသည် အင်အားမဖြည့်တင်း နိုင်ဘဲ လေကြောင်းကိုသာ အဓိက အားကိုးနေရသည်။
စစ်ကောင်စီ၏ ပဒါန်းတပ်နယ်အတွက် အရေးကြီးသည့် နတ်ရေကန်စခန်းကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်လျှင် ငဖဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်လာနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
“နတ်ရေကန်စခန်းကို သိမ်းပိုက်နိုင်ရင်တော့ ပုသိမ် - မုံရွာ လမ်းကိုလည်း စိုးမိုးနိုင်ပြီ။ ဆိုတော့ ငဖဲမြို့နယ် ထဲကိုလည်း စပြီး ထိုးစစ်လုပ်လာနိုင်တဲ့ အနေအထားလို့ ပြောရမယ်” ဟု သူက ဆိုသည်။
ငဖဲမြို့နယ်အတွင်းရှိ ပဒါန်းတပ်နယ်တွင် အမှတ် (၉၀၅) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅)၊ အမြောက်တပ် အမတ-၃၇၅၊ အမတ-၄၀၉၊ အမတ-၆၀၉ တို့ အခြေစိုက်ထားပြီး ပဒါန်းမြောက်ဘက် ငဖဲ၌ ကာကွယ် ရေးပစ္စည်းစက်ရုံ ကပစ - ၁၄နှင့် စေတုတ္တရာတွင် ကပစ - ၂၀ တို့ ရှိသည်။
လက်ရှိတွင် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့ရှိ စစ်ကောင်စီတပ်စခန်းများကို AA သည် ဒေသတွင်း မဟာမိတ် တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ပြင်းထန်နေသည်။