ကော်မတီတွေက တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ် ဆောင်ကြဉ်းနိုင်မှာလား

ကျွန်တော်တို့ မြန်မာ့လူ့အသိုက်အဝန်းမှာ တွေ့မြင်ရေတာတွေက ကော်မတီတစ်ခု ဖွဲ့လိုက်တယ်၊ အဲဒီ ကော်မတီက ဘာအလုပ်မှ မလုပ်ရသေးဘူး စဖွဲ့ကတည်းက ကွဲနေကြတာများပါတယ်။ သဘောထား မတိုက်ဆိုင်လို့ ပါတီတွေကွဲကြတယ်။ အဲဒီကွဲသွားကြတဲ့ ပါတီတွေကိုပဲ ညီညွတ်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကော်မတီပြန်ဖွဲ့ ကြရင်း လုံးချာလည်နေကြတော့တာပါပဲ။

By ရမ္မာကျော်စော 08 Apr 2019

ရမ္မာကျော်စော ရေးသားသည်။

ကျွန်တော်တို့ ခပ်ငယ်ငယ်က တည်းကနေ အခုအချိန်ထိ ကြားဖူးနေ ကြ၊ ဘယ်တော့မှ ရိုးမသွားတဲ့ စကား လုံးတွေရှိပါတယ်။ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း ဖောင်းပွမှုတဲ့။ ဒါတွေက တော့ အမြဲတမ်းမှန်နေတဲ့ သီအိုရီတွေ အလား ထင်မှတ်ရတယ်။ ဒါပေမဲ့ ဒီနေ့ ခေတ်မှာတော့ အဲဒီစကားလုံးတွေနဲ့ ဆင်ဆင်တူတဲ့ ကော်မတီဖောင်းပွမှု၊ ကော်မရှင် ဖောင်းပွမှုဆိုပြီး သုံးစွဲရ လောက်အောင်အထိ ကော်မတီ၊ကော် မရှင်တွေ ပေါများလာနေပါတယ်။

အစိုးရကဖွဲ့တဲ့ ကော်မတီ၊ ကော်မရှင် နိုင်ငံရေးပါတီတွေကဖွဲ့တဲ့ ကော်မတီ၊  လူမှုရေးအသင်း အဖွဲ့တွေက ဖွဲ့လိုက်ကြတဲ့ ကော်မတီတွေဆိုတာ နည်းတာမဟုတ်ဘူး။ အလုပ်ဖြစ်လား မဖြစ်ဘူးလားဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ပြဿနာ တစုံတခုဖြစ်တိုင်း ကော်မတီဖွဲ့၊ ကော်မရှင်ဖွဲ့ပြီး ဖြေရှင်းတတ်ကြတဲ့ ယဉ်ကျေးမှုကတော့ ၂၀၁၀ နောက်ပိုင်းမှာ တက်လာခဲ့ကြတဲ့ ဒီမိုကရေစီအစိုးရဆိုသူတွေ  လက်ထက်မှာ ခပ်စိပ်စိပ် တွေ့လာနေရတာက ပုံမှန်လိုဖြစ်နေပါပြီ။

ဦးသိန်းစိန်အစိုးရလက်ထက်က လက်ပံတောင်းတောင်စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို လုံခြုံရေးတွေက မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့ကြလို့ သံဃာတော်တွေ အများအပြား ဒဏ်ရာရခဲ့ကြရပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံရေးပါးနပ်မှုလို့ ဆိုရမလားပဲ၊ အဲဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းရေးကော်မတီတရပ်ကို ဖွဲ့စည်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးလိုက်ပါတယ်။ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲကနေ ပူပူနွေးနွေး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့ ပြည်သူ့အချစ်တော်က ဦးဆောင်တဲ့ ကော်မတီဆိုတော့ လူထုကလည်း နှစ်ထောင်းအားရ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အစီရင်ခံစာထွက်လာတဲ့အခါ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဆိုသလို ပြည်သူလူထုကလည်း အံ့အားသင့်ခဲ့ကြရပါတယ်။ မီးလောင်ဗုံးဟာ မီးခိုးဗုံးအဖြစ်နဲ့ ဇာတ်သိမ်းသွားသလို အကြမ်းဖက် ဖြိုခွင်းခဲ့သူတွေလည်း အရေးယူခြင်း ကင်းလွတ်ခဲ့ကြပါတယ်။ အဲဒီအချိန်ကတည်းက ရေပန်းစားလာတဲ့ ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းခြင်းဟာ ယခု ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဖွဲ့စည်းတဲ့အထိ စဉ်ဆက်မပြတ် လိုက် ပါလာခဲ့တာ ကော်မတီ၊ ကော်မရှင်ပေါင်း ရာနဲ့ချီ ရှိပါလိမ့်မယ်။

 ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လာရင်လည်း ပွဲဆူခဲ့တဲ့ ကိုဖီအာနန်ကော်မရှင်လိုမျိုးတွေကို ဗဟိုအစိုးရက တိုက်ရိုက်ဖွဲ့စည်း တာဝန်ပေးခဲ့တာမျိုးတွေ ရှိပါတယ်။ အဲဒီ ကော်မရှင်ကို ရခိုင်ပြည်နယ်လွှတ်တော်က သဘောမတူခဲ့သလို၊ ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့က ရခိုင်ကိုယ်စားလှယ်တွေကလည်း သက်ဆိုင်ရာ လွှတ်တော်တွေမှာ ကန့်ကွက်ခဲ့ကြပါတယ်။            အကျိုးဆက်ကတော့ ကိုဖီအာနန်ကော်မရှင်က ရခိုင်ပြည်နယ်အရေး စုံစမ်းတဲ့အခါ ရခိုင်လူထုရဲ့ ပူး ပေါင်းပါဝင်မှုကို အပြည့်အ၀ မရရှိခဲ့တဲ့ အခြေအနေတရပ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီလို အခြေအနေကြောင့် အစီရင်ခံစာ ထွက်လာတဲ့အခါ အားနည်းမှုတွေ ရှိတယ်ဆိုပြီး ရခိုင်နိုင်ငံ ရေးအသိုင်းအဝန်းက ဝေဖန်မှုတွေ ရှိ ခဲ့ပါတယ်။ ဒီ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကော်မရှင် အစီရင်ခံစာ ထွက်တဲ့နေ့မှာပဲ မေယုဒေသမှာ ကြီးမားတဲ့ အကြမ်းဖက်မှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ကော်မတီ၊ ကော်မရှင်တွေမှာ ဒေသခံ ရခိုင်တွေရဲ့ ယုံကြည်ကိုးစားမှုခံရသူတွေ မပါဝင်တာကြောင့် တကယ့်မြေပြင်အခြေအနေက သတင်းအချက်အလက်တွေကို ရနိုင်ဖို့ ခဲယဉ်းပါတယ်။ ဗဟိုအစိုးရက လက်သင့်ရာ စားတော်ခေါ်တဲ့ ပုံစံမျိုးနဲ့ ရခိုင်မှာမနေတဲ့ ရခိုင်တွေကို ကော်မတီတွေ၊ ကော်မရှင်တွေမှာ ထည့်သွင်းခဲ့ကြပေမယ့် အဲဒီ ကော်မတီတွေမှာပါတဲ့ ရခိုင်တွေကို ဒေသခံရခိုင်အများစုက မကြိုက်ကြပါဘူး။ ဒါကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်တတ်ဖို့ လိုပါတယ်။ ကိုဖီအာနန်ကော်မရှင်ကနေ ရလာတဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်နိုင်အောင်ဆိုပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီဆိုပြီး ထပ်ဖွဲ့တဲ့အထဲမှာလည်း ရခိုင်လူထုက ထောက်ခံအားပေးတဲ့ လူပုဂ္ဂိုလ်တွေ ပါမလာပြန်ဘူး။ ဆိုတော့ ရခိုင်ပြည် သူတွေက အစိုးရကဖွဲ့တဲ့ ကော်မတီဆိုရင် အယုံကြည်ကင်းမဲ့လာကြတော့တာပဲ။ အဲဒီကော်မတီကလည်း လက်ရှိ အချိန်ထိတော့ မယ်မယ်ရရ အကောင် အထည်ဖော်နိုင်တာလည်း မတွေ့ရသလောက်ပါပဲ။

ယခုတစ်ခါ မတ်လ ၁၄ ရက် နေ့က နိုင်ငံတော်သမ္မတရုံး အမိန့် ကြော်ငြာစာအမှတ် ၃၇/ ၂၀၁၉ ထုတ် ပြန်ချက်အရ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ယခုဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ဥက္ကဋ္ဌအဖြစ် ပါဝင်လာတာကိုတွေ့ရ ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒု-ဥက္ကဋ္ဌ (၁)၊ ပြန်ကြားရေးဝန်ကြီး ဌာနဝန်ကြီး ဒေါက်တာဖေမြင့်က ဒု-ဥက္ကဋ္ဌ (၂) အဖြစ်ပါဝင်လာတာကို တွေ့ရပါတယ်။ အဖွဲ့ဝင် (၁၄) ယောက် ပါဝင်တဲ့ ဒီကော်မတီမှာ ဦးဦးလှစော၊ ဒေါ်ထုမေတို့လို လွှတ်တော်ကိုယ်စား လှယ်တွေကို ထည့်သွင်း ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ဒီအပေါ်မှာ ကာယကံရှင်တွေက ကိုယ်တိုင်မသိလိုက်ကြဘူးဆိုပြီး ပြောဆိုထားတာတွေလည်း တွေ့ရပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ အစိုးရဟာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းတစ်ခု ဖြစ်တယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။ အဲဒီ အမြင့်ဆုံးအဖွဲ့အစည်းမှာ နိုင်ငံတော်သမ္မတဟာ နိုင်ငံ့ဦးသျှောင် ဖြစ်တယ်၊ အာဏာအရှိဆုံးလူ ဖြစ်တယ် ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ အခုလို ရခိုင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စ၊ မြန်မာနိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စတွေကို  လုပ်ဆောင်စေဖို့ တာဝန်ပေးအပ်တဲ့အခါ ဖွဲ့စည်းလိုက်တဲ့ ကော်မတီ၊ ကော်မရှင်တွေရဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေနဲ့ ပါဝင်လုပ်ဆောင်မယ့်သူတွေက အမှန်တကယ် လုပ်ချင်စိတ်ရှိ၊ မရှိကို မျက်နှာစုံညီ ဆွေးနွေးတာမျိုးမလုပ်ဘဲ အမိန့်နဲ့ တိုက်ရိုက်ခန့်အပ်တာမျိုးက တစ်ဖက်လူကို အလေးမထားရာ ရောက်ပါတယ်။ နောက်ပြီးတော့ အစိုးရက အမိန့်ပေး စေခိုင်းတာမျိုးမဟုတ်ဘဲ အမှန်တကယ်လိုအပ်လို့ ထည့်သွင်းရတာမျိုးဖြစ်မှ အလုပ်လုပ်တဲ့အခါ အဆင်ပြေချောမွေ့မှာပါ။

ယခု ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီမှာ ပါဝင်နေ တာနဲ့ ပတ်သက်ပြီးတော့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ က  facebook ပေါ်တွင် “နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဖွဲ့စည်းကြောင်း တွေ့ရှိရပါသည်။ ၎င်းအဖွဲ့တွင် မိမိ ဒေါ်ထုမေအမည်ဖြင့် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်နေကြောင်း တွေ့ရှိရပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက် ၍ မိမိသဘောထားအား မည်သူမျှ မေးမြန်းခဲ့ခြင်း မရှိခဲ့ပါ။ ၎င်းကော်မတီနှင့်ပတ်သတ်၍ မိမိအနေဖြင့် တခုမှ မသိရှိရသေးပါကြောင်း” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီရဲ့ လုပ်ငန်းတာဝန်များအနေဖြင့်  တာဝန်သုံးရပ် ပေးအပ်ထားတာကိုလည်း တွေ့ရပါတယ်။ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးအတွက် ပြည်နယ်သို့ ကွင်းဆင်းလေ့လာခြင်း၊ တွေ့သင့်တွေ့ ထိုက်သူများနှင့်တွေ့ဆုံခြင်း၊ အစိုးရ၏မူဝါဒများအား  ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခြင်း၊ လိုအပ်သည့် အကြံဉာဏ်များရယူခြင်း စသည်တို့ကို ဆောင်ရွက်ကာ ရေတို၊ ရေရှည် ဆောင်ရွက်သင့်သည်များကို အကြံပြုသင်ပြရန်၊ ပြည်နယ်အစိုးရအဖွဲ့ လွှတ်တော်နှင့် ပြည်သူများအကြား လိုအပ်သည့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ သဟဇာတရှိရေးအတွက် စီမံကိန်းများ၊ ရှေ့ပြေးလုပ်ငန်းစဉ်များ၊ ဆွေးနွေးပွဲများ စသည်တို့ကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြကာ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ရန် ဆိုပြီး လုပ်ဆောင်ရမည့် တာဝန်များကို ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီလောက်ကြီးကျယ်တဲ့ ကော်မတီကြီးတစ်ခုမှာ ကိုယ်တိုင်ပါဝင်နေတာကို နိုင်ငံတော်သမ္မတရုံးက ကြေ ငြာချက်ထွက်လာခါမှ သိရတယ်ဆိုတာက ဘယ်လိုမှ မဖြစ်သင့်တဲ့ အရာပါ။ နောက်တစ်ခါ အစိုးရရဲ့မူဝါဒကို မကြိုက်လို့ အတိုက်အခံအဖြစ် ရပ်တည်နေတဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ယောက်ကို အစိုးရ၏ မူဝါဒများအား  ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းခြင်းဆိုတဲ့ လုပ်ငန်းစဉ်မျိုးမှာ တာဝန်ပေးလိုက်တာက အလုပ်ရောဖြစ်ပါ့မလားဆိုတာ စဉ်းစားရမယ့် အရာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ အမည်ပါဝင်နေတဲ့အပေါ်  ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဦးလှစောက “အမှန်က ကော်မတီတခုဖွဲ့ရင် ကျနော်တို့ကို ရွေးချယ်တယ်။ ကျနော်တို့ရဲ့သဘောထား ဘယ်လိုရှိလဲ။ နောက်တစ်ခုက ကော်မတီတခုရဲ့ လုပ်ငန်းတာဝန်ဆိုတာဘာလဲ ဆိုတာတွေကို အားလုံးပြောပြသင့်တယ်။ ပြီးမှ ကျွန်တော်တို့က လုပ်မယ် မလုပ်ဘူးဆိုတာကို ဆုံးဖြတ်ရမယ်။

အခုက အကြောင်းကြားခြင်းလည်း မရှိဘူး။ ဘာတခုမှလည်းမရှိ။ ကော်မတီရဲ့ လုပ်ငန်းတာဝန်ဘာလဲ။ ဘယ်နေ့၊ ဘယ်အစည်းအဝေးလုပ်မယ် ဆိုတာလည်း တခုမှ မသိဘဲနဲ့ ကော်မတီစာရင်းထဲမှာ ထည့်ထားလိုက်တယ်။ ဒီဟာသည် ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်ကို မလေးမစားတာ။ အားမနာလုပ်ရာ ကျတယ်”  ဆိုပြီး RFA သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူး မှာ ဖြေကြားသွားတာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးလို့ ဆိုလိုက်တာနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲ၊ ဘင်္ဂါလီအရေးတွေကို ပြေးလို့မြင်ကြပါလိမ့်မယ်။ လက်ရှိမှာတော့ ဘင်္ဂါလီအရေးထက် တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် နှစ်သောင်းကျော်အရေးကို ဖြေရှင်းနိုင်ဖို့က အရေးကြီးနေပါတယ်။ စစ်ဘေးရှောင်အရေးကို ဖြေရှင်းနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကလည်း စစ်ပွဲတွေရပ်စဲလိုက်ကြဖို့ပါပဲ။ ဒီအတိုင်းဆိုရင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီက စစ်ပွဲတွေ ရပ်စဲအောင် ဘယ်လိုများ စွမ်းဆောင်နိုင်မလဲ။ ဒီအတွက် အဖြေကတော့ ဖြစ်လာနိုင်ခြေ နည်းတယ်လို့ပဲ သုံးသပ်ရပါလိမ့်မယ်။  ဘာကြောင့်လဲဆိုရင် တပ်မတော်က ကိုင်စွဲထားတဲ့ မူခြောက်ချက်ကို မပြင်ဆင်နိုင်သေးမျှ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး မလုပ်နိုင်သေးသမျှ ပြည်နယ်တွေက စစ်ပွဲတွေ လုံးဝရပ်စဲသွား ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ ဖွဲ့စည်းခဲ့ကြတဲ့ ကော်မတီ၊ ကော်မရှင်တွေထဲမှာ အစိုးရဘက်က ဖွဲ့တဲ့ ကော်မတီတွေပဲ ရှိတာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ လူမှုရေးအဖွဲ့တွေက ဖွဲ့စည်းခဲ့ကြတဲ့ ကော်မတီတွေလည်း ရှိနေပါသေးတယ်။ မကြာသေးခင်ကမှ ဖွဲ့စည်းထားခဲ့ကြတဲ့ ရခိုင်တစ်မျိုးသားလုံး ညီညွတ် ရေးကော်မတီရဲ့ လုပ်ငန်းစဉ်တွေမှာလည်း စစ်ဘေးရှောင်အရေး၊ တိုက်ပွဲများလျှော့ချစေရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေ ပါဝင်နေပါတယ်။

အကောင်းဆုံး အကြံပေးချင် တာကတော့ အစိုးရပိုင်းကလည်း ကော်မတီတွေ တစ်ခုပြီးတစ်ခုဖွဲ့ပြီး အောက်ခြေအထိ ဆင်းပြီးလုပ်နေမယ့်အစား အစိုးရက ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနဲ့ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာကမှ ပိုပြီး ခရီးရောက်နိုင်တယ်လို့ မြင်ပါတယ်။

ပြဿနာတစ်ခုဖြစ်တိုင်း ကော်မတီ၊ ကော်မရှင်တွေနဲ့ အချိန်ယူဖြေရှင်း နေမဲ့အစား ပြဿနာရဲ့ဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းနိုင်မှ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေမျိုးကို ဖန်တီး နိုင်ပါလိမ့်မယ်။ ကော်မတီတွေဖွဲ့တယ်၊ ကော်မရှင်တွေဖွဲ့တယ်ဆိုရင် အချိန်တန်ရင်တော့ အစီရင်ခံစာတစ်စောင် ထွက်လာပါလိမ့်မယ်။ ဒီ အစီရင်ခံစာဟာလည်း အဖြေမဟုတ်သေးပါဘူး။ အစီရင်ခံစာကို အကောင်အထည် ဖော်တဲ့အပိုင်းကမှ ပြဿနာကို ဖြေရှင်းရတဲ့အပိုင်း ဖြစ်ပါတယ်။ တစ်ခုရှိတာက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေအပေါ် အကောင်အထည်ဖော်တဲ့အပိုင်းမှာ အားနည်းတာတွေ တွေ့နေရပါတယ်။ ရှေ့က လုပ်ခဲ့ကြတဲ့ ဘင်္ဂါလီများပြန်လည်လက်ခံရေး လုပ်ငန်းတွေ၊ မြောက်ဦးမြို့ကို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး (UNESCO) ဝင်နိုင်ရေး လုပ်ငန်းတွေဟာ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။

 ကျွန်တော်တို့ မြန်မာ့လူ့အသိုက်အဝန်းမှာ တွေ့မြင်ရေတာတွေက ကော်မတီတစ်ခု ဖွဲ့လိုက်တယ်၊ အဲဒီ ကော်မတီက ဘာအလုပ်မှ မလုပ်ရသေးဘူး စဖွဲ့ကတည်းက ကွဲနေကြတာများပါတယ်။ သဘောထား မတိုက်ဆိုင်လို့ ပါတီတွေကွဲကြတယ်။ အဲဒီကွဲသွားကြတဲ့ ပါတီတွေကိုပဲ ညီညွတ်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကော်မတီပြန်ဖွဲ့ ကြရင်း လုံးချာလည်နေကြတော့တာပါပဲ။ အစကတည်းက မူဝါဒချင်း၊ သဘောထားချင်းမတူလို့ ကွဲခဲ့ကြတာကို ပြန်ပြီး ညီညွတ်ရေးလုပ်လိုက်ပါပြီတဲ့ အဲဒီလူတွေနဲ့ ဘယ်လိုအလုပ် ဆက်လုပ်ကြမလဲ။

ဒါပေမဲ့ ကော်မတီ၊ ကော်မရှင်တွေက ဘာပြဿနာကိုမှ မဖြေရှင်းနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါ။ ဖြေရှင်းနိုင်တဲ့ အပိုင်းတွေလည်း ရှိပါတယ်။ တခါတလေမှာ ကော်မတီတွေရဲ့ လုပ်ငန်းစဉ်တွေဟာ မလိုအပ်ဘဲ အချိန်ဆွဲတာ မျိုးတွေက ပြည်သူတွေကို စိတ်ပျက်စေပါတယ်။ ဥပမာ - ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်ကစ္စဆိုပါတော့ အခုအချိန်ထိ အဖြေမထွက်သေးတာ ကိုတွေ့ရပါတယ်။ ဒီဗိုလ်ချုပ်ကြေးရုပ်ကို အဲဒီနေရာမှာ မထားဖို့အရေးကို ကြေးရုပ်မလုပ်ခင်ကတည်းက ကန့်ကွက်လာကြတာဖြစ်ပါတယ်။ ဒီလောက် ကန့်ကွက်နေတဲ့ကြားထဲက ပြည်နယ်အစိုးရက အာဏာသုံးပြီး လုပ်ဖြစ်အောင် လုပ်လိုက်ကြတယ်။ အကျိုးဆက်အနေနဲ့ ကရင်နီလူငယ်တွေ သွေးမြေကျခဲ့ရတယ်။ ဒဏ်ရာအနာတရတွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရတာတွေအထိ ဖြစ်လာတယ်။ အစိုးရအပေါ်မှာလည်း အယုံအကြည် ကင်းမဲ့သွားကြတယ်။ ဒီပြဿ နာကို ဖြေရှင်းဖို့ ကော်မတီဖွဲ့တယ်၊ အဲဒီကော်မတီက ထပ်ပြီးတော့ အချိန်ဆွဲနေတဲ့ အနေအထားမှာ ပြည်သူ တွေရဲ့စိတ်မှာ အယုံအကြည်ကင်းမဲ့ရုံတင်မက နာကျည်းစိတ်ပါ ဖြစ်လာကြတော့တာပါပဲ။

အဲဒါကြောင့် အစိုးရပင်ဖြစ်စေ၊ နိုင်ငံရေးပါတီတွေကပဲဖြစ်စေ ကော်မတီ၊ ကော်မရှင်တွေကို ဖွဲ့စည်းကြတဲ့အခါ မြန်မြန်ဆန်ဆန်နဲ့ အလုပ်ဖြစ်ဖို့ လူတွေကို သေသေချာချာ ရွေးချယ်ပြီး တာဝန်ပေးတတ်ဖို့ လိုပါတယ်။ ဒေသခံ ပြည်သူတွေက လေးစားတဲ့လူ၊ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူတွေကို တာဝန်ပေးအပ်နိုင်မှ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ရရှိမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ လူမြင်ကောင်းရုံ၊ ပေါ်လစီအရ ဟိုလူလည်း ပါသင့်တယ်၊ ဒီလူကိုလည်း ထည့်သင့်တယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့သာ ဖွဲ့စည်းကြရင်တော့ အဲဒီကော်မတီ ကော်မရှင်တွေအပေါ်မှာ ပြည်သူတွေအနေနဲ့ ဆက်ပြီးတော့ အယုံအကြည် ကင်းမဲ့ နေဦးမှာပဲ ဖြစ်ပါတယ်။ 

ရမ္မာကျော်စော

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ် ၁၀၆ တွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။