ကျောက်ဖြူတွင် တိုက်ပွဲများဖြစ်နေသော်ည်း SEZ အကောင်ထည်ဖော်ရေး နေပြည်တော်က ဆွေးနွေးနေ

စစ်ကောင်စီသည် မြန်မာနိုင်ငံရေးတွင် တရုတ်ကိုအားကိုးပြီး ကျောက်ဖြူစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သို့သော် စီမံကိန်းအကောင်အထည်ပေါ်လာနိုင်ခြေနည်းပါးပြီး တရုတ်အနေဖြင့် စစ်ကောင်စီအား အလုံးစုံအားကိုးနေပုံမရသဖြင့် ဖိအားပေးနေခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

By Admin 22 Feb 2025

ပုံစာ - ကျောက်ဖြူ၊ မဒေးကျွန်းရှိ တရုတ်စီမံကိန်း ရေနံသိုလှောင်ကန်များအား ၂၀၂၂ ခုနှစ်တွင် တွေ့ရစဉ်။
ပုံစာ - ကျောက်ဖြူ၊ မဒေးကျွန်းရှိ တရုတ်စီမံကိန်း ရေနံသိုလှောင်ကန်များအား ၂၀၂၂ ခုနှစ်တွင် တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများရှိနေသော်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေး စစ်ကောင်စီ ကြိုးပမ်းနေကြောင်း တွေ့ရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) ရက်တွင် စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ကုမ္ပဏီ CITIC တို့ နေပြည်တော်တွင်တွေ့ဆုံပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအား ဆက်လက် အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စီမံကိန်းဖော်ဆောင်ရေး ကြိုတင်ဆောင်ရွက်ရမည့် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သည့် သဘောတူစာချုပ်ပါ အချက် ၁၆ ချက်မှ မြန်မာဘက်မှ ဆောင်ရွက်ရမည့် အချက် ၁၀ ချက်နှင့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရမည့် အချက် ၄ ချက်ပါ နောက်ဆက်တွဲစာချုပ်အား သက်တမ်းတိုးမြှင့်ထားသည့် ကာလ ၂၀၂၅ ဇွန် ၂၆ ရက်မတိုင်မီ ပြီးမြောက်ရမည်ဟု ဆိုထားသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံရေးတွင် တရုတ်ကိုအားကိုးပြီး ကျောက်ဖြူစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သို့သော် စီမံကိန်းအကောင်အထည်ပေါ်လာနိုင်ခြေနည်းပါးပြီး တရုတ်အနေဖြင့် စစ်ကောင်စီအား အလုံးစုံအားကိုးနေပုံမရသဖြင့် ဖိအားပေးနေခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

“စစ်ကောင်စီက ကျောက်ဖြူကို လက်လွှတ်ရရင်တောင် အကျိုးအမြတ်ရဖို့ တရုတ်နဲ့ ညှိပြီး ပုံစံတစ်မျိုးမျိုးနဲ့ လုပ်အုံးမယ်။ တရုတ်ဖက်ကတော့ စစ်ကောင်စီကို ရာနှုန်းပြည့် အားကိုး နေပုံမရဘူး။ ကျောက်ဖြူကို AA  သိမ်းနိုင်ရင်တော့ တရုတ်ချဉ်းကပ်ပုံ ပြောင်းလာနိုင်တယ်။ တရုတ်ရဲ့ ကူမင်းကနေ ကျောက်ဖြူကို ဖောက်မဲ့လမ်းက ပြည်မ ဘက်နဲ့လည်း ဆက်စပ်တဲ့အတွက် တရုတ်အနေနဲ့ စစ်ကောင်စီကို လက်လွှတ်လို့ မရနိုင်သေးဘူး” ဟု အမေရိကန်ပြည်ထောင်စု Saint Olaf College တွင် Quantitative Economics (စီးပွားရေးဘာသာရပ်) အားလေ့လာနေသည့် ရခိုင်လူငယ် ကိုမျိုးငြိမ်းနိုင်က ပြောသည်။

ကျောက်ဖြူစီမံကိန်းသည် တရုတ်အစိုးရ၏ စီးပွားရေးမဟာဗျုဟာ စီမံကိန်းတစ်ခုဖြစ်သည့် Belt and Road initiative (BRI) ခေါင်းစဉ်အောက်တွင် ရှိသည်။ ယင်းစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် တန်ဖိုးရှိပြီး အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်သည်။

ထိုစီမံကိန်းများကို ကာကွယ်ရန် စစ်ကောင်စီက နိုင်ငံခြားလုံခြုံရေးကုမ္ပဏီများ လက်နက်ကိုင်ခွင့် ဥပဒေကို ယခုလ ၁၈ ရက်နေ့တွင် ပြဌာန်းလိုက်သည်။ ယင်းနောက်ပိုင်းတွင် အသည်းအသန်ကြိုး ပမ်းလာနေခြင်းဖြစ်ပြီး စီမံကိန်းအကြောင်းပြကာ အာရက္ခတပ်တော် အပေါ် တရုတ်က ဖိအားပေးလာနိုင်ကြောင်းလည်း သုံးသပ်နေကြသည်။

“လွန်ခဲ့တဲ့ တစ်ပတ်က စစ်ကောင်စီက ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတွေ လက်နက်ကိုင်ခွင့် ဥပဒေကို ပြဌာန်းလိုက်တာဟာ တရုတ်ပိုင်တဲ့ စီးပွားရေးစီမံကိန်းတွေကို ဆက်ပြီးလုံခြုံရေး အာမခံချက်ပေးနိုင်ဖို့အတွက် ထွက်ပေါက်ရှာတာဖြစ်တယ်။ နောက်ပြီး စီမံကိန်းအကြောင်းပြပြီး AA ကို စစ်ရေးအရဖိအားပေးဖို့ ကြိုးစားနေတာလို့ မြင်တယ်” ဟု ကိုမျိုးငြိမ်းနိုင်က ရှုမြင်သည်။ 

လက်ရှိ အာရက္ခတပ်တော်သည် ရခိုင်ဒေသက မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး၊ စစ်တွေ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့သည်။ 

AA သည် စစ်ကောင်စီ ခံစစ်အခိုင်အမာပြင်ဆင်ထားသည့် စစ်တွေနှင့် ကျောက်ဖြူမြို့တို့အား ဝိုင်းပတ်ပိတ်ဆို့ ထားခြင်းကြောင့် မည်သည့်အချိန်မဆို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိ AA သည် ရခိုင်ပြည်အတွင်းမှ တရုတ်စီမံကိန်း ၁၁ ခုထဲမှ ၈ ခုမှာ အလုံးစုံထိန်းချုပ်ထားနိုင်ပြီး ၃ ခုသာ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP-Myanmar က ဇန်နဝါရီ ၂၃ တွင် ထုတ်ပြန်သည်။

ထိုသို့ တရုတ်စီမံကိန်း အားလုံးနီးပါး ထိန်းချုပ်ထားခြင်းကြောင့် တရုတ်အနေဖြင့် AA အား ကိုးကန့်တပ်နှင့် တအာင်းတပ်များကဲ့သို့ ဖိအားမပေးနိုင်ဘဲ မဟာမိတ်အနေဖြင့်သာ ဆက်ဆံရနိုင်ကြောင်း နိုင်ငံရေးလေ့ လာသူများက သုံးသပ်ကြသည်။

“တရုတ်အနေနဲ့ ဖိအားပေးလာနိုင်စရာ မရှိပါဘူး။ သူတို့ နယ်စပ်မဟုတ်တဲ့အတွက် အနောက်ဖက်က တော်လှန်ရေး အင်အားစုတွေကို ဖိအားပေးလို့မရဘူး။ အထူးသဖြင့် တရုတ်စီမံကိန်းတွေနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတွေကို AA နဲ့ တော်လှန်ရေးတပ်တွေက ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဒါကြောင့် တရုတ်အနေနဲ့ သူ့ အကျိုးစီးပွားတွေ လုံခြုံချင်တယ်ဆိုရင် ဖိအားပေးလို့မရဘူး။ မဟာမိတ်ပုံစံနဲ့ ဆက်ဆံရမှာ” ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက DMG သို့ ဖြေကြားထားသည်။ 

တစ်ဖက်တွင် AA သည် ရခိုင်ဒေသအတွက် အထောက်အကူပြုသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို အသိအမှတ်ပြုကြိုဆိုပြီး စီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံလုပ်ကိုင်သူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်ကို ကာကွယ်သွားမည်ဟု ၂၀၂၄  ဒီဇင်ဘာ ၂၉ တွင် ထုတ်ပြန်သည်။ 

လက်ရှိတွင် ကျောက်ဖြူစီမံကိန်းအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုက်ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ်အား သက်တမ်းတိုးမြှင့်ထားသည့် ကာလမှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ပြည့်မြောက်မည်ဖြစ်၍ ထိုချိန်မတိုင်မီ လိုအပ်သည့် လုပ်ငန်းဆောင်ရွက်မှုများ ပြီးစီးရန် လုပ်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်စာချုပ်ကို တရုတ်ကုမ္ပဏီ (CITIC) နှင့် မြန်မာအစိုးရတို့အကြား ၂၀၁၈ ခုနှစ်က ချုပ်ဆိုခဲ့ပြီးနောက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ချုပ်ဆိုခဲ့ကြသည်။ 

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ ခု ပါဝင်ကာ စီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းဖြစ်လာနိုင်သည်။