ဒီမိုကရေစီရဲ့ အဆိပ်တစ်ခွက်

မြန်မာနိုင်ငံရဲ့ လက်ရှိပကတိအခြေအနေမှာ ဒီမိုကရေစီတော်လှန်ရေးက မွေးထုတ်လိုက်တဲ့ ဒီမိုကရေစီပါတီ အာဏာရလာတဲ့အခါ တွေ့မြင်နေကြရတာတွေက Localization အခြေခံနိုင်ငံရေးထက်ထက်  Globelization  အခြေခံနိုင်ငံရေးက ပိုကဲနေတာ တွေ့မြင်နေရပါတယ်။

By မောင်မောင်(ရန်ကုန်တက္ကသိုလ်) 22 Jul 2018

  • မောင်မောင်(ရန်ကုန်တက္ကသိုလ်)
  • Development Media Group

ဒီမိုကရေစီစနစ်ဟာ ကမ္ဘာအဝှမ်းနိုင်ငံတော်တော်များများမှာ ကျယ်ကျယ်ပြန့်ပြန့်၊ အချို့အဝက်သုံးစွဲနေတဲ့ စနစ် သို့မဟုတ် ဝါဒတစ်ခုဖြစ်တယ်။ သူဟာ လူထုအများစုရဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အနေနဲ့ နိုင်ငံရေးလောကထဲ ခြေချနေတာ၊ တင့်တယ်နေတာ ထောင်စုနှစ်တွေချီလာခဲ့ပြီ။ ဒီမိုကရေစီ။ သူဟာ ကမ္ဘာတဝှမ်းနိုင်ငံပေါင်း (၁၆၇) နိုင်ငံမှာ ကျင့်သုံးရှင်သန်နေတဲ့ နိုင်ငံရေးစနစ်တစ်ခုဖြစ်တယ်။ မြန်မာနိုင်ငံကတော့ ၁၉၅၈-၁၉၆၂ မှာတစ်ခါ ဒီမိုကရေစီနဲ့ မိတ်ဆက်ပြီးပြီ။ အခုတစ်ခါ ၁၉၈၈ ခုကနေပြီးတော့ ဒီမိုကရေစီစနစ်ကို လွတ်လပ်ရေးတမျှ တန်ဘိုးထားတောင်းဆို တိုက်ပွဲဝင်လာခဲ့ကြတာ တန်ဘိုးကြီးတဲ့ မြန်မာပြည်သူတွေရဲ့ အသက်သွေးချွေးပေါင်း များစွာ ပေးဆပ်ခဲ့ကြရပြီးပြီ။ ဒီအသက်၊ ဒီသွေး၊ ဒီချွေးတွေဟာ ဒီမိုကရေစီဝိဉာဉ်တွေပေါ့။ မြန်မာတစ် နိုင်ငံလုံးအနှံ့ ဒီမိုကရေစီအတွက်ပေးဆပ်ခဲ့ကြတဲ့ အညတြသူရဲကောင်းတွေရဲ့ အသက်၊ သွေး၊ ချွေးပေါင်းများစွာ များစွာတွေ၊ နှောင်ကြိုးမဲ့ခံစားချက်နဲ့ ဖြူစင်တဲ့မျှော်လင့်ချက်တွေဟာ ဒီနေ့ဒီအချိန်မှာ ဘယ်ခရီးရောက်လေပြီ လဲ။ ရန်ကုန်မှာ (၈)တန်းကျောင်းသူလေး မဝင်းမော်ဦးက သူမသေခင်တစ်ခု မှာခဲ့တယ်။ ကျွန်မကို ဒီမိုကရေစီရမှ အမျှဝေပါလို့မှာထားခဲ့တယ်။ အခုဒီမိုကရေစီ ရပြီလား၊ မရသေးဘူးလား။ ဒီမိုကရေစီဆိုတာ ခြောက်ပြစ်ကင်းသဲလဲစင်လား။ ဒီမိုကရေစီရဲ့ အဆိပ်တစ်ခွက်ဆိုတာကကော ဘာလဲ။

The Conceps and Fundamental Principle of Democracy  ဒီမိုကရေစီ ကျင့်စဉ်တရားများရဲ့ အခြေခံသဘောတရားများဆိုတဲ့ စာအုပ်ထဲမှာတော့ ဒီမိုကရေစီရဲ့ သဘောတရားတွေကို ဒီလိုခြုံငုံပြောထားတာ တွေ့ရပါတယ်။

ဒီမိုကရေစီစနစ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၄၀၀)ကျော်ကတည်းက ရှေးဟောင်းဂရိနိုင်ငံမှာ စတင်ခဲ့ပါတယ်။ ဒီမိုကရေစီဝေါဟာရရဲ့အဓိပ္ပာယ်ဟာ ပြည်သူ့အုပ်ချုပ်ရေး ဖြစ်ပါတယ်။ သူ့ကို အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောတဲ့အခါ ဒီမိုကရေစီနိုင်ငံသားများဟာ သူတို့နိုင်ငံကို အုပ်ချုပ်တယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ဒီမိုကရေစီ စိတ်ကူးအတွေးတွေက လက်တွေ့လုပ်ဆောင်တဲ့အခါ ဒါတွေက မပါမဖြစ် အစိတ်အပိုင်းတွေအဖြစ် လုပ်ဆောင်ကြတယ်။ အဓိက အခြေခံရည်ရွယ်ချက်ကတော့ ပြည်သူတွေကတည်ထောင်တဲ့ ဒီမိုကရတစ်အစိုးရဟာ သူတို့ရဲ့အခွင့်အရေး၊ သူတို့ရဲ့ စိတ်ဝင်စားမှုတွေနဲ့ သူတို့ရဲ့ လူမှုဘဝရပ်တည်ရေးအတွက် ကာကွယ်ခြင်း စည်းလုံးခြင်းတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့လိုအပ်ချက်ဟာ လူတစ်ဦးတစ်ယောက်စီ၊ အဖွဲ့အစည်းတစ်ချချင်းစီ လူမျိုးတစ်ခုချင်းစီ၊ ပြည်နယ်တစ်ခုချင်းစီရဲ့ လွတ်လပ်စွာပူးပေါင်းပါဝင်ထားတဲ့ နိုင်ငံရေးအဝန်းအဝိုင်းရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးလွတ်လပ်ခွင့်ဆိုတာဟာ ဒီမိုကရေစီသဘောတရားတွေရဲ့ အနှစ်သာရဖြစ်ကြတယ်။

ဒါကတော့ ဒီမိုကရေစီကျင့်စဉ်တရားများရဲ့ အခြေခံသဘောတရားများဆိုတဲ့ စာအုပ်ထဲကအဓိကအကြောင်း အချက်တွေကို မိတ်ဆက်တာပါ။

ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ Demos နဲ့ Kratos ဆိုတဲ့ ဂရိစကားလုံးနှစ်လုံးက ဆင်းသက်လာတာဖြစ်တယ်။  Demos ဆိုတာက ဂရိဘာသာစကားမှာ ပြည်သူလူထုလို့ အဓိပ္ပာယ်ရပါတယ်။ Kratos ဆိုတာက အုပ်ချုပ်ခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ ဒီစကားလုံးနှစ်လုံးကိုပေါင်းလိုက်တော့ ဒီမိုကရေစီဆိုတဲ့ ပြည်သူလူထုအုပ်ချုပ်ရေးလို့ အဓိပ္ပာယ်ရပါတယ်။

ဒါကြောင့်မို့ ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံတစ်ခုလုံး၏ အချုပ်အချာအာဏာကို ပြည်သူက ပိုင်ဆိုင်တဲ့စနစ် ဖြစ်တယ်။ နိုင်ငံတစ်ခုလုံး၏ အချုပ်အခြာအာဏာကို ပြည်သူကပိုင်ဆိုင်တယ်ဆိုတာက နိုင်ငံတော်ရဲ့ အာဏာကြီးသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာကြီးသုံးရပ်ကို ပြည်သူလူထုဟာ သူတို့ဆန္ဒနဲ့အညီ လွတ်လပ်စွာရေးဆွဲစီမံအုပ်ချုပ်ပိုင်ခွင့်ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဟာ နိုင်ငံတော်ရဲ့ နိုင်ငံရေးအာဏာကိုလည်း ပြည်သူလူထုကသာ အပြည့်အဝပိုင်ဆိုင်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ကို ပြည်သူလူထုဆီမှာ အာဏာရှိတဲ့စနစ်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

ဒီလိုပြည်သူ့ဆန္ဒကို ရှေ့တန်းတင်ဆောင်ရွက်တဲ့ ဒီမိုကရေစီစနစ်ကို မြန်မာပြည်သူတွေဟာ ဒုက္ခကြီးငယ်တွေကိုဖြတ်သန်းပြီး ဒီမိုကရေစီတော်လှန်ရေးကို တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်။ ဒီလိုတိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်တိုက်လာကြတာ ဒီနေ့အချိန်ခါ ပန်းတိုင်အောက်ကို ရောက်နေကြပြီပေါ့။ ဒီမိုကရေစီတိုက်ပွဲပန်းတိုင်ရဲ့ အောင်ပန်းဟာ ဘယ်သူ့လက်ထဲမှာလဲ။ ပြည်သူတွေရဲ့လက်ထဲမှာလား။ ပါတီတွေရဲ့လက်ထဲမှာလား။ ဒီမိုကရေစီအောင်ပန်းတွေဟာ ပြည်သူ့လက်ထဲမှာရှိမှ စစ်မှန်တဲ့ဒီမိုကရေစီ ဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့ဟာ ၁၉၄၈ ခုတုန်းက မြန်မာပြည်သူတိုင်းရင်းသားအားလုံးရဲ့ စည်းလုံးညီညွတ်စွာ တော်လှန်တိုက်ပွဲရဲ့ရလဒ်ဖြစ်တဲ့ လွတ်လပ်ရေးရယူခဲ့ကြတယ်။ ဒီနေရာမှာ လွတ်လပ်ရေးနဲ့စကားစပ်လို့ တိုင်းရင်းသား အားလုံးရဲ့ စည်းလုံးညီညွတ်စွာ တော်လှန်တိုက်ပွဲကြောင့်ရလာတဲ့ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဒီမိုကရေစီကို ယုံကြည်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တန်းတူညီမျှတဲ့ ပြည်ထောင်စုရဲ့ စည်းလုံးညီညွတ်မှုအတွက် လေးနက်ကျယ်ပြန့်တဲ့ စကားတစ်ခွန်းသတိရလို့ ပြန်ပြောချင်တယ်။ တိုင်းရင်းသားတွေဟာ အင်္ဂလိပ်ကျွန်ဘ၀ လွတ်သွားပြီး ဗမာကျွန်လုံးဝမဖြစ်စေရ ဆိုတဲ့စကား သတိရမိပါတယ်။ ဗမာကျွန်ဖြစ်၏၊ မဖြစ်၏ လက်ရှိပကတိ အခြေအနေတွေက အဖြေဖြစ်ပါ၏လို့ပဲ ပြောချင်ပါတယ်။

ဒီလိုနဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ ဖဆပလခေတ်၊ ဆိုရှယ်လစ်ခေတ်၊ နဝတ - နအဖခေတ် နှင့် ယနေ့မျက်မှောက်ခေတ်ထိ အသီးသီးဖြတ်သန်းလာခဲ့ပြီးပြီ။ ဖဆပလခေတ်မှာ အင်္ဂလိပ်ခေတ်ကို ခေတ်ကောင်းကာလလို့ လူကြီးသူမတွေက ရည်ညွှန်းပြောဆိုတတ်ကြတယ်။ မဆလခေတ်ရောက်လာပြန်တော့ အင်္ဂလိပ်ခေတ်နဲ့ ဖဆပလခေတ်ကို ခေတ်ကောင်းကာလလို့ လူကြီးသူမတွေက ရည်ညွှန်းပြောကြပြန်တယ်။ နဝတ-နအဖခေတ်ကို ဖြတ်သန်းကြတဲ့ အခါတော့ အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်နဲ့အတူ မိမိတို့မကြိုက်လို့ တော်လှန်တိုက်ထုတ်လိုက်တဲ့ မဆလခေတ်ကိုတောင် ကောင်းတယ်လို့ပြောရမယ့် အခြေအနေထိ ဆိုက်ရောက်ခဲ့ကြရပြီးပြီ။

ကဲ...မဆလလည်း ကိစ္စပြီးပြီ။ နဝတ-နအဖကဏ္ဍလည်း တခန်းရပ်သွားပြီ။ ဒီမိုကရေစီ အစိုးရခေတ်ကို ၂၀၁၀ ကနေ စပြီးခရီးစတင်ခဲ့ပြီ။ ဒီမိုကရေစီခရီးတွင်၏၊ မတွင်၏ဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲကနေ မွေးထုတ်လိုက်တဲ့ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့လက်ထက်မှာ ဘာတွေပြောင်းလဲခဲ့သလဲ။ ဒီမိုကရေစီအစိုးရ ခေါင်းစဉ်အောက်မှာ ဝတ်ရုံလဲထားတဲ့ အစိုးရဟာတော်တော် ချင့်ချင့်ချိန်ချိန်ဆောင်ရွက်ခဲ့တာ တွေ့လိုက်ရပါတယ်။ လူတွေက မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးလို့ မြင်နေကြတာကိုး။ မင်းသားခေါင်းထားတဲ့သူတွေက မင်းသားအကကို အတတ်နိုင်ဆုံးပီပြင်အောင် ကပြသွားတယ်။ ဒီကြားထဲဘီလူးဆိုင်းနဲ့ ဘီလူးကကွက် တစ်ကွက်၊ နှစ်ကွက်ကလည်း ပါလိုက်သေးတယ်။

ဒီမိုကရေစီစနစ်နဲ့ ဖြစ်တည်တဲ့အစိုးရဟာ ဒီမိုကရေစီစံချိန်စံညွှန်းတွေကို အလေးဂရုထားဖို့ သိပ်အရေးကြီး တယ်။ သမ္မတကြီးဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲမှာ ဒီမိုကရေစီစည်းဝိုင်းထဲကလာတဲ့ သူတွေက နည်းတယ်။ စစ်တပ်စည်းဝိုင်းထဲကလာတဲ့သူတွေ၊ စစ်အာဏာရှင် အရိပ်အောက်ကလာတဲ့သူတွေက များတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ လက်ရာခြေရာတွေထဲမှာ စစ်ရိပ်စစ်ငွေ့တွေက မတွေ့ရသလောက် နည်းပါတယ်။ ကြေးနီတောင်စီမံကိန်းက နဂါးငွေ့တန်းပေါက်ကွဲမှုနဲ့ ကျောင်းသားတွေရဲ့ဒီမိုကရေစီ ပညာရေးဆန္ဒပြတောင်း ဆိုမှုတွေထဲက ကိုင်တွယ်ပုံတွေ၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွေးကောက်ခံ လွှတ်တော်အမတ် မဟုတ်ဘဲ တပ်မတော်(၂၅%)ထဲက ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ပေးခဲ့တာကတော့ မကျက်သေးတဲ့ အနာပေါ်တုတ်ကျသလိုမျိုး အကျည်းတန်ရုပ်ဆိုးစေခဲ့ပါတယ်။ ဒါတွေဟာ ဒီမိုကရေစီ စံချိန်မဲ့နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဒီမိုကရေစီအနှစ်သာရ ပိုပြီးမဲ့စေခဲ့ပါတယ်။ ဒီမိုကရေစီခေါင်းစဉ်အောက်မှာ ဒီမိုကရေစီခြေလှမ်းတွေ လှမ်းရင်း၊လှမ်းရင်း ခြေချော်လက်ချော်တွေ ဖြစ်ကြပြန်တယ်။ တပ်မတော်ကနေ အကိုင်းခုန်ကူးလာတဲ့သူတွေအတွက် ဒီအခြေအနေတွေဟာ ဖြစ်တတ်ပါတယ်။ ဒီလိုလုပ်ရပ်တွေ လုံးဝကင်းရှင်းသွားပါမှ ဒီမိုကရေစီခြေလှမ်းတွေ ပုံမှန်လမ်းလျှောက်နိုင်မှာ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရ မတက်ခင်ကတည်းက တရုတ်နိုင်ငံနဲ့ချုပ်ဆိုထားခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ပြည်သူတွေရဲ့ တောင်းဆိုတိုက်တွန်းမှုကို အလေးထားတဲ့အနေနဲ့ သူ၏သမ္မတသက်တမ်းအတွင်း ဒီစီမံကိန်းကို ရပ်တန့်ပေး ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ပြည်သူ့မျက်နှာကြည့်တတ်လာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ပြည်ထောင်စု တိုင်းရင်းသားတွေ အချင်းချင်း ပြည်တွင်းတိုက်ပွဲတွေလည်း တော်တော်များများဖြစ်ခဲ့တယ်။ နောက်တစ်ခါ မြန်မာနိုင်ငံရဲ့အနောက်ဘက် ရခိုင်ပြည်နယ်မှာ တစ်ဘက်နိုင်ငံက မတရားခိုးဝင်နေထိုင်ကြတဲ့ ကုလားတွေရဲ့ပြဿနာနဲ့လည်း ထိပ်တိုက် တွေ့ပြန်တယ်။ ဒီကုလားပြဿနာဟာ ရခိုင်မှာဖြစ်ပြီး ငြိမ်းမသွားဘူး။ တစ်နိုင်ငံလုံးကို ကူးစက်သွားတယ်။ နိုင်ငံရဲ့အရှေ့၊ အနောက်၊ တောင်၊ မြောက်အားလုံးကို ကူးစက်သွားတယ်။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာလည်း Localizatio နဲ့ Globelization အခြေအနေတွေပေါ်မှာ အခြေခံပြီး ဆောင်ရွက်သွားတာ တွေ့ရတယ်။ ဘယ်နိုင်ငံဘယ်အစိုးရပဲဖြစ်ဖြစ် မိမိနိုင်ငံနဲ့မိမိလူမျိုး၊ ဒါမှမဟုတ် မိမိပြည်သူတွေရဲ့အရေးကိုပဲ ဦးစားပေးစဉ်းစားကြပါတယ်။ ဒါဟာ Localization ။ မိမိတို့ရဲ့ နိုင်ငံနဲ့ မိမိလူမျိုးအတွက် အတိုင်းတာတစ်ခုထိ အခြေခိုင်ပြီဆိုတော့မှ Globelization ဘက်ကိုကြည့်တာပါ။ ဒီလိုပါပဲ ပြီးခဲ့တဲ့ ငါးနှစ်က သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့လက်ထက်မှာ ပြည်တွင်းပဋိပက္ခတွေအပေါ် ကိုင်တွယ်ဖြေရှင်းခဲ့တာတွေဟာ မိမိတို့နိုင်ငံနဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေရဲ့ ဖြစ်တည်မှု၊ ရပ်တည်မှုတွေပေါ်မှာ အခြေခံပြီး ကိုင်တွယ်ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။ ဒါဟာ Localization Base Politics ပဲပေါ့။ သူတို့ရဲ့ မြန်မာ့နည်း၊ မြန်မာ့ဟန် ဒီမိုကရေစီခရီးအတွက် စနစ်တကျရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စကတည်းက ဒီမိုကရေစီစနစ်နဲ့ လွဲချော်သွေဖယ်နေရတဲ့ကြားထဲ ဆက်ပြီးမလွဲချော် မသွေဖယ်ရလေအောင် ဆင်ဆင်ခြင်ခြင် ဆောင်ရွက်ခဲ့တယ်လို့ ယူဆမိပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိပကတိအခြေအနေမှာ ဒီမိုကရေစီတော်လှန်ရေးက မွေးထုတ်လိုက်တဲ့ ဒီမိုကရေစီပါတီ အာဏာရလာတဲ့အခါ တွေ့မြင်နေကြရတာတွေက Localization အခြေခံနိုင်ငံရေးထက်ထက်  Globelization  အခြေခံနိုင်ငံရေးက ပိုကဲနေတာတွေ့မြင်နေရပါတယ်။  မြန်မာ့ပြည်တွင်းရေးဆိုင်ရာမှာ  ကိုဖီအာနန်ကို ခေါင်းဆောင်တင်ပြီး အဖွဲ့တွေဖွဲ့စည်းခြင်း၊ နိုင်ငံခြားသားတွေနဲ့ အဖွဲ့တွေထပ်မံဖွဲ့စည်းခြင်း၊ ဒါတွေဟာ Globelization ကို လိုတာထက်ပိုသလို ဖြစ်နေတယ်လို့ သုံးသပ်မိပါတယ်။ ဒီသဘောဟာ မပြေးသော်လည်း ကန်ရာရှိဆိုတဲ့ မြန်မာစကားပုံအတိုင်း ဖြစ်နေပါပြီ။ ပြည်သူလူထုအုပ်ချုပ်ရေးလို့ အဓိပ္ပာယ်ရတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ပြောင်းပြန်စီးတဲ့မြစ်တစင်းလို ဖြစ်နေလေပြီလား။ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ မိမိနိုင်ငံတွင်း Localization မပီပြင်ဘဲ  Globelization  ရေစီးကြောင်းထဲသွားမယ်ဆိုရင် နိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းနဲ့ ဖွံ့ဖြိုးရေးဖြစ်စဉ်တွေဟာ ဟာမိုနီမကျဘဲ ကမောက်ကမ ဖြစ်သွားပါလိမ့်မယ်။ ပြည်တွင်းပဋိပက္ခတွေအပေါ်မှာ အဖြေရှာတဲ့အခါ ဒေသကိုအခြေခံပြီး ကိုင်တွယ်ဖြေရှင်းတာတွေ(Local Base Solution)ဟာ အခြေအနေမှန်နဲ့ အများကြီး နီးစပ်နိုင်ပါတယ်။

ရခိုင်ပြည်နယ်က ကုလားပြဿနာနဲ့ပတ်သက်လို့ ဆောင်ရွက်နေမှုတွေဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ရခိုင်ပြည်နယ်လွှတ်တော်တို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ဗဟိုကချုပ်ကိုင်ဆောင်ရွက်နေသလိုပါပဲ။ ဒါဟာ ဒီမိုကရေစီစနစ်နဲ့ လုံးဝဆန့်ကျင်တဲ့လုပ်ရပ်ပါ။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများစွာနဲ့ တည်ထောင်ထားတဲ့ ပြည်ထောင်စုတွေလို နိုင်ငံတွေထဲမှာ ပြည်နယ်တစ်ခုရဲ့လုပ်ပိုင်ခွင့်အာဏာကို ဗဟိုကချုပ်ကိုင်ဖို့ ကြိုးစားတာ ဟာ  ဒီမိုကရေစီကျင့်စဉ်တွေနဲ့ လုံးဝမကိုက်ညီပါဘူး။ ဒီမိုကရေစီတိုက်ပွဲထဲက မွေးဖွားလာတဲ့ ဒီမိုကရေစီပါတီ ကြီးက ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တာက ပိုဆိုးတာပေါ့။ ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီးတော့ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို စီမံခန့်ခွဲတဲ့အစိုးရကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ် တင်မြှောက်ပါတယ်။ ရခိုင်ပြည်နယ်က ကုလားပြဿနာကို ကိုင်တွယ်ဆောင်ရွက်တဲ့နေရာမှာ ရခိုင်လူမျိုးထဲက တတ်သိနားလည်သူတွေ မပါဘဲ၊ တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ ရခိုင်မဟုတ်တဲ့ အရပ်တပါးကလူတွေက ရခိုင်ပြည်နယ် ကကိစ္စကို ဆောင်ရွက်နေတာဟာ အနာနဲ့ဆေး အလွဲကြီးလွဲလေခြင်း ဖြစ်နေတယ်။ ဒါကို ဒီမိုကရေစီစနစ်ထဲမှာ ဘယ်လိုပြောရမလဲ။ ဒီမိုကရေစီအာဏာရှင်စနစ်လို့ ပြောရမှာလား။

ဟုတ်ပြီ...ကျုပ်ရေးနေတဲ့ ဆောင်းပါးရဲ့လိုရင်းကို ရောက်တော့မှာပါ။ အဆိပ်တစ်ခွက်။ ဒီမိုကရေစီစနစ်ရဲ့ အဆိပ်တစ်ခွက်။ ဒီမိုကရေစီစနစ်ဟာ တော်တော်ချစ်ဖို့ကောင်းတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဘာပဲပြောပြော နောက်ဆုံးကျတော့ စနစ်ဟာစနစ်ပါပဲ။ သူဟာတရားမဟုတ်ဘူး။ ဓမ္မမဟုတ်ဘူး။ စနစ်တစ်ခုသာဖြစ်တယ်။

နိုင်ငံရေးစနစ်တစ်ခု။ တနည်းပြောရရင်တော့ ဝါဒပေါ့။ ဝါဒတွေဟာ သူ့ဝါဒနဲ့သူ ကောင်းကြတာတွေချည်းပါပဲ။ အများအတွက် မကောင်းတဲ့ဝါဒတွေလည်း ရှိကြပါတယ်လေ။ နာဇီဝါဒ။ နယ်ချဲ့စနစ်။

ဒီမိုကရေစီစနစ်ဟာ လူအများရဲ့သဘောဆန္ဒပေါ်မှာ အခြေခံတဲ့စနစ်ဖြစ်တယ်။ လူနည်းစုလူများစုဆိုတာဟာ ဒီမိုကရေစီသဘောတရားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ အများရဲ့ဆန္ဒကို အတည်ပြုယူရလို အနည်းစုဆန္ဒ ကိုလည်း တန်ဘိုးထားရတာဟာ ဒီမိုကရေစီသဘောဖြစ်တယ်။

ဒီနေရာမှာ အများသဘောဆန္ဒဆိုတာကို တဆင့်တက် ဆင်ခြင်ဆန်းစစ်မိတယ်။ ဘယ်လို အများသဘော ဆန္ဒလဲ၊ အတ္တကင်းသော၊ ဘက်လိုက်မှုကင်းသော အများသဘောဆန္ဒလား၊ အတ္တတွေနဲ့၊ ဘက်လိုက်မှုတွေနဲ့ အများသဘောဆန္ဒလား။ အနှောင်အဖွဲ့ကင်းကင်းနဲ့ ရိုးသားစွာဖြစ်တည်လာသော အများသဘောဆန္ဒဖြစ်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ခဲ့ရင်တော့ ချစ်စရာကောင်းတဲ့ မင်းသမီးတစ်ပါးရဲ့သွားစွယ်လေးဟာ သွေးစုတ်ဖုတ် ကောင်ရဲ့ အစွယ်နဲ့တူသွားပါလိမ့်မယ်။

အမှန်တရားကို နားလည်သော၊ အမှန်တရားရဲ့တန်ဘိုးကိုသိသော အဝန်းအဝိုင်းဖြစ်ဖို့ အရမ်းအရေးကြီးပါ တယ်။ အမှန်တရားဟာ အမှားတစ်ရံရဲ့တန်ဘိုးနဲ့ တူညီသွားရင်တော့ ထိုလူ့ဘောင်၊ ထိုလူ့အဖွဲ့အစည်းဟာ ဖြစ်သလိုနေထိုင်ကျင့်ကြံနေသော စံပျက်လူ့အဖွဲ့အစည်းတစ်ခု ဖြစ်နေပါလိမ့်မယ်။ အမှန်တရားသည် တစ်မျိုးတည်းသာရှိတယ်။ မှန်ကန်တဲ့တရား၌သာလျှင် သူတော်ကောင်းတို့ ရပ်တည်သည်တဲ့။

ဘီစီ-၃၉၉ မှာ အေသင်မိသားစုမှပေါက်ဖွားတဲ့ အတွေးအခေါ်ပညာရှိတစ်ဦး ထွန်းကားခဲ့တယ်။ သူက ဆိုကရေတီးစ်။ သူဟာ ဒီမိုကရက်တစ်အမြင်တွေကို ဆန့်ကျင်ခဲ့တယ်။ ဒီမိုကရေစီထဲက အကျင့်ပျက်မှုတွေနဲ့ အားနည်းချက်တွေကို  ထောက်ပြခဲ့တယ်။ လူအများဟာ သူ့ရဲ့ထိုးဖောက် သိမြင်နိုင်စွမ်းအတွေးအခေါ်ကို လက်လှမ်းမမှီကြ။ လူအများက သူ့အမြင်ကို ငြင်းပယ်ခဲ့ကြတယ်။ နောက်ဆုံးမှာ ပညာရှိတွေးခေါ်ရှင်ကြီး ဆိုကရေးတီးစ်ဟာ သေဒဏ်ပေးခြင်းကို ခံခဲ့ရတယ်။ သူရဲ့ နောက်ဆုံးလှစ်ဟပြသွားတဲ့ ဒဿနကလည်း ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားစရာဖြစ်ပါတယ်။ သူ့ကိုအပြစ်ပေးတဲ့သေဒဏ်ကို အလှပဆုံးဖန်တီးပြခဲ့ပါတယ်။ အမှန်တရားအတွက်ရတဲ့ သေဒဏ်ကို မိမိကိုယ်ကိုသတ်သေခွင့် တောင်းခဲ့တယ်။ အမှန်တရားအတွက် မမှန်သူတွေရဲ့ ကွပ်မျက်ခြင်းနဲ့ မသေလိုသော ပညာရှိတွေးခေါ်ရှင်ကြီး ဆိုကရေးတီးစ်ဟာ အဆိပ်ခွက်ကို ကိုင်မြှောက်ယင်း တရားရုံးတော်ကို လှည့်ပတ်ပြီးအဆိပ်ခွက်ကို ပျော်ရွှင်စွာမော့သောက်ခဲ့တယ်။ ပညာရှိတွေးခေါ်ရှင်ကြီး ဆိုကရေးတီးစ် မော့သောက်လိုက်တဲ့ အဆိပ်တစ်ခွက်ဟာ ကမ္ဘာကြီးကို သင်ခန်းစာနဲ့ အတွေးအမြင်များစွာကို ဖြစ်စေတဲ့ အဆိပ်တစ်ခွက်ဖြစ်ခဲ့တယ်။

လွန်ခဲ့တဲ့ ဘီစီ ၃၉၉ က အဆိပ်တစ်ခွက်ဟာ ဒီမိုကရေစီခရီးအစပိုင်းမှာ ဒီလိုအဆိပ်တစ်ခွက်ရှိခဲ့ဖူးတယ်။ အခု ရေးလိုက်တဲ့ ဒီမိုကရေစီရဲ့ အဆိပ်တစ်ခွက်က ဘာလဲ။

ဒီမိုကရေစီစနစ်ရဲ့ အဓိကအကြောင်းတရားဟာ အများသဘောဆန္ဒနဲ့ ဆုံးဖြတ်လုပ်ဆောင်ခြင်းဖြစ်တယ်။ ဒီနေရာမှာ အများသဘောဆန္ဒဆိုလိုက်ရုံနဲ့ အကုန်လုံးပြီးပြည့်စုံသွားပြီလား။ အများသဘောဆန္ဒနဲ့ ဆုံးဖြတ်လိုက်ရုံနဲ့ အားလုံးမှန်သွားပြီလား။ အများသဘောတူထောက်ခံရင် အရာရာဟာ အမှန်တွေဖြစ် သွားပြီလား။ ဒီလိုအကြောင်းတရားတွေသာ ဆက်ဖြစ်နေမယ်ဆိုရင် ချစ်စရာကောင်းတဲ့ ဒီမိုကရေစီစနစ် ဟာလည်း တောတွင်းသားရဲတိရစ္ဆာန်တို့ရဲ့မူအတိုင်း ငယ်သူကို ကြီးသူနိုင်၊ အင်အားနည်းသူကို အင်အားများ သူကနိုင် ဖြစ်နေပါလိမ့်မယ်။ ဒီလိုသာဆို အမှန်တရားနဲ့ကင်းကွာတဲ့ လူ့အဖွဲ့အစည်း ဖြစ်မှန်းမသိဖြစ်သွား ပါလိမ့်မယ်။

အဲဒီတော့ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီခေတ်ဆိုပြီးတော့ အများသဘောဆန္ဒတစ်ခုတည်းနဲ့ ဆုံးဖြတ်လုပ်ဆောင် မှုတွေဟာ တကယ်အဖြေမှန် မဟုတ်သေးဘူးဆိုတာ သတိထားဖို့လိုပါမယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ကျယ်ကျယ်လောင်လောင် တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ စကားနှစ်ခုရှိပါတယ်။ ရွာသားညီရင် နွားခိုးစားလို့ရတယ်၊ အများညီ “ ဤ ” ကို “ကျွဲ ” ဖတ်လို့ရတယ်တဲ့။ ဒီစကားတွေဟာ ဒီဘက်ခေတ်မှာ ပိုပြီးအသံကျယ်လောင်လာပါတယ်။ အမှန်တရားကို အခြေမခံဘဲ အများသဘောဆန္ဒတစ်ခုတည်းနဲ့ ဆုံးဖြတ်လုပ်ဆောင်နေမယ်ဆိုရင်တော့ ဒီမိုကရေစီစနစ်ရဲ့ အများသဘောဆန္ဒဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နယ်ပယ်ဒေသအသီးသီးအတွက် ကြောက်မက်ဖွယ်ရာအဆိပ်တစ်ခွက် ဖြစ်နေပါလိမ့်မယ်။

မောင်မောင်(ရန်ကုန်တက္ကသိုလ်)

(၁၁.၇.၂၀၁၈)

(ဤဆောင်းပါးကို ၂၀၁၈ ခုနှစ် ၊ ဇူလိုင် (၁၅) ရက်နေ့ထုတ် Development News Journal အမှတ် (၈၉) တွင် ဖတ်ရှုနိုင်သည်။)