ကျီးလန့်စာစား မောင်တောပညာရေး

မောင်တောမြို့နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာ အဓိကလုံခြုံရေးပဲလို့ ဒေသခံတွေက တထစ်ချယုံကြည်ထားပါတယ်။ ကင်းစခန်းတွေချထားပေမဲ့ ဘယ်အချိန်မှာ တိုက်ခိုက်ခံရမလဲ၊ ပဋိပက္ခဖြစ်လာမလဲဆိုတဲ့ စိုးရိမ်နေရတဲ့အတွက် စိတ်မလုံခြုံဘူးလို့ ဆရာ၊ ဆရာမတွေက ပြောဆိုကြပါတယ်။

21 Jul 2018

(မောင်တောမြို့ အထက(၂) မှ ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ပျံလွှား)

  • DMG / DNJ
  • ဇော်ဇော် (မြောက်ဦး)

မောင်တောလို့ဆိုလိုက်တာနဲ့ လူတွေရဲ့မျက်စိထဲမှာ ပြဿနာတွေဖြစ်ပွားနေတဲ့မြို့၊ ဘင်္ဂါလီတွေနဲ့ ပဋိပက္ခ ဘယ်အချိန်ဖြစ်မလဲဆိုတာကို စိုးရိမ်နေရတဲ့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်နယ်စပ်မြို့လေးတစ်မြို့ကို ပြေးမြင်မိကြမှာ ဖြစ်ပါတယ်။ မောင်တောမှာဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့်ပဲ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးက ပြည်သူတွေနဲ့နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသွားတွေဟာ ရခိုင်ပြည်နယ်သို့ မလာရဲကြတော့ဘူး။ မောင်တောမြို့ဟာ တကယ်လည်း စိုးရိမ်နေရဆဲဖြစ်တဲ့မြို့ဖြစ်တယ်လို့ မောင်တောမှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေက ပြောဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပဋိပက္ခပြန်ဖြစ်လာနိုင်တဲ့ ကောလာဟလ သတင်းတွေနဲ့ ဘင်္ဂါလီလူဦးရေ တဖြည်းဖြည်း များနေလာတာတွေကြောင့်ပါ။ ဘင်္ဂါလီလူဦးရေ တဖြည်းဖြည်း များလာတာဟာ ဥပဒေနဲ့အညီဟုတ်ရဲ့လားဆိုတာ မောင်တောဒေသခံတွေက သံသယရှိနေကြပါတယ်။

ဇူလိုင်လ ၂ ရက်နေ့က အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့နဲ့ တာဝန်ကျဆရာ၊ ဆရာမတချို့က မောင်တောမြို့နယ်ရဲ့ ပညာရေးအခြေအနေကို သုံးသပ်ရင်း အနာဂတ်မှာပိုမိုဖွံ့ဖြိုးဖို့လာဖို့ကို အ.ထ.က (၁) ခန်းမမှာ ဆွေးနွေးခဲ့ကြပါတယ်။

မောင်တောမြို့နယ်ရဲ့ တက္ကသိုလ်ဝင်တန်း ပညာရေးအောင်ချက် သုံးနှစ်စာကိုကြည့်ရင် ၂၀၁၆  ခုနှစ်က ၁၆.၂၀ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်မှာ ၉.၉၉ ရာခိုင်နှုန်း၊  ၂၀၁၈ မှာ ၁၈.၁၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ၉.၉၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာဟာ ၂၀၁၆ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးစခန်းတွေကို ဘင်္ဂါလီအကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ် သြဂုတ်လကလည်း မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်လောက်တဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက လုံခြုံရေးကင်းစခန်း (၃၀) ကို အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်း ၄၀၀ ကျော် ပိတ်ခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူတွေမှာလည်း ပညာရေးပိုင်းမှာ အခက်အခဲများရှိခဲ့သလို ဒေသခံပြည်သူသောင်းကဏန်းအထိ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာခဲ့ရတယ်။

၂၀၁၈ ခုနှစ်မှာ အောင်ချက်တက်သွားတာကတော့ စာမေးပွဲဖြေဆိုတဲ့ ကျောင်းသားအရေအတွက် နည်းလို့ဖြစ်တယ်လို့ မောင်တောမြို့နယ်ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။

“ မောင်တောမှာ ဘင်္ဂါလီကျောင်းသားတွေ၊ ရခိုင်ကျောင်းသားတွေ ရှိပါတယ်။ ဘင်္ဂါလီကျောင်းသားကတော့ ပိုများပါတယ်။ ၂၀၁၈ ခုနှစ်မှာ အောင်ချက်တက်သွားတာက တကယ့်အရည် အချင်းရှိတဲ့သူတွေများလို့ မဟုတ်ဘဲ ဖြေဆိုကျောင်းသားအရေအတွက် အလွန်နည်းသွားတဲ့အတွက်ဖြစ်တယ်။ ကျောင်းသားအများစုက ဖြေဖို့အခက်အခဲဖြစ်ခဲ့ကြတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စာမေးပွဲဖြေဆိုဖို့ အခက်အခဲအများကြီးရှိ ခဲ့ကြပါတယ်။”

မောင်တောမြို့နယ်မှာ ပညာရေးကို ကျီးလန့်စာစားသင်ကြားခဲ့ရတဲ့အကြောင်းကို မောင်တော အ. ထ.က (၁) မှ ဆယ်တန်းကျောင်းသူ နှင်းနှင်းဝေက အခုလို ပြောပါတယ်။

“ သမီးတို့ ကိုးတန်းနှစ်ကဆိုရင် ပညာတစ်ပိုင်းတစ်စနဲ့ ပြေးရတယ်။ နောက်တစ်နေရာမှာ တက်တဲ့အခါ သင်ခန်းစာတွေက သမီးတို့သင်ထားတာထက် အများကြီးကျော်လွန်နေတယ်။ သမီးတို့လည်း ဘယ်လိုမှ နားမလည်နိုင်ဘူး။ သမီးတို့အပြင် ဆယ်တန်းမှာအခြေခံမပါဘဲနဲ့ တက်လာတဲ့ ကျောင်းသား၊ကျောင်းသူတွေ လည်းရှိတယ်။ အဲဒါကို နားလည်အောင်လုပ်ဖို့ကလည်း မဖြစ်နိုင်ဘူး။ ပြန်ပြီး နောက်တစ်နှစ်စောင့်ပြီး သင်မယ်ဆိုရင်လည်း မဖြစ်နိုင်ဘူး။ ကျောင်းသားတွေလည်း စိတ်တွေမလုံခြုံတော့ဘူး။ မောင်တောမှာ ပညာသင်နေရတာက ပြဿနာဘယ်အချိန်ဖြစ်လာမလဲ။ ဒီနေ့၊ မနက်ဖြန်ဆိုသလိုပဲ။ အားလုံးက  ကြောက်နေကြတယ်။ ပညာသင်ရင်း ကိုယ့်အထုပ်ကိုယ်ထုပ်ပြီး စောင့်နေရတဲ့ဘဝပါ။ နောက်မဖြစ်အောင် ခိုင်မာတဲ့လုံခြုံရေးကို အမြန်ဆုံး ချထားပေးစေချင်ပါတယ်။ လုံခြုံရေးက စိုးရိမ်စရာမရှိရင် ပညာကို ကောင်းကောင်းမွန်မွန် သင်ကြားနိုင်မယ်။ မောင်တောရဲ့ အောင်ချက်လည်း မြင့်မားလာမယ်။”

ဘင်္ဂါလီကျောင်းသား၊ ကျောင်းသူလေးတွေရှိတဲ့အတွက် နောက်ထပ်မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် ရခိုင်ကျောင်းသား၊ ကျောင်းသူလေးတွေနဲ့ ခွဲပြီးသင်ကြားခဲ့ရပါတယ်။ အကြမ်းဖက် တိုက်ခိုက်ခံရတုန်းကဆိုရင် ဘင်္ဂါလီကျောင်းသားတွေကို စာသင်ကြားမှုလုံးဝရပ်နားခဲ့ရပြီး တက္ကသိုလ်ဝင်တန်းမဖြေဆိုမီ နှစ်လလောက်ကမှ အပြင်းအထန်သင်ကြားရတဲ့အခါ စာမေးပွဲအောင်ဖို့က အရမ်းအခက်အခဲရှိတယ်လို့ ဆရာ၊ ဆရာမတွေက ပြောဆိုကြပါတယ်။

အခုလည်း လုံခြုံရေးတာဝန်ရှိတဲ့သူတွေဆီက ပဋိပက္ခဖြစ်လာနိုင်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်လာတာကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေမှာ ကြောက်နေကြပြီး ပညာသင်ကြားရေးမှာ အနှောင့်အယှက်ဖြစ်စေတယ်လို့ မောင်တောမြို့ အ.ထ.က (၁) ကျောင်းမှ အထက်တန်းပြ ဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်တာတာက ပြောပါတယ်။

“ မောင်တောရဲ့ ပညာရေးတိုးတက်ဖို့က အဓိကတည်ငြိမ်အေးချမ်းဖို့ လိုအပ်ပါတယ်။ တည်ငြိမ်အေးချမ်းမှသာ ပညာကို အေးချမ်းစွာသင်ကြားသင်ယူနိုင်မှာ ဖြစ်တဲ့အတွက် တကယ့်တကယ် အရည်အချင်းရှိတဲ့ လူသားရင်းမြစ်လေးတွေဖြစ်တဲ့ လူငယ်ပိုင်းတွေဟာ ကျောင်းစာထဲမှာပဲ စိတ်ချမ်းချမ်းသာသာနဲ့ ကောင်းကောင်းမွန်မွန် သင်ယူနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။”

မောင်တောမြို့နယ်မှာ လူဦးရေ ၁ သိန်းကျော်ရှိတယ်လို့ လဝက၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲက လူဦးရေသုံးသောင်းကျော်ဟာ ရခိုင်တိုင်းရင်းသားတွေလို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ အစိုးရ ဝန်ထမ်းတွေ၊ နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တခြားတိုင်းရင်းသားတွေလည်း အကုန်ပါဝင်နေပါတယ်။  ဘင်္ဂါလီလူဦးရေက ၇ နှစ်သောင်းနီးပါးလောက်ရှိပါတယ်။ မောင်တောမြို့ပေါ်မှာလည်း ဘင်္ဂါလီလူဦးရေ တဖြည်းဖြည်းများလာတယ်လို့ ဒေသခံရခိုင်တိုင်ရင်းသား ဦးမောင်ဝင်းသိန်းက ပြောပါတယ်။

“ ဘင်္ဂါလီတွေ တဖြည်းဖြည်း များလာပါတယ်။ ပြဿနာဖြစ်တုန်းက ဘယ်ရောက်နေလဲမသိဘူး။ တောထဲက ထွက်လာကြတာလား။ ဘင်္ဂလားဒေ့ရှ်ဖက်က ဝင်လာတာလည်း ၁၀ ဂဏန်းပဲရှိသေးတယ်။ အခုများလာတော့ အကြမ်းဖက်သမားတွေက တောထဲကနေထွက်လာပြီး ပြန်လာနေထိုင်တာလား။ ဒါဆိုရင်တော့ စိုးရိမ်ရတယ်။ တာဝန်ရှိတဲ့သူတွေက သေချာစိစစ်ရဲ့လား။ ထပ်ပြီးခိုးဝင်လာတာလားဆိုတာ သံသယဖြစ်မိပါတယ်။”

တကယ်လို့များ မောင်တောမှာ အကြမ်းဖက်သမားတွေ ထပ်မံရှိနေရင်၊ သူတို့ကလည်း နောက်ထပ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်လာမယ်ဆိုရင်တော့ မောင်တောမြို့နယ်ပညာရေးဟာ လုံးဝအဖတ်ဆယ်လို့မရတဲ့ အခြေအနေ ဖြစ်သွားမှာသေချာပါတယ်။ အလားတူပဲ အဲဒီမှာနေကြတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ဝန်ထမ်းတွေနဲ့ တခြားတိုင်းရင်းသားတွေရဲ့ ဘဝတွေကလည်း ထပ်မံဆုံးရှုံးရဦးမှာ ဖြစ်ပါတယ်။

မောင်တောမြို့နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာ အဓိကလုံခြုံရေးပဲလို့ ဒေသခံတွေက တထစ်ချယုံကြည်ထားပါတယ်။ ကင်းစခန်းတွေချထားပေမဲ့ ဘယ်အချိန်မှာ တိုက်ခိုက်ခံရမလဲ၊ ပဋိပက္ခဖြစ်လာမလဲဆိုတဲ့ စိုးရိမ်နေရတဲ့အတွက် စိတ်မလုံခြုံဘူးလို့ ဆရာ၊ ဆရာမတွေက ပြောဆိုကြပါတယ်။

မောင်တောမြို့နယ်ပညာရေးမှူး ဦးခင်အောင်ကလည်း မောင်တောမြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအ တွက် အဓိကလိုအပ်တာက လုံခြုံရေးပဲလို့ ပြောပါတယ်။

“ မောင်တောပညာရေးရဲ့ အဓိကအခက်အခဲက လုံခြုံရေးပဲ။ လုံခြုံစိတ်ချရမှ ဆရာ၊ ဆရာမတွေကော၊ ကျောင်းသားတွေကာ၊ အေးဆေးဆေးနဲ့ ပညာသင်နိုင်မှာ။ ပြီးတော့ လိုအပ်တဲ့ဆရာ၊ ဆရာမတွေ ဖြည့်ဆည်းပေးရမယ်။ ကျောင်းတွေအားလုံးမှာ ပညာရေးသင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းပေးလိုက်ရင် မောင်တောပညာရေးက တိုးတက်လာမှာ ဖြစ်ပါတယ်။”

မောင်တောက ကျောင်းသား၊ ကျောင်းသူတွေကို ထပ်ပြီးခြိမ်းခြောက်နေတဲ့ အရာကတော့ ဆရာ၊ ဆရာမတွေ ကို တစ်နှစ်တာဝန်ထမ်းဆောင်ပြီးရင် ကြိုက်တဲ့နေရာကို ပြောင်းရွှေ့ခွင့်ပြုထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်ကနေ မောင်တောမှာ တာဝန်ထမ်းဆောင်မယ့် ဆရာ၊ ဆရာမတွေကို လုံခြုံရေးအခြေအနေအရ တစ်နှစ်ထမ်းဆောင်ပြီးရင် တခြားနေရာသို့ ပြောင်းရွှေ့လိုက ပြောင်းရွှေ့နိုင်တယ်လို့ ပြောဆိုထားပါတယ်။ အဲဒီတော့ ဆရာ၊ ဆရာမတွေကလည်း တစ်နှစ်ပြည့်ရင် ပြောင်းရွှေ့သွားတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆရာ၊ ဆရာမတွေဟာ အသစ်အသစ်ဖြစ်နေပါတယ်။ ဆရာတွေရဲ့ သင်ပုံသင်နည်းကို နားလည်ပြီး အဆင်ပြေနေတဲ့အချိန်မှာ ပြောင်းရွှေ့သွားတော့ ကျောင်းသားတွေဟာ အသစ်ကျလာတဲ့ ဆရာတွေရဲ့သင်နည်းတွေကို ထပ်လေ့လာရပြန်တယ်။

အခုမောင်တောမှာ ပြောင်းရွှေ့ဆရာ၊ ဆရာမတွေ များတဲ့အတွက် ကျောင်းသားတွေရဲ့ ပညာရေးထိခိုက်လာပြီး တချို့ဆရာမတွေဆိုရင် တစ်နှစ်ပြည့်အောင်တောင် မသင်ကြားနိုင်ဘူးလို့ မြို့နယ်ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။

“ မောင်တောမြို့နယ်မှာ ဆရာ၊ ဆရာမတွေကို တာဝန်ထမ်းဆောင်တာ တစ်နှစ်ပြည့်ရင် ပြောင်းရွှေ့ခွင့်ပြု ထားတယ်။ လုံခြုံရေးအရ ဆရာ၊ ဆရာမတွေကလည်း ပြောင်းတယ်။ အဲဒီတော့ ဆရာ၊ ဆရာမတွေက မတည်မြဲဘူး။ ပြောရရင် ဆရာ၊ ဆရာမတွေကို အတွေ့အကြုံသင်ကြားပေးတဲ့ နယ်မြေတစ်ခုလို ဖြစ်နေတယ်။ ဒါက ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြဿနာတစ်ခုပဲ။ အပြောင်းအရွှေ့များတဲ့အခါမှာ နယ်ကကျောင်းသားတွေအတွက် ပညာရေးထိခိုက်နေတယ်။ တကယ်က ပြောင်းရွှေ့ခွင့်ကို ၂ နှစ် ဖြစ်သင့်ပါတယ်။”

နောက်ထပ် ပညာရေးဖွံ့ဖြိုးရေးကို ခြိမ်းခြောက်နေတဲ့ အရာကတော့ ဆရာ၊ ဆရာမတွေရဲ့ သွားရေးလာရေး ဖြစ်ပါတယ်။ မောင်တောမြောက်ပိုင်းမှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေဆိုရင် ဘင်္ဂါလီကျေးရွာမှာ သွားရောက်ပြသနေရတာကြောင့် ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ အကြမ်းဖက်သမားတိုင်းဟာ ဘင်္ဂါလီတွေဖြစ်နေတဲ့အတွက် ဘယ်သူက ဘယ်အချိန်မှာ အကြမ်းဖက်မလဲဆို တာကို အချိန်အတိအကျ မသိနိုင်ပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါ့ကြောင့် မောင်တောမြောက်ပိုင်းမှာ တာဝန်ကျနေတဲ့ ဆရာမ၊ ဆရာမတွေအတွက် ပညာရေးဝန်ကြီးဌာနက ကျောင်းအကြိုအပို့ စီစဉ်ပေးသင့်သလို၊ လုံခြုံရေးတာဝန်ရှိသူတွေကလည်း အစောင့်အရှောက် များများချပေးသင့်တယ်လို့ မြို့မိမြို့ဖအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

“ ကျွန်တော့်သမီးက ငန်းချောင်းမှာ တာဝန်ကျပါတယ်။ အိမ်ကပဲ ကြိမ်ချောင်းက ဆရာ၊ ဆရာမတွေရဲ့ ငှားထားတဲ့ကားနဲ့ လိုက်ပါသွားတယ်။ ဘာကြောင့် ကားငှားသွားရတာလဲ။ ကြိမ်ချောင်းမှာ ညအိပ်ဖို့မဝံ့ရဲလို့။ ဒါက စိတ်ဓာတ်လုံခြုံရေးအပိုင်းပါ။ လုံခြုံရေးက လုံးဝစိတ်မရချဘူး။ နယ်ကဆရာ၊ ဆရာမတွေအတွက် စကူးဘာ့စ် (အကြိုအပို့ကား) ၅ စီးလောက် စီစဉ်ပေးသင့်ပါတယ်။ အခု ဆရာ၊ ဆရာမတွေမှာ တစ်ရက် အသွားအပြန် ငွေတစ်သောင်းလောက် ကုန်နေတယ်။ သူတို့ရဲ့လစာနဲ့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။”

လူတစ်ယောက်ရဲ့ ဆောင်ရွက်ချက်အောင်မြင်မှုဟာ စိတ်ဓာတ်ရေးရာပိုင်းမှာ အဓိကသက်ဆိုင်နေတယ်။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ စိတ်လုံခြုံမှုမရှိဘဲ ပညာသင်ကြားနေရတဲ့အတွက် မောင်တောမြို့နယ်ရဲ့ ပညာရေးဟာ ဘယ်လိုမှဖွံ့ဖြိုးတက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်ထောင်စုအစိုးရ သော်လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့သော်လည်းကောင်း သေသေချာချာအလေးထား ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ အကြမ်းဖက်မှုတွေကြားမှာ ဘဝကိုဖြစ်သလိုရုန်းကန်နေရတဲ့ မောင်တောမြို့ဟာ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင် အခက်အခဲပေါင်းမြောက်များစွာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မကြာခင်ကလည်း မောင်တောမြို့သို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ ၁၀ ဂဏန်းရှိတဲ့ လူဦးရေဟာ နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ဝင်ရောက်လာတယ်။ နောက်ထပ်လည်း ဝင်လာအုံးမယ်။ ရခိုင်အသိုင်း အဝိုင်းက ခန့်မှန်းတာက ၂ သိန်းလောက် ဝင်လာနိုင်တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်သမားတွေ မပါဘူးလို့ ပြောလို့မရနိုင်ဘူး။ တကယ်လို့များ နောက်ထပ်ပဋိပက္ခဖြစ်ရင်တော့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးက ဘယ်တော့မှ နလန်ထူနိုင်မှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် အစိုးရအနေနဲ့ လုံခြုံစိတ်ချရတဲ့ နယ်မြေတစ်ခုအဖြစ် ဖန်တီးပေးဖို့နဲ့ မောင်တောပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအ တွက် လိုအပ်တဲ့အထောက်အပံ့တွေပေးဖို့ လိုအပ်ပါလိမ့်မယ်။           ။

(ဤဆောင်းပါးကို ၂၀၁၈ ခုနှစ် ၊ ဇူလိုင် (၁၅) ရက်နေ့ထုတ် Development News Journal အမှတ် (၈၉) တွင် ဖတ်ရှုနိုင်သည်။)