- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
" ကာကွယ်ဆေးမထိုးပေးနိုင်တာ တစ်နှစ်နဲ့ ၃ လလောက် ရှိပြီ။ ကျနော်တို့ ဆေးတွေ ဖြန့်ပေးနိုင်ဖို့ကို ကြိုးစားနေပါတယ် ။ အရင်တုန်းက ဆေးတွေက UNICEF က အခမဲ့ ထောက်ပံ့ပေးတာပါ။ အခုက ဆေးမရလို့ ကာကွယ်ဆေး မထိုးကြရဘူး "ဟု ULA ကျန်းမာရေးဝန်ထမ်းနှင့် နီးစပ်သူ ဆရာဝန်တစ်ဦးက ပြောသည်။
13 Mar 2025

DMG ၊ မတ် ၁၃
ရခိုင်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ အခမဲ့ကာကွယ်ဆေး မထိုးနိုင်သည်မှာ တစ်နှစ်ကျော်ထိ ကြာမြင့်လာပြီဖြစ်ကြောင်း ကာယကံရှင်များနှင့် ကျန်းမာရေးအသိုင်းအဝိုင်းမှ ပြောပြချက်အရ သိရသည်။
ယခင်က ရခိုင်တွင် ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များကို တစ်နိုင်လုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးများ အခမဲ့ထိုးပေးနိုင်ခဲ့သော်လည်း လက်ရှိတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များမှာ ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေကြသည်။
" ကာကွယ်ဆေးမထိုးပေးနိုင်တာ တစ်နှစ်နဲ့ ၃ လလောက် ရှိပြီ။ ကျနော်တို့ ဆေးတွေ ဖြန့်ပေးနိုင်ဖို့ကို ကြိုးစားနေပါတယ် ။ အရင်တုန်းက ဆေးတွေက UNICEF က အခမဲ့ ထောက်ပံ့ပေးတာပါ။ အခုက ဆေးမရလို့ ကာကွယ်ဆေး မထိုးကြရဘူး "ဟု ULA ကျန်းမာရေးဝန်ထမ်းနှင့် နီးစပ်သူ ဆရာဝန်တစ်ဦးက ပြောသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးမထိုးနိုင်သောကြောင့် နောက်ဆက်တွဲ ကျန်မာရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်လျှက် ရှိသည်။
ကိုယ်ဝန်ဆောင်မိခင်များသည် သန္ဓေစလွယ်ချိန်မှ စ၍ မိခင်နှင့် ကလေးကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းတို့၌ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုအပြင် ကိုယ်ဝန်ဆောင်စဉ် မေးခိုင်ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံရသည်။
ကာကွယ်ဆေး ထိုးနှံခြင်းအားဖြင့် မေးခိုင်ရောဂါကာကွယ်ခြင်း၊ ကိုယ်၀န်ဆောင်စဉ်နှင့် မွေးဖွားပြီးနောက် ဖြစ်တတ်သည့် ကူးစက်ရောဂါများအား ကာကွယ်စေနိုင်ကြောင်း ကျန်းမာရေးအသိုင်းဝိုင်းက ပြောသည်။
လက်ရှိတွင် ကာကွယ်ဆေးမထိုးနိုင်ခြင်း၏ နောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် အသက်အန္တရာယ် စိုးရိမ်မှုမြင့်တက်ခြင်းနှင့် ကလေးငယ်များ၏ အနာဂတ်အတွက်လည်း စိုရိမ်မှုများရှိနေကြသည်။
" ကိုယ်ဝန်ဆောင်တုန်းကလည်း ကာကွယ်ဆေးမထိုးရတော့ စိုးရိမ်တကြီးနဲ့ တော်တော်စိတ်ပူရတယ်။ အခုလည်း ကလေးကို ကာကွယ်ဆေးမထိုးရသေးဘူး။ အရမ်း စိတ်ပူတာပေါ့။ အခုက ရောဂါတွေက အမျိုးမျိုးဖြစ်နေကြတာ ကလေး နေမကောင်းဖြစ်တာနဲ့ ကာကွယ်ဆေးမထိုးရသေးဘူး ဆိုတဲ့ စိတ်က ခြောက်လှန့်နေတာ " ဟု ရသေ့တောင်မြို့နယ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် ရခိုင်ဒေသတွင် ဆေးဝါးရှားပါးမှု၊ ဆေးရုံ၊ ဆေးခန်းများ ပိတ်ထားခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များမှာ ကလေးမွေးဖွားရန် စိုးရိမ်မှုများရှိကြသည်။
ရခိုင်က မြို့နယ်အချို့ရှိ ဆေးရုံဆေးခန်းများတွင် ကာကွယ်ဆေးများ ရှာကြံထိုးကြသော်လည်း ကာကွယ်ဆေး ဈေးမှာ အဆမတန်ဈေးမြင့်တက်နေသဖြင့် အဆင်မပြေကြောင်း ပြောဆိုကြသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးငယ်များသည် အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး နှင့် ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက် အမြှေးရောင် (ငါးမျိုး စပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးတို့ကို သတ်မှတ်ချိန် အတိုင်းပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
သို့သော်လည်း စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် ကိုယ်ဝန်ဆောင် မိခင်နှင့် ၂ နှစ်အောက် ကလေးငယ်များမှာ ယင်းအခွင့်အရေးကို ဆုံးရှုံးနေရသည်။
ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့်အပြင် စစ်ဘေးရှောင်အမျိုးသမီးများမှာ စားဝတ်နေရေး အကျပ်အတည်းကြောင့် ပုံမှန်ကိုယ်ဝန်ဆောင်များ သောက်သုံးသည့် သံဓာတ်အားဆေးကိုပင် မသောက်နိုင်ကြကြောင်း သိရသည်။
" ကာကွယ်ဆေးမထိုးနိုင်သေးတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အတော်များပါတယ်။ ကာကွယ်ဆေးက ပိုက်ဆံရှိတဲ့ သူတွေလောက်ပဲ ထိုးနိုင်ကြတယ်။ နယ်တွေကို ဆင်းပြီး ကာကွယ်ဆေး ထိုးတာမျိုးကတော့ မလုပ်နိုင်သေးဘူး " ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များကို ဆေးဝါးကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်က ကလေးငယ်များသည် ကာကွယ်ဆေးမထိုးရခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် အရေပြားရောဂါနှင့် အခြားနောက်ဆက်တွဲကျန်းမာရေး ပြဿနာများကို ရင်ဆိုင်နေကြရသည်။
မြန်မာနိုင်ငံတွင်ရှိသည့် ကလေးငယ် ၁ သန်းကျော်သည် ရောဂါများမှ ကာကွယ်ရန်အတွက် ကာကွယ်ဆေးများ ထိုးနှံနိုင်ခြင်း မရှိကြောင်း UNICEF Myanmar ထုတ်ပြန်ထားသည်။