စစ်မက်ဇုန်ထဲက ကလေးနဲ့ အမေတွေရဲ့ မနက်ဖြန်

 “မွေးစခါတော့ အသက်ရှိသေးတယ်။ တစ်နာရီနေမှ သေပြီးလို့အသံကိုပဲ ကြားလိုက်တယ်။ ကလေးငိုသံကိုလည်း မကြားလိုက်ရဘူး‌”

By Admin 03 Jan 2025

စစ်မက်ဇုန်ထဲက ကလေးနဲ့ အမေတွေရဲ့ မနက်ဖြန်

မျိုးသီရိကျော် - ရေးသည်။
 
၂၀၂၃ နိုဝင်ဘာလက ကြုံခဲ့ရသည့် ဖြစ်ရပ်တစ်ခုကို တွေးမိတိုင်း ဒေါ်မလှသန်း တစ်ယောက် ယူကျုံးမရ ဖြစ်နေဆဲပါ။  ယင်းဖြစ်ရပ်မှာကား သူ၏ရင်သွေး မွေးပြီးချင်းချင်း နာရီပိုင်းအကြာကွယ်လွန်သွားခဲ့ ခြင်းပင်။ 

 “မွေးစခါတော့ အသက်ရှိသေးတယ်။ တစ်နာရီနေမှ သေပြီးလို့အသံကိုပဲ ကြားလိုက်တယ်။ ကလေးငိုသံကို လည်း မကြားလိုက်ရဘူး‌” ဟု ဒေါ် မလှသန်းက မျက်ရည်စက်လက်ဖြင့် ပြောလေသည်။

အသက် ၃၆ နှစ်အရွယ် ဒေါ်မလှသန်းနှင့် မိသားစုသည် စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာ ဇာတိဖြစ်ပြီး တိုက်ပွဲများ ကြောင့် ပြီးခဲ့သည့် ဧပြီလက လွတ်မြောက်နယ်မြေ စစ်ရှောင်စခန်းတစ်ခုတွင် နေထိုင်ကြသည်။

စစ်ဘေးရှောင်ဘဝဖြင့် နေထိုင်နေရသည့် ဒေါ်မလှသန်းမှာ ငွေကြေးချို့တဲ့သဖြင့် ကိုယ်ဝန်ရှိခဲ့စဉ်က ဆေးရုံဆေးခန်းတို့တွင် ဆရာဝန်ဖြင့် မပြနိုင်ခဲ့ပေ။ သူနေထိုင်သည့် စစ်ဘေးရှောင်းစခန်း၌ ကလေးရိုးရိုး မွေးဖွားရန်မျှော်မှန်းထားခဲ့ ခြင်းဖြစ်သည်။
 
သို့သော်လည်း ကံအကြောင်းမလှစွာဖြင့် သူမမှာ ကလေးအလွယ်တကူ မမွေးဖွားနိုင်ခဲ့သည့်အတွက် အရေးပေါ်ဆေးရုံသို့သွားစဉ် လမ်းခုလပ်၌ ကလေးမွေးဖွားခဲ့ရသည်။
 
“ကလေးက မိန်းကလေးပါ။ (ဗိုက်ထဲ) ကလေး (အနေထားက) ပြောင်းပြန်ဆိုတာကိုလည်း မသိခဲ့ဘူး။ မွေးတဲ့ နေ့မှ သိရတာ။ ကလေးအပြန်မို့လို့ ရေမွှာပေါက်ပြီးရင်လည်း အလွယ်တကူမမွေးနိုင်။ (****) ဆေးရုံ တစ်ခု ရောက်တော့မှ ခွဲစိပ်မွေးလိုက်ရတာ။” ဟု ရှိုက်ကြီးငင်ပြီး ထပ်မံပြောလိုက်သည်။ လုံခြုံရေးအရ ဆေးရုံအမည်ကို မဖော်ပြလိုပေ။

သူမတို့မှာ ၉ နှစ်ကျော်အရွယ် သားနှစ်ယောက်ရှိပြီး ယခုမွေးဖွားသည့်ကလေးမှာ တတိယမြောက်ဖြစ်ကာ မိဘနှစ်ပါးကလိုချင်ခဲ့သည့် သမီးလေး တစ်ယောက်လည်း ဖြစ်သည်။ 

ဒေါ်မလှသန်းမှာ ကလေး ဆုံးရှုံးလိုက်ရပြီးနောက် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် သွေးတိုးရောဂါ၊ ခေါင်းမူး၊ ခါးကိုက် ဝေဒနာများကိုလည်း ခံစားနေရကြောင်း ပြောသည်။ 

အဆိုပါဖြစ်ရပ်များနှင့်အတူ ရခိုင်ပြည်တွင်း စစ်ဘေးရှောင်နေသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ မွေးကင်းစ မိခင်များ၊ ကလေးငယ်များက ပုံမှန်ဒေသခံများ ထက်နှစ်ထပ်ကွင်း ဒုက္ခရောက်နေရခြင်း ဖြစ်သည်။ 

ကျောက်တော်၊ မီးရထားဘူတာ စစ်ဘေးရှောင်စခန်းမှာနေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ဒေါ်အေးကျော့စိန် မှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင်  ခက်ခက်ခဲခဲဖြင့် ကလေးမွေးဖွားခဲ့ရသည်ဟု ပြောသည်။ 

သူမမှာ ကလေးမမွေးဖွားမီ ၃ ရက်အတွင်း ဗိုက်နာခြင်း၊ ခါးကိုက်ခြင်း၊ ရေကျခြင်း ဝေဒနာများခံစားခဲ့ရသည့် အတွက် ကျောက်တော်ဆေးရုံသို့ သွားခဲ့သော်လည်း မွေးဖွားချိန် မရောက်သေးဟုဆိုကာ ဆေးရုံကပြန်လှည့် လာခဲ့ရသည်။ 

ယင်းနောက် စစ်ဘေးရှောင်စခန်းကနေ အလှူငွေကောက်ခံကာ (****) ဆေးရုံသို့ အရေးပေါ် ပို့ခဲ့ ရပြီး ဆေးရုံသို့ တစ်နာရီလောက် စောရောက်ခဲ့သဖြင့် ကလေးအသက်ရှင်မွေးဖွားနိုင် ခဲ့သည်ဟု ပြောသည်။ 

 “ကိုယ်နေတဲ့ စစ်ရှောင်စခန်းက စေတနာပေါက် အလှူခံတယ်။ အဲမှာ ပိုက်ဆံ ၂ သိန်းကျော်ရလို့ သွားလိုက်တာ။ ဆေးရုံကို ရောက်တာ ၁ နာရီလောက်စောလို့တဲ့ ကလေးအသက်ဘေးလွတ်သွားတယ်။ ဆရာဝန်ကပြောတယ် မဟုတ်ရင် ကလေးရော မိခင်ပါ ဒုက္ခရောက်နိုင်တယ်တဲ့” ဟု ဒေါ်အေးကျော့စိန်က ပြောသည်။ 

ဒေါ်အေးကျော့စိန်တို့မှာ ကလေးတစ်ယောက်ကျန်းမာစွာဖြင့် မွေးဖွားနိုင်ခဲ့သော်လည်း ကလေးမွေး ဖွားပြီးချိန်မှစ၍ နို့ခမ်းသွားကြောင်း သိရသည်။

ထို့ကြောင့် ကလေးကို နို့မှုန့်နှင့် အာဟာရနို့မုန့် ဝယ်တိုက်မည်ဆိုပါကလည်း ငွေကြေးမတတ်နိုင်သဖြင့်  ထမင်းဝါးပြီး ကျွေးမွေးစောင့်ရှောက်နေရကြောင်း ပြောသည်။ 

“နို့ဗူးဝယ်တိုက်ဖို့ ပိုက်ဆံမရှိဘူး။ လသားပဲ ရှိသေးတဲ့ ကလေးကို ထမင်းဝါးပြီးတော့ ကျွေးတယ်။ တခါတလေ တစ်ခြားကလေး အမေတွေဆီက နို့တောင်းတိုက်တယ်” ဟု ဒေါ်အေးကျော့စိန်က ပြောသည်။

သူမတို့ မိသားစုမှာ ဝင်ငွေပုံမှန်မရှိသည့်အပြင် အရွယ်မရောက်သေးသည့် ကလေး ၄ ယောက်ရှိပြီး အမျိုးသားဖြစ်သူမှာလည်း ကျန်းမာရေးမကောင်းသည့်အတွက် အလှူရှင်များကိုသာ မျှော်ကိုးပြီး စားဝတ်နေရေး ဖြေရှင်းနေရခြင်း ဖြစ်သည်။ 

ဒေါ်အေးကျော့စိန်မှာ မွေးကင်းစ ကလေးကို မိခင်နို့တိုက်ကျွေးချင်သည့် စိတ်ဇောကြောင့် ရိုးရာနည်းလမ်း များဖြင့် ဖြေရှင်းခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။
 
“အရင်ကလေးတွေ မွေးတုန်းက တခါမှ မဖြစ်ခဲ့ဘူး အခုတကြိမ်ပဲ ဖြစ်တာပါ။ အခုတော့ နို့ထွက်ဖို့အတွက် ဟင်း ချို ရွက်တွေ ချက်စားတာတော့ရှိတယ်” ဟု ဒေါ်အေးကျော့စိန်က ပြောပြသည်။ 

မွေးကင်းစ ကလေးငယ်များအတွက် မိခင်နို့မှာ မရှိမဖြစ်လိုအပ်ပြီး မွေးကင်းစမှ ၆ လအတွင်းကျန်းမာစွာကြီး ထွားဖွံ့ဖြိုးစေရန် အဓိကအရေးပါဆုံး အာဟာရ အရင်းအမြစ်ဖြစ်သည်ဟု မိခင်နှင့်ကလေး ကျန်းမာရေး အသိုင်းက ဆိုထားသည်။
 
သို့သော်လည်း စစ်ဘေးသင့် ဒေသက ကိုယ်ဝန်ဆောင်မိခင်များမှာ ငွေကြေးမတတ်နိုင်သည့်အတွက် အာဟာရ ပြည့်စုံအောင် စားသောက်နေထိုင်မှု မရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မရခြင်း၊ ဆေးဝါးလုံလောက်စွာ မသောက်သုံးနိုင်သည့်အတွက် မိခင်ကိုယ်ခန္ဓာအားနည်းခြင်းအပြင် အသက်အန္တရာယ် နှင့်ပါ  ကြုံနေကြရသည်။ 

နောက်ဆက်တွဲအဖြစ် မွေးကင်းစ မိခင်များမှာ နို့မထွက်ခြင်း၊ ကလေးမွေးဖွားချိန် ညစ်အားမရှိခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ကြုံတွေ့နေရကြောင်း ပြောဆိုကြသည်။

“ကလေးအမေတွေ နို့မထွက်ကြတာ တော်တော်များများ တွေ့ရတယ်။ ပြီးတော့ ကလေးအသေမွေး တာလည်း မကြာမကြာကြားရတယ်။ ကျနော်တို့ အကူညီပေးတဲ့ တလျှောက်မှာ တွေ့ရတာတောင် အများကြီး။ ကျနော်တို့က ကိုယ်ဝန်ဆောင်တွေကို ဖြည့်စွက်စာတွေ ကူညီပေးတာတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့အတွက် မလုံလောက်ဘူး” ဟု သံတွဲမြို့က စစ်ဘေးရှောင်အရေး ကူညီပေး နေသူတစ်ဦးက ပြောသည်။ 

သံတွဲမြို့မှာ ယင်းသို့နို့ချိုမထွက်နိုင်သည့် အခက်အခဲကို ကြုံတွေ့နေရသည့် နို့တိုက်မိခင်ဦးရေ ရာဂဏန်းခန့် ရှိသည်ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။  
 
ကျောက်တော်မြို့ ကံကြီးသျှင် စစ်ဘေးရှောင်စခန်းမှ အသက်(၂၉)နှစ်အရွယ် မအဝင်းမေမှာလည်း စစ်ဘေးရှောင်နေစဉ် မိသားစုစားသောက်ရေးဖြေရှင်းရန် အလုပ်ကြမ်းလုပ်ရင်း ကိုယ်ဝန်ပျက်ကျခဲ့ရသည်ဟု ပြောသည်။ 

“စားစရာမရှိတော့ အလုပ်လုပ်ရတာပေါ့။ ဈေးမှာ ကုန်ထမ်းတယ်။ ၄ ရက်လောက် အလုပ်လုပ်ပြီး ၅ ရက် မြောက် မှာ ဗိုက်နာလာတယ်။ ပြီးတော့ သွေးဆင်းပြီးတော့ ပျက်ကျသွားခဲ့ပါတယ်။” ဟု မအဝင်းမေက သူ၏ ဖြစ်ပုံကို ရင်ဖွင့်လာသည်။ 

စစ်ဘေးရှောင်စခန်း၌ ကူညီထောက်ပံ့မှု  မရသလောက် နည်းပါးသည့်အတွက် ဇနီးမောင်နှံနှစ်ယောက်လုံး ကြုံရာကျပန်းလုပ်ကိုင်ရင်း မိသားစုဝမ်းရေး ဖြေရှင်းနေခြင်းဖြစ်သည်ဟုလည်း မအဝင်းမေက ပြောပြသည်။  
 
ကိုယ်ဝန်ဆောင် မိခင်များသည် သန္ဓေစလွယ်ချိန်မှစ၍ မိခင်နှင့်ကလေးကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းတို့၌ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုအပြင် ကိုယ်ဝန်ဆောင်စဉ် မေးခိုင်ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံရပြီးကာ ကွယ်ဆေးထိုးနှံခြင်းအားဖြင့် မေးခိုင်ရောဂါကာကွယ်ခြင်း၊ ကိုယ်၀န်ဆောင်စဉ်နှင့် မွေးဖွားပြီးနောက်ဖြစ်တတ်သည့် ကူးစက်ရောဂါများအား ကာကွယ်စေနိုင်သည်။ 

သို့သော်လည်း စစ်ဘေးဒဏ်သင့်ဒေသက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်ကလေးငယ်များမှာကာ ကွယ်ဆေးမထိုးနှံနိုင်ခြင်းအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း မရကြပေ။
 
တစ်ဖက်မှာ ပြင်ပဆေးရုံဆေးခန်းများ ပုံမှန်ပြသရန် ငွေကြေးအဆင်မပြေမှုလည်း ရှိနေကြသည်။  ရခိုင်မှာ ယင်းသို့ အခက်အခဲများကို ကြုံတွေ့ရသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစ နို့တိုက်မိခင် အရေ အတွက်များစွာ ရှိနေသည်။

ထို့ကြောင့် ကလေးမိဘများမှာ သားသမီးများအတွက် ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုရှိနေကြသည်။ 

စစ်ဘေးရှောင် ကလေးဖခင် ဦးထွန်းနိုင်က “ အခုဆိုရင် သမီးလေးက ၁၁ လရှိပြီ။ ကာကွယ်ဆေးလုံးဝ မထိုး ရ သေးဘူး။ ဒီဖက်မှာရှိတဲ့ နာစ်တွေနဲ့ မကြာခဏသွားတွေ့ပြီးတော့ ကာကွယ်ဆေးထိုးရဖိုအကြောင်း မေးမြန်းတော့လည်းသေချာ ရေရာတဲ့ အဖြေမရှိခဲ့ဘူး။ ဒီကနေ့ထိပဲ။ အခု သမီးလေးမှာ ခန္ဓာကိုယ် အနှံယား နာတွေ ဖြစ်နေတော့။ အရမ်းစိုးရိမ်မိတယ် ကာကွယ်ဆေးမထိုးရလိုလား စသည်ဖြင့်ပေါ့လေ။ သံသယတွေ အများကြီး ဖြစ် နေရတယ် ” ဟု ပြောသည်။  

ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးငယ်များသည် အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး နှင့် ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက် အမြှေး ရောင် (ငါးမျိုး စပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးတို့ကို သတ်မှတ် ချိန် အတိုင်းပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးရမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည်။

သို့သော်လည်း စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသမှာ ကိုယ်ဝန်ဆောင် မိခင်နှင့် ၂ နှစ်အောက် ကလေးငယ်များမှာ ယင်းအခွင့်အရေး ဆုံးရှုံးနေရသည်။

AA ထိန်းချုပ်ရာနယ်မြေမှ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက “ကာကွယ်ဆေးမထိုးရတာဟာ ကိုယ်ဝန်ဆေင်နဲ့ က လေးတွေအလွန် အန္တရာယ်ရှိပါတယ်။ အလွယ်တကူ ရောဂါပိုးတွေကူးစက်နိုင်တယ်။ ခုခံအားမရှိဘူး။ ပိုလီယို ဖြစ် ဖို့၊ အဆုပ်ရောင်၊ အသည်းရောင်တွေဖြစ်ဖို့ လွယ်ကူတယ်။ နောက်တစ်ခုက ရာသီလိုက် ကျန်းမာရေး မကောင်း ဖြစ်ဖို့က လွယ်ကူနိုင်တယ်။ မဖြစ်မနေ ကာကွယ်ဆေးထိုးသင့်ပါတယ်” ဟု ထောက်ပြသည်။

ရခိုင်ဒေသမှာ တိုက်ပွဲတစ်နှစ်ကျော် ကြာမြင့်လာခဲ့ကာ စစ်ဘေးရှောင်သူဦးရေ တိုးသထက်တိုးလာပြီး လူသားချင်းစာနာမှုအကူညီရရှိမှု အားနည်းလာကာ စားနပ်ရိက္ခာမပြည့်စုံခြင်း၊ သောက်သုံးရေ၊ ဆေးဝါးပြတ် လပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ ရှိနေကြသည်။ 
တဖက်မှာလည်း ကိုယ်ဝန်မိခင်နှင့် မွေးကင်းစ နို့တိုက်မိခင်များမှာ မိသားစု စားဝတ်နေရေးအပြင် စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် စိတ်ပိုင်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုနှင့် ရင်ဆိုင်နေကြရပြန် သည်။ 

“ကိုယ်ဝန်ဆောင်ရင် ကလေးအတွက်စိတ်ပူရ။ မွေးလာရင်လည်းသူတို့ကို မပြုစုနိုင်မှာကို စိတ်ပူရနဲ့ တော်တော်လည်း ပင်ပန်းရပါတယ်။ နောက်တစ်ခုက စစ်တပ်ကလည်း လေယာဉ်နဲ့ နေ့တိုင်းပစ်နေတော့ ဒါလည်း စိုးရိမ်စရာပါ” ဟု ဒေါ်မလှသန်းက ပြောသည်။ 
 
စစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ငွေကြေးမတတ်နိုင်မှုများကြောင့် သက်ဆိုင်ရာ ကျန်း မာ ရေးဌာနများသို့ သွားရောက်မွေးဖွားခြင်း၊ သားဖွားမီးယပ်ဆရာဝန်၊ ဆရာ/မများနှင့် တိုင်ပင်ဆွေးနွေးခြင်းများ အားနည်းကာ အရပ်လက်သည်များဖြင့်သာ ကလေးမွေးဖွားနေရသည်။ 

တစ်ဖက်မှာလည်း ဘေးကင်းလုံခြုံစွာနေထိုင်နိုင်သည့်နေရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့် ရှောက် မှုရရှိရန်နှင့် လုံခြုံသည့်ရပ်ဝန်းတစ်ခု ဖန်တီးရန် ကိုယ်ဝန်ဆောင်မိခင်များက လိုလားနေကြသည်။ 

မည်သို့ပင်ဆိုစေကာမှု ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးမှာ အချိန်မည်မျှထိ ကြာအုံးမည်ကို မသိနိုင်သေးသဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမိခင်များ၏ အနာဂတ်နေ့ရက်များမှာ ဒုက္ခဘုံကြားတွင် ကြံ့ကြံ့ခံရအုံးမည်ပင်။