ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံနဲ့ ပူးတုံခွာတုံ

“ကျမတို့မှာ လူကြီးနှစ်ယောက်တည်းနေကြတာ။ သူများတွေလို ထင်းခုတ်ဝါးခုတ်လည်း မလုပ်နိုင်တော့ သူများဆီက ငွေတိုးချေးယူပြီး ငါးခြောက်ရောင်းနေရတာပါ။ အရင်က အထောက်အပံ့တွေရှိတုန်းကတော့ စားသောက်ရေးဖူလှုံပေမယ့် အခုတော့ တော်တော်လေးကျပ်တည်းနေပါတယ်။” လို့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဦးမစိန်က တုန်ရီလေးလံတဲ့အသံတွေနဲ့ မေလကုန်ပိုင်းက ပြောပါတယ်။

By ကောင်းမြတ်နိုင် (မောင်တော) 31 May 2017

(မေလ ၂၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ နောက်ဆုံနေ့ အခမ်းအနား။ ဓါတ်ပုံ - ကောင်းမြတ်နိုင်(မောင်တော)) 

မေလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် (DMG) ။    ။  “ကျမတို့မှာ လူကြီးနှစ်ယောက်တည်းနေကြတာ။ သူများတွေလို ထင်းခုတ်ဝါးခုတ်လည်း မလုပ်နိုင်တော့ သူများဆီက ငွေတိုးချေးယူပြီး ငါးခြောက်ရောင်းနေရတာပါ။ အရင်က အထောက်အပံ့တွေရှိတုန်းကတော့ စားသောက်ရေးဖူလှုံပေမယ့် အခုတော့ တော်တော်လေးကျပ်တည်းနေပါတယ်။” လို့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဦးမစိန်က တုန်ရီလေးလံတဲ့အသံတွေနဲ့ မေလကုန်ပိုင်းက ပြောပါတယ်။

မိုးဦးလေမုန်တိုင်း ဆိုင်ကလုန်းမိုရာရဲ့လေပြင်းတိုက်ခတ်မှုတွေကြားမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတောင်ကျေးရွာက စစ်ဘေးရှောင်ဒုက္ခသည်သက်ကြီးရွယ်အိုနှစ်ဦးကတော့ မငြိမ်းချမ်းသေးတဲ့ ပြည်တွင်းစစ်ဒဏ်ကို သဘာဝဘေးဒဏ်တွေနဲ့အတူ ရင်ဆိုင်ခံစားနေကြရပါတယ်။ နှစ်ပေါင်း ၂၀ ကျော် တိုက်ပွဲတွေ၊ သေနတ်သံတွေတိတ်ဆိတ်နေခဲ့တဲ့ ရခိုင်ပြည်မှာ လူ့အခွင့်အရေးဆုံးရှုံးမှုတွေ၊ အခွင့်အရေးတန်းတူ မရမှုတွေကြောင့် လက်နက်ကိုင်တော်လှန်မှုတွေ တကျော့ပြန်လည်နှိုးထလာခဲ့တဲ့ ရက္ခိုင့်တပ်မတာ်(AA)နဲ့ မြန်မာတပ်မတော်တို့ရဲ့ ၂၀၁၅ နောက်ပိုင်း တိုက်ပွဲတွေကြောင်း ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့၊ ကျောက်တော်မြို့နယ်တွေမှာ စစ်ဘေးရှောင်စခန်းတွေ ပေါ်ပေါက်လာခဲ့ရပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုနဲ့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ရသေ့တောင်ဒေသခံ ရခိုင်လူငယ်တစ်ဦးဖြစ်တဲ့ ကိုကျော်မင်းခိုင်ကတော့ "တိုက်ပွဲတွေဖြစ်စတုန်းကတော့ ဒေသခံ CSOs (အရပ်ဖက်အဖွဲ့အစည်း) တွေ၊ အစိုးရအဖွဲ့တွေ၊ ရခိုင်ပါတီတွေက လာရောက်ကြည့်ရှူကူညီပေးကမ်းမှုတွေ ရှိခဲ့ပေမယ့် ခုတော့ စား၊ ဝတ်၊ နေ၊ ရေးတွေ အဆင်မပြေကြတော့ပါဘူး။ ခုလုပ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကတော့ ဒေသခံပြည်သူတွေကို ဘာတွေ ပြောင်းလဲပေးနိုင်မလဲဆိုတာကတော့ စောင့်ကြည့် နေဆဲပေမယ့် တအားကြီးတော့ မမျှော်လင့်ကြပါဘူး။" လို့ ဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးဟာ မေလ ၂၉ ရက်နေ့မှာ ခြောက်ရက်ကြာကျင်းပပြီးသွားခဲ့ပေမယ့် မေလ ၃၀ ရက်နေ့မှာတော့ ရခိုင်ပြည်မြောက်ပိုင်းဟာ မိုရာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်နဲ့အတူ ပြည်တွင်းစစ်ဒဏ်တွေ၊ ဒေသတွင်းမငြိမ်းချမ်းမှုတွေကို ဒေသခံပြည်သူတွေ အလူးအလဲခံစားနေကြရပါတယ်။

"နှစ်ပေါင်း (၇၀)လောက် ကြာရှည်ခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်အဆိုးသံသရာမှာ ကျွန်မတို့နိုင်ငံရဲ့တည်ငြိမ်မှု၊ အေးချမ်းမှု၊ တိုးတက်မှုတွေကို စတေးခဲ့ရပါတယ်။ တဆက်တည်းမှာပဲ ကျွန်မတို့တိုင်းရင်းသားပြည်သူတွေ၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လူမှုစီးပွားနဲ့ စိတ်ဓါတ်အညွန့်ကျိုးခဲ့ရုံသာမက ကျွန်မတို့နိုင်ငံရဲ့အနာဂတ်ကိုပါ တဖြည်းဖြည်းချင်းပျက်သုဉ်းစေခဲ့ရပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခထောင်ချောက်က ဒီကနေ့အချိန်အထိ မလွတ်မြောက်နိုင်သေးတဲ့ ကျွန်မတို့နိုင်ငံဟာ ကျန်တဲ့နိုင်ငံတွေနဲ့အလှမ်းမကွာရအောင် မနည်းအားထုတ် ကြိုးပမ်းနေရတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီကနေ့ညီလာခံကြီးကတော့ ကျွန်မတို့ပြည်သူတွေရဲ့ ခေတ်အဆက်ဆက်မျှော်လင့်ချက်တွေအတွက် အလင်းရောင်လေးတစ်စအဖြစ် ထွက်ပေါ်လာခဲ့ပါပြီ။ ဒီအလင်းရောင် မှိန်ပျပျလေးထွက်ပေါ်လာဖို့ ကျွန်မတို့ပြည်သူတွေ နှစ်ပေါင်း (၇၀) နီးပါး စောင့်ဆိုင်းခဲ့ရတာပါ။" လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကိုအဆုံးသတ်ဖို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး နွေးထွေးတဲ့မိသားစု သိုက်မြုံကြီးကို ပြန်လည်တည်ဆောင်ပြုပြင်ကြဖို့ အားလုံးဝိုင်းဝန်ကြိုးစားနေကြပေမယ့် ၂၁ ရာစု ပင်လုံ ညီလာခံမှာတော့ အဆင်မပြေ၊ ညှိနှိုင်းမရတာလေးတွေကတော့ ရှိနေပါသေးတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်၊ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ "ကျွန်တော်တို့ အများကြီးမျှော်လင့်တယ်။ ကျွန်တော်တို့ အရင်လည်း ပြောပါတယ်။ ၂၁ ရာစု ပင်လုံသည် ၂၀ ရာစုပင်လုံကို နင်းချေတာမျိုး မဖြစ်ဖို့။ ၂၀ ရာစုပင်လုံရဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ပေးတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံဖြစ်ဖို့ နှစ်ပေါင်း ၇၀ ဆိုတဲ့ နောင်တတွေ၊ သင်္ခန်းစာတွေကို ချုပ်ငြိမ်းအဆုံးသတ်ဖို့လိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခဆိုတာ သေးသေးကြီးကြီး လူမျိုးနွယ်စုတစ်ခုရဲ့ မကျေနပ်မှု၊ တော်လှန်မှုဆိုတာက အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ မျိုးနွယ်စု၊ Generation By Generation သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ နှစ်ပေါင်း ၇၀ ကျော်ရှိပြီ ပြည်ထောင်စု နောင်တမရသေးဘူးလား။ " လို့ ဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးရဲ့ ထူးခြားချက်တစ်ခုကတော့ မြန်မာ့တပ်မတော်ဖက်က ခါးခါးသီးသီးငြင်းနေတဲ့ လုံးဝလက်မခံချင်တဲ့ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာနိုင်ငံအမှန်တရားနှင့် မျှတမှုအမျိုးသားပါတီ (MNSTP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အပါအဝင် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ တက်ရောက်လာခဲ့ တာဖြစ်ပါတယ်။

ခုကျင်းပပြီးစီးသွားခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်း အဝေးကို ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council: UNFC) မတက်ရောက်လာခဲ့ပေမယ့် မြောက်ပိုင်း ၇ ဖွဲ့ တက်ရောက်လာခဲ့တာဟာ မြန်မာတပ်မတော်ရဲ့ ငြိမ်းချမ်းရေးလိုလားမှု၊ ညီအစ်ကိုစိတ်ဓါတ်ရှိမှု၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု ဖြစ်သလို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သံတမန်ရေးရာကျွမ်းကျင်မှုတွေကြောင့် တရုတ်က ကြားဝင်စေ့စပ်ကူညီပေးတာလို့လည်း ဆိုရမှာဖြစ်ပါတယ်။

"အခု ဒီကိုရောက်ရှိလာတာက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲနိုင်ဖို့  ကျွန်တော်တို့ဖက်က ယုံယုံကြည်ကြည်နဲ့ စတင်ပြီးတော့ ခြေလှမ်းလှမ်းတယ်လို့ပြောရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲလုပ်နေတဲ့ တပြိုင်နက်တည်းမှာ မြေပြင်မှာလည်း ထိုးစစ်တွေရုပ်သိမ်းဖို့လို့ပါတယ်။" လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အတွင်းရေးမှူး တာပန်လှက မီဒီယာတွေကို ပြောခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ မြောက်ပိုင်း ၇ ဖွဲ့ဟာ တရုတ်နိုင်ငံ ကူမင်းမှတဆင့် နေပြည်တော်သို့ မေလ ၂၃ ရက်နေ့လာရောက်ရှိလာခဲ့ကြပြီး  မေလ ၂၄ ရက်နေ့မှာ ညီလာခံဖွင့်ပွဲလာတက်ခဲ့ကြကာ မေလ ၂၆ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးချက်တွေကို နှစ်ဖက်စလုံးက အသေးစိတ်ထုတ်ပြန်ပေးတာမရှိပေမယ့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကျောက်ကော့အန်က "ကျွန်တော်တို့ ဘာမှမဆွေးနွေးဘူး။ အဓိက တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးအောင် တွေ့ဆုံတာပါ။ ဒါပေမဲ့ သူပြောတဲ့ NCA နဲ့ ကျွန်တော်တို့ပြန်ပြင်ထားတဲ့ဟာနဲ့ မတူဘူးပေါ့။ ကျွန်တော်တို့က အရင် NCA နဲ့တော့ ထိုးမှာမဟုတ်ဘူး။ ကျွန်တော်တို့ ပြန်ပြင်ဆင်မှပဲထိုးမယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံအပြီးမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ နာယက ကတော့ "မြောက်ပိုင်းထဲမှာလည်း မတူတာတွေက NCA မှာပါဖူးတဲ့ ဟာတွေရှိတယ်။ လုံးဝမပါဖူးတာတွေက ၅ ဖွဲ့၊ ၅ဖွဲ့ထဲမှာက NCA ထိုးမယ့်အခင်းအကျင်းတွေမှာ NCA ထိုးဖို့ ဖိတ်ကြားခံရတာက လေးဖွဲ့။ အများအားဖြင့် ဟိုသုံးဖွဲ့ (AA, TNLA, MNDAA) ကတော့ တခါမှဖိတ်ကြားမခံရဘူး။ ဒီတစ်ခေါက်ကတော့ NCA ထိုးဖို့အတွက် အခြေအနေလာကြည့်ဖို့ ဖိတ်ကြားတာဖြစ်မယ်။ NCA နဲ့ပတ်သက်ရာပတ်သက်ကြောင်း ဖြစ်လာရင်တော့ သူတို့ကပြန်ပြီးတော့ စဉ်းစားနိုင်အောင်ဖြစ်မှာပါ" လို့ မြောက်ပိုင်း ၇ ဖွဲ့ တက်ရောက်လာတဲ့အပေါ် သုံးသပ်ပြောဆိုပါတယ်။

"UNFC အနေနဲ့ကတော့ NCA မှာ မကျေလည်သေးတဲ့အချက်တွေကို သီးခြားအဆိုပြုချက်အနေနဲ့ တင်ပြဆွေးနွေးနေတယ်။ ဒါကိုလက်ခံသဘောတူရင် NCA နဲ့ ချိတ်ဆက်နိုင်မယ့် လမ်းကြောင်းရှာမယ်။ ငြိမ်ချမ်းရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်များနဲ့ပတ်သက်လို့ အပြန်အလှန်ကတိကဝတ်ပြုချက် (Deed of Commitment) လက်မှတ်ထိုးမယ်။ နောက် NCA ရေးထိုးမယ့်အဆင့်ကိုသွားပါမယ်။ တဖက်မှာလည်း မြောက်ပိုင်းမဟာမိတ်တွေက NCA ပြင်ဆင်ရေးလမ်းကြောင်းပေါ်ရောက်လာရင်တော့ သူတို့နဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး အတူတကွနည်းနာရှာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကံသေကံမတော့ ပြောလို့မရသေးပါဘူး။" လို့ UNFC အဖွဲ့ဝင် ရခိုင်ပြည်တပ်မတော် (Arakan Army) စစ်ဦးစီးချုပ်လည်းဖြစ်၊ ရခိုင်ပြည်အမျိုးသားကောင်းစီ (ANC) တွင် CEC နှင့် DPN အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးကြီးမင်းထွန်းက UNFC ရဲ့ NCA လက်မှတ်ထိုးမယ့်သဘောထားနဲ့ မြောက်ပိုင်းမဟာမိတ်တွေအပေါ်ထားတဲ့ သဘေားထားမှတ်ချက်တွေကို သုံးသပ်ပြောပါတယ်။ 

မြောက်ပိုင်း ၇ ဖွဲ့ဟာ NCA ကို လက်မခံဘူးဆိုပေမယ့် NCA နဲ့ ၇၀ ရာခိုင်နှုန်းနီးပါးတူညီတယ်လို့ဆိုတဲ့ သူတို့ရဲ့ သဘောထားစုစည်းချက်စာတမ်းတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ သတင်းမီဒီယာတွေကို ဖြန့်ဝေပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာတပ်မတော်နဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြတာတွေမရှိပေမယ့် ရက္ခိုင့်တပ်မတော် (AA) ကိုယ်စားတက်ရောက်လာတဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်နဲ့ မြန်မာ့တပ်မတော်ဖက်က ဗိုလ်မှူးကြီးအဆင့်အရာရှိတချို့နဲ့ အလွတ်သဘောတွေ့ဆုံခဲ့ကြတယ်လို့လည်း သိရပါတယ်။ 

“ငြိမ်းချမ်းရေးကတော့ မသေချာသေးဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးအပြည့်အဝ မခံစားရသေးတော့။ ကျေးလက်ပြည်သူတွေက မြေယာပြဿနာတွေကို ခံစားနေရတယ်။ သူတို့ အေးအေးဆေးဆေး မနေရသေးဘူး။" လို့  အပစ်ရပ်လက်မှတ်ထိုးထားတဲ့ KNU တပ်မဟာ (၄) နယ်မြေ၊ ကျေးဇူးတော်ရွာအုပ်ချုပ်ရေးမှူး  စောချစ်ဝင်းထူးက လက်တွေ့ကြုံတွေ့နေရတဲ့ ငြိမ်းချမ်းရေးနောက်ဆက်တွဲ အကျိုးဆက်တွေကို ပြောပြပါတယ်။

နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ဝိုင်းဝန်းကြိုးစားနေကြပေမယ့် အားလုံးမပါဝင်သေးခင် မှာတော့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေ၊ မြေယာသိမ်းဆည်းမှုတွေ၊ မတရားအသင်းဆက်သွယ်မှုတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရမှုတွေအပါအဝင် ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ပြည်သူအားလုံးရင်ဆိုင်ဖြေရှင်းရမယ့်ကိစ္စတွေ အများအပြားရှိနေပေမယ့် အဲဒီပြဿနာအခက်အခဲတွေကို အားလုံးဝိုင်းဝန်းရင်ဆိုင်ဖြေရှင်းကြဖို့အတွက် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမှာတော့ အဆိုပြုချက် ၄၅ ချက်ထဲက ၃၇ ချက်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

"ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်သွင်းခဲ့တဲ့ စာတမ်း ၇၂ စောင်ကို လေ့လာတဲ့အခါမှာ အချို့တိုင်းရင်းသားအဖွဲ့များရဲ့ ဆွေးနွေးချက်၊ တင်ပြချက်၊ လုပ်ဆောင်ချက်နဲ့ အခြေခံအယူအဆတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်ကိုကျော်လွန်ပြီး အလွန်အကျွံတောင်းဆိုမှုတွေ ဖြစ်နေတာကိုလည်း သတိပြုမိခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ချက်မျိုးတွေဟာ ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်ကြီးမားစွာထားရှိနေတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေခြင်းသာဖြစ်ပါတယ်။" လို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး နှုတ်ခွန်းဆက်အမှာစကားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ် ပြီးမြောက်အောင်မြင်ဖို့အတွက် အားလုံးပါဝင်ရေးနဲ့ အားလုံးပူးပေါင်း ဆောင်ရွက်ရေးကို အစဉ်တစိုက် လူတိုင်းကပြောနေကြပေမယ့် တကယ့်လက်တွေနယ်ပယ်မှာတော့ အသိအမှတ်မပြုမှုတွေ၊ လက်မခံမှုတွေ၊ မယုံကြည်မှုတွေက ကြီးစိုးဟန့်တားမှုတွေဖြစ်နေတာကတော့ ညီလာခံအစည်းအဝေးနှစ်ကြိမ်စလုံးမှာ အားလုံးမပါဝင်နိုင်တာက သက်သေပြနေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကိုတော့ မေလ ၂၄ ရက်နေ့မှ ၂၉  ရက်နေ့ထိ တရက်တိုးကာ ခြောက်ရက်ကြာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (Myanmar International Convenction Center_MICC 2) တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးကဏ္ဍခေါင်းစဉ် (၇) ချက်၊ မူဝါဒအဆိုပြု (၂၀) ချက်၊ မူဝါဒသဘောတူ (၁၂) ချက်၊ စီးပွားရေးကဏ္ဍခေါင်းစဉ်/အချက် (၈) ချက်၊ မူဝါဒအဆိုပြု (၁၁) ချက်၊ မူဝါဒသဘောတူ (၁၁)ချက်၊ လူမှုရေးကဏ္ဍအချက် ( ၄) ချက်၊ မူဝါဒအဆိုပြု (၄) ချက်၊ မူဝါဒသဘောတူ (၄) ချက်၊ မြေယာကဏ္ဍခေါင်းစဉ်/ အချက် (၆) ချက်၊ မူဝါဒအဆိုပြု (၁၀) ချက်၊ မူဝါဒသဘောတူ (၁၀) ချက်၊ စုစုပေါင်းမူဝါဒသဘောတူညီချက် (၃၇) ချက်တို့ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပေမယ့် "နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ" ဆိုတဲ့အချက်နဲ့ "ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်" ပါဝင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စတဲ့ အချက်တွေကိုတော့ ဆွေးနွေးညှိနှိုင်းတာ အဆင်မပြေခဲ့ကြောင်း သိရပါတယ်။

"ကျွန်မတို့ဘယ်အထိလျှောက်ရဦးမလဲ မသိနိုင်သေးပါဘူး။ နေ့စဉ်နေ့တိုင်း စွန့်စားမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ကျွန်မတို့တွေ ငြိမ်းချမ်းရေးရရှိဖို့ ဘယ်လိုစွန့်စားမှုမျိုးကိုမဆို ကြောက်ပြီးနောက်တွန့်နေလို့မဖြစ်ပါဘူး။ ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်နေမှာမဟုတ်ပါဘူး။ နိုင်ငံတကာတိုးတက်ပြောင်းလဲမှုတွေက ကျွန်မတို့ပြည်ထောင်စုရဲ့မျိုးဆက်သစ်တွေကိုစောင့်ဆိုင်းငဲ့ညှာနေမှာမဟုတ်ပါဘူး။ကျွန်မတို့ဒီကနေ့စိုက်ပျိုးသမျှ နောင်လာနောက်သားတွေ အသီးအပွင့်ခံစားကြရမှာဖြစ်ပါတယ်။ သူတို့တွေရဲ့လက်ထဲမှာ ကျွန်မတို့နိုင်ငံကို ပြည်တွင်းစစ်နဲ့ပဲထားခဲ့ကြမှာလားစဉ်းစားကြဖို့လိုပါတယ်။"လို့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး နောက်ဆုံနေ့မှာ အသိပေး ပြောကြားထားတာကို တွေ့ရပါတယ်။

ပြည်ထောင်စုငြိမ်းရေးအတွက်၂၁ရာစု ပင်လုံကို ပြီးမြောက်အောင်မြင်စေဖို့အတွက် ပါဝင်သင့်ပါဝင်ထိုက်သူတွေ အကုန်လုံးပါဝင်ဖို့လိုအပ်နေသလိုပူးပေါင်းပါဝင်ဆောင်ရွက်နေသူတွေကလည်း ပြည်ထောင်စုစိတ်ဓါတ်၊ သွေးချင်းညီအစ်ကိုမောင်နှမစိတ်ဓါတ်တွေနဲ့ရင်းနှီးပွင့်လင်းစွာမတူညီတာတွေကိုညှိနှိုင်းဖြေရှင်းကြဖို့ လိုအပ်နေပါတယ်။

"ကျွန်မတို့လက်ထက် စွန့်လွှတ်မှု၊ စွန့်စားမှုတွေနဲ့ချလိုက်တဲ့အုတ်မြစ်ပေါ်မှာ နောင်လာမယ့် သား၊ သမီး၊ မြေး၊ မြစ်တွေက ခိုင်မာတင့်တယ်တဲ့ နိုင်ငံကြီးကို ဆက်လက်တည်ဆောက်၊ မွမ်းမံသွားကြနိုင်စေချင်ပါတယ်။ ဒီညီလာခံကြီးထဲကို မရောက်ရှိကြသေးတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း ကျွန်မတို့နဲ့အတူတကွ လက်တွဲပူးပေါင်းပြီး သမိုင်းတွင်ကျန်ခဲ့မဲ့လုပ်ငန်းကြီးမှာပါဝင်ကြဖို့ အလေးအနက်ဖိတ်ခေါ်ပါကြောင်း ပြောကြားလိုပါတယ်။" 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပိတ်ပွဲအခမ်းအနား ကျေးဇူးတင်အမှာစကားထဲမှာ မပါသေးသူတွေပါလာကြဖို့ ဖိတ်ခေါ်ထားသလို အဲဒီလိုအမှန်တကယ်ပါလာဖို့ မြန်မာ့တပ်မတော်ဖက်က သဘောထားကြီးလိုက်လျှော့ပေးဖို့ လိုအပ်ပါတယ်။ တဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကလည်း မိမိတို့ကိုယ်စားပြုလူမျိုးတွေရဲ့ စစ်မှန်တဲ့ပြည်သူ့အသံတွေကိုနားထောင်ပြီး မျက်မှောက်မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တရပ်ဖြစ်တဲ့ ၂၁ ရာစု ပင်လုံမှာ ပူးပေါင်းပါဝင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။

မိုရာဆိုင်ကလုန်းကတော့ ရခိုင်က ထွက်သွားပါပြီ။ ဒါပေမယ့် ဒေါ်မဦးစိန်ကတော့ ရှိသမျှအဟာရနဲ့ သူ့ခန္ဓာကိုယ်ကို နွေးထွေးထားစေမှာပါ။ မုန်တိုင်းအရှိန်ကြောင့် သူတို့ခံစားရတာက တခဏပါ။ အဲဒီမုန်တိုင်းအရှိန်တွေထက် ပြည်တွင်းစစ်မီးအရှိန်ကြောင်း ရခိုင်ပြည်ငြိမ်းချမ်းရေး မရသေးသမျှ၊ ပြည်ထောင်စုကြီးတခုလုံးငြိမ်းချမ်းရေး မရသေးသမျှတော့ သူတို့ဘဝတစ်သက်တာလုံးသာမက မျိုးဆက်တွေပါ ခံစားနေကြရမှာပါ။ သူမကတော့ လက်ရှိခံစားနေရချက်တွေကို မကွယ်မဝှက်ဘဲ ပြောပါတယ်။

"မနက်စာကတော့ အဆင်ပြေသလို စားလိုက်ကြပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ အပျက်အစီး စာရင်းတွေကို လာကောက်သွားပေမယ့် ဘာမှတော့ အကူအညီမပေးသေးပါဘူး။ အပျက်အစီးတွေကိုတော့ ရွာသားတွေက ကိုယ်ထူကိုထ ပြန်လုပ်နေကြပါတယ်။ ဘာတက်နိုင်မှာလဲ အစိုးရက အကူအညီမပေးတော့လည်း ကိုယ်ဟာကို ပြန်လည်တည်ဆောက်ရတာပေါ့။" လို့ လေးတွဲရီဝေစွာ ပြောနေချိန်မှာတော့ မိုးကောင်းကင်ကြီးပေါ်က တိမ်စိုင်တိမ်လိပ်တွေကတော့ လွင့်မျှော်နေကြဆဲပေါ့လေ---။ ။