တိုက်ပွဲတွေကြားထဲက ခိုကိုးရာမဲ့ ပြည်သူတွေ

တည်ခင်းစရာစားပွဲမပါ၊ အသားဟင်း၊ ငါးဟင်းမပါ၊ ဆီမပါဆားမပါ အသီးအရွက်ဟင်းတစ်ချို့နဲ့  မြက်ခင်းစိမ်းပေါ်မှာ တည်ခင်းထားတဲ့ ထမင်းဝိုင်းတစ်ခုရဲ့ ဘေးမှာတော့ ပန်းကန်တစ်ယောက် တစ်ချပ်စီကိုင်ထားကြတဲ့ ကလေးတွေဟာ စက်ဝိုင်းပုံသဏ္ဍန် ထိုင်နေကြတယ်။ သူတို့ရဲ့အလယ်က ဟင်းခွက်တစ်ချို့ကို သူတစ်ခါ ငါတစ်လှည့် လက်နဲ့ယူကာ ချူးချူးရှဲှရှဲနဲ့ စားသောက်နေကြပါတယ်။

By ကျောက်ဖြူအောင်ဒိုး 04 Jan 2019

(သင်းပုန်းတန်းကျေးရွာရောက် စစ်ဘေးရှောင်များ၏ ထမင်းဝိုင်း။ ဓာတ်ပုံ - သက်နိုင်)

Written by - ကျောက်ဖြူအောင်ဒိုး / DMG

တည်ခင်းစရာစားပွဲမပါ၊ အသားဟင်း၊ ငါးဟင်းမပါ၊ ဆီမပါဆားမပါ အသီးအရွက်ဟင်းတစ်ချို့နဲ့  မြက်ခင်းစိမ်းပေါ်မှာ တည်ခင်းထားတဲ့ ထမင်းဝိုင်းတစ်ခုရဲ့ ဘေးမှာတော့ ပန်းကန်တစ်ယောက် တစ်ချပ်စီကိုင်ထားကြတဲ့ ကလေးတွေဟာ စက်ဝိုင်းပုံသဏ္ဍန် ထိုင်နေကြတယ်။ သူတို့ရဲ့အလယ်က ဟင်းခွက်တစ်ချို့ကို သူတစ်ခါ ငါတစ်လှည့် လက်နဲ့ယူကာ ချူးချူးရှဲှရှဲနဲ့ စားသောက်နေကြပါတယ်။

ကလေးတွေရဲ့ အုပ်ထိန်းသူတွေကတော့ နို့စို့အရွယ်ကလေးတွေကို ရင်ဝယ်ပိုက်ရင်း ဘာအဟာရမှ မပါတဲ့ နေ့လယ်စာကို သူတို့ရဲ့ကလေးတွေ အားပါးတရ  စားသောက်နေကြတာတွေကို ကြည့်ပြီး အားမလိုအားမရ ဖြစ်နေကြပါတယ်။

စစ်ဘေးရှောင်တွေလာရတဲ့ လမ်းခရီးအခက်အခဲ

ဒီဇင်ဘာလ အစောပိုင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ဝန်းချောင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဖက်ဝန်းချောင်းကျေးရွာက မြိုတိုင်းရင်းသား (၄၂)ဦးဟာ အိုးအိမ်ကို စွန့်ခွာပြီး တောဖျားချောင်းဒေသ အထက်သင်းပုန်းတန်းကျေးရွာကို စစ်ဘေးရှောင်ဖို့ ရောက်ရှိနေကြပါတယ်။

သူတို့တွေဟာ သင်းပုန်းတန်းကျေးရွာကို ရောက်ဖို့အတွက် တောတောင်တွေ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး ခက်ခက်ခဲခဲ လာကြရတယ်လို့ ဖွင့်ဟပြောဆိုကြပါတယ်။ လမ်းမလျှောက်တတ်သေးတဲ့ ကလေးငယ်တွေကို ကျောမှာပိုး၊ အထုပ်အပိုးတွေကို ခေါင်းပေါ်တင်၊ (၅)နှစ် အရွယ်ကလေးတွေကို လက်တွဲပြီး တောင်တန်းတွေကို ကျော်ဖြတ်ပြီးတော့  အထက်သင်းပုန်းတန်းကျေးရွာသို့ အရောက်လာခြင်းဖြစ်ပါတယ်။

“ဖက်ဝန်းချောင်းကနေတစ်ဆင့် ပညာဝရွာကို အရင်သွားရတယ်။ အဲဒီကနေ  ရေတစ်တန် ကုန်းတစ်တန်နဲ့ လာရတယ်။ ကလေးတွေကို တစ်ယောက်တစ်လှည့်  ချီပြီးတော့လာရတယ်။ ကိုယ့်ကလေး သူ့ကလေးရယ်လို့လည်း ခွဲခြားမနေတော့ဘူး” လို့ အသက် ၃၀ ကျော်အရွယ် ကိုသောကြာအောင်က ပြောပါတယ်။

စားဝတ်နေရေး အခက်အခဲရှိနေ

စစ်ဘေးရှောင်တွေမှာ ကျေးရွာက လာတုန်းကတော့ အဝတ်အထည်၊ အနွေးထည်၊ စောင်တွေ ပါလာကြပါတယ်။ ဒါပေမဲ့ သူတို့ စစ်ဘေးရှောင်ဖို့ ဦးတည်လာတဲ့ သင်းပုန်းတန်းကျေးရွာကို လာရတာဟာ လမ်းခရီး ကြမ်းတမ်းတာကြောင့် ပင်ပန်းနွမ်းနယ်ပြီး ပါလာတဲ့ ပစ္စည်းဟူသမျှကို လမ်းခရီးတစ်လျှောက် လွှင့်ပစ်ခဲ့ရပါတယ်။

သူတို့  ဦးတည်လာတဲ့ ရွာကို ရောက်တော့ ဘာမှပါမလာတော့ပါဘူး။ ဒါကြောင့် သင်းပုန်းတန်းကျေးရွာက ဘုန်းတော်ကြီးကျောင်းဝင်းမှာ ကောက်ရိုးတွေ ခင်းထားပြီး တာလပတ်မိုးထားတဲ့ တဲလေးတွေပြုလုပ်ပြီး နေရာချထားပေးကြပါတယ်။   စားဝတ်နေရေးအတွက် စားနပ်ရိက္ခာတွေကို ပံ့ပိုးကူညီ ပေးထားကြပါတယ်။ ဒါပေမယ့် တောဖျားချောင်းဒေသဟာ ဒီဇင်ဘာဆောင်းကြောင့် တော်တော်အေးနေပါတယ်။ အအေးဒဏ်ကို တုန့်ပြန်ဖို့အတွက် အနွေးထည်တွေလည်း လိုအပ်ပါတယ်။

“ ဒီမှာ တိုက်ပွဲတွေ ဖြစ်နေတာဆိုတော့ ဘာမှလုပ်စားလို့မရဘူး။ အိမ်မှာလည်း သုံးစရာပိုက်ဆံလည်းမရှိဘူး။ လုပ်စားရတာကလည်း တောထဲမှာ သစ်ခုတ် ဝါးခုတ်ကလွဲလို့ ဘာမှမရှိဘူး။ ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲတွေကတော့ အများကြီးပါပဲ။ ဒါတွေကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကပဲဖြစ်ဖြစ် ကူညီပေးစေ ချင်ပါတယ်” လို့ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ကိုကျော်မျိုးနိုင်က ပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာသို့ တစ်နေ့ထက်တစ်နေ့ ထွက်ပြေးနေကြရပါတယ်။ ကျောက်တော်မြို့ နယ်၊ ကံစောက်နဲ့ တောင်မင်းကုလား ကျေးရွာသို့ သလူချောင်း၊ ကျွန်းသာယာ စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးလာကြရသလို ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ကျေးရွာသို့လည်း ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။ လက်ရှိမှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဦးရေ (၂၀၀၀) ခန့်အထိ ရှိလာပါပြီ။

ရောက်ရှိနေတဲ့ သူတွေထဲမှာ ကလေးသူငယ်တွေ အများအပြား ပါဝင် နေတာကိုလည်း တွေ့ရပါတယ်။ သူတို့ တွေကို ကောင်းကောင်းပြုစုစောင့်ရှောက် ရမယ့် အချိန်မှာ နေစရာမရှိ စားစရာမရှိ နဲ့ ထွက်ပြေးနေရပါတယ်။ သူတို့တွေဟာ  ပညာသင်ရမယ့် အချိန်ဖြစ်ပေမယ့် အ ကြောက်တရားတွေနဲ့ ဖြတ်သန်းနေရတာ ကို တွေ့ရပါတယ်။

အခုလိုအေးတဲ့ ရာသီမှာ စောင်အလုံအလောက်မရှိ၊ တဲတွေအောက်မှာ ဖြတ်သန်းနေရတဲ့ ကလေးတွေရဲ့ ကျန်းမာရေးကလည်း စိုးရိမ်ရပါတယ်။ နေမကောင်းဖြစ်လို့ ဆေးကုသဖို့ ဆေးရုံ၊ ဆေးပေးခန်းမရှိ၊ နှာစေးချောင်ဆိုးရင် သောက်ဖို့ ဆေးဝါးတစ်လုံးတောင်မရှိ၊ လက်လှမ်းမမီတဲ့ အဲဒီဒုက္ခသည်စခန်းမှာ ရှိတဲ့သူတွေရဲ့ ကျန်းမာရေးကလည်း စိုးရိမ်ရတဲ့ အနေအထားတွေကို တွေ့မြင်ခဲ့ရပါတယ်။

“ ဆေးပေးခန်းတွေကတော့ အခုမှမရှိတာ မဟုတ်ပါဘူး။ အရင်ကတည်းက မရှိတာပါ၊ ဒီလိုဝေးလံခေါင်ပါးတဲ့ ဒေသမှာ ဆေးပေးခန်းတစ်ခုလောက်တော့ ထားပေးသင့်ပါတယ်။ ကျွန်တော်တို့မှာ နေမကောင်းဖြစ်ရင်လည်း တိုင်းရင်းဆေးတွေပဲ သုံးနေရတယ်။ ကောင်းရင်ကောင်း မကောင်းရင်လည်း သေရုံပဲရှိတာပေါ့” လို့ သင်းပုန်းတန်းအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောပါတယ်။

နေရပ်ပြန်ချင်ပေမယ့် မပြန်ရဲကြ

ယိုးချောင်းအထက်ပိုင်းမှာ ရှိတဲ့ ကျေးရွာတွေမှာ နေထိုင်ကြသူတွေဟာ သစ်ခုတ်ဝါးခုတ် တောင်ယာလုပ်ငန်းတွေနဲ့ ဘိုးဘွားစဉ်ဆက်  အသက်မွေးဝမ်းကျောင်း ပြုလာကြတာပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ တောထဲမှာရှိတဲ့ သစ် ပင်၊ ဝါးပင်တွေက သူတို့ရဲ့အသက်ဆိုရင်လည်း မမှားပါဘူး။

တစ်ခြားစီးပွားရေးဆိုတာ မရှိသလို အပိုဝင်ငွေရှာဖို့ အလုပ်ဆိုတာလည်း မရှိပါဘူး။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ဘာတစ်ခုမှ ဖွံ့ဖြိုးတိုးတက်မှု မရှိတဲ့ ကျေးရွာတွေမှာ နေထိုင်ပြီး ဘဝအဆုံးသတ်သွားမှာကို သူတို့ မလိုလားကြတော့ပါဘူး။

သူတို့ကျေးရွာကို သူတို့ ပြန်မသွားချင်တဲ့ အဓိက အကြောင်းအရင်းကတော့ လုံခြုံမှုမရှိလို့ပဲ ဖြစ်ပါတယ်။ ထမင်းစားဖို့အတွက် တောထဲဝင်ပြီး သစ်ခုတ်ဝါးခုတ်နေရတဲ့ သူတို့တွေအတွက် တိုက်ပွဲတွေ ဖြစ်လာပြီး  နောက်ပိုင်းမှာ  တောထဲကိုလည်း မသွားရဲကြတော့ပါဘူး။

“ကျွန်တော်တို့ တောထဲကို ဝင်သွားရင် စစ်သားတွေနဲ့ တွေ့မလား၊ မှိုင်းကိုပဲ နင်းမိမလား ကြောက်နေရတယ်။ အခုက ပိုလို့ဆိုးတာပေါ့ ရွာအနီးနားတွေမှာ တိုက်ပွဲတွေဖြစ်တော့ ဘယ်မှကို မသွားရဲတော့ပါဘူး။ တောထဲကိုဝင်ပြီးမှ ထမင်းစားရတဲ့သူတွေ တောထဲကိုမဝင်ရဲတော့ စားစရာလည်း မရှိတော့ဘူးပေါ့ဗျာ” လို့ ဖက်ဝန်းချောင်းကျေးရွာကနေ ထွက်ပြေးလာတဲ့ စစ်ပြေးရှောင် ကိုသောကြာအောင်က သူတို့ ရွာမပြန်ချင်တဲ့ အကြောင်းကို ရှင်းပြပါတယ်။

အကြောက်တရား လွမ်းမိုးနေတဲ့ စစ်ဘေးရှောင်တွေ

အဲဒီဘက်မှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေ ဘယ်လောက်ထိ ကြောက်နေကြဆိုရင် သင်းပုန်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ပြေးရှောင်စခန်းကို သွားခဲ့စဉ်က ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ ထိုင်ပြီးတော့ စကားပြောနေတုန်း အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး သူ့မျက်နှာမှာလည်း ချွေးစက်နဲ့ ပြေးလာပြီးတော့                   “အုပ်ချုပ်ရေးမှူး တောစပ်မှာ မိုင်းတစ်လုံးတွေ့တယ်” ဆိုပြီးတော့ လာပြောတယ်။

အုပ်ချုပ်ရေးမှူးကလည်း “ဟုတ်လား ဒါဆို ဟုတ်မဟုတ် သွားကြည့်ကြမယ် တစ်ခြားလူတွေကိုတော့ မပြောနဲ့အုံး သေချာမှ တာဝန်ရှိသူတွေကို အကြောင်းကြားကြတာပေါ့” ဆိုပြီး ချက်ချင်း ထိုင်ရာကနေထပြီး သူတွေ့ခဲ့တဲ့ နေရာကို ရွာက လူတစ်ယောက်နှစ်ယောက်ခေါ်ပြီး လိုက်သွားကြတယ်။

ရွာကနေ ၁၅ မိနစ်လောက် တောထဲကို ဝင်ရတယ်။ သူပြောတဲ့ မိုင်းတွေ့တယ်ဆိုတဲ့  နေရာကိုလည်း ရောက်တော့ ရွာလူကြီးတစ်ယောက် “ဘယ်မှာလဲ မိုင်း” လို့ လှမ်းမေးလိုက်တယ်။ ကျန်တဲ့ အတူပါလာတဲ့ ရွာသားတွေကလည်း သူနဲ့ ခပ်ဝေးဝေးကနေ လှမ်းကြည့်နေကြတယ်။ ဒါပေမဲ့ သေချာကြည့်လိုက်တဲ့ အချိန်မှာပဲ  မိုင်းမဟုတ်ဘဲ အကွက်တွေပျောက်နေတဲ့ လိပ်ပြောက်ဘောလုံး ဖြစ်နေတာကို တွေ့တော့မှ ရွာသားတွေ သက်ပြင်းချနိုင်တော့တယ်။

တစ်ခါကလည်း ရွာသားတစ်ယောက် တောထဲမှာ ထင်းခုတ်နေရင်း သူနဲ့မလှမ်းမကမ်း ခြုံပုတ်တစ်ခုကနေ                “တောက်တဲ့” ဆိုတဲ့အသံကို “ဟေ့ကောင်” ဆိုပြီး အသံကြားလို့ ပြေးလာလိုက်တာ ထင်းခုတ်နေတဲ့ ဓားတောင် ဘယ်နားကျကျန်ခဲ့မှန်း မသိဘူးလို့ ပြီးခဲ့တဲ့ ၂၀၁၆ ခု နှစ်က သင်းပုန်းတန်းကျေးရွာသို့ စစ်ဘေးရှောင်လာသူတစ်ဦးက  သူကြုံခဲ့ရတာကို ရယ်ပြီးတော့ ပြောပါတယ်။

တောတောင်ကို မှီခိုပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရသူတွေဟာ အကြောက်တရားတွေ လွှမ်းမိုးနေတော့ တောထဲကိုလည်း မဝင်ရဲကြတော့ပါဘူး။ ကျေးရွာအနီးအနားတွေမှာလည်း သေနတ်သံတွေ ကြားနေရတော့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေပါတယ်။

စစ်ပြေးရှောင်တွေနေဖို့ မြေနေရာ အခက်အခဲရှိနေ

တိုက်ပွဲတွေကြောင့်  ထွက်ပြေးလာကြတဲ့ သူတွေအတွက် အထက်သင်းပုန်းတန်းကျေးရွာမှာ ယာယီတဲလေးတွေနဲ့ နေထိုင်လို့ရနေပေမဲ့ သူတို့ရေရှည်နေထိုင်နိုင်ဖို့အတွက် မြေနေရာတွေလည်း မရှိပါဘူး။

“ရောက်လာတဲ့ သူတွေကလည်း သူတို့ရွာကို ပြန်သွားကြတော့မှာ မဟုတ်ဘူး။ ယာယီတော့ ဒီမှာအဆင်ပြေတယ်။ နောက်ဘာလုပ်ရမလဲ  ဆိုတာကတော့ ကျွန်တော်လည်း မစဉ်းစားတတ်တော့ဘူး” လို့ သင်းပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ခေါင်းကို လက်နဲ့ကုတ်ရင်း ပြောပါတယ်။

အဲဒီသင်းပုန်းတန်းကျေးရွာမှာ နတ်သရွေးကျေးရွာကနေ ၂၀၁၆ ခုနှစ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ သူတွေဟာလည်း သူတိုရဲ့ရွာတွေကို မပြန်ကြတော့ဘဲ သင်းပုန်းတန်းကျေးရွာမှာပဲ အခြေချ နေထိုင်နေကြပါတယ်။

“မြေနေရာတွေတော့ ရှိတယ်။ ရှိတဲ့မြေတွေကလည်း ပိုင်ရှင်နဲ့ဆိုတော့ ဝယ်ဖို့ ပိုက်ဆံလည်း မရှိဘူးလေ။ ထင်းခုတ်ဝါးခုတ်မှ ထမင်းစားရတဲ့သူတွေ မြေကွက်ဝယ်ဖို့ ဘယ်ကပိုက်ဆံရမလဲ။ ထမင်းမငတ်အောင် မနည်း ရှာစားနေရတာ။ အခုရောက်လာတဲ့ သူတွေလည်း မပြန်ကြတော့ဘူးဆိုတော့ အစိုးရကပဲ တစ်ခုခု စီစဉ်ပေးစေချင်ပါတယ်” လို့ ဦးသန်းဝင်းက ပြောပါတယ်။

တိုက်ပွဲရှောင်တွေရဲ့ မျှော်လင့်ချက်

သူတို့ကို  လာရောက်လှူဒါန်းသူတွေ ရှိနေတဲ့အတွက် အခုအချိန်မှာ စားဝတ်နေရေးတချို့  အဆင်ပြေနေပေမယ့် ရေရှည်နေထိုင်နိုင်ဖို့အတွက် စဉ်းစားထားတာ မရှိသေးပါဘူး။ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ဘာတစ်ခုမှ မဖွံ့ဖြိုး မတိုးတက်တဲ့ကြားက တိုက်ပွဲတွေကြောင့် ရွာသူရွာသားတွေက ထွက်ပြေးနေကြရပါတယ်။

“ကျွန်တော်တို့ဒီမှာတော့ လောလောဆယ် နေလို့ရတယ်။ ရွာကို ပြန်သွားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲဒီရွာကလည်း ဆေးခန်းဘာညာ ဘာတစ်ခုမှ မရှိတော့ နေမကောင်း ထိုင်မကောင်းဖြစ်ရင်လည်း တော်တော်ဒုက္ခရောက်တယ်။ တိုက်ပွဲတွေ ဖြစ်နေတာကလည်း ရွာအနီးအနားတွေမှာဆိုတော့ ပြန်မသွားရဲတော့ဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ အေးအေးချမ်းချမ်းနဲ့ပဲ နေချင်တယ်” လို့ ဖက်ဝန်းချောင်းကျေးရွာက စစ်ပြေးရှောင်းတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲတွေ မဖြစ်ဘူးဆိုရင်တော့ အရင်အတိုင်းပဲ သစ်ခုတ်ဝါးခုတ် စားနေလို့ ရသေးတယ်။ အခုက ဘာဖြစ်လာမယ်မှန်းလည်း ဘယ်သူမှ မသိဘူး။ ကလေးတွေလည်း တအားကြောက်ကြတယ်။ သစ်ခုတ်ဝါးခုတ် အလုပ်ကလည်း ဒီအတိုင်းဆို အရင်လို အဆင်ပြေမှာ မဟုတ်တော့ဘူး။ မျိုးဆက်သစ် လူငယ်တွေကိုလည်း ပညာတတ်စေချင်တယ်။ ဒီနေရာမှာ ဆက်နေရင်တော့ ဘာပညာမှ တတ်လာမှာမဟုတ်ဘူး” လို့ သူတို့ရဲ့ မျှော်လင့်ချက်ကို သူက ဆက်ပြောပါတယ်။

ဝမ်းရေးကို ဖြေရှင်းနိုင်ဖို့ သဘာဝကပေးထားတဲ့ တောတောင်ရေမြေတွေ ရှိနေပေမယ့် သူတို့တွေရဲ့ ဘဝကတော့ တစ်နေ့လုပ် တစ်နေ့စားကလွဲပြီး ဘာတစ်ခုမှ တိုးတက်ပြောင်းလဲလာတာ မရှိပါဘူး။ အခု နေထိုင်နေကြတဲ့ တဲလေးတွေကလည်း သူတို့ရဲ့ ထာဝရအိမ် မဟုတ်သေးပါဘူး။ နေထိုင်ဖို့ နေရာရှိရင်တောင်မှ လုပ်စားစရာ အလုပ်မရှိနိုင်တဲ့ တောဖျားချောင်းအထက်ပိုင်းက မြိုတိုင်းရင်းသားတွေရဲ့ ဘဝကတော့ သေနတ်သံတွေကြားမှာ ေ၀ဝါးနေပါတယ်။ သူတို့ကတော့ စစ်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းမှုကို လိုလားနေကြပါတယ်။

ကျောက်ဖြူအောင်ဒိုး

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၀) တွင်လည်း ဖတ်ရှုနိုင်သည်။