ကျောက်ဖြူ SEZ ဒေသခံတွေအတွက် မြင်သာတဲ့ပြောင်းလဲမှုတွေ ရှိလာနိုင်မလား

“ ကျွန်တော်ကတော့ ရေနက်ဆိပ်ကမ်းမှာ အလုပ်ရမယ်ဆိုတာ မယုံကြည်ပါဘူး။ အခုလည်း ရေနံတင်သင်္ဘောဆိပ်ကပ်တဲ့ ရေနက်ဆိပ်ကမ်းရှိနေတာပဲ။ ဘယ်သူတွေ အလုပ်ရလို့လဲ၊ အကုန်လုံး တရုတ်လူမျိုးတွေပဲ။ ကျွန်တော်တို့ ကျွန်းကလူတွေ ဘာအလုပ်မှမရကြပါဘူး။ နဂိုလုပ်စားနေတဲ့ ပိုက်ချလုပ်ငန်းတွေတောင် ဟိုနားမဝင်ရ ဒီနားမသွားရနဲ့ အတော်ဒုက္ခရောက်ရတယ် ”

By ထွန်းကြည်(ကုလဘာ) 20 Jul 2018

  • DMG / DNJ
  • ထွန်းကြည်(ကုလဘာ)

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်တည်ဆောက်ဖို့ တရုတ်အစိုးရဘက်က ဆန္ဒပြင်းပြလျှက် ရှိနေပါ တယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အကောင်အထည်ဖော်တည်ဆောက်ရန် စတင်လုပ်ဆောင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်က ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တည်ဆောက်ဖို့လိုအပ်တဲ့ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ရခိုင်ဒေသခံတွေရဲ့ စိုးရိမ်စိတ်တွေဟာ ပိုမိုပြင်းထန်လာကြပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို နယ်နိမိတ်ဧရိယာအဖြစ် မြေဧက ၄၂၈၉.၃၂ ကို သတ်မှတ်ထားပြီး ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ်(၁)တွင် နယ်နိမိတ် ၃၇၀. ၆၆ ဧက၊ ရေနက်ဆိပ်ကမ်းစီမံကိန်း အမှတ် (၂)တွင် နယ်နိမိတ် ၂၃၇ .၂၂ ဧက ပေါ်တွင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

စက်မှုဇုန်အတွက် အထည်ချုပ်လုပ်ငန်း စက်ရုံစု(၁)တွင် မြေဧက(၇၈၄.၅၀)၊ အထည်ချုပ်လုပ်ငန်း စက်ရုံစု(၂)တွင် မြေဧက (၂၃၄.၆၈)၊ စက်မှုလုပ်ငန်း စက်ရုံစု(၁)တွင် မြေဧက(၃၁၄.၈၄)၊ စက်မှုလုပ်ငန်းစက်ရုံစု(၂)တွင် မြေဧက(၁၀၂၂.၀၅)၊ အပန်းဖြေနှင့် ဘဏ်လုပ်ငန်းစု(၁)တွင် မြေဧက (၆၅၂.၀၁)၊ အပန်းဖြေနှင့် ဘဏ်လုပ်ငန်းစု(၂)တွင် မြေဧက(၂၈၃.၀၇)၊ အပန်းဖြေနှင့် ဘဏ်လုပ်ငန်းစု (၃)တွင် မြေဧက(၃၀၀.၂၉) ပါဝင်ပါတယ်။

ဒါပေမဲ့ ဒေသခံတွေအနေနဲ့ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး သိမ်းဆည်းခံရမယ့် မြေများအတွက် လျှော်ကြေးငွေ ဘယ်လောက်ရမလဲဆိုတာကို ယနေ့အချိန်ထိ သိရှိခွင့်မရရှိသေးပေ။ လယ်သမားများဘက်မှလည်း မိမိတို့၏ လယ်မြေများ သိမ်းဆည်းခံရပါက သူတို့ရဲ့ အနာဂတ်စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ရွှေဂတ်စ်စီမံကိန်းကြောင့် မြေယာသိမ်းဆည်းမှုများ ရှိခဲ့တဲ့အတွက် ကုမ္ပဏီနှင့် ဒေသခံများအကြားတွင် မကျေမလည်မှုတွေဖြစ်ပေါ်ခဲ့ပြီး ဆန္ဒထုတ်ဖေါ်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါသေးတယ်။

“ အခုကျွန်တော်တို့ရွာနားမှာ ရွှေဂတ်စ်သန့်စင်စက်ရုံရှိတယ်။ အဲဒီမှာ ဒေဝူးကုမ္ပဏီ( Daewoo International Corporation) နဲ့ CNPC (China National Pipeline Corporation) ကုမ္ပဏီနှစ်ခုလုံးရှိနေတယ်။  Daewoo ကြောင့် ပျက်စီးသွားတဲ့ မြေယာလည်းရှိတယ်၊ CNPC ကြောင့်ပျက်စီးသွားတဲ့ မြေယာလည်းရှိတယ်။ ဒါပေမဲ့ ပြဿနာကို ဖြေရှင်းပေးပုံကျတော့ ဒေဝူးဘက်က လယ်သမားတွေစိတ်တိုင်းကျ ဆောင်ရွက်ပေးတယ်။ အနီးအနားကျေးရွာတွေကိုလည်း အကူအညီပေးနေ တာတွေရှိတယ်။ CNPC တရုတ်ကုမ္ပဏီဘက်ကကျတော့ သူတို့ကြောင့် ဒေသခံတွေဆုံးရှုံးနစ်နာတာတွေကို အလေးမထားဘူး။ အစိုးရဘက်ကလည်း ဒေသခံတွေနစ်နာကြေးအတွက်  ကုမ္ပဏီကိုဖိအားပေးတာမျိုး မတွေ့ရဘူး။ ဒေသခံလယ်သမားတွေကိုပဲ ဖိအားပေးတာတွေ့တယ်။ ပိုက်လိုင်းတောက်လျှောက် နစ်နာကြေးတွေကိုလည်း သူတို့ပေးသလောက် ယူရင်ယူ၊ မယူရင်မရဆိုတဲ့ သဘောမျိုးဆက်ဆံတာတွေ့ရတယ်။ အစိုးရဘက်ကလည်း ဘာမှဖိအား မပေးတော့ အောက်ခြေမှာ သူတို့ကပဲ ပိုင်ရှင်ဖြစ်နေကြတယ်လေ ” လို့ ဒေသခံများမြေယာအရေးလှုပ်ရှားနေသူ မလကျွန်း ကျေးရွာဒေသခံ ကိုသိန်းညွန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလ ၂၂ ရက်နေ့က ကျောက်ဖြူရေလုပ်သားများနှင့် မဒေးကျွန်းဒေသခံတွေဟာ ကျောက်ဖြူ မြစ်ကြောင်းအတွင်း ကျောက်ဖြူမြို့ကနေ မဒေးကျွန်းအထိ ရေပေါ်ဆန္ဒပြခဲ့ကြပါတယ်။ အဓိကတော့ ကုမ္ပဏီက ရေနံတင်သင်္ဘောလမ်းကြောင်းအတွက် နေရာသတ်မှတ်လိုက်တာကြောင့် ရခိုင်ဒေသခံတွေရဲ့ ပိုက်လုပ်ကွက်တွေ ပျက်စီခဲ့ပြီး နောက်ထပ်အစားထိုးရန်နေရာ မရှိတော့တဲ့အတွက်ပဲ ဖြစ်ပါတယ်။ အဲဒီဆန္ဒဖော်ထုတ်ပွဲက အချက်(၆)ချက်ကို တောင်းဆိုခဲ့ကြပေမယ့် ကုမ္ပဏီနဲ့အစိုးရဘက်က တစုံတရာတွေ့ဆုံ ဆွေးနွေးမှုမရှိတဲ့အပြင် SEAGP (South- East Asia Gas Pipeline Co.,Ltd)ဘက်မှ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီး ကုမ္ပဏီတံဆိပ်၊ တာဝန်ခံမပါတဲ့ သဘောထားစာတစ်စောင်ကို ကျောက်ဖြူလူမှုအဖွဲ့အစည်းတွေထံသို့ ပို့ပေးခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့သည့် ရေလုပ်သားကိုလုံးလုံးက “ အရင်တုန်းကဆိုရင် ပုံမှန်အားဖြင့် တစ်နေ့ကို ပုံမှန် ငါးကျပ်တစ်သောင်းကျော်ဖိုး အနည်းဆုံးရတယ်။ အခုရေလမ်းကြောင်း သတ်မှတ်လိုက်တော့ နဂိုပိတ်ချနေတဲ့နေရာတွေကို ဝင်ခွင့်မရှိတော့ဘူး။ ကမ်းခြေအနီးမှာပဲ ကျွန်တော်တို့ပိုက်ချနေကြရတယ်။ ကမ်းခြေနားမှာက ငါးမရှိဘူး။ အခုတစ်နေ့ရှာတာ တစ်နေ့စားဖို့တောင် မလွယ်ဘူး။ တစ်ချို့ဆို ပိုက်တွေကိုရောင်းပြီး ဆိုက္ကားနင်းရတဲ့ဘဝကို ရောက်နေကြပြီး သားသမီးတွေကိုလည်း ပညာသင်မပေးနိုင်ကြတော့ဘူးပေါ့။ တစ်ကယ်လို့ ဒီအတိုင်းသာ နောက်ထပ်ရေနက်ဆိပ်ကမ်းတွေ တည်ဆောက်လာရင်တော့ ကျွန်တော်တို့ ရေလုပ်သားတွေလုပ်စားစရာမရှိဘဲ ဘဝပျက်သွားမယ့် လူတွေအများကြီးရှိတယ် ” လို့ ပြောပါတယ်။

ကျောက်ဖြူ - ကူမင်း ရေနံ၊ ဂတ်စ်ပိုက်လိုင်းတစ်လျှောက် မြေသိမ်းခံလိုက်ရတဲ့ လယ်သမားအများစုမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုအပေါ် လွန်စွာစိုးရိမ်မှုတွေ ရှိလာပါတယ်။ ကျောက်ဖြူမြို့နယ် စည်းမော်ကျေးရွာက ဦးချမ်းလှဦးကလည်း သူ့လယ်ကိုသိမ်းမယ်လုပ်တုန်းက “ သူတို့ကို ချမ်းသာအောင်လုပ်ပေးမယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ်ဆိုပြီး ကတိတွေအမျိုးမျိုးလာပေးခဲ့ပြီး ပျက်စီးသွားတဲ့လယ်မြေတွေကိုလည်း ပြန်လည်လုပ်စားလို့ရအောင်ထိ ပြန်ပြင်ပေးမယ်စိတ်ချ ” ဆိုပြီး လာလိမ်သွားတယ်လို့ ဆိုပါတယ်။

“ လျှော်ကြေးကိုလည်း ဟိုလူဖြတ်၊ ဒီလူဖြတ်နဲ့ မကျန်လိုက်ဘူး။ နောက်ပြီး ပိုက်လိုင်းကြောင့်မြေသိမ်းရာမှာ မပါဘဲ ပျက်သွားတဲ့မြေတွေကိုလည်း ပြန်မပြင်ပေးတဲ့အပြင် ကျွန်တော့်လယ်ကိုလာပြီး ဘယ်ကမှန်းမသိတဲ့ အေးအေးဝင်းဆိုတဲ့ အမျိုးသမီးက ဂရမ်ဆိုလား၊ ဘာဆိုလားလုပ်ပြီး လျှော်ကြေးလာထုတ်သွားသေးတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကတော့ ဘာစီမံကိန်းဖြစ်ဖြစ် မယုံတော့ဘူး။ ကိုယ့်လယ်ကို ကိုယ်ပဲလုပ်ချင်တယ် ” လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ ရင်းနှီးမြုပ်နှံမှုတွေလာရင် ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံလူ့အရင်းအမြစ်တွေ ပြန်လည်ဖွံ့ဖြိုးတိုး တက်လာနိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိနေပါတယ်။  ဒေသတွင်း ရင်းနှီးမြုပ်နှံမှုတွေလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက “ ကျွန်တော်တို့ဒေသက အလွန်ဆင်းရဲတယ်။ အဲဒါကြောင့် စက်မှုဇုန်တွေ လိုအပ်တယ်။ ကျွန်တော်တို့ကတော့ ကြိုဆိုတယ်။ ထိခိုက်နစ်နာမှု အနည်းအကျဉ်းတော့ရှိမှာပေါ့။ ဒါက အစိုးရအနေနဲ့ တာဝန်ယူရမယ့်အပိုင်းဖြစ်တယ် ” လို့ဆိုပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ စက်မှုဇုန်စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် လူနေအိမ်ရာစီမံကိန်းတို့ ပါဝင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ စက်မှုဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဘယ်သူက ရင်းနှီးမြုပ်နှံမယ်၊ ဘယ်လိုစက်ရုံတွေ တည်ဆောက်မယ်၊ ဘယ်သူတွေက စက်ရုံတွေတည်ဆောက်မယ်ဆိုတဲ့ အကြောင်းအရာတွေကို နိုင်ငံတော်အဆင့် ဆွေးနွေးမှုမလုပ်ဆောင်သေးတာကို တွေ့ရပါတယ်။ အခုက အဆင့် (၁) ဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မယ့်အကြောင်းကို ဆွေးနွေးနေကြတဲ့ အဆင့်မှာပဲ ရှိနေသေးပါတယ်။

ရေနက်ဆိပ်ကမ်းတည်ဆောက်မယ့် မဒေးကျွန်းက ဒေသခံ ကိုမောင်မြင့်စိုးကတော့ “ ကျွန်တော်ကတော့ ရေနက်ဆိပ်ကမ်း မှာ အလုပ်ရမယ်ဆိုတာ မယုံကြည်ပါဘူး။ အခုလည်း ရေနံတင်သင်္ဘောဆိပ်ကပ်တဲ့ ရေနက်ဆိပ်ကမ်းရှိနေတာပဲ။ ဘယ်သူတွေ အလုပ်ရလို့လဲ၊ အကုန်လုံးတရုတ်လူမျိုးတွေပဲ။ ကျွန်တော်တို့ ကျွန်းကလူတွေ ဘာအလုပ်မှမရကြပါဘူး။ နဂိုလုပ်စားနေတဲ့ ပိုက်ချလုပ်ငန်းတွေတောင် ဟိုနားမဝင်ရ ဒီနားမသွားရနဲ့ အတော်ဒုက္ခရောက်ရတယ် ” လို့ ဆိုပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ တရုတ်နိုင်ငံအတွက် အမှန်တစ်ကယ်လိုအပ်နေတဲ့ အရာလည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိက ကျောက်ဖြူမြို့နယ်မှာ ဂတ်စ်စီမံကိန်း၊ ရေနံပိုက်လိုင်းစီမံကိန်းတို့ကို တရုတ်က ပိုင်ဆိုင်ထားပြီးဖြစ်တယ်။ အနောက်ဘက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက် အကောင်းဆုံးနဲ့ ရေနက်ပိုင်းရှိတဲ့ နေရာလည်းဖြစ်နေတဲ့အတွက် တရုတ်အနေနဲ့ဒီဒေသကို လက်ဦးမှုရယူထားတာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့အနီးမှာရှိတဲ့ ကေတုံကေကရာဇ်မြို့ကို နဂါးတွေက နစ်မြုပ်ပစ်လိုက်ခဲ့တယ်ဆိုပြီး ရခိုင်ရာဇဝင်မှာ ရှိခဲ့ဖူးပါတယ်။ အခုလည်း ကျောက်ဖြူမြို့ဟာ ခေတ်သစ်နဂါးကြီးရဲ့ လက်တွင်းထဲသို့ ကျရောက်လို့နေပါပြီ။ တရုတ်နိုင်ငံရဲ့ တောင်ဘက်မျှော်ဝါဒ (Look South Policy)၊ အမျိုးသားစွမ်းအင် လုံခြုံရေးမူဝါဒ (National Energy Strategy)နဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိတ်သမုဒ္ဒရာကို စီးနင်းရေးအိပ်မက်အပြင် OBOR အတွက်ပါ မရှိမဖြစ်လိုအပ်လာတဲ့ မဟာဗျူဟာမြောက်နိုင်ငံအဖြစ် မြန်မာနိုင်ငံထဲက ဒေသတွေထဲမှာ ကျောက်ဖြူမြို့ဟာ ပထဝီထွက်ပေါက်အရ အရေးပါဆုံးနေရာ ဖြစ်လို့နေပါတယ်။

စစ်တွေကမ်းခြေကို အိန္ဒိယရေနက်ဆိပ်ကမ်း တည်ဆောက်ပြီးစီးနေပြီမို့ တရုတ်ဟာ ရမ်းဗြဲကျွန်းကို ဘယ်လိုမှ လက်လွှတ်အရှုံးပေးမှာ မဟုတ်ပါဘူး။ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ နောင်တစ်ချိန်မှာ တရုတ်နိုင်ငံထုတ်ကုန်တွေကို အိန္ဒိယနိုင်ငံနဲ့ အာဖရိကတိုက်၊ ဥရောပကို ရေကြောင်းဆက်သွယ်ပေးမယ့် အဓိက ကုန်စည်စီးဆင်းရာနေရာ ဖြစ်လာမှာဖြစ်ပါတယ်။

ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ဦးဆောင်ပါဝင်သူ ဦးဇေယျကျော်က “ ဒီစီမံကိန်းက ရခိုင်လူထုအတွက် ဘာမှအကျိုးမရှိနိုင်ပါဘူး။ အခု ရွှေဂတ်စ်ကိုထုတ်ယူနေတာ ငါးနှစ်ရှိသွားပြီ။ ရခိုင်ပြည်အတွက် ဘာအကျိုးအမြတ်တွေ ရနေပြီလဲ။ ဂတ်စ်နဲ့ထုတ်တဲ့မီးကိုတောင် ရခိုင်ပြည်အတွက် သီးသန့် အပြည့်အဝပေးထားတာမျိုး မရှိဘူး။ ကျွန်တော်တို့ကတော့ ရခိုင်ပြည်ကသယံဇာတအပေါ် ရခိုင်လူမျိုးက အကျိုးခံစားပိုင်ခွင့်ကို ဥပဒေအရ သီးသီးသန့်သန့်ပြဋ္ဌာန်းပေးတားတဲ့ ဖယ်ဒရာယ်ဖွဲ့စည်းပုံမရှိသရွေ့၊ မကျင့်သုံးသရွေ့ ဘယ်ရင်းနှီးမြုပ်နှံမှုကိုမှ မကြိုဆိုဘူး” လို့ ပြောပါတယ်။

အရင်အစိုးရလက်ထက်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ စွမ်းအင်ဆိုင်ရာစီမံကိန်းတွေကြောင့် လယ်သိမ်း၊ မြေသိမ်းခံပြည်သူတွေ၊ နေရပ်စွန့်ခွာရသူတွေ၊ မိရိုးဖလာ ယုံကြည်မှုထုံးတမ်းစဉ်လာတွေ ပျက်ကွယ်မှုတွေစတဲ့ ဆုတ်ယုတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ကြီးမားတဲ့စီမံကိန်းတွေကြောင့် ဒေသခံတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာမယ်လို့ ပြောဆိုမှုတွေရှိကြပေမယ့် ယုံကြည်မှု မရှိဘူးလို့ ဒေသခံဒေါ်ကြည်ကြည်နှင်းက ပြောပါတယ်။

“ အစိုးရမှာတော့ အဲလိုပြောမှာပဲ။ နောက်ပြီးတော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ လုပ်တာလို့ပြောမယ်။ လယ်ယာမြေကိစ္စတွေနဲ့ ပတ်သက်လို့ ပျက်စီးနေတာကိုတော့ ဘာတစ်ခုမှလုပ်ပေးတာမရှိဘူး။ လက်တွေ့မှာ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိတာကိုလည်း မတွေ့မိဘူး။”

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ဂတ်စ်ပိုက်လိုင်းတည်ဆောက်တာဟာ အခုဆိုရင် (၅) နှစ်ရှိပြီဖြစ်ပေမဲ့ ပိုက်လိုင်းစီမံကိန်းကြောင့် နစ်နာသွားကြတဲ့ လယ်သမားတွေရဲ့အရေးကို ဖြေရှင်းမပေးနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ ဧပြီလတွင်းကလည်း အမ်းမြို့နယ် ဆယ်ခြုံတိုင်အုပ်စု၊ မျောက်ကိုက်အုပ်စု၊ သံဖရာအုပ်စု၊ ခမောင်း ချောင်းအုပ်စုလေးခုက ဒေသခံလယ်သမားတွေဟာ တရုတ်အမျိုးသားပိုင် ကုမ္ပဏီ CNPC နှင့် MOGE တို့ကို  ဆန္ဒထုတ်ဖော်ထုတ်ကာ ကျိန်စာတိုက်ပွဲ ပြုလုပ်ကြတာနဲ့ပတ်သတ်ပြီး ခေါင်းဆောင်တွေ တရားစွဲခံထားရပါတယ်။

တကယ်တော့ NLD အစိုးရအနေနဲ့ ပြသနာကို ဖြေရှင်းဖို့ကြိုးစားတာမျိုးမဟုတ်ဘဲ တရားစွဲထောင်ချဖို့ ကြိုးစားနေတာဟာ အဖြေမဟုတ်ဘူးလို့ သုံးသပ်မိပါတယ်။ တရုတ်ကုမ္ပဏီဘက်ကလည်း ဒေသခံတို့ရဲ့အသံကို နားထောင်ဖို့ လက်ခံဆွေးနွေးဖို့ လိုအပ်သလို အစိုးအနေနဲ့လည်း တာဝန်ယူဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကျောက်ဖြူမြို့နယ်မှာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေရှိနေပေမဲ့ ဒေသခံတို့ရဲ့ လိုအပ်ချက်နဲ့ပတ်သတ်ပြီး ထိထိရောက်ရောက် ကူညီပေးတာမျိုးတွေ မရှိသေးပါဘူး။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသတစ်ခုလုံးဟာ တရုတ်ရဲ့ဘီလီယံနဲ့ချီတဲ့ စီမံကိန်းထဲပါဝင်နေပေမယ့် မဒေးကျွန်းဒေသခံ လူထုအတွက် မရှိမဖြစ်လိုအပ်တဲ့ ရွာချင်းဆက်လမ်းတွေ၊ ကျန်းမာရေး၊ ပညာရေးစတဲ့ အကူအညီပေးထားတာမျိုး ရှိမနေခြင်းဟာ လူမှုပတ်ဝန်းကျင်ကို အထီးကျန်စေပါတယ်။

တကယ်တော့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တည်ဆောက်မယ့် အထူးစီးပွားရေးဇုန်ဟာလည်းပဲ ရခိုင်ပြည်နယ်နယ်နဲ့ ရခိုင်ပြည်သူလူထုအတွက် မြင်သာတဲ့ပြောင်းလဲတိုးတက်မှု မရှိနိုင်ဘူးလို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

(ဤဆောင်းပါးကို ၂၀၁၈ ခုနှစ် ၊ ဇူလိုင် (၁၅) ရက်နေ့ထုတ် Development News Journal အမှတ် (၈၉) တွင် ဖတ်ရှုနိုင်သည်။)