- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး ICC ဆိုတာ ဘာလဲ
ရခိုင်ပြည်မြောက်ပိုင်းက မူဆလင်တွေကို အဓမ္မနှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ လေ့လာတင်ပြချက်နဲ့ သဘောထားအမြင်ကို ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ပေးဖို့ ICC တရားသူကြီးတွေက တောင်းခံထားပါတယ်။ ICC ရဲ့ ဥပဒေအရာရှိတစ်ဦးဖြစ်သူ Miss Fatou Besouda က မူဆလင်တွေ အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးသွားတဲ့ကိစ္စနဲ့ ပက်သက်ပြီး ICC မှာ တရားစီရင်ပိုင်ခွင့် ရှိမရှိ အဆုံးအဖြတ်ပေးဖို့ လျှောက်လဲမေးမြန်းခဲ့ပြီးနောက်ပိုင်း တရားရုံးက မြန်မာအစိုးရကို ဆက်သွယ်တောင်းခံခဲ့ခြင်း
19 Jul 2018
- DMG / DNJ
- ဟေမာန်ဦး ရေးသားသည်။
ရခိုင်ပြည်မြောက်ပိုင်းက မူဆလင်တွေကို အဓမ္မနှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ လေ့လာတင်ပြချက်နဲ့ သဘောထားအမြင်ကို ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ပေးဖို့ ICC တရားသူကြီးတွေက တောင်းခံထားပါတယ်။ ICC ရဲ့ ဥပဒေအရာရှိတစ်ဦးဖြစ်သူ Miss Fatou Besouda က မူဆလင်တွေ အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးသွားတဲ့ကိစ္စနဲ့ ပက်သက်ပြီး ICC မှာ တရားစီရင်ပိုင်ခွင့် ရှိမရှိ အဆုံးအဖြတ်ပေးဖို့ လျှောက်လဲမေးမြန်းခဲ့ပြီးနောက်ပိုင်း တရားရုံးက မြန်မာအစိုးရကို ဆက်သွယ်တောင်းခံခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် တုန့်ပြန်စရာ အကြောင်းမရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက RFA သတင်းဌာနကို ဖြေကြားသွားခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ တုံ့ပြန်သည်ဖြစ်စေ၊ မတုံ့ပြန်သည်ဖြစ်စေ ဒီကိစ္စနဲ့ ပက်သက်လို့ ICC မှာ တရားစီရင်ပိုင်ခွင့် ရှိမရှိဆိုတာကို တရားရုံးက အဆုံးအဖြတ်ပေးရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အလျောက် အသေအချာအလေးထားပြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။
ဒီ ICC ပြဿနာဟာ ပြည်တွင်းမှာရော နိုင်ငံတကာ အသိုင်းအဝိုင်းမှာပါ ရခိုင်ပြည်ပဋိပက္ခကို စောင့်ကြည့် လေ့လာနေကြတဲ့ သူတွေအကြား အာရုံစိုက်မှုတွေကို ပိုမြင့်တက်လာစေပါတယ်။ အဲဒါကြောင့် စာရေးသူက ဒီကိစ္စနဲ့ပက်သက်တဲ့ အကြောင်းအရာ အချက်အလက်တစ်ချို့ကို အမေး၊ အဖြေပုံစံနဲ့ လေ့လာမိသလောက် ရေးသားတင်ပြဖို့ တွေးမိပါတယ်။ အမှန်တော့ နိုင်ငံတကာ ဥပဒေတွေ၊ နိုင်ငံတကာတရားရုံး ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေဟာ တော်တော်သိမ်မွေ့နက်နဲပါတယ်။ စာဖတ်သူတွေအနေနဲ့ မေးခွန်းပေါင်းမြောက်များစွာ ရှိနိုင်ပါတယ်။ အဲဒါတွေအားလုံးကို ခြုံငုံမိအောင် စာမျက်နှာ သုံးလေးမျက်နှာနဲ့ ရှင်းလင်းရေးသားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ရခိုင်ပြည်အရေးကိစ္စနဲ့ ICC နဲ့ ဆက်စပ်လို့ အသင့်တော်ဆုံးလို့ စာရေးသူအနေဖြင့် သုံးသပ်မိတဲ့ အကြောင်းအရာ အချက်အလက် (၁၀) ခုကိုပဲ အရိုးရှင်းဆုံးဖြစ်အောင်ကြိုးစားပြီး အဓိကထား ရေးသားလိုက်ပါတယ်။
၁။ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး International Criminal Court (ICC) ဆိုတာ ဘာလဲ။
၁၉၉၈ ခုနှစ်မှာ Rome Statute ကို သဘောတူချမှတ်ခဲ့ပြီး ICC ကို စတင် တည်ထောင်ခဲ့ကြပါတယ်။ တရားရုံးကတော့ နယ်သာလန်နိုင်ငံရဲ့ The Hague မြို့မှာ တည်ရှိပါတယ်။
ဒီကနေ့ အချိန်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၃ နိုင်ငံရှိပြီး ရုံးတော်သို့ အမှုပေါင်း ၂၆ မှု ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားတွေဟာ အဖွ့ဲဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါ။
ICC ဟာ ကုလသမဂ္ဂအဖွဲ့အစည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုတွေ ရှိပါတယ်။ တကယ်လို့ အခြေအနေတစ်ခုဟာ ICC ရဲ့ တရားစီရင်ပိုင်ခွင့်အာဏာအတွင်း မရှိဘူးဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ တစ်ဆင့်လွှဲပေးပြီး တရားစီရင်ခွင့်အာဏာ ကျင့်သုံးနိုင်ပါတယ်။ ဆူဒန်နဲ့ လစ်ဗျားနိုင်ငံကိစ္စတွေမှာ ဒီလိုဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။
နိုင်ငံတကာ တရားရုံးဖြစ်တဲ့ International Court of Justice (ICJ) နဲ့ မရောထွေးဖို့လည်း ထည့်ပြောချင်ပါ တယ်။ ICJ က ကုလသမဂ္ဂ တရားရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်ပါတယ်။ The Hague မြို့မှာ တည်ရှိတာပါပဲ။ ကမ္ဘာ့နိုင်ငံတွေအကြားမှာ ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ အခန်းကဏ္ဍကို ထမ်းရွက်ပါတယ်။ ICC နဲ့ ICJ တရားစီရင်ခွင့်အာဏာတွေ ကွဲပြားပါတယ်။
၂။ ICC ကို ဘာရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာလဲ။
တရားရုံးရဲ့ ရည်ရွယ်ချက်ကတော့ ရာဇဝတ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်ခြင်း ပပျောက်အောင်၊ ရာဇဝတ်မှုကျူးလွန်သူတွေအနေနဲ့ အဲဒီကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံယူမှုရှိအောင်နဲ့ ဒီလိုရာဇဝတ်မှုမျိုးတွေ နောက်ဆက်မဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေ တွေ့ရပါတယ်။
၃။ ဘယ်လိုရာဇဝတ်မှုမျိုးတွေအတွက် တရားစီရင်ပိုင်ခွင့်အာဏာရှိသလဲ။
Rome Statute လို့ခေါ်တဲ့ တရားရုံးကို တည်ထောင်တဲ့စာချုပ်အရ ရာဇဝတ်မှုအမျိုးအစားပေါင်း လေးမျိုးအတွက် တရားစီရင်ပိုင်ခွင့် အာဏာတွေ ရှိပါတယ်။ အဲဒါတွေကတော့ -
၁) Genocide (လူမျိုးတုန်းသတ်ဖြတ်မှု)
၂)Crimes against Hummanity (လူသားဖြစ်တည်မှုအပေါ် ကျူးလွန်းသည့် ရာဇဝတ်မှုများ)
၃) War crimes (စစ်ရာဇဝတ်မှုများ)
၄) Crime of aggression (အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံတစ်နိုင်ငံအပေါ် ကျူးကျော်ရန်စခြင်း)တို့ ဖြစ်ပါတယ်။
ဒီရာဇဝတ်မှု အမျိုးအစားတစ်ခုချင်းစီရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို Rome Statute ထဲမှာ ဖွင့်ဆိုထားပါတယ်။ ဥပမာအားဖြင့် နံပတ် (၂) ရာဇဝတ်မှု အမျိုးအစားမှာဆိုရင် ကျူးလွန်တဲ့ ပုံစံမျိုးပေါင်း ၁၅ ခုတောင် ဖွင့်ဆိုထားပါတယ်။ ပြည်သူလူထုတွေကို အစုလိုက်အပြုံလိုက် သူတို့နေထိုင်တဲ့ နေရာဒေသကနေ အဓမ္မနှင်ထုတ်ခြင်း၊ ကျေးကျွန်အဖြစ် သွတ်သွင်းခြင်း စတာတွေ ပါဝင်ပါတယ်။
အခုလက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စ ရုံးတော်သို့ ရောက်သွားတာဟာ နံပတ် ၂ ရာဇဝတ်မှု အမျိုးအစားအောက်မှာ အကျူံးဝင်ပါတယ်။ အစုလိုက်အပြုံလိုက် အဓမ္မနှင်ထုတ်မှု (Deportation) စွပ်စွဲချက်နဲ့ ဖြစ်ပါတယ်။
၄။ အစုလိုက် အပြုံလိုက် နှင်ထုတ်မှုဆိုတာ ဘာလဲ။
နိုင်ငံတကာဥပဒေတွေနဲ့အညီ မဟုတ်ဘဲ လူအုပ်စုတစ်စုကို သူတို့ဥပဒေအရ တရားဝင်နေထိုင်ရာ ဒေ ကနေ အင်အားသုံးပြီး အဓမ္မမောင်းထုတ်ခြင်းလို့ Rome Statute မှာ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
၅။ ICC ရဲ့ တရားစီရင်ပိုင်ခွင့်အာဏာဟာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနိုင်သလဲ။
ICC ရဲ့ တရားစီရင်ပိုင်ခွင့် အခြေအနေ သုံးရပ်ရှိပါတယ်။
က) Rome Statute အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်းမှာ ICC ရဲ့ စီရင်ပိုင်ခွင့်အာဏာ အကျူံးဝင်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံသားတွေ ကျူးလွန်တဲ့ရာဇဝတ်မှုတွေလည်း ပါဝင်ပါတယ်။
ခ) အဖွဲ့ဝင်မဟုတ်ပေမယ့် ICC ရဲ့ စီရင်ပိုင်ခွင့်အာဏာကို လက်ခံထားတဲ့ နိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်းမှာလည်း အကျူံးဝင်ပါတယ်။
ဂ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ အခြားနိုင်ငံတွေအပေါ် တရားစီရင်ခွင့် ကျင့်သုံးနိုင်ပါ တယ်။
၆။ မြန်မာနိုင်ငံအပေါ် ICC ရဲ့ တရားစီရင်ခွင့်အာဏာ သက်ရောက်မှုရှိသလား။
ဒီမေးခွန်းကို ဖြေကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံက အဖွ့ဲဝင်နိုင်ငံမဟုတ်ပါ။ ICC ရဲ့ တရားစီရင်ပိုင် ခွင့်အာဏာကို လက်ခံသဘောတူထားခြင်းလည်း မရှိပါ။
ဒီနှစ် ဧပြီနဲ့မေလတုန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရခိုင်မြောက်ပိုင်းကိစ္စကို ICC ထံ လွှဲပြောင်း နိုင်ဖို့အတွက် ကြိုးပမ်းခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်မှု မရခဲ့ကြပါဘူး။
ဒီအချက်တွေကို ကြည့်ရင်တော့ ICC ရဲ့ တရားစီရင်ခွင့်အာဏာဟာ မြန်မာနိုင်ငံအပေါ် ရှိမရှိ ရှင်းနေပါတယ်။
၇။ ICC ဟာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်မှာ စီရင်ခွင့်အာဏာရှိပါတယ်။ ထွက်ပြေးသွားတဲ့ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရောက်ရှိနေတာဆိုတော့ ဒီကိစ္စမှာ ICC ရဲ့ တရားစီရင်ခွင့်အာဏာ သက်ရောက်မှုရှိနေတယ်လို့ မဆိုနိုင်ဘူးလား။
ဘင်္ဂါလီတွေ အဓမ္မနှင်ထုတ် ပြောင်းရွှေ့ခံရမှု စွပ်စွဲချက်နဲ့ပက်သက်ပြီး တရားရုံးရဲ့ စီရင်ပိုင်ခွင့်အာဏာ ကျင့်သုံးခွင့်ရှိမရှိ အဆုံးအဖြတ်ပေးဖို့ ICC ရဲ့ ဥပဒေအရာရှိ Miss Fatou Besouda က ဧပြီလမှာ တရားရုံးကို မေးမြန်းလျှောက်ထားခဲ့ပါတယ်။
သူ့ရဲ့လျှောက်လဲမေးမြန်းချက်က အဆိုပါ မေးခွန်းနဲ့ဆက်စပ်တဲ့ ငြင်းခုံချက်အပေါ်မှာ အဓိကအခြေခံပါတယ်။ အဓမ္မနှင်ထုတ်ခြင်း (Deportation) ပြစ်မှုသဘောသဘာဝအရ နိုင်ငံတွေရဲ့ နယ်နိမိတ်ကို ကျော်လွန်ဖြတ်ကူးမှုတွေ ပါဝင်နေတာကြောင့် ICC ရဲ့ တရားစီရင်ခွင့်အာဏာဟာ ယခုစွပ်စွဲထားတဲ့ အမှုအပေါ်မှာ အကျူံးဝင်သက်ရောက်မှု ရှိသင့်တယ်လို့ တင်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ ဥပဒေဆိုင်ရာ သုံးသပ်ချက်နဲ့ ငြင်းခုံမှုတွေ ပေါ်ထွက်လာတာတွေလည်း ရှိနေပါတယ်။
၈။ Miss Fatou Besouda ရဲ့ လျှောက်လဲတင်ပြချက်နဲ့ ပတ်သက်လို့ ဘယ်လိုမြင်လဲ။
သူ့ရဲ့ တင်ပြချက်မှာ အဓိက အားနည်းချက်သုံးချက် တွေ့ရပါတယ်။ ပထမတစ်ချက်က ဘင်္ဂါလီတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးသွားတာဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူအချို့က မောင်းထုတ်တဲ့အတွက်ကြောင့်လို့ စွပ်စွဲထားပါတယ်။ ဒီပဋိပက္ခ မှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ အခြားအင်အားစုတွေနဲ့ အကြောင်းခြင်းရာအားလုံးကို သူမအနေနဲ့ ထည့်သွင်းစဉ်းစားထားခြင်း မရှိပါဘူး။ အုပ်စုတစ်ခုရဲ့ လုပ်ဆောင်ချက်ကြောင့်သက်သက်ပဲ ယခုလို ထွက်ပြေးတိမ်းရှောင်မှုတွေဖြစ်ရတာလို့ စွပ်စွဲရင် အဲဒီသုံးသပ်ချက်ဟာ ပြည့်စုံလုံလောက်မှု မရှိပါဘူး။
ဒုတိယအချက်က ရခိုင်ပြည်ကနေထွက်ပြေးသွားတဲ့ ဘင်္ဂါလီ ၆၇၀၀၀၀ ကျော်ဟာ မြန်မာနိုင်ငံအတွင်းမှာ ဥပဒေအရ တရားဝင်နေထိုင်လျှက်ရှိသူတွေဆိုပြီး ဖော်ပြထားတာတွေ့ပါတယ်။ အဓမ္မနှင်ထုတ်ခြင်းပြစ်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်အရ နှင်ထုတ်ခံရတဲ့သူတွေဟာ သူတို့နေထိုင်ရာဒေသမှာ ဥပဒေအရ တရားဝင်နေထိုင်သူ တွေဖြစ်ရမယ်လို့ဆိုပါတယ်။ ယခုထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေအားလုံးဟာ အမှန်တကယ် ဥပဒေအရ တရားဝင်နေထိုင်သူတွေ ဖြစ်သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
တတိယအချက်အနေနဲ့ ပြောချင်တာက အဆိုပါ အဓမ္မနှင်ထုတ်မှုဖြစ်တယ်ဆိုပါအုံးတော့ ဒီလိုအဓမ္မနှင် ထုတ်မှုဟာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ စဖြစ်တာပါ။ ပြီးတော့မှ တစ်ဖက်နိုင်ငံကို ပြောင်းရွှေ့ထွက်ပြေးသွားကြရတာပါ။ အဲဒါကြောင့်မို့ အခင်းစဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ဟာ ICC ရဲ့ တရားစီရင်ခွင့် အာဏာအတွင်းမှာ ရှိမနေပါဘူး။
၉။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ရလဒ်က ဘယ်လိုဖြစ်လာနိုင်ခြေရှိသလဲ။
နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ICC ရဲ့ တရားစီရင်ပိုင်ခွင့် ရရှိနိုင်ရေးအတွက် တွန်းအားပေးနေကြတာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ICC အနေနဲ့ အဆိုပါကိစ္စအတွက် တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်နိုင်ဖို့ ဥပဒေဆိုင်ရာ အခွင့်အလမ်း အတော်လေးနည်းတယ်လို့ သုံးသပ်မိပါတယ်။
၁၀။ နောက်ဆုံးအနေနဲ့ ဘာများထပ် ပြောချင်သေးလဲ။
Miss Fatou Besouda ရဲ့ ဥပဒေအရာရှိ တစ်ယောက်အနေနဲ့ တရားရုံးရဲ့ ရည်ရွယ်ချက်နဲ့အညီ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါပဲ။ ဒါပေမဲ့ သူမရဲ့ကြိုးပမ်းအားထုတ်မှုဟာ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခနဲ့ ဆက်နွယ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဒီထက်မက အာရုံစိုက်ပြီး မြန်မာအစိုးရအပေါ်မှာ ပိုပြီးဖိအားများလာအောင် ကြိုးစားတဲ့ဆောင်ရွက်မှုတစ်ခုထက်ပိုပြီး ဖြစ်လာနိုင်ခြေ အခွင့်အလမ်း အရမ်းနည်းပါတယ်။
တကယ်လို့ တရားရုံးအနေနဲ့ တရားစီရင်ပိုင်ခွင့်အာဏာရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင် နိုင်ငံတကာ ဥပဒေအသိုင်းအဝိုင်းမှာ ဂယက်ရိုက်သွားနိုင်ပြီး ဥပဒေဆိုင်ရာ ငြင်းခံမှုတွေနဲ့ မေးခွန်းထုတ်စရာတွေ အတော်လေးဖြစ်လာမှာ မလွဲမသွေပါပဲ။ ဒီအတွက် မြန်မာအစိုးရအနေနဲ့လည်း ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။
(ဦးဟေမာန်ဦးသည် လူ့အခွင့်အရေး သုတေသီတစ်ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံ Essex တက္ကသိုလ်တွင် Master in Theory and Practice of Human Rights ဘာသာရပ်ကို လေ့လာသင်ယူခဲ့သည်။)
(ဤဆောင်းပါးကို ၂၀၁၈ ခုနှစ် ၊ ဇူလိုင် (၁၅) ရက်နေ့ထုတ် Development News Journal အမှတ် (၈၉) တွင် ဖတ်ရှုနိုင်သည်။)