ဒုစရိုက်မှု၊ မူးယစ်နွံနှင့် ရခိုင်လူငယ်များ၏ အနာဂတ်

လက်ရှိရခိုင်ပြည်နယ်ထဲတွင်တော့ ရခိုင်လူငယ်များ၏ အခန်းကဏ္ဍသည် ပြုပြင်မွန်းမံရန် လိုအပ်နေသောအခြအနေပင်ဖြစ်၏။ ဒုစရိုက်မှုနှင့် မူးယစ်ဆေးဝါးများသည် ရခိုင်လူငယ်များ၏အနာဂတ်ကို အချိန်တိုင်းစိန်ခေါ်လျှက်ရှိနေသည်ဟုဆိုပါလျှင်။

By ရက္ခ 04 Jun 2018

ရက္ခ ရေးသားသည်

ရခိုင်ပြည်နယ်အတွင်းမှ လူငယ်အများစုသည် အချိန်ကိုမည်သို့အသုံးပြုကြသနည်း (သို့မဟုတ်) မည်သည့်နေရာတွင် အသုံးပြုကြသနည်းဆိုသော မေးခွန်းမှာ စိတ်ဝင်စားစရာကောင်းသော မေးခွန်းပင်ဖြစ်၏။ ရခိုင်ပြည်နယ် (၁၇) မြို့နယ်အတွင်းတွင် အပန်းဖြေအနားယူရန် ပန်းခြံများမရှိ။ လည်ပတ်ရန် တိရစ္ဆာန်ရုံကဲ့သို့ နေရာများမရှိ။ ကျန်းမာရေးအတွက် အားကစားရုံများမရှိ။ လေ့လာရန် ပြတိုက်များမရှိ။ ဖတ်ရှုမှတ်သားရန် စာကြည့်တိုက်များ လုံလောက်စွာမရှိ။ သို့သော် ရခိုင်ပြည်နယ်တွင်းမှမြို့နယ်တိုင်းတွင် လမ်းဘေးအရက်ပုန်းဆိုင်များ၊ တရားဝင် လိုင်စင်မရှိသော်လည်း လိုင်းကြေးပေးကာဖွင့်လှစ်ထားကြသော ဘီယာဆိုင်ကြီးများ၊ KTV များ၊ အနှိပ်ခန်းများ၊ လောင်းကစားရုံများနှင့် ပျော်တော်ဆက်ရုံများက အလွန်ပေါများသည်။ အဆိုးဆုံးမှာ လမ်းဘေးကွမ်းယာဆိုင်၌ပင် မူးယစ်ဆေးဝါးများ ဝယ်ယူရရှိနိုင်ခြင်းဖြစ်သည်။ ထိုသို့အခြေအနေမျိုးတွင် ရခိုင်လူငယ်အများစုသည် သူတို့၏အချိန်များကို မည်သည့်နေရာတွင် မည်သည့်ပုံစံမျိုးဖြင့်အသုံးချ ပစ်နိုင်သည်ကိုတွေးကြည့်နိုင်သည်။

 

(တစ်)

            ရခိုင်ပြည်နယ်ထဲမှ အတော်အတန်ဖွံ့ဖြိုးနေသော မြို့နယ်များထဲတွင် ညအချိန်အပြင်ထွက်မည်ဆိုပါက လမ်းဘေးအုတ်ခုံများ၊ ချောင်ကျသော လမ်းဆုံလမ်းခွများနှင့် မှောင်ရိပ်သန်းသောနေရာများတွင် လူငယ်များကို အုပ်စုဖွဲ့၍တွေ့ရတတ်သည်။ ထိုလူ ငယ်များ၏မျက်နှာကို သေသေချာချာစိုက်ကြည့်ခွင့်ရမည်ဆိုပါက သာမန်လူတစ်ယောက်ကဲ့သို့ မဟုတ်ဘဲ မျက်လုံးများရီဝေနေမည်ဖြစ်သည်။ တားမြစ်ဆေး (သို့မဟုတ်) မူးယစ်စေတတ်သော အရာတစ်ခုခုကို သုံးဆောင်ထားကြောင်း တွေ့ရှိရမည်ဖြစ်၏။ ထိုကဲ့သို့ လူငယ်အုပ်စုများသည် နံဘေးမှ ဖြတ်သန်းသွားလာသူများကို အုပ်စုဖွဲ့ရန်မူခြင်း၊ လုယက်ခြင်းအပါအဝင် ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်စေသော အပြုအမူမျိုးစုံကိုပြုလုပ်လေ့ရှိကြ၏။

            တချိန်တုန်းအခါက ညအချိန်မတော် အပြင်ထွက်လျှင် သောက်စားမူးယစ် ရမ်းကားနေကြသော လူကြီးများနှင့်တွေ့မည်စိုးသောကြောင့် သားသမီးများကို မိဘများမှ တားမြစ်ကြရသည်။ လူငယ်များကို လူကြီးများကတားမြစ်ကြရသည်။ ထိုစဉ်အချိန်က လမ်းဘေးအုတ်ခုံများ၊ လမ်းကြိုလမ်းကြားများတွင် ညအချိန်မတော်ရှိနေတတ်ကြသူများမှာ လူကြီးပိုင်းအရွယ်များသာဖြစ်၏။ ယနေ့ အချိန်တွင် ညအချိန်မတော်အပြင် ထွက်မည့်လူကြီးများသည် လမ်းပေါ်တွင်ရှိနေကြမည့် လူငယ်များကို အပြန်ကြောက်နေကြရသည်။ မည်သည့်နေရာတွင် မည်သည့်ပုံဏ္ဍာန်ဖြင့် လူငယ်များရှိနေကြမည်နည်းဆိုသော အတွေးမှာ ယနေ့ခေတ်ကာလလူကြီးများတွင် ကိန်းအောင်းနေရသော အတွေးပင်ဖြစ်သည်။

 

(နှစ်)

            ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍနှင့် လူနေမှုအဆင့်အတန်းနိမ့်ကျခြင်းသည် အနာဂတ်ရခိုင့်မျိုးဆက်သစ် လူငယ်လေးများ တွက် ရတက်မအေးဖွယ်အကြောင်း ကိစ္စတစ်ခုဖြစ်သည်။  စူးစမ်းလိုသောစိတ်ပြင်းထန် သောအရွယ် (သို့မဟုတ်) အတုမြင်အတတ် သင်တတ်သောအရွယ် ရခိုင်လူငယ်များတွင် ရွေးချယ်စရာ သိပ်မရှိ။ ကျင်လည်ရာပတ်ဝန်းကျင်၏ ရိုက်ခတ်ခြင်းဒဏ်ကို ရှောင်လွှဲမရအောင် ခံစားနေကြရသည်။ စရိုက်ဆိုးအကျင့်ဆိုးများကို ငြင်းဆန် ရှောင်ရှားသွားရန်အခွင့်အရေးမျိုး ရခိုင်လူငယ်များတွင် သိပ်မရှိကြချေ။ မြန်မာနိုင်ငံ၏မြို့ကြီးပြကြီး များတွင် လူငယ်လူရွယ်များသည် ကစားကွင်းများ၊ အားကစားရုံများ၊ တိရိစ္ဆာန်ရုံ၊ ပြတိုက်၊ ပန်းခြံနှင့် စာကြည့်တိုက်စသော နေရာများသို့ ရောက်ရှိနေကြချိန်တွင် ရခိုင်လူငယ်များက အချိန်ကိုမည်သို့အသုံးချမည်ဆိုသော ကိစ္စအားစဉ်းစားနေကြရသည်။

            ကျေးလက်ဒေသနေ လူငယ်အများစုသည် တောင်တက်ထင်းခွေ၊ ပင်လယ်ဆင်း ငါးရှာနေကြရသည်။ မြို့ပြနေကျောင်းသား ကျောင်းသူလူငယ်အများစုသည် ကျောင်းစာသင်ခန်းထဲတွင် ရှိနေရမည့်အချိန်၌ အရက်ဆိုင်၊ လောင်းကစားရုံ၊ ဂိမ်းဆိုင်၊ KTV နှင့် အ နှိပ်ခန်းများသို့ ရောက်ရှိနေကြသည်။ စာဖတ်၊ စာကြည့်နေကြရမည့်အချိန်တွင် အရက်၊ ဘီယာနှင့် မူးယစ်စေတတ်သော ဆေးဝါးတမျိုးမျိုးသုံးစွဲနေကြသည်။ စာသင်ကျောင်း၊ ဆရာဆရာမများနှင့် မိဘအုပ်ထိန်းသူတို့၏အရိပ်အောက်၌ နွေးနွေးထွေးထွေးရှိနေကြရမည့်အချိန်တွင် ပြင်ပလော ကထဲ၌ မူးမေ့သာယာနေကြသည်။ မနူးမနပ်သေးသောအရွယ် ရခိုင်လူငယ်များသည် စီးပွားရေးမုဆိုးတို့၏ အရက်၊ ဘီယာ၊ မူးယစ်ဆေးနှင့် အပျော်အပျက်သတ်ကွင်းများထဲသို့ ရောက်မှန်းမသိ ရောက်ရှိနေကြရသည်။ ရခိုင်လူငယ်များကို ကယ်တင်နိုင်မည့်နည်းလမ်း (သို့မဟုတ်) မူဝါဒတစ်ခုမျှ ရခိုင်ပြည်နယ်ထဲတွင်ရှိ မနေသေးသည်မှာ စိုးရိမ်စရာပင်ဖြစ်သည်။ 

(သုံး)

            ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်ထဲတွင် လူဦးရေစုစုပေါင်း (၂၀၉ ၈၈၀၇ - ဦး) ရှိကြောင်းဖော်ပြထား၏။ သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိသော အရေအတွက်မှာ ခန့် မှန်းခြေ (၁၀ ၉၀၀ ၀၀ - ဦး) ရှိသည်။ မြို့ပြနှင့် ကျေးလက်လူနေမှုအစိပ်အကြဲအရ ကျေးလက် ဒေသတွင် လူနေထူထပ်ပြီး မြို့ပြလူနေထိုင်မှုမှာ (၁၇.၀ ရာခိုင်နှုံး) သာရှိသည်။ ရခိုင်ပြည်နယ်ထဲတွင် အသက် ၁၅ နှစ်မှ အသက် ၃၄ နှစ်အထိ လူငယ်အရေအတွက်မှာ ၆၆၅ ၂၉၇ ဦးရှိကာ မြို့ပြများတွင် ၁၂၁ ၆၁၇ ဦးနှင့် ကျေးလက်ဒေသတွင် ၅၄၃ ၆၈၀ ဦး နေထိုင်ကြသည်။ ထိုဖော်ပြချက်အရ လူငယ်အရေအတွက်သည် ပြည်နယ်လူဦးရေစုစုပေါင်း၏ မနည်းလှသော အရေအတွက်ဟုဆိုနိုင်သည်။ သို့သော် ထိုမျှလောက်သော ရခိုင်လူငယ်များထဲတွင် ပြည်နယ်၊ လူမျိုးနှင့်ပြည်ထောင်စုနိုင်ငံတော်အတွက် သားကောင်းရတနာများပါဝင်ခြင်းရှိ၊မရှိဆိုသည်က တော့ စဉ်းစားစရာပင်ဖြစ်၏။

            လက်တွေ့မြေပြင်အနေအထားတွင် ရခိုင်လူငယ်အများစုသည် လူမှုပတ်ဝန်းကျင်၏ အခြေခံလိုအပ်ချက်ကဏ္ဍအသီးသီး၌ ပါဝင်ပတ်သက်ခြင်းမရှိသောလူငယ်များသာဖြစ်၏။ အရွယ်ရောက်လာသော ရခိုင်လူငယ်အများစုသည် အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းနှင့် စတင်ကြုံတွေ့ရသည်။ အလုပ်အကိုင်ရှားပါးခြင်း သည် ထူးချွန်တိုးတက်လိုသော ရခိုင်လူငယ်များကို ရခိုင်ပြည်နယ်ထဲမှ ထွက်ခွာသွားစေသော အကြောင်းအရင်းဖြစ်သကဲ့သို့ အများ စုကိုမူ လေလွင့်ခြင်းသို့ရောက်ရှိသွားစေသောအကြောင်းအရာ လည်းဖြစ်၏။

 

(လေး)

            လတ်တလောတွင် အစိုးရမှထုတ်ပြန်လိုက်သော သတင်းအချက်အလက်များအရ ရခိုင်ပြည်နယ်၏ မူးယစ်ဆေးဝါးကဏ္ဍသည် ကြောက်မက်ဖွယ်အဆင့်တွင်ရှိနေ၏။ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ တန်ဖိုးငွေကျပ်သိန်းပေါင်း - ၁၈၃ ၆၉၂၅. ၉၃၄ ရှိသော မူးယစ်ဆေးဝါးမျိုးစုံ ကို ဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြ၏။  မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အမှုပေါင်း (၆၃၁) နှင့် တရား ခံပေါင်း (၁၀၁၁ ဦး ) ရှိကြောင်းဖော်ပြသည်။ ထိုထုတ်ပြန်ချက်ထဲတွင် ပိုင်ရှင်မဲ့ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအကျုံးဝင်၊ မဝင်ကိုမူမသိရချေ။ သို့သော် ထိုမျှလောက်အရေအတွက်သည်ပင် အလွန်စိုးရိမ်စရာကောင်းသော အရေအတွက်ဟုဆိုနိုင်၏။ ရခိုင်ပြည်နယ်ထဲတွင် ဝိသမလောဘသားတို့၏ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု ကျယ်ပြန့် လာသည်နှင့်အမျှ မူးယစ်ဆေးဝါး၏ သားကောင်များဖြစ်နေကြရသော ရခိုင်လူငယ်များအတွက် ရင်နာစရာ ပင်ကောင်းလှ၏။

            ၁၉၇၄ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ (၇) နှစ်တာကာလအတွင်းတွင် ရခိုင်ပြည်နယ်၌ မူးယစ်ထုံထိုင်း ဘေးဖြစ်အမှုပေါင်း (၃၇၆) မှု ရှိခဲ့ကြောင်း မှတ်တမ်းများမှဖော်ပြ၏။ လက်ရှိအချိန်တွင် အစိုးရမှထုတ်ပြန်ထားသော စာရင်းဇယားများအရ မူးယစ်ဆေးအမှုပေါင်း နှစ်ဆခန့်မျှတိုးပွားလာကြောင်းတွေ့ရှိနိုင်သည်။ ထိုသို့ မကောင်းမှု ဒုစရိုက်ဘက်တွင်အရေအတွက် ကိန်းဂဏန်းတိုးပွားလာခြင်းမှာ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးတို့အတွက် ရတက်မအေးစရာသာ ဖြစ်၏။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ရခိုင်လူငယ်မျိုးဆက် သစ် (RYNG) မှ ကောက်ယူခဲ့သော စာရင်းဇယားများအရ စစ်တွေမြို့ပေါ်ရှိလူပေါင်း (၁၆၆၉) ဦးထဲတွင် အသက် ၁၅ နှစ်မှ ၁၈ နှစ် အတွင်း အရက်သောက်သုံးသူ၂၇ ရာခိုင်နှုန်း၊ ၁၉ နှစ်မှ ၃၅ နှစ်အထိအတွင်းတွင် ၄၃ ရာခိုင်နှုန်း ရှိကြောင်းဖော်ပြထား၏။ ဆေးလိပ်သောက်သုံးသူရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်းတွင် ၃၅ ရာခိုင်နှုန်းနှင့် ၁၉ မှ ၃၅ နှစ်အတွင်းတွင် ၄၄ ရာခိုင်နှုန်း ဖြစ်၏။ တားမြစ်ဆေးသုံးစွဲမှုကိုဖော်ပြရာတွင် ၁၅ နှစ်မှ ၁၈ နှစ်အထိတွင် ၃ ရာခိုင်နှုန်းခန့်မျှနှင့်  ၁၉ မှ ၃၅ နှစ်အထိတွင် ၄ ရာခိုင်နှုန်းခန့်မျှသာ ဖော်ပြထားသည်။

 

(ငါး)

            ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးတားဆီးနိုမ်နှင်းရေးအ ဖွဲ့ (UNODC) ၏ မှတ်တမ်းများထဲတွင် အာဖဂန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိန်းအစိုက်ပျိုးဆုံးနိုင်ငံ ဟုဖော်ပြသည်။ ထူး ဆန်းနေသည်မှာ ဘိန်းအပါအဝင် တခြားသောမူးယစ်ဆေးများ စိုက် ပျိုးထုတ်လုပ်ခြင်းမရှိသော်လည်း မူးယစ်ဆေးဝါးအမှုပေါင်းများစွာ ဖြစ်ပွားနေရသော ရခိုင်ပြည်နယ်ပင်ဖြစ်၏။ မည်သည့်နေမှရရှိကာ မည်သို့မည်ပုံသုံးစွဲနေကြမှန်း မသိရသော်လည်း တားမြစ်မူးယစ်ဆေးမျိုးစုံသည် ရခိုင်ပြည်နယ်၏ နေရာအနှံ့တွင်ပျံ့နှံ့နေသည်မှာ သေချာ၏။ ခေါင်းရွက်ဗျတ်ထိုးသည်များကဲ့သို့ ဈေးဗန်းကို ခေါင်းတင်မရောင်းရုံတမယ်မျှ ပေါပေါများများ ရရှိနေသည်မှာလည်း သေချာသည်။ ထိုသို့ အလွယ်တကူပေါများစွာရရှိနေသော မူးယစ် ဆေးဝါးများက လက်တွေ့စမ်းလိုသော အပျံသင်စလူငယ်များအတွက် အဆိုးဝါးဆုံး အဆိပ်အတောက်ပင်ဖြစ်၏။

            ပြည်ထောင်စုထဲမှ လူငယ်များအားလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အနာဂတ်သားကောင်း ရတာနာများပင်ဖြစ်၏။ လူငယ်များကို လူငယ်များ၏စရိုက်လက္ခဏာ များသည် အနာဂတ်နိုင်ငံတော်အပေါ်တွင် ထင်ဟပ်နေသည်ဟုဆိုနိုင်၏။ မိသားစုတစ် စုတွင်လည်းကောင်း၊ လူ့အသိုင်းအဝိုင်းတစ်ခုတွင်လည်းကောင်း၊ ပြည်နယ်တစ်ခု နိုင်ငံတစ်နိုင်ငံတွင်လည်းကောင်း လူငယ်များ၏အခန်းကဏ္ဍသည် အရေးပါသောနေရာ တွင်ရှိသည်။ လူငယ်များကောင်းမွန်လျှင် မနက်ဖြန်သည်လည်း ကောင်းမွန်မည်ပင်ဖြစ်၏။ သို့သော် လက်ရှိရခိုင်ပြည်နယ်ထဲတွင်တော့ ရခိုင်လူငယ်များ၏ အခန်းကဏ္ဍသည် ပြုပြင်မွန်းမံရန် လိုအပ်နေသောအခြအနေပင်ဖြစ်၏။ ဒုစရိုက်မှုနှင့် မူးယစ်ဆေးဝါးများသည် ရခိုင်လူငယ်များ၏အနာဂတ်ကို အချိန်တိုင်းစိန်ခေါ်လျှက်ရှိနေသည်ဟုဆိုပါလျှင်။ ။