- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
စိုးထိတ်ဖွယ် သွေးလွန်တုတ်ကွေးရောဂါနှင့် အနာဂတ်ကလေးငယ်များ
၂၀၀၇ ခုနှစ်က ရခိုင်ပြည်နယ်၌ သွေးလွန်တုတ်ကွေးရောဂါသည် ကပ်ဘေးအသွင်အဖြစ် ကျရောက်ခဲ့ပါသည်။ စစ်တွေဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်များနှင့် သူနာပြုဆရာ၊ဆရာမများက ဂရုတစိုက်ကြပ်မတ်၊ ကြည့်ရှု၊ ကုသနေကြသည့်ကြားမှ သွေးလွန်တုတ်ကွေးရောဂါကြောင့် အရင်နှစ်များထက် ၂၀၀၇ ခုနှစ်တွင် အသက်(၁၅)နှစ်အောက် ကလေးများ အသေအပျောက်များခဲ့ပါသည်။
26 Jun 2018
အောင်ကြည်မိုး (သင်းပုန်းတန်း) ရေးသားသည်
ကျွန်တော်နှင့်အတူ ဂိတ်တစ်ခုတည်း၌ သုံးဘီးဆိုင်ကယ်အတူ မောင်းနေကြသော ဂိတ်သားတစ်ဦး၏သား ၃-နှစ် အရွယ်ကလေးသည် မနှစ်က သွေးလွန်တုတ်ကွေးရောဂါကြောင့် ဆုံးပါးသွားခဲ့ရပါသည်။ ကလေးငယ်၏ အသုဘကိုလိုက်ပို့ပြီးအပြန် မြေပုံမြို့၌နေထိုင်သော ကျွန်တော့်၏အစ်မဝမ်းကွဲထံမှ ဖုန်းဝင်လာပါသည်။ အစ်မ၏အငယ်ဆုံးသား ဖျားနေသည်မှာ သုံးလေးရက်ရှိနေပြီဖြစ်သော်လည်း အဖျားမကျသဖြင့် မြေပုံမြို့နယ် တွင် ကလေးအထူးကုဆရာဝန်မရှိ၍ စစ်တွေမြို့ရှိ ကလေးအထူးကုဆေးခန်းသို့ လာပြရာတွင် ကလေး၏သွေးစစ်ချက်အဖြေ၌ သွေးလွန်တုတ်ကွေးပိုးတွေ့ရှိရာ သွေးလွန်တုတ်ကွေးရောဂါအခြေအနေကို စနစ်တကျစောင့်ကြည့် ကုသဖို့လိုအပ်၍ စစ်တွေမြို့တွင် (၇) ရက်လောက်နေပြီး နေ့စဉ်ရက်ဆက် ဆေးခန်းပြသရမည်ဖြစ်သည်။ စစ်တွေမြို့၌ တစ်ပတ်စာတည်းခိုခန်းစရိတ်နှင့် ထမင်းစားစရိတ်အတွက် အိမ်ကယူလာသောငွေနှင့် လုံလောက်မည်မထင်၍ ကျွန်တော့်ထံမှ ငွေ(၁)သိန်းချေးငှားလို၍ ဖုန်းဆက်ပြော ခြင်းဖြစ်ပါသည်။
ကျွန်တော်သည် သုံးဘီးဆိုင်ကယ်မောင်းပြီး တစ်နေ့လုပ်မှတစ်နေ့စားနေရသောဘဝဖြစ်၍ အိမ်၌ပိုက်ဆံ များများစားစားမရှိပါ။ မိသားစုအရေးပေါ်ကိစ္စအတွက် သုံးစွဲရန်စုထားသော ငွေငါးသောင်း ကူညီလိုက် နိုင်ပါသည်။ နောက်သုံးရက်ကြာသောအချိန် အစ်မကို ငွေထပ်လိုသေးလား အစ်မဆိုပြီး ဖုန်းဆက်မေးလိုက်ရာ (၃)ရက်တစ်ကြိမ် တည်းခိုခန်းခရှင်းပေးနေရသောကြောင့် နားမှာပန်ထားတဲ့ နားကပ်ကိုချွတ်ပြီး ရောင်းလိုက်ပြီဟု အစ်မအသံဖုန်းထဲမှ ကြားလိုက်ရချိန် ကျွန်တော့်ရင်ကို နာကျင်သွားစေပါသည်။
ကျွန်တော်တို့ ရခိုင်ပြည်နယ်သည် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးပြည်နယ်တစ်ခု၌ ပါဝင် နေသော်လည်း ပြည်ထောင်စုအစိုးရမှ ကလေးအထူးကုဆရာဝန်များကို ရခိုင်ပြည်နယ်ရှိ ခရိုင်မြို့နယ် ဆေးရုံများတွင် အလုံအလောက်ချထားပေးနိုင်ခြင်းမရှိပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးတွင် စစ်တွေမြို့တွင်သာ ကလေးအထူးကုဆရာဝန်ရှိပါသည်။ ကျွန်တော့်အစ်မနေထိုင်သော မြောက်ဦးခရိုင်တွင် ကလေးအထူးကုဆရာဝန်မရှိသဖြင့် စစ်တွေမြို့ရှိ ကလေးအထူးကုဆရာဝန်နှင့်ပြသနိုင်ရန် မြေပုံမြို့မှ ကြပ်စင်တောင်သို့ ရွှေပြည်တန်အမြန်ရေယာဉ်စီးရန်အလို့ငှာ ကားစီးပြီးလာရပါသည်။ ကားလမ်းက ကျောက်သား ၊ မြေသားလမ်းအဆင့်ဖြစ်၍ လမ်းကြမ်းတမ်းပုံက လှတောသားတို့ပြောသလို ကျောက်ခဲမျိုချလာရင်တောင် အစာကြေမည့်လမ်းမျိုးပါ။ ကြပ်စင်တောင်မှ စစ်တွေမြို့သို့ရောက်ရှိရန် (၄)နာရီနီးပါး အမြန်ရေယာဉ်စီးရသောကြောင့် ခရီးအတန်တန်သွားရ၍ အစ်မ၏ကလေး အလွန် အမင်းပင်ပန်းသွားပြီး စစ်တွေမြို့သို့ရောက်ချိန်တွင် အဖျားအပူချိန်တိုးသွားကာ အန်ပါလေတော့သည်။
၂၀၀၇ ခုနှစ်က ရခိုင်ပြည်နယ်၌ သွေးလွန်တုတ်ကွေးရောဂါသည် ကပ်ဘေးအသွင်အဖြစ် ကျရောက်ခဲ့ပါသည်။ စစ်တွေဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်များနှင့် သူနာပြုဆရာ၊ဆရာမများက ဂရုတစိုက်ကြပ်မတ်၊ ကြည့်ရှု၊ ကုသနေကြသည့်ကြားမှ သွေးလွန်တုတ်ကွေးရောဂါကြောင့် အရင်နှစ်များထက် ၂၀၀၇ ခုနှစ်တွင် အသက်(၁၅)နှစ်အောက် ကလေးများ အသေအပျောက်များခဲ့ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း တစ်ခုလုံးမှ နေမကောင်းဖြစ်ကြသော ကလေးငယ်များကို မိဘများကသွေးလွန်တုတ်ကွေးရောဂါဖြစ်မှာ ကြောက်ကြ၍ ကလေးအထူးကုဆရာဝန်ရှိရာ စစ်တွေမြို့သို့ လာရောက်ပြသကြသဖြင့် စစ်တွေမြို့ရှိ ကလေး အထူးကုဆေးခန်းများသည် လူအမြဲမပြတ်စည်ကားနေ၍ ပွဲဈေးတန်းနှင့် တူနေပေသည်။ ရခိုင်ပြည်သူတို့၏လူနေမှုဘဝဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည်ဟု ပြောနေသူတို့၏ စကား ကိုကြားရတိုင်း ရခိုင်ပြည်သူတို့အတွက် ယုံတမ်းစကားသာ ဖြစ်နေပါတော့မည်။
ကျွန်တော့်အစ်မသည် သူ့၏သားငယ်ကို ကလေးအထူးကုနှင့်ပြသရန် မြေပုံမြို့မှစစ်တွေမြို့သို့ လာခဲ့ရချိန်တွင် ဆေးခန်းပြသဖို့စရိတ်ထက် တစ်ပတ်စာတည်းခိုးခန်းစရိတ်၊ စားစရိတ်များအလွန် အကုန်အကျများခဲ့ပါလိမ့်မည်။ တောရွာနေလယ်သမားမိသားစုဖြစ်သည့်အလျောက် ကျွန်တော့်အစ်မသည် စိုက်ပျိုးရေးဘဏ်မှ ဘဏ်ချေးငွေ မရသေး၍ ငွေအခက်အခဲဖြစ်နေချိန် မင်္ဂလာဦးပစ္စည်းဖြစ်သောနားကပ်ကို မရောင်းချင်သော်လည်း သားသမီး အရေးကြောင့် ရောင်းခဲ့ရခြင်းသာ ဖြစ်နိုင်ပါသည်။
သွေးလွန်တုတ်ကွေးရောဂါသည် ကုသမှုနှောင့်နည်းလျှင် အသက်အန္တရာယ်ဆုံးရှုံးနိုင်ပါသည်။ မနှစ်က သွေးလွန်တုတ်ကွေးရောဂါသည် ရခိုင်ပြည်နယ်၌ ကပ်ဘေးရောဂါအသွင်ဖြစ်ခဲ့သောကြောင့် ယခုလာမည့်နှစ် မိုးရာသီတွင် သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားအောင် မိမိတို့၏ သားသမီးကလေးငယ်များကို ခြင် မကိုက် ရအောင် အထူးဂရုစိုက်ကြရပါမည်။ မိုးဦးကျကာလ၌ သွေးလွန်တုတ်ကွေးရောဂါကြောင့် ကလေးငယ်များ အသက်အန္တရာယ်မဖြစ်ကြရအောင် ကြိုတင်ပြင်ဆင်ထားကြဖို့ ကျန်းမာရေးပညာရှင်များ က သတိပေးပြောဆိုဆွေးနွေးထားကြသည်ကို online ပေါ်တွင်ဖတ်လိုက်ရပါသေးသည်။
သွေးလွန်တုတ်ကွေးရောဂါကြောင့် အသက်မဆုံးရှုံးရအောင် ပထမအဆင့်ဖြစ်သည့် သွေးလွန်တုတ်ကွေး စဖြစ် သည့် အဆင့်လက္ခဏာများကို သိထားပြီး စနစ်တကျစောင့်ကြည့်ကုသဖို့ လိုသည်ဟု ပြောဆိုဆွေးနွေးထား ကြပါသည်။ ကလေးများ၌ ရုတ်တရက်အပြင်းဖျားခြင်း၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ ကြွက်သားအဆစ်အမြစ် ကိုက်ခဲခြင်းနှင့် ပျို့အန်ပြီး ကိုယ်ပေါ်မှာအနီစက်များ ပေါ်လာခြင်းစသည့် သွေးလွန်တုတ်ကွေး ရောဂါလက္ခဏာများဖြစ်ပေါ်လာလျှင် ကုသမှုကို ချက်ချင်းခံယူပါက (၃) ရက်မှ (၅) ရက်အကြာတွင် လူကောင်းပကတိ ဖြစ်လာနိုင်ပါသည်။ သို့ပါသော်လည်း သွေးလန့်တဲ့အဆင့် ရောက်သွားပြီး လက်ကောက်ဝတ်သွေးခုန်နှုန်း စမ်းမရဖြစ်၍ သတိလစ်ခြင်းနှင့် တက်ခြင်းများအခြေအနေဖြစ်လာလျှင် သေရေးရှင်ရေး အဆင့်ဖြစ်နေသောကြောင့် နီးစပ်ရာဆေးရုံသို့ တက်ရောက်ကုသဖို့လိုအပ်နေပြီဟု ကျန်းမာရေးပညာရှင် ပါမောက္ခတစ်ယောက်က ဝင်ရောက်ပြီးဆွေးနွေးထားပါသေးသည်။
သွေးလွန်တုတ်ကွေးရောဂါ၌ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဆိုပြီး အဆင့်သုံးဆင့်ရှိပါသည်။ ပထမအဆင့်တွင် ရုတ်တရက်အပြင်းဖျားခြင်းနှင့် ကိုယ်ပေါ်မှာ အနီစက်တွေပေါ်လာပြီး (၃)ရက်ကနေ (၅)ရက်အထိ အနီစက်များ ကိုယ်ပေါ်မှာရှိနေတတ်သည်။ ဒုတိယအဆင့်ဖြစ်သော သွေးယိုခြင်းလက္ခဏာနှင့် သွေးအန်ခြင်းလက္ခဏာများရှိလာပါလျှင် ဖျားနေသောကလေးအား သတိထားစောင့်ကြည့်ပြီး ကျေးလက်ရှိ ကျန်းမာရေးဌာန ဆေးပေးခန်းများအနေနှင့် ကလေးမိဘများအား ချက်ချင်းဆေးရုံတက်ခိုင်းဖို့ လိုအပ်ကြပါလိမ့်မည်။ တတိယအဆင့်ဖြစ်သည့် သွေးလန့်သည့်အဆင့်မတိုင်မီအချိန်၌ သွေးပေါင်ချိန် စမ်းမရတတ်ခြင်းနှင့် ရုတ်တရက်အဖျားကျပြီး ခြေဖျား၊ လက်ဖျားများ အေးစက်လာခြင်းတွေ့လာရလျှင် အသက်အန္တရာယ်ကိုစိုးရိမ်ရသော အခြေအနေကိုရောက်လာနေခြင်းပင်ဖြစ်သည်။ နောက်တစ်ခုက ဆိုးရွားပြင်းထန် သွေးလွန်တုတ်ကွေး အဆင့်မရောက်ခင် Warning signs ခေါ်သည့် သတိပေးသည့် ရောဂလက္ခဏာရပ်များကိုလည်း သိထားသင့်ပါသည်။
ဗိုက်ကမခံရပ်နိုင်နာလာခြင်း၊ အဆက်မပြတ်အန်လာခြင်း၊ နလုံခုန်မြန်လာခြင်း၊ အသက်ရှူမြန်လာပြီး မောလာ ခြင်းနှင့် သွေးအန်ပြီး ဝမ်းမဲသွားခြင်းတို့ပင်ဖြစ်သည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟု ဆိုထားကြသဖြင့် သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွား ရအောင် ကြိုတင်ကာကွယ်ဖို့နည်းလမ်းများကို သိထားဖို့လိုအပ်ပါသည်။ အင်္ဂလိပ်လို dengue လို့ခေါ်သည့် သွေးလွန်တုတ်ကွေးရောဂါပိုးသည် ခြင်ကိုက်ခံရခြင်းမှတဆင့်ကူးစက်ပြီး အိန္ဒိယ၊ အရှေ့တောင်အာရှနှင့် အာဖရိကတိုက်တို့တွင် အများဆုံးဖြစ်ပွားပါသည်။ သွေးလွန်တုတ်ကွေးဖြစ်စေသည့် ရောဂါပိုးကို သယ်ဆောင်တဲ့ခြင်သည် Aedes နေ gypit လို့ခေါ်သည့် ခြင်မျိုးစိတ်ဖြစ်ပြီး မြန်မာလိုဆိုပါက ခြင်ကျား ဟု ခေါ်သည်။ သွေးလွန်တုတ်ကွေးရောဂါအတွက် ကာကွယ်ဆေးမရှိလို့ အကောင်းဆုံး ကာကွယ်နိုင်တာက ခြင်မကိုက်အောင်၊ ခြင်မပေါက်ဖွားနိုင်အောင် လုပ်ဖို့ပဲဖြစ်သည်။ မိုးတွင်းကာလမှမဟုတ်ပါ၊ မည်သည့် အချိန်၌မဆို ကလေးတွေဖျားနာပါက သွေးလွန်တုတ်ကွေးအန္တရာယ်ကို သတိပြုရပါမည်။
သွေးလွန်တုတ်ကွေးမဖြစ်ပွားအောင် ခြင်အန္တရာယ်ကင်းဝေးနိုင်ရန် ဖုံးသွန်လဲစစ် လုပ်ငန်းများဆောင်ရွက် ပေးရပါမည်။
၁။ ကလေးများကို ခြင်ထောင်ထဲနှင့် ခြင်လုံဇကာတပ်ထားသော အခန်းထဲတွင်အိပ်ခြင်း၊ လူကြီးများအလုပ်လုပ်သောနေရာ (သို့) ကလေးများကစားသောနေရာသည် အလင်းရောင်ကောင်းစွာရ၍ လေဝင်လေထွက်ကောင်းသော နေရာဖြစ်ရမည်။
၂။ အိမ်ပြင်ပနှင့်အိမ်ပတ်ဝန်းကျင်ရှိ အမှိုက်များကိုရှင်းလင်းပြီး အိမ်ရှေ့ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် အမှိုက်များကို ဖယ်ရှားရှင်းလင်းပေးပါ။
၃။ ရေတိုင်ကီနှင့် ရေစည်ရေအိုးများ ခြင်လုံစေရန်ဖုံးအုပ်ထားပြီး ပန်းအိုးများကို နေ့စဉ်ရေလဲပေးပြီး ခြင်ကျားများ ပုန်းခိုပေါက်ဖွားနိုင်သော ရေဝင်နေသော အုန်းမှုတ်ခွက်များ၊ အိုးခြမ်းပဲ့များ၊ သစ်ခေါင်းများနှင့် တာယာအဟောင်းများ စသည့်တို့ကို ဖယ်ရှားရှင်းလင်းပေးခြင်းအားဖြင့် မိုးရာသီတွင် သွေးလွန် တုတ်ကွေးရောဂါမဖြစ်အောင် ကာကွယ်နည်းများဖြစ်ကြသည်။
ကျွန်တော်တို့ ရခိုင်ပြည်နယ်၌ သွေးလွန်တုတ်ကွေးရောဂါ အများဆုံးဖြစ်ပွားနေရခြင်း အကြောင်းရင်းသည် ခြင်ဆေးဖြန်းခြင်းကို တောရွာမြို့ပါမကျန် နေရာအနှံလိုက်ပြီး ခြင်ဆေးမဖြန်းနိုင်ခြင်းကြောင့် လည်းဖြစ်နိုင်ပါသည်။ ၂၀၁၆ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၅၅၆ ဦးရှိခဲ့ပြီး ၅ ဦးသေဆုံးခဲ့ကာ ၂၀၁၇ ခုနှစ်တွင် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူအရေအတွက်မှာ ပိုမိုများပြားခဲ့သဖြင့် ၂၀၀၈ ခုနှစ် ယခုလာမည့်မိုးရာသီတွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု နည်းလာအောင် ဖြစ်ပွားရခြင်းအကြောင်းအရင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဆိုင်ရာများကို ဒေသခံပြည်သူများအား သိရှိနိုင်စေရန် မြို့နယ်အုပ်ချူပ်ရေးဦးစီးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး အသိပညာပေး ဟောပြောမှုများကို အိမ်တိုင်ရာရောက် ဆွေးနွေးသင့်ပါသည်။
အချူပ်အားဖြင့် ရခိုင်ပြည်နယ်၌ နောင်လာမည့်နှစ်များတွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုနည်းပြီး ကလေးအသေပျောက်များမရှိရလေအောင် ခြင်ကိုက်မခံရဖို့နှင့် ခြင်အန္တရာယ်ကင်းဝေးစေဖို့ ရခိုင်ပြည်နယ်အတွင်းရှိ တောရောမြို့ပါမကျန် ခြင်ဆေးဖြန်းနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဓါတ်ဆီအပါအဝင် ခြင်ဖြန်းဆေးများကို အခမဲ့ဖြန့်ဝေထောက်ပံ့ပေးသင့်ပါသည်။ မြေပုံမြို့နယ်က ကျွန်တော့် အစ်မသားငယ်ကဲ့သို့ သွေးလွန်တုတ်ကွေးရောဂါကို ကုသမှုခံယူနိုင်ရန် ရေတတန်၊ ကုန်းတတန်ခရီးကို ဖြတ်သန်းပြီး အထူးကုဆရာဝန်ရှိရာ စစ်တွေမြို့သို့လာမပြစရာမလိုအောင် ခရိုင်မြို့နယ်များတွင် ကလေးအထူးကုဆရာဝန်များ ထားပေးနိုင်ရန်နှင့် ပြည်နယ်မြို့တော်ဖြစ်သည့် စစ်တွေမြို့၌ ရန်ကုန်၊ မန္တလေးမြို့များကဲ့သို့ ကလေးအထူးကုဆေးရုံသီးသန့်တစ်ခုကို ပြည်ထောင်စုအစိုးရမှ တည်ဆောက် ပေးနိုင်ပါရန် ရခိုင်ပြည်သူများကိုယ်စား လွှတ်တော်ကိုယ်စားလှယ်ကြီးများက လွှတ်တော်အသီးသီးတွင် မေးခွန်းများမေးမြန်းပြီး တောင်းဆိုပေးနိုင်ပါစေလို့ မျှော်လင့်ရင်း . . .