- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
စစ်တွေသုဿန်မှ ဝိဉာဉ်များ ဆန္ဒဖော်ထုတ်တော့မည်
ထို့ကြောင့် စစ်တွေသုဿန်ဝိဉာဉ်များဆိုင်ရာ ဗဟိုဌာနချုပ်ကဝိဉာဉ်များ၏ ဆန္ဒမဲတစ်ရာရာခိုင်နှုန်းဖြင့် မှန်စီသို့အေးဆေးဝမ်းမြောက်စွာပြောင်း ရွှေ့ရန်ဆုံးဖြတ်လိုက်ရကား၊ ဝိဉာဉ်များသည် အစိုးရမင်းတို့စီမံပေးသော ကားတန်းဖြင့် ပျော်ပျော်ပါးပါးလိပ်စာပြောင်းခဲ့ကြ၏။ ဟယ်...မှန်စီလှချက်က ပက်ပက်စက်စက် ကောင်းပေ သကိုး..ဝိဉာဉ် အားလုံးပျော်မြူးခဲ့ရပေတကား။
08 Jun 2018
စစ်တွေမြို့ရှိ အာဂျိတ်တော်ကုန်းသုသာန်တစ်နေရာအား တွေ့ရစဉ်
ကိုစိမ် ရေးသားသည်
(၁)
တစ်နေ့သ၌ မောင်စိန်သည် မွေးရပ်ရွှေမြေ စစ်တွေဂါမရှိ မိတ်ဆွေတစ်ဦးအိမ်သို့ ယောင်တောင်ပေါင် တောင်ရောက်သွား၏။ မိတ်ဆွေကြီး၏ မိသားစုများမှာ မောင်စိန်တို့ကဲ့သို့ ဘဝသမားဖြစ်ရကား၊ မောင်စိန်သည် အဆိုပါအိမ်ဟု ခေါ်ဝေါ်သမုတ်သော တဲကုတ်သာသာကလေးတွင် ဘဝအမောကိုဖြေလေ့ရှိ၏။ ဤအိမ်၏ ထူးခြားချက်မှာ အိမ်၏ဦးစီးဦးဆောင်အဘောင်ကြီးသည် ချစ်ဖွယ်သော၊ ပီယဝါစာကောင်းသော ရခိုင် “နတ်ကောင်းမ” ကြီးဖြစ်၏။ ဗမာအခေါ် “ နတ်ဝင်သည်” ဟူလို။ အဘောင်ကြီးမှာ သာမန်ညောင်ည နတ် ကောင်းမ မဟုတ်၊ ရခိုင် “ နတ်စိုင်” အားလုံးကို ဆိုပြောရွတ်နိုင်သော နတ်ကောင်းမ “အဖွဲ့ချုပ်” ၏အကြီးအမှူး ဖြစ်၏။ နတ်ပွဲ(နတ်ကန္နားပွဲ) ကျင်းပလျှင် အဘောင်နတ်ကောင်းမပါမှ ရခိုင်နတ်များ မြူးကြွကြသည်ဟု ပတ်ဆရာကြီး တစ်ဦးကပြောဖူးသတည်း။
(၂)
အဆိုပါနေ့ရက် အခါသမယ၏ ညနေခင်းတွင် မောင်စိန်နှင့်မိတ်ဆွေကြီးသည် သဝင်ပင်အရိပ်ကလေး အောက်ရှိ အိမ်ရှေ့ကွပ်ပျစ်ကလေးတွင်ထိုင်ကာ ရခိုင်ဒေသ၏နာမည်ကျော် ကစ္ဆပနဒီမြစ်ညှာ “ပလက်ဝ” ဟုခေါ်ဆိုသည့် နေရာမှထုတ်လုပ်သော ခွန်အားကိုဖြစ်စေပြီး သွေးလည်ပတ်ခြင်းကို အကျိုးဖြစ်စေသည့် ဖျော်ရည်တစ်လီတာခန့်ကို စည်းစိမ်အပြည့်ဖြင့်မှီဝဲယင်း အဖပြည်ကြီး၏ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် စသည်များကို အုတ်အရောရော ကျောက်အရောရော တောင်ရောက်မြောက်ရောက်ပြောနေကြ၏။ သွေးလည်ပတ်မှု အနည်းငယ်မြန်လာသည်နှင့်အမျှ မောင်စိန်တို့၏ စကားလုံးများသည် တစ်လုံးချင်း တစ်လုံးချင်းကြီးလာကာ တခါတရံ နိုင်ငံတကာအထိ၊ တခါတရံ စကြာဝဠာထိ ထိုးဖောက်သွားချေသည် တကား။
သို့ စကားဖောင်ဖွဲ့စီးမျောနေကြစဉ် အဘောင်ကြီး “နတ်ကောင်းမ” သည်ကွပ်ပျစ်သို့ လာရောက်ထိုင်ကာ မောင်စိန်တို့နှစ်ဦးအား ပြုံးစိစိကြည့်၏။
သူမကိုယ်တိုင် တကူးတကန့်သုတ်ထားသော လ္ဘက်သုတ်တစ်ပွဲချပေး၏။ ကြက်သွန်ဖြူတစ်လုံးလည်း ချပေး၏။ သူမ၏အဆိုအားဖြင့် ကြက်သွန်ဖြူသည် မကောင်းမိစ္ဆာများမကပ်နိုင်အောင် ကာကွယ်ပေး၏ဟုဆို၏။ ဟယ်...အလွန်သုတကြွယ်ဝ၍ စေတနာရှိသော အဘောင်ကြီးပါကား။ ထို့နောက် သူမသည် ကွပ်ပျစ်ကို ညာလက်ဝါးဖြင့် တဗြန်းဗြန်းမြည်အောင် ပုတ်လိုက်၏။ မောင်စိန်သိလိုက်ပြီ။ အဘောင်ကြီးသည် လေး နက်သော စကားခုခုပြောတော့မည်၊ နတ်စကားပြောတော့မည်။ နှစ်ယောက်သား ဂါရဝေါစ နိဝါတောစအရ သောက်လက်စခွက်များကို ဘေးဖယ်လိုက်ကြ၏။ အဘောင်က “ ခွေးကောင်လေးတွေ နားထောင်ကြ၊ ယုံဖို့ မယုံဖို့ မင်းတို့ကိစ္စဟု မောင်စိန်တို့ရဲ့ခေါင်းကို ညင်ညင်သာသာပုတ်လိုက်ကာ အောက်ပါအတိုင်း စကား ချီလိုက်ပါပြီတကား။
“ စစ်တွေသုဿန်က ဝိဉာဉ်တွေဆန္ဒပြကြမယ်ဟေ့ ” ဟု စကားစတင်လိုက်ရာ မောင်စိန်မှာ “ ဟေး” ဟု အော်ဟစ်လျှက် အဘောင်အနားသို့ကပ်သွား၏။ မောင်စိန်မှာ စစ်တွေတွင်ဆန္ဒပြပွဲ တစ်ခုခုဖြစ်လျှင် မြူးကြွကြွဖြင့် ရှေ့ဆုံးမှအလံကိုင်၏ဘေး ဆယ်ပေခန့်အကွာမှ မြောက်ဆွဆွလိုက်ပါကာ ဓါတ်ပုံရိုက်ခံတတ်သူ ဖြစ်ရကား စိတ်ဝင်စားမိသည်မှာ ဆန်းအံ့မထင်ပေ။
(၃)
အဘောင်၏ ရှည်လျှားစွာအားပါးတရ လေးလေးနက်နက်ပြောကြားချက်ကို မောင်စိန်တတ်သမျှ စကားပြေကလေးနှင့်ရေးဖွဲ့ပြပါရစေ အဆွေတို့။ တစ်နေ့သောလမိုက်ည၏ သန်းခေါင်ယံတွင် အဘောင်သည် အိပ်မှုံစုံဝါးဖြစ်နေချိန် အနီးမှကပ်၍ပြောလာသော စကားသံများကြားရ၏။ အာကျိတ်တော်ကုန်း နှင့် မှန်စီသုဿန်မှဝိဉာဉ်များ၏ အရေးပေါ်အရေးတကြီး အစည်းအဝေးမှပြောသံများပေတည်း။ စစ်တွေရှိ အာကျိတ် တော်ကုန်းသုဿန်သည် သမိုင်းဝင်သုဿန်ဖြစ်၏။ ကွယ်လွန်သူများ ဂုဏ်သရေရှိရှိသဂြိုဟ်ခံရပြီး၊ ဘိုးစဉ်ဘောင်ဆက် ဝိဉာဉ်များ အိန္ဒြေရှိရှိနေခွင့်ရခဲ့သောဂါမတစ်ခုဖြစ်၏။ အထိမ်းအမှတ်အုတ်ဂူ၊ ကျောက်တိုင်များနှင့် ပနာတင့်ခဲ့၏။ ၁၉၈၈ ခုနှစ်အလွန်တွင် စစ်အာဏာပိုင်ဆိုသော သတ္တဝါများက နယ်မြေကျဉ်း၍ ကောင်းမွန်တင့်တယ်သောနေရာသို့ ပို့ပေးမည်ဟု အာဏာစက်ဖြင့် အာကျိတ်တော်ကုန်း သုဿန်မှ မှန်စီသုဿန်သို့ ရွှေ့ခိုင်း၏။ ဟုတ်၏။ ငါတို့၏ဝိဉာဉ်နေထိုင်မှု သိပ်သည်းလာပြီး လူသတ္တဝါများကလည်း ငါတို့၏နယ်ပယ် (သုဿန်နယ်မြေ) ကို တစစတိုးချဲ့ကာ ဖဲ့ယူလာကြပြီ။ ပြီးလျှင် ယင်းတို့ချထားမည့် မှန်စီသုဿန်၏ နေရာထိုင်ခင်းမှာပျံ့ပြူး၍ လေကောင်းလေသန့်ရ၏။ ဟိုးအဝေးတွင် ပင်လယ်ပြင်နှင့်တောင်တန်းကြီးတို့ကို ရှုမြင်နိုင်၏။
ထို့ကြောင့် စစ်တွေသုဿန်ဝိဉာဉ်များဆိုင်ရာ ဗဟိုဌာနချုပ်ကဝိဉာဉ်များ၏ ဆန္ဒမဲတစ်ရာရာခိုင်နှုန်းဖြင့် မှန်စီသို့အေးဆေးဝမ်းမြောက်စွာပြောင်း ရွှေ့ရန်ဆုံးဖြတ်လိုက်ရကား၊ ဝိဉာဉ်များသည် အစိုးရမင်းတို့စီမံပေးသော ကားတန်းဖြင့် ပျော်ပျော်ပါးပါးလိပ်စာပြောင်းခဲ့ကြ၏။ ဟယ်...မှန်စီလှချက်က ပက်ပက်စက်စက် ကောင်းပေ သကိုး..ဝိဉာဉ် အားလုံးပျော်မြူးခဲ့ရပေတကား။
(၄)
၂၀၁၂ ခုနှစ် ဇွန်လနောက်ပိုင်း ဘာသာဖျက်၊အမျိုးဖျက်တို့နှင့် ပွဲကြမ်းသောအခါတွင်ကား မှန်စီသုဿန်ခမျာ ဖရိုဖရဲဖြစ်ခဲ့ရပြီ။ ငါတို့ဘိုးဘွားများ၏ အထိမ်းအမှတ်အုတ်ဂူ၊ကျောက်တိုင်များ ဖြိဖျက်ခံရ၏။ ငါတို့တရားနာ သာဓုခေါ်ခွင့်ရရာ သုဿန်ဇရပ်များဖြိုဖျက်ခံရ၏။ ငါတို့ ခိုနားရာ သစ်ပင်၊ဝါးပင်များပါဖျက်ဆီးခံရ၏။ မှန်စီဝိဉာဉ်များ ခိုကိုးရာမဲ့ခဲ့ပြီ။ ဟယ်...အုပ်စိုးတော်မူသော အစိုးရမင်းတို့ သင်တို့၏တာဝန်အဘယ်မှာနည်း။ သင်တို့ ဘာလုပ်နေကြသနည်း။ ပို၍ဆိုးသည်မှာ ယင်းနောက်ပိုင်း ကွယ်လွန်သူများ၏ဝိဉာဉ်များသည် မှန်စီရှိဝိဉာဉ်များဆီသို့ မလာရောက်နိုင်တော့။ ယာရှင်ကိုခြောက်သော မျောက်များကိုကြောက်သဖြင့် စစ်တွေအသုဘ ပို့ယာဉ်တန်းအား မှန်စီသို့လာရောက်ရန် လုံခြုံရေးမပေးနိုင်တော့။ လက်နက်အ ပြည့်အစုံကိုင်ထားပါလျက် ကာကွယ်နိုင်စွမ်းမရှိချေတကား။ ညံ့ချက်ကမ်းကုန် လှပေစွ။
ဤအစိုးရမင်းတို့ ဘာလုပ်နေကြသနည်း။ နောက်ပိုင်းဝိဉာဉ်များအား နားခိုရန် တရားမဝင်တော့သည့် ငါတို့ စွန်ခွါခဲ့သော အာကျိတ်တော်ကုန်းသု ဿန်သို့သာ ပို့ဆောင်စေတော့၏။ သို့ သော် ငါတို့၏<ကင်းကျန်ခန္ဓာများသည် မီးသဂြိုဟ်ပြာချအဆင့်သာဖြစ်ခဲ့ ရ၏။ အဆင့်နှိမ့်ခဲ့ကြရ၏။ အထိမ်းအမှတ်များ တည်ဆောက်ခွင့်မရ။ ဒီလိုနှင့် ငါတို့သည် ဂုဏ်သိက္ခာမဲ့စွာ မြှုပ်နှံပြာချခံခဲ့ရပြီ။ ရာဇဝင်ရိုင်းလေစွ။
သည့်ကြောင့် ငါတို့ဝိဉာဉ်များ သည် ငါတို့အခွင့်အရေးရအောင် တောင်းဆိုဆန္ဒပြကြမည်။ နိုင်ငံရေးသမား ဝိဉာဉ်များကဦးဆောင်ပြီးအစီစဉ်ဆွဲကြ၊ လူမှုအဖွဲ့အစည်းများမှလာသော ဝိဉာဉ်များက ပူးပေါင်းကြ။ ဆန္ဒပြမည့်အချိန်ကို လကွယ်ညသန်းခေါင်တွင် ပြုလုပ်မည်။ ကြွေးကြော်သံများက နိုင်ငံတကာဝိဉာဉ်များကပါနားလည်အောင် ရခိုင်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်ကြွေးကြော်မည်။ သတင်း အချက်အလက်အတွက် ရခိုင်ဝိဉာဉ်များဆိုင်ရာ မီဒီယာသမားများက website တစ်ခုဖွင့် ကြလော့။ Internet တင်ရန် ကြိုတင်ပြင်ဆင်ကြလော့။ ဦးစီးဦးဆောင်အဖြစ် မှန်စီသုဿန်မှတစ်ဦး ၊ အာကျိတ်တော်ကုန်းမှတစ်ဦး တာဝန်ယူကာ ယခုလက်ရှိဝန်ကြီးချုပ် အိမ်တော်သို့ ဆန္ဒမပြမီ တစ်ပါတ်အလို ညနက် ၁၂ နာရီ တွင် သွားရောက်အကြောင်းကြားမည်။ ဝိဉာဉ်များပင်ဖြစ်ပါစေ ဥပဒေကို ငါတို့လိုက်နာရမည်ဟု ပြောသံများကို တိတိ ကျကျ ပြတ်ပြတ်သားသားကြားလိုက်ရကြောင်း အဘောင်က ခန္ဓာတစ်ခုလုံး တုန်လှုပ်(နတ်ဝင်လျှက်) ပြောပြခဲ့ပါ၏။
သို့ကြောင့် စစ်တွေသုဿန်နှင့် မှန်စီသုဿန်တို့ပေါင်းလျှက် များမကြာမီ သန်းခေါင်ယံတွင် ဝိဉာဉ်များဆိုင်ရာ တောင်းဆိုချက်များပါသော ဆန္ဒထုတ်ဖော်ပွဲကြီးပေါ်ပေါက်လာမည်ဟု ယူဆရကြောင်းကို အများပြည်သူ ရခိုင်လူထုသိစေရန် မောင်စိန်ကဖွံ့ဖြိုးရေးဂျာနယ်ဟု အာလုတ်ပြုသော DMG/ DNJ ဂျာနယ်မှတဆင့် မျှဝေလိုက်ရပါ ကြောင်း....
လကွယ်ည သန်းခေါင်ချိန် ရောက်တိုင်း နားစွင့်တော်မူကြပါကုန် လော့ အမျိုးတို့ ...။