- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကောင်းကင်ပေါ်ကတိမ်တွေ ညိုမဲလာမှာကို ကြောက်နေရသူများ
စစ်ဘေးရှောင်ပြည်သူတွေ အနေဖြင့် တောင်သူယာခုတ်၊ လယ်အလုပ်နဲ့ အသက်မွေးခဲ့ကြသူတွေ အခု တော့ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ကိုယ့် ရွာ၊ ကိုယ့်လယ် ဘယ်ဆီမှန်းမသိ လှည့်ကြည့်ခွင့် မရှိတော့ပြီ။ စိုက်ပျိုးခဲ့တဲ့ သီးနှံတွေက ခူးချိန်၊ ဆွတ်ချိန်တန်နေပေမယ့် ယမ်းငွေ့၊ မိုင်းငွေ့တွေ မပြယ်သေးလို့ ပြန်သွားပြီး မသိမ်းရဲကြတဲ့ ဘဝ။ စိုက်ခဲ့သလောက် မရိတ်သိမ်းခဲ့ရသူတွေ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ပွဲတွေ ဘယ်တော့အဆုံးသတ်မလဲ။
30 Apr 2019
Written by > အောင်ကြည်မိုး (သင်းပုန်းတန်း)
DMG/ ဧပြီ ၃၀
ဟေတုပစ္စယော အကြောင်းကြောင့် အကျိုးဖြစ်လာရတယ် ဆိုစကားအတိုင်း အခုချိန် ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေဟာ တောတောင်တွေမှာမဖြစ်ဘဲ ရပ်ရွာအနီးအနားမှာ ဖြစ်နေကြလို့ စစ်ဘေးရှောင်တွေ ရှိလာနေရ ခြင်းဖြစ်တယ်။ တစ်ချို့ဒေသတွေမှာ စစ်ပွဲဖြစ်ပွားမနေပေမယ့် အနီးအနားတဝိုက်မှာ စစ်ပွဲတွေ ဖြစ်ပွားနေကြလို့ တောကိုလည်း မသွားရဲ၊ တောင်တွေကိုလည်း မသွားရဲကြသလို မြေမြှုပ်မိုင်း အန္တရာယ်ကြောက်လို့ မိရိုးဖလာ တောင်ယာလုပ်ငန်း ထိခိုက်လာနေရခြင်းကြောင့်လည်း စားသောက်ဖို့ အဆင်မပြေတော့ စစ်ဘေးရှောင်စခန်းတွေကို ခိုလှုံလာကြရတယ်။ တချို့ဆိုရင် သေနတ်သံ မကြားခဲ့ရပေမယ့် စစ်ပွဲတွေဖြစ် လာနိုင်တယ်ဆိုတဲ့ ကောလဟာလကြောင့် အိုးပစ်၊ အိမ်ပစ် ထွက်ပြေးလာကြလို့ စစ်ဘေးရှောင်စခန်းကို ရောက် ရှိလာကြရခြင်းဖြစ်တယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းနိုင်လို့ စစ်ဖြစ်လာရတယ်ဆိုပေမဲ့ မြေစာပင်ဖြစ်တဲ့ ပြည် သူတွေဟာ စစ်ဘေးရှောင်အဖြစ်နဲ့ စစ်ရဲ့အနိဌာရုံ ဒုက္ခမျိုးစုံကို အရင်ဆုံး ခံစားကြရပါတယ်။ လက်ရှိအခြေအနေမှာ အလှူရှင်တွေဟာ စစ်ဘေးရှောင် စခန်းအဟောင်းတွေထက် စခန်းအသစ်တွေကို လှူဒါန်းနေကြလို့ စစ်ဘေးရှောင်တွေအနေနဲ့ အခက်အခဲများစွာ တွေ့ကြုံနေကြရသလို ကယ်ဆယ်ရေး ပေးနေ ကြတဲ့ လူမှုအဖွဲ့အစည်းတွေကို သက်ဆိုင်ရာက နယ်မြေကန့်သတ်မှုကြောင့်လည်း စစ်ဘေးရှောင်တွေ စားသောက်ရေး အခက်အခဲ ကြုံတွေ့နေကြရတယ်။ စစ်ပွဲတွေကြောင့် အခြားဒေသက ဆွေမျိုးတွေဆီ ထွက်ပြေးသွားကြလို့ အမည်တပ်လို့မရတဲ့ စစ်ဘေးရှောင်တွေလည်း ရခိုင်ပြည်နယ်မှာ အများကြီး ရှိနေပါသေးတယ်။ ဒါတွေကြောင့် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေရဲ့ဘ၀ ရေတို၊ ရေရှည် ကောင်းမွန်စွာ နေထိုင်နိုင်အောင် IDP ဒုက္ခသည်အဖြစ် အသိမှတ်ပြုနိုင်ပေးဖို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကို အချက်အလက်ပြည့်စုံစွာနဲ့ တင်ပြနိုင်ဖို့က အဓိက အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။
မကြာခင် မိုးရာသီရောက်ရှိ လာပါတော့မယ်။ စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူတွေ အတွက် လုံခြုံကောင်းမွန်တဲ့ နေအိမ်၊ အဆောက်အအုံ အခုချိန်ထိ မရှိသေး။ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ရေတို/ရေရှည် ဘဝရပ်တည်ရေး၊ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ဖို့ ဘယ်လိုကူညီပေးနိုင်ကြမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားပေးကြဖို့ လိုအပ်လာနေပါပြီ။ ဒုက္ခသည်တွေကို ကူညီရေး၊ ပြန်လည် နေရာချထား ပေးနိုင်ဖို့အတွက် အစိုးရနှင့် လူသားချင်းဆိုင်ရာ ကူညီမှုကို ဆောင်ရွက်နေကြတဲ့ NGO – INGO စတဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေရဲ့ ကူညီထောက်ပံ့ပေးနိုင်မှုက အခုချိန်မှာ အရေးပါ အရာရောက်နေပါတယ်။
ရခိုင် စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတွေက IDPs (Intermally Displaced Persons) ဒုက္ခသည် ခေါင်းစဉ်တပ်ဖို့ ကြိုးပမ်းနေကြပေမဲ့ လက်ရှိမှာ လွယ်လွယ်နဲ့ ဖြစ်လာနိုင်မယ့်ကိစ္စ မဟုတ်သေးပါ။ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ IDPs မူအရ မှန်ပေမယ့် လက်တွေ့မှာ အစိုးရက ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေကို ရွာပုန်း၊ ရွာရှောင် အဖြစ်သာ အမြင်သဘော သက်ရောက်နေ လို့ မြေပြင်အခြေအနေအရ ခက်ခဲနေပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို IDPs ဒုက္ခသည်လို့ မြင်လာအောင် ရခိုင်ပြည်နယ်ရှိ မီဒီယာ၊ သတင်းဌာန ပေါင်းစုံက ပြည်ထောင်စုအစိုးရကို တိုက်တွန်းပေးဖို့ လိုသလို (၈၈) ငြိမ်း/ပွင့် အဖွဲ့အစည်း စတဲ့ တိုင်းရင်းသားပေါင်းစုံဒေသက အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) တွေရဲ့ အားကိုလည်း ယူရပါလိမ့်မယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော် နဲ့ AA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြလို့ စစ်ဘေးရှောင် ပြည်သူ တစ်နေ့တခြား ပိုများလာနိုင်ပြီး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ အဓိက လိုအပ်နေပါတယ်။ ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ပြည်သူတွေကို ရခိုင်လူမှုအရပ်ဘက် အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှုတွေ ပေးနေပေမယ့် ကမ္ဘာ့ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုကို လက်တွဲဆောင်ရွက်နေကြတဲ့ NGO -INGO စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှု နည်းပါးနေလို့ ဝေဖန်မှုတွေ မြင့်တက် နေပါတယ်။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေကို IDPs ဒုက္ခသည် စခန်းအဖြစ် သုံးနှုန်း၊ သတ်မှတ်မထားတဲ့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ NGO -INGO အဖွဲ့အစည်းတွေ အနေဖြင့်လည်း ရခိုင် ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေကို IDP ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ စံချိန်၊ စံနှုန်းတွေနဲ့ ကူညီဆောင်ရွက်ပေးနိုင်ဖို့ အခက်ခဲ ကြုံတွေ့နေကြရပါတယ်။
ဒါကြောင့် ရခိုင်စစ်ဘေးရှောင် ပြည်သူတွေ IDP စာရင်းဝင်လာအောင် ပြည်ထောင်စုအစိုးရကို (Approach) ချဉ်းကပ်နိုင်ဖို့ စစ်ဘေးရှောင်ပြည်သူ တစ်နေ့မှာ ဘယ်လောက်ဖြစ်နေရတယ်၊ စစ်ဘေးရှောင်စခန်း ဘယ်နှစ်ခုမှာ ကိုယ်ဝန်ဆောင်နဲ့ အသက် (၁၂) အောက် ကလေးအရွယ်ကဖြင့် ဘယ်လောက်ရှိနေတယ်၊ ဘယ်လိုဒုက္ခတွေကို ခံစားနေရတယ် စသည်ဖြင့် Data အချက်အလက်တွေကို သေချာပြုစုထားတဲ့ ရခိုင်ပြည်နယ်မှာ CSO အဖွဲ့အစည်းတစ်ခု ရှိနေဖို့ အဓိကလိုအပ်နေပါတယ်။
နောက်တစ်ခုက စစ်ဘေးရှောင်တွေအတွက် ဘယ်နေရာမှာ လတ်တလောအကူအညီ လိုအပ်နေတယ်ဆိုတာ ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေ ဝင်ကြည့်လို့ရနိုင်အောင် Website တစ် ခု ထူထောင်ထားရပါမယ်။ ဒါမှလည်း အလှူရှင်တွ သိရှိလာနိုင်မှာဖြစ်တယ်။ အလှူရှင်တွေ လှူဒါန်းလာနိုင်အောင် မျောက်ပြဆန်တောင်း မဖြစ်စေဖို့ အများကယုံကြည်တဲ့ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး လုပ်ဆောင်ထားကြဖို့ လိုအပ်နေတယ်။ သူတို့ရဲ့ဘ၀ ရေရှည်၊ ရေတို ရပ်တည်နိုင်ဖို့ အရပ်ဘက် CSO အဖွဲ့များ၊ ရခိုင်ပြည်နယ်လွှတ်တော်တို့ကလည်း ရှေ့လုပ်ငန်းစဉ်တစ်ရပ် (Action Plan) ရေးဆွဲ ချမှတ်ထားရမှာဖြစ်ပြီး သတင်းအချက်အလက်တွေ မျှဝေပေးနိုင်ဖို့ မီဒီယာအင်အားစုတစ်ခု ရှိနေဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။
၂၀၁၂ အရေးအခင်းကာလတုန်းက ဘင်္ဂါလီလူမျိုးတွေမှာ ဒုက္ခသည် တွေရဲ့ Data အချက်အလက်တွေကို အသေအချာပြုစုထားနိုင်လို့ နိုင်ငံတကာ အထောက်အပံ့တွေ ကျွန်တော်တို့ ရခိုင် လူမျိုးတွေထက် ဘင်္ဂါလီတွေဘက်ကို စီးဆင်းမှု ပိုများနေခဲ့ခြင်းဖြစ်တယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အခုလို စစ်ဘေးတွေအပြင် ရေဘေး၊ လေဘေး အမြဲကြုံတွေ့နေကြရလို့ အရေးပေါ်ဖြစ်လာမှ အကူအညီပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုကို ဖုတ်ပူမီးတိုက် ဖွဲ့စည်းတာထက် ရခိုင်ပြည်နယ်က CSO အဖွဲ့ ပေါင်းစုံပါဝင်တဲ့ ကူညီပေးရေး အဖွဲ့အစည်းတစ်ရပ် အမြဲဖွဲ့စည်းထားဖို့ လိုအပ်နေပါတယ်။ နောက်တစ်ခုက ရခိုင် ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေကောက်ခံပြီး ငါးခြောက်၊ ခရမ်းသီး သွားပေးမယ် ဆိုတာတွေထက် သူတို့ရဲ့ဘဝ ရေတို/ရေရှည်မှာ ရပ်တည်နိုင်ဖို့ သီးခြားရန်ပုံငွေတစ်ရပ် ရှိနေဖို့ ကြိုးစားကြရပါမယ်။
နွေဦးရာသီဖြစ်တဲ့ မတ်လ (၆) ရက် နေ့လယ်ပိုင်းက ကောင်းကင်အာကာပြင်၌ ရုတ်တရက် တိမ်တွေညိုမဲလာပြီး ချိန်ခါမဟုတ် ရခိုင် ပြည်နယ်က မြို့အချို့မှာ နှစ်ရက်ဆက်တိုက် အဆက်မပြတ် အခါလွန်မိုး သည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတွေက မိသားစုတွေအနေဖြင့် ဆယ်ပေပတ်လည် သာသာရှိနေတဲ့ ဝါးတဲငယ်အတွင်း မြေပြင်မှာ မိသားစုလိုက် ပြွတ်သိပ် အိပ်စက်နေကြရချိန် အခါလွန်မိုးက ရွာချလိုက်တော့ သူတို့တထွေ မိုးစိုစိုနဲ့ ဘယ်လိုနေကြမလဲဆိုပြီး မိုးရွာတဲ့နေ့က ကျွန်တော် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ စကားလုံးဟာ ကျွန်တော်တို့ ရခိုင်ဒေသက စစ်ဘေးရှောင် ပြည်သူတွေအတွက် မွေးဖွားခဲ့လေသလားဆိုပြီး တွေးနေမိပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ မတ်လ (၆) ရက်နဲ့ (၇) ရက်နေ့က အချိန်အခါမဟုတ် အဆက်မပြတ် မိုးရွာသွန်းခဲ့လို့ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေရဲ့ မြေစိုက်တဲတွေ အမိုးလန်သွားခဲ့ရပြီး မိုးရေထဲမှာ နေကြရတဲ့ပုံတွေ ဖေ့စ်ဘုတ်ပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။ စစ်ဘေးရှောင်စခန်းက ပြည်သူတွေဟာ မြေပြင်ပေါ်မှာ တဲထိုး မိုးကာခင်းပြီး နေထိုင်ကြရနေရချိန်မှာ အခါလွန်မိုး ရွာချလိုက်တော့ မိုးရေတွေဝင်ရောက်လာပြီး အမိုးအကာ မလုံလောက်လို့ အသုံးအဆောင်ပစ္စည်း၊ အဝတ်အထည်တွေ မိုးရေစိုစွတ်ခဲ့ကြရတယ်။ ထမင်း ချက်စားဖို့ ထင်းတွေရေစိုကုန်ပြီး အခါမဲ့မိုး ရွာသွန်းခဲ့မှုကြောင့် စစ်ဘေးရှောင် ပြည်သူတွေဟာ တစ်ညလုံး မိုးရေထဲမှာ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲပြီး တစ်ပူပေါ်နှစ်ပူဆင့် ဘဝတွေနဲ့ နေထိုင်ခဲ့ကြရတယ်။
ကမ္ဘာ့အရှည်ကြာဆုံးနဲ့ နှစ်ခုနစ်ဆယ်အကြာ မြန်မာ့ပြည်တွင်းစစ်ကြောင့် ရခိုင်ပြည်နယ်က ကျောက် တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်စတဲ့ မြို့နယ်ငါးခုမှာ စစ်ဘေးရှောင်စခန်းများစွာ ရှိနေပြီး အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ပြည် သူနှစ်သောင်းကျော်အထိ ရှိလာနေပြီလို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။ အခုချိန် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်လိုလို ဖြစ်ပွားနေတဲ့အတွက် တိုက်ပွဲအတွင်း ဒေသခံကျေးရွာသားများ ဘေးလွတ်ရာကို တိမ်းရှောင်နေကြဆဲဖြစ်လို့ တိုက်ပွဲရှောင်ဒုက္ခသည် အနေအထားက ပြန်လျော့သွားဖို့ အခြေအနေမရှိဘဲ တိုးလာဖို့ အခြေအနေမှာပဲ ရှိနေပြီး အချိန်တို တစ်နှစ်အတွင်း ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ သုံးသောင်းကျော်အထိ ရှိနေခဲ့တာ မြန်မာနိုင်ငံမှာ ဘယ်အချိန်၊ ဘယ်ဒေသမှာမှ မရှိခဲ့တဲ့ စံချိန်သစ်တစ်ခု ဖြစ်နေပါတယ်။
၂၀၁၅ ခုနှစ်လောက်က စပြီး ရခိုင်ပြည်နယ်မှာ ပွင့်လင်းရာသီအချိန်ရောက်ရင် တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတတ်ပြီး စစ်ရေးအရှိန် မြင့်တက်နေတတ်ခြင်းက ဓမ္မတာတစ်ခုပါ။ စစ်ဘေးရှောင်စခန်းတွေမှာ ယာယီအဖြစ် နေရုံလောက်သာ တည်ဆောက်ထားတဲ့ ရွက်ဖျင်တဲလေးတွေနဲ့ နေထိုင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအထဲ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ လူမမည်ကလေးတွေဟာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့စိုစွတ်တဲ့ ဒုက္ခကို ခံစားခဲ့ရသလို နေပူချိန်ပြင်းလာလို့ အပူချိန်ဒဏ်ကို ခံစားနေကြရတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ် လိုအပ်နေပါတယ်။ နောက် တစ်ခုက စစ်ဘေးရှောင်စခန်းတွေမှာ သန့်ရှင်းတဲ့ရေ ရရှိမှုက အင်မတန် အခက်အခဲ ရှိနေပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ အိမ်သာတွေကို စနစ်တကျ ဆောက်လုပ်ထားခြင်း မရှိကြဘဲ ဖြစ်ကတတ်ဆန်း တောတိုးနေကြရလို့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
ရှေ့မှာ မေလကုန်လောက် ဆိုရင် မိုးများတဲ့ ရခိုင်ဒေသတွင် ရာသီဥတုက ကြမ်းလာပါတော့မယ်။ ထိုအခါ စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့ အမိုးအကာက မလုံ၊ သောက်သုံးရေအတွက် အရံသိုလှောင်ထားခြင်းမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုက မပြည့်စုံ၊ စားဝတ်နေရေးကြီးငယ် ပြဿနာတွေနဲ့ မလွဲမသွေ ရင်ဆိုင်လာရတော့မှာဖြစ်တယ်။ စစ်ဘေးရှောင်ပြည်သူ တစ်နေ့တခြား များပြားလာနေသဖြင့် ရေရှည်တွင် အခက်ခဲများစွာ ရှိလာနိုင်ပြီး မိုးကျလာရင် သူတို့ဘ၀ ပိုပြီး ဒုက္ခရောက်လာကြမှာဖြစ်လို့ စစ်ဘေးရှောင် ပြည်သူတို့ဘဝမှာဖြင့် အိမ်မပြန်နိုင်ကြသရွေ့ ကောင်းကင်မှာ တိမ်တွေညိုမဲလာတိုင်း သွေးပျက်လာနိုင်ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေ အနေဖြင့် တောင်သူယာခုတ်၊ လယ်အလုပ်နဲ့ အသက်မွေးခဲ့ကြသူတွေ အခု တော့ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ကိုယ့် ရွာ၊ ကိုယ့်လယ် ဘယ်ဆီမှန်းမသိ လှည့်ကြည့်ခွင့် မရှိတော့ပြီ။ စိုက်ပျိုးခဲ့တဲ့ သီးနှံတွေက ခူးချိန်၊ ဆွတ်ချိန်တန်နေပေမယ့် ယမ်းငွေ့၊ မိုင်းငွေ့တွေ မပြယ်သေးလို့ ပြန်သွားပြီး မသိမ်းရဲကြတဲ့ ဘဝ။ စိုက်ခဲ့သလောက် မရိတ်သိမ်းခဲ့ရသူတွေ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ပွဲတွေ ဘယ်တော့အဆုံးသတ်မလဲ။ နိုင်ငံတစ်ခုတည်းမှာ တိုင်းရင်းသားလူမျိုး အချင်းချင်း ညီမျှတဲ့ တန်းတူအခွင့်အ ရေး မရရှိကြသေးသရွေ့ တိုက်ပွဲတွေ ရှိနေမှာဖြစ်ပြီး တိုက်ပွဲကြောင့် မြေစာပင် ဖြစ်နေရသူတွေရဲ့ဘ၀ အိမ်ပြန်ချိန် ဝေးနေကြဦးမယ် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာမယ်ဆိုရင် လာမည့်စာသင်နှစ် စစ်ဘေးရှောင် စခန်းမှာ ခိုလှုံနေကြရတဲ့ ကလေးတွေ ဆက်လက်ပညာသင်ကြားနိုင်ဖို့ အခက်အခဲများစွာ ရှိလာနိုင်ပါတယ်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်မှာ စာစစ်ဌာန (၁၂၂) ခု မှာ ကျောင်းသား၊ ကျောင်းသူလေး သောင်းခွဲကျော်က စာမေးပွဲဖြေဆိုခွင့် ရှိပေမယ့် တိုက်ပွဲတွေကြောင့် ကျောင်း သား သုံးထောင်ကျော် လာရောက်ဖြေဆိုမှု မရှိဘူးလို့ သိရပါတယ်။ ၂၀၀၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်းက ကျောင်းသား၊ ကျောင်း သူ ၄၅၂၉၂ ဦးအား စာစစ်ဌာန (၁၂၂) ခုမှာ စစ်ဆေးသွားခဲ့ပေမယ့် လက်ရှိ အချိန် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုး ရိမ်ရတဲ့ ရသေ့တောင်မြို့နယ်က ကျောက်တန်း စာစစ်ဌာနနဲ့ မြောက်ဦးမြို့နယ် ကျီရာပြင်စာစစ်ဌာန နှစ်ခုကို လုံခြုံမှုမရှိနိုင်လို့ မြို့ပေါ်က စာစစ်ဌာနတွေ မှာ ပြောင်းရွှေ့ စစ်ဆေးခဲ့တာတွေ ရှိခဲ့ပါတယ်။
အကျပ်အတည်း စိန်ခေါ်မှု ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသဖွံဖြိုးရေး တည်ဆောက်နိုင်ရန် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ မတူညီတာတွေ ဘေးဖယ်ပြီး တူညီတာတွေကို နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ အမြန်ဆုံး အဖြေရှာကြစေချင်ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပပျောက်ရေးအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက စစ်ပွဲတွေရပ်စဲဖို့ ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ ကျင်းပနေရုံနဲ့ မပြီးသေးပါ။ နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်မယ့် နည်းလမ်းတွေကို ပူးပေါင်းအဖြေ ရှာနိုင်ရန် တိုက်တွန်းပေးနိုင်ကြဖို့ လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။
(ဤဆောင်းပါးကို ဧပြီလ ၁ ရက်နေ့ထုတ် ဖွံ့ဖြိုးတိုးတက်ရေးသတင်းဂျာနယ် (Development News Journal) အမှတ်စဉ် ၁၀၆ တွင်လည်း ဖော်ပြပါရှိပြီး ဖြစ်ပါသည်။)