ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့ အဆင်သင့်ဖြစ်နေကြပြီလား

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံးပြည်နယ်ဖြစ်တယ်။ ဒါကြောင့် အလုပ်အကိုင် အခွင့် အလမ်းရရှိဖို့အတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် စီစဉ်ရတာဖြစ်တယ်လို့ ၂၀၁၃ ခုနှစ်လောက်က SEZ ကော်မတီ တာဝန်ရှိသူတွေ ပြောကြားခဲ့ဖူးပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ ဒေသခံ အလုပ်အကိုင် ၅သိန်းခန့် ရရှိမယ်လို့ မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်များကော်မတီဥက္ကဌ ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ၂၀၁၇ခုနှစ် ဧပြီလ ၂၉ရက်နေ့က စစ်တွေ ဒေသခံများနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးတာလည်း ရှိပါတယ်။

By ကျော်ဝင်း (ကျောက်ဖြူ) 11 Oct 2018

 ကျော်ဝင်း ( ကျောက်ဖြူ )

 ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မြန်မာအစိုးရနဲ့ တင်ဒါအောင်မြင်ထားတဲ့ တရုတ်ကုမ္ပဏီ CITIC GROUP တို့ မူဘောင်သဘောတူညီချက်နဲ့ ဆက်စပ်စာချုပ်များကို ချုပ်ဆိုတော့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိမယ်လို့ မျှော်လင့်နေသူအချို့ ရှိနေသလို ယုံကြည်မှု ကင်းမဲ့နေသူ ဒေသခံများလည်း အများအပြားရှိနေကြပါတယ်။ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်လာရင် အမှန်တကယ် အလုပ်အကိုင်ရရှိနိုင်မယ့် အတတ်ပညာ လုပ်သားအင်အားစု အဆင်သင့်ဖြစ်နေကြပြီလားဆိုတာကို လေ့လာကြည့်ဖို့လိုမယ် ထင်ပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံးပြည်နယ်ဖြစ်တယ်။ ဒါကြောင့် အလုပ်အကိုင် အခွင့် အလမ်းရရှိဖို့အတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် စီစဉ်ရတာဖြစ်တယ်လို့ ၂၀၁၃ ခုနှစ်လောက်က SEZ ကော်မတီ တာဝန်ရှိသူတွေ ပြောကြားခဲ့ဖူးပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ ဒေသခံ အလုပ်အကိုင် ၅သိန်းခန့် ရရှိမယ်လို့ မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်များကော်မတီဥက္ကဌ ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ၂၀၁၇ခုနှစ် ဧပြီလ ၂၉ရက်နေ့က စစ်တွေ ဒေသခံများနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးတာလည်း ရှိပါတယ်။

အထူးစီးပွားရေးဇုန်ကြောင့် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်လာပုံကို ဥပမာပေး ထောက်ပြပြောဆိုကြတာကို စီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲတွေမှာ အလုပ်အကိုင် ရရှိဖို့မျှော်လင့်နေကြသူ အချို့က တော့ မကြာခဏ တင်ပြကြတာကိုလည်း ကြားဖူးပါတယ်။ တရုတ်ပြည် နိုင်ငံခြားရင်းနှီးမြှုပ်နှံကို ဖွင့်ပေးခဲ့သည့် ကာလ အခြေအနေလို လက်ရှိ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတချို့ ရရှိဖို့ အတွက် တကယ် အဆင်သင့်ဖြစ်နေကြပြီလား။

ဒါကြောင့် တရုတ်ပြည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖွင့်ပေးခဲ့သည့် ကာလအခြေအနေနဲ့ လက်ရှိ ရခိုင်ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိမယ့်အခြေအနေ အဆင်သင့်ဖြစ်၊မဖြစ် ဘယ်လောက်ထိ နီးစပ်မှုရှိမလဲဆိုတာကို ကြည့်ဖို့ လိုအပ်မယ်ထင်ပါတယ်။ တရုတ်ပြည်ဟာ ၂၀၀၁ခုနှစ်၊ ဒီဇင်ဘာ ၁၁ မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တရားဝင်ဆက်သွယ်လာခဲ့ပါတယ်။ တရုတ်ပြည်ဘက်မှ တင်းတင်းကျပ်ကျပ်ပိတ်ထားခဲ့တဲ့ စီးပွားရေးကို တံခါးဖွင့်လိုက်တာနဲ့ အနောက်နဲ့ အာရှမှ ထုတ်လုပ်ရေးသမားတိုင်းကပင် တစ်ခုတည်းသော ဈေးကွက်ကြီးတွင် ရောင်းချနိုင်တော့မည်ဟု စိတ်ကူးခဲ့ကြပြီး နိုင်ငံခြားကုမ္ပဏီတော်တော်များများ တရုတ်ပြည်သို့ အပြေးလာ ရောက်ပြီး အရောင်းဆိုင်တွေ အပြိုင်ဖွင့်ခဲ့ကြတယ်။ သို့သော်လည်း တရုတ်ပြည်မှာ ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းအတိုင်း သွားနိုင်သည်တော့ မဟုတ်ပါ။ မိမိတို့ ဈေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော နိုင်ငံခြားကုမ္ပဏီများကို ကန့်သတ်ထိန်းချုပ်နိုင်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီး မနည်းမနော ရှိနေဆဲဖြစ်တယ်။ တရုတ်ပြည်ကို ကနဦးဝင်ရောက်လာကြတဲ့ ရင်းနှီးမြှုပ်နှံသူအများစုမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ကြရပါတယ်။ ဒါကြောင့် အဲဒီ အခက်အခဲကို ကျော်လွှား ဖောက်ထွက် စဉ်းစားနိုင်သူကတော့ နိုင်ငံခြားရောက် တရုတ်လူမျိုးတွေဖြစ်ပြီး၊ ဈေးချိုပြီး စည်းကမ်းကောင်းတဲ့ တရုတ် အလုပ်သမားတွေနဲ့ တရုတ်ပြည်မှာပဲ ထုတ်လုပ်ရမယ်။ ပြီးမှ နိုင်ငံခြားတိုင်းပြည်ကို ပို့မယ်ဆိုရင် အလုပ် မဖြစ်ဘူးလားလို့ စဉ်းစားခဲ့ကြတယ်။  အဲဒီ စဉ်းစားချက်ဟာ တကယ်လည်း အံ့ဝင်ခွင်ကျ အလုပ်ဖြစ်ခဲ့ပါတယ်။

တရုတ်ပြည်မှာ မကျွမ်းကျင်အဆင့် တစ်ပိုင်းတစ်စကျွမ်းကျင်အဆင့် မည်သည့်အဆင့်ပင်ဖြစ်စေ လုပ်အားခဈေးချိုတဲ့  အလုပ်အင်အားစုကြီးကို အလျှံပယ်စုထားနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ တရုတ်ပြည်မှာ လူဦးရေ တစ်သန်းအထက်နေထိုင်တဲ့  မြို့ကြီးပေါင်း ၁၆၀ ကျော်ရှိပါတယ်။ ပြင်းထန်တဲ့  ပြိုင်ဆိုင်မှုကြောင့် ဈေးနှုန်းကို အနိမ့်ဆုံးတွင် ထားနိုင်ခြင်း၊ နှစ်စဉ် အင်ဂျင်နီယာပေါင်း ၃၅၀၀၀၀ ကျော် မွေးထုတ်ပေးနေသော ပညာရေးရေခံမြေခံ၊ တစ်နေ့ ၁၂နာရီ မညည်းမညူ အလုပ်လုပ်ဖို့ အဆင်သင့်ရှိနေတဲ့ လူငယ်အလုပ်သမားများ၊ မန်နေဂျာများဖြင့် ဖွဲ့စည်းထားတဲ့ အလုပ်အင်အားစု၊ သူမတူသော စွန့်ဦးတီထွင် စိတ်ဓာတ်၊ ဒါတွေ အားလုံးက တရုတ်စီးပွားရေးကို အရွယ်ပမာဏရဲ့ ဘောဂဗေဒ သဘောတရားဆီသို့ လက်တွေ့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်တယ်လို့ ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ဘာသာပြန်စာအုပ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

အထူးစီးပွားရေးဇုန်လို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမယ်ဆိုရင် အလုပ်သမားအင်အားစု ပညာရေး ရေခံမြေခံ ရခိုင်ပြည်နယ်မှာ အမှန်တကယ်အဆင့်သင့်ရှိနေပြီလား၊ ၂၀၁၁ခုနှစ် ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း အကောင်အထည်ဖော်စဉ်ကာလမှ ယခု ၇ နှစ်တာကာလမှာ ဒေသခံတွေ အသက်မွေး ဝမ်းကြောင်းနှင့် နည်းပညာသင်တန်း ဘယ်လောက်ထိ တိုးတက်နေပြီလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာ ပါတယ်။

ကျေးလက်နေ ဒေသခံများထက် မြို့ပေါ်နေသူတွေကတော့ အလုပ်အကိုင်ရရှိဖို့အတွက် အနည်းငယ် မျှောင်လင့်နိုင်ပါတယ်။  ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတုန်းက အတတ်ပညာတတ်မြောက်သူ နည်းပါးတဲ့အတွက် ဒေသခံများမှာ အောက်ခြေသိမ်းအလုပ်အကိုင် အချို့ကိုသာ ရရှိခဲ့ကြပါတယ်။ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် တရုတ်၊ အိန္ဒိယနဲ့ နိုင်ငံခြား အလုပ်သမားများသာ အဆင့်မြင့် အလုပ်ကို လုပ်ကိုင်ခဲ့ကြရတာပါ။ ဒုတိယအဆင့်အနေဖြင့် ပြည်မမှ လာရောက်သူ ဗမာလူမျိုးများသာ လုပ်ကိုင်ခဲ့ကြတယ်။ ကျောက်ဖြူ ဒေသခံများမှာ ကျောက်တူး၊ လမ်းခင်းနှင့် သန့်ရှင်းရေး စသည့် အောက်ခြေ အလုပ်အကိုင်များကိုသာ အနည်းငယ် ရရှိခဲ့ကြတာဖြစ်ပါတယ်။

ပြည်မမှ လာရောက်သူများမှာ လူတိုင်းဟာ အတန်းပညာအဆင့်မြင့် တတ်မြောက်ထားသူတွေ မဟုတ်ပေမယ့် ကားကြီး၊ မြေတူးစက်၊ ကရိန်း စတဲ့  စက်ကြီးတွေကို မောင်းနှင်နိုင်သူ များတဲ့အတွက် လစာကောင်းတဲ့ အလုပ်အကိုင် အများအပြားကို ရခဲ့ကြတာကို တွေ့မြင်ခဲ့ရမှာပါ။

လုံခြုံရေး အစောင့်အလုပ်အကိုင်တွေကိုတောင် စစ်သားနဲ့ ရဲသား ဝင်ရောက်ခဲ့ဖူးသူများ၊ အငြိမ်းစားများသာ ရရှိခဲ့ကြတယ်။ လမ်းခင်း ကျောက်ခင်း အလုပ်တွေမှာလည်း အတတ်ပညာ မတတ်သူ အချင်းချင်းမှာတောင် ဗမာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်သူတွေ အလုပ်သမား ခေါင်းဆောင်အဖြစ် ဦးစားပေးခံရတယ်လို့ ဒေသခံတွေက  ဆိုပါတယ်။

၂၀၁၂ခုနှစ်လောက်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ ကားကြီးမောင်းဖို့အတွက် ဒေသခံတွေကို ကုမ္ပဏီက လျှောက်လွှာခေါ်ခဲ့ပါတယ်။ ကားကြီးမောင်း တတ်မြောက်သူ နည်းပါးသည့်အတွက် ဒေသခံတွေ လျှောက်ထားသူ မရှိဘူးလို့ ကြားရပါတယ်။ မကွေးမြို့နယ်က လာရောက်သူတစ်ဦး သွားရောက်လျှောက်ထား ခဲ့ပေမယ့် ဒေသခံမဟုတ်တဲ့အတွက် ကုမ္ပဏီက ပယ်ချခဲ့တယ်လို့သိရတယ်။ မကွေးက အိမ်ထောင်စုစာရင်းကို ယူပြီး ဓာတ်ငွေ့သန့်စင်စက်ရုံအနီးမှာရှိတဲ့ ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်ကျေးရွာကို ပြောင်းရွေ့နေထိုင်ကာ အလုပ်လျှောက်ခဲ့ပြီး လစာ ဒေါ်လာ ၆၀၀ ရရှိတဲ့ ကားကြီးမောင်း အလုပ်ကို လုပ်ကိုင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတုန်းကလို အဖြစ်မျိုး ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်လာရင် ဒေသခံတွေမှာ ထပ်မံ ကြုံတွေ့မလာရအောင် အလုပ်အကိုင် ရရှိရေးအတွက် ဒေသခံများနဲ့ ကိုက်ညီသော သင်တန်းများ၊ အတတ်ပညာသင်တန်းတွေပေးဖို့  ၂၀၁၃ခုနှစ်လောက်အတည်းက ကျောက်ဖြူ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တင်ပြတောင်းဆိုခဲ့ကြပါတယ်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၁၉ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာ တွင် ဖော်ပြချက်အရ အမျိုးသမီးများနဲ့ သက်ဆိုင်တဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းများ ရခိုင်ပြည်နယ်အ တွင်း အလုပ်အကိုင်ရရှိရေးအတွက် သင်တန်း ၂၂ မျိုးမှာ သင်တန်းသား စုစုပေါင်း၂၁၆၀ တက်ရောက်နိုင်ခဲ့ကြ ပါတယ်။ GIZ အဖွဲ့အစည်း၏ ပံ့ပိုးမှုနဲ့ ကျောက်ဖြူ ဒေသခံ အမျိုးသမီးများကို ရန်ကုန်မှာ စက်ချုပ်သင်တန်း ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုးရေးသင်တန်း ဖွင့်လှစ်ပေးခြင်း၊ သံချည်သံကွေး၊ ဂဟေဆက်၊ လျှပ်စစ်အသေးစား စက်ပြင်သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ Caterpillar Company နဲ့ ပူးပေါင်းပြီး စက်ကြီးမောင်းသင်တန်း ဖွင့်လှစ်ပေးခြင်း တို့ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် ပြုလုပ်ခဲ့ပြီးတဲ့ သင်တန်းတွေဟာ အထူးစီးပွားရေးဇုန်ဧရိယာက ဒေသခံအများအပြားကို လွှမ်းခြုံဖို့ မလုံလောက်သေးပါဘူး။ ယင်း သင်တန်းတွေ တက်ရောက်ချင်သူတွေ ရှိပေမယ့် တည်းခိုနေထိုင်ရေးနဲ့ စားဝတ်နေရေး အခက်အခဲအချို့ကြောင့် မတက်ရောက်နိုင်ဘဲ ရှိနေသူတွလည်း ကြုံတွေ့ခဲ့ရပါတယ်။

ကပ်သပြေကျေးရွာက ကိုကျော်ထွန်း က‘‘ ၂၀၁၅ခုနှစ်က ကျနော် ကျောက်ဖြူမြို့မှာ ဖွင့်လှစ်တဲ့ စက်ပြင်၊ ဂဟေဆက် သင်တန်းကို တက်ဖို့သွားခဲ့တယ်။ သင်တန်းကိုရောက်တော့ သင်တန်းမှာ တာဝန်ရှိသူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် တည်းခိုနေထိုင်ရမယ်။ အစားအသောက်အတွက်လည်း ကိုယ့်ဟာနဲ့ကိုယ်စီစဉ်ရမယ်။ ဆွေမျိုးတွေရှိရင် ဆွေမျိုးတွေအိမ်မှာ သွားတည်းပါလို့ပြောတယ်။ ဆွေမျိုးလည်းမရှိ ငွေလည်းမတတ်နိုင်တော့ သင်တန်းမတက်ဘဲ ပြန်လာရတယ်။ သင်တန်းသား ၄၀လောက်မှာ ရွာကလူတွေ ၂၀နီးပါး ပြန်လာကြတယ်။ မြို့ပေါ်နေသူလောက်ပဲ သင်တန်းမှာ ကျန်ခဲ့တယ်’’ဟု သူရဲ့အတွေအကြုံကို ပြောပြသည်။

အထူးစီးပွားရေးဇုန်ဥပဒေမှာ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ကဏ္ဍတစ်ချို့ကို လေ့လာကြည့်မယ်ဆိုရင် ၂၀၁၄ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ ပုဒ်မ ၇၅ တွင် ရင်းနှီးမြှုပ်နှံသူသည် အဆင့်မြင့်နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သော လုပ်ငန်းများတွက် နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ် ပညာရှင်များနှင့် ဝန်ထမ်းများကိုခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမနှစ်နှစ်အတွင်း၌ နိုင်ငံသား အနည်းဆုံး ၂၅ ရာခိုင်နုန်း၊ ဒုတိယနှစ်နှစ်အတွင်း၌ အနည်းဆုံး ၅၀ ရာခိုင်နုန်း၊ တတိယနှစ်နှစ်အတွင်း၌ ၇၅ရာခိုင်နုန်း ခန့်ထားပြီးဖြစ်ရမည် ဆိုပြီး ဖော်ပြထားတာ ရှိပါတယ်။

ဥပဒေမှာ နိုင်ငံသားလို့သာ ပါရှိတဲ့အတွက် ဒေသခံများကို အလုပ်အကိုင် ပေးအပ်မည် ဆိုသည်မှာ ကျောက်ဖြူ နှင့် ရခိုင်ပြည်နယ်မှ လူများကိုသာ သီးသန့်   ရည်ညွန်း ထားတာမဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးမှ လူများကို ဆိုလိုတာဖြစ်တယ်လို့ ယူဆရမှာပါ။

ပုဒ်မ ၇၃ တွင် ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံသား ဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရေး အတွက် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ ဘာသာရပ်များနှင့် စပ်လျဉ်း၍ လေ့ကျင့်ပေးခြင်း၊ သင်တန်းဖွင့်လှစ်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးရမည်ဟု ဖော်ပြထားသည်။

ဥပဒေပါ အကြောင်းအရာများကို လေ့လာကြည့်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူသည်ဟုသာ ပါဝင်တဲ့အတွက် အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးတည်ဆောက်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်သည့် ကာလမှာ ဒေသခံအလုပ်အကိုင်ရရှိမည်မှာ မလွယ်ကူပေ။ ပုဒ်မ ၇၃နဲ့၇၅ သည် အခြေခံအဆောက်အဆုံများ တည်ဆောက်သည့် လုပ်ငန်းများတွင် အကျုံးဝင်မည် မဟုတ်ဘဲ အထူးစီးပွားရေးဇုန်အတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ကိစ္စရပ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သည့် အချိန်မှသာ သက်ဆိုင်မယ်လို့ ယူဆနိုင်ပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်ကြောင့် ပြောင်းရွေ့ခံရသူ ဒေသခံများမှာလည်း ပြောင်းရွေ့ခံရသည့်အချိန် လပေါင်း(၂၀)အထိ ရှိလာပေမယ့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုမရှိခြင်း၊ အလုပ်အကိုင် ရရှိရန်ခက်ခဲခြင်း၊ စားဝတ်နေရေး ခက်ခဲခြင်းကြောင့်  ပြန်လည်နေရာချထားခြင်းခံရတဲ့ နေရာမှာရှိတဲ့ နေအိမ်နဲ့ခြံကို ရောင်းချပြီး ထွက်ခွါသွားကြရတယ်လို့လည်း သိရပါတယ်။ ကျန်ရှိတဲ့ အိမ်ထောင်စုများမှာလည်း အလားတူ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဆက်လက်ထွက်ခွါရမည့် အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။  အကြောင်းအရင်းမှာ စီမံကိန်း အကောင်အထည် ဖော်ဆောင်နေသူများမှ ပွင့်လင်းမြင် သာမှုမရှိခြင်း၊ ကတိပြုထားသည်များကို လိုက်နာမှုမရှိခြင်း၊ အဂတိလိုက်စားမှုများ ရှိနေခြင်းကြောင့် ဖြစ်ပေါ် နေရတာဖြစ်တယ်လို့ ဆိုပါတယ်။  လက်ရှိအခြေအနေများကို သင်ခန်းစာယူ၍ ဖြေရှင်းပေးရန် ပြောင်းရွေ့ခံရသူ ၃၉ဦးက လက်မှတ်ရေးထိုးကာ JICA (ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) တိုကျိုမြို့၊ ဂျပန်နိုင်ငံသို့  ၂၀၁၈ခုနှစ် သြဂုတ်လ ၁၅ရက်နေ့က တိုင်ကြားထားလို့ ရှိပါတယ်။

ဂျပန်က ရင်းနှီးမြှုပ်နှံမှု လုပ်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်လို ရန်ကုန်မြို့နဲ့ နီးစပ်တဲ့ နေရာမှာတောင်  အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရတာကို သတိပြုမိဖို့လိုပါတယ်။  ယခုလိုပြဿနာ အခက်အခဲများကို သင်ခန်းစာယူပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ ဒေသခံများကလည်း တောင်းဆိုသင့် ပြင်ဆင်သင့်တာကို လုပ်ဖို့ လိုအပ်ပါမယ်။ လက်ရှိအချိန်ထိ ကျောက်ဖြူအထူးစီးပွားရေးဇုန်သတ်မှတ်ထားသည့် ဧရိယာ ကျေးရွာများ တွင် စက်ကြီး၊ ကားကြီး မောင်းတတ်သူတောင် တစ်ယောက် နှစ်ယောက် ရှာတွေ့ဖို့ မလွယ်ကူပါဘူး။ အတတ်ပညာ တတ်စရာမလိုတဲ့ သာမာန်အလုပ်အကိုင်တွေမှာလည်း ဒေသခံတွေ လုပ်ကိုင်ခွင့် မရရှိကြဘဲ ပြည်မက လာရောက်သူတွေသာ ဖြစ်နေတာကို တွေ့နေရပါတယ်။

ကျောက်ဖြူမှာလည်း  အထူးစီးပွားရေးဇုန်ဖြစ်လာရင် ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာမယ်လို့ ပြောဆိုနေကြသူတွေဟာ လက်ရှိအချိန်ကာလမှာ သူတို့ကိုယ်ပိုင်လုပ်ငန်းတွေမှာတောင် ပြည်မက လာရောက်လုပ်ကိုင်နေသူ အများစု ဖြစ်နေကြတာကို တွေ့ရတယ်။ ဥပမာ ဆောက်လုပ်ရေးလုပ်ငန်း၊ ကျောက်ခွဲကျောက်ထု လုပ်ငန်းနဲ့ ပန်းရံ၊ လက်သမားက အစ ဒေသခံတွေ မရှိသလောက်ဖြစ်နေတာကို လက်တွေ့မြင်ကြရမှာပါ။

ဒေသခံတွေ အမှန်တကယ် အလုပ်အကိုင်ရရှိနိုင်မယ့် လိုအပ်တဲ့ နည်းပညာ သင်တန်းတွေကို ထိထိရောက်ရောက် လေ့ကျင့် သင်ကြားပေးဖို့လိုပါမယ်။ ယင်းမှသာ အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ဖြစ်လာရင် လိုအပ်တဲ့ အလုပ်ကိုင်အကိုင်အချို့ကို အနည်းငယ်မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ အလုပ်အကိုင် အခွင့်အလမ်းရရှိလာမယ်လို့ မျှော်လင့်ချက်နဲ့ ပြောဆိုနေကြခြင်းမှာ လက်တွေ့မပါဘဲ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါတယ်။ ဒေသခံတွေ အမှန်တကယ် အလုပ်အကိုင် ရရှိနိုင်ဖို့အတွက် အပြောနဲ့မဟုတ်ဘဲ လက်တွေ့ဖြစ်လာအောင် နည်းပညာသင်တန်းတွေကို ဒေသတစ်ခုလုံး လွှမ်းခြုံနိုင်အောင် ပြုလုပ်ပေးဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

                                                                                      ကျော်ဝင်း(ကျောက်ဖြူ)