- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
သုံ့ပန်းများအား သတ်ဖြတ်ခဲ့သူများကို အရေးယူထားကြောင်း AA ပြော
ရခိုင်ပြည်သိမ်း တိုက်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ၏ စစ်သုံ့ပန်းနှစ်ဦးကို အာရက္ခတပ်တော်၏ ပြည်သူ့စစ်အချို့က သတ်ဖြတ်မှုတွင် အမိန့်ပေးခဲ့သည့် တပ်မှူးအပါဝင် ပါဝင်သူအားလုံးကို အရေးယူထားပြီးဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ပြောသည်။
24 Jan 2025

DMG ၊ ဇန်နဝါရီ ၂၄
ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ၏ သုံ့ပန်းနှစ်ဦးကို အာရက္ခတပ်တော်၏ ပြည်သူ့စစ်အချို့က သတ်ဖြတ်မှုတွင် အမိန့်ပေးခဲ့သည့် တပ်မှူးအပါအဝင် ပါဝင်သူအားလုံးကို အရေးယူထားပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်စားချေသည့်အနေဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ကျောက်တော်မြို့ စကခ(၉) တိုက်ပွဲအတွင်းမှ ဖမ်းဆီးရမိသည့် သုံ့ပန်းနှစ်ဦးကို စစ်စည်းကမ်းလိုက်နာမှုမရှိဘဲ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆိုသည်။
အဆိုပါသတ်ဖြတ်မှုဖြစ်စဉ် ကျူးလွန်ခဲ့သည့် အောက်ခြေတပ်မှူးငယ်များအပါအဝင် ပါဝင်ပတ်သက်သူအားလုံးကို အရေးယူထားပြီးဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။
“ကျောက်တော်အခြေစိုက် စကခ(၉) တပ်မဌာနချုပ်ကို ကျနော်တို့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ကာလအတွင်းမှာ ဒီလိုမျိုး စစ်စည်းကမ်းချိုးဖောက်ပြီးတော့မှ ပြစ်မှုကျူးလွန်ခဲ့တာ။ အဲဒီတုန်းက သူတို့ရဲ့ မိသားစုဝင်တွေကို မတရား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ထားတဲ့ မြန်မာစစ်သားတွေကို ဖမ်းမိတဲ့အချိန်မှာ ဒေါသမထိန်းနိုင်ဘဲနဲ့ အခုလို လက်စားချေတဲ့ပုံစံမျိုးနဲ့ စစ်စည်ကမ်းချိုးဖောက် ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ယင်းသို့ ဥပဒေမဲ့သတ်ဖြတ်မှုများသည် အာရက္ခတပ်တော်၏ မူဝါဒနှင့်ဆန့်ကျင်ပြီး နောက်ထပ်မဖြစ်အောင် ထိန်းကျောင်းသွားမည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။
စစ်သုံ့ပန်းနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး အောက်ခြေတပ်မှူးငယ်အချို့နှင့် ပါဝင်သူအားလုံးကို အရေးယူ အပြစ်ပေးထားကြောင်း ပြောသော်လည်း ဦးရေအတိအကျနှင့် ပြစ်ဒဏ်ကို ပြောကြားခြင်း မရှိပေ။
အဆိုပါ စစ်သုံ့ပန်းနှစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ထိုင်းအခြေစိုက် Fortify Rights လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)အနေဖြင့် စုံစမ်းစစ်ဆေးသင့်သည်ဟု ဇန်နဝါရီလ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။
ရခိုင်တိုက်ပွဲတွင် လက်နက်ချအညံ့ခံသူများနှင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ထောင်နှင့်ချီရှိပြီး အာရက္ခတပ်တော်က ၎င်းတို့ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း AA က ဆိုထားသည်။
ယခုကိစ္စတစ်ခုတည်းကိုကြည့်ပြီး ရာထောင်ချီသည့် စစ်သုံ့ပန်းများကို စောက်ရှောက်ထားမှုများကိုလည်း မမေ့ရန်လိုအပ်သည်ဟု ဦးခိုင်သုခက ပြောသည်။
“ဒီကိစ္စတစ်ခုတည်းကိုကြည့်ပြီးတော့ ရာထောင်ချီတဲ့ စစ်သုံးပန်းတွေကို ဆေးဝါးကုသပေးပြီးတော့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတာကို မမေ့ဖို့လိုပါတယ်။ မြင်အောင်ကြည်ဖို့လည်း လိုပါတယ်။ ဒီကိစ္စဟာ ကျနော်တို့ရဲ့မူဝါဒနဲ့လည်း လုံးဝဆန့်ကျင်ပါတယ်” ဟု ပြောသည်။