- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ပြောင်းလဲနေသောစနစ်အောက်မှာ ဘာတွေပြောင်းလဲသွားပြီလဲ
ကျောက်ခေတ်ယဉ်ကျေးမှုမှ အစပြုသော ယနေ့လူသားတို့သည် ခေတ်စနစ်၏ ပြောင်းလဲမှုကိုလိုက်၍ တိုးတက်သော လူ့ယဉ်ကျေးမှု အဖွဲ့အစည်းတစ်ရပ်ဆီသို့ ကူးပြောင်းခဲ့ကြပြီး ဖြစ်သည်။ လူတို့သည် ခေတ်ကိုလိုက်၍ စနစ်ကိုပြောင်းယူခဲ့ကြသည်။ ထို့အတူ စနစ်ကိုပြောင်းယူ၍ ခေတ်ကိုပါ ပြောင်းလဲခဲ့ကြသည်။ ထိုသို့ပြောင်းလဲမှုကြောင့် လူမှုအဆင့်အတန်း ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ယနေ့ကမ္ဘာကြီးသည်လည်း ကမ္ဘာ့ရွာဟုပင် တင်စားရသည်အထိ ဖြစ်လာခဲ့ပေပြီ။ ထို့ကြောင့် လူ့ယဉ်ကျေးမှုတစ်ခုလုံး ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ဖို့ စနစ်သည် အရေးပါသည်။
06 Jul 2018
မောင်တောဒေသသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ပထမဆုံးအကြိမ်လာရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်တွေလေဆိပ်တွင် တွေ့ရစဉ်။
DMG / DNJ
မင်းသက်ခိုင် (စည်တောင်)
ကျောက်ခေတ်ယဉ်ကျေးမှုမှ အစပြုသော ယနေ့လူသားတို့သည် ခေတ်စနစ်၏ ပြောင်းလဲမှုကိုလိုက်၍ တိုးတက်သော လူ့ယဉ်ကျေးမှု အဖွဲ့အစည်းတစ်ရပ်ဆီသို့ ကူးပြောင်းခဲ့ကြပြီး ဖြစ်သည်။ လူတို့သည် ခေတ်ကိုလိုက်၍ စနစ်ကိုပြောင်းယူခဲ့ကြသည်။ ထို့အတူ စနစ်ကိုပြောင်းယူ၍ ခေတ်ကိုပါ ပြောင်းလဲခဲ့ကြသည်။ ထိုသို့ပြောင်းလဲမှုကြောင့် လူမှုအဆင့်အတန်း ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ယနေ့ကမ္ဘာကြီးသည်လည်း ကမ္ဘာ့ရွာဟုပင် တင်စားရသည်အထိ ဖြစ်လာခဲ့ပေပြီ။ ထို့ကြောင့် လူ့ယဉ်ကျေးမှုတစ်ခုလုံး ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ဖို့ စနစ်သည် အရေးပါသည်။
လူတို့သည် ခေတ်စနစ်ပြောင်းလာမှုနှင့်အညီ မိမိတို့ရှင်သန်ရာ ပတ်ဝန်းကျင်ကို အစုအဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်းခဲ့ကြသည်။ ထိုမှတစ်ဆင့် ခေါင်းဆောင်တို့သည် စနစ်ကိုအခြေခံ၍ နိုင်ငံတော်ထူထောင်လာခဲ့ကြသည်။
ထိုခေါင်းဆောင်တို့ချမှတ်သော စနစ်တို့သည် လူ့အဖွဲ့အစည်းတစ်ရပ်နှင့် အံဝင်ခွင်ကျဖြစ်သည်လည်း ရှိမည်။ လွဲချော်မှုများလည်း ရှိနေပေလိမ့်မည်။ ထိုသို့ စနစ်တစ်ခု၏ ကောင်းခြင်း၊ မကောင်းခြင်းအောက်တွင် အကျိုးဆက်အဖြစ်ခံရသည်မှာ လက်အောက်ခံပြည်သူဟုဆိုသည့် လူအဖွဲ့အစည်းတစ်ရပ်ပင် ဖြစ်ပါသည်။
ထို့ကြောင့် လက်အောက်ခံပြည်သူတို့၏ ဘဝလုံခြုံရေးနှင့် အနာဂတ်ဖူလုံရေးသည် အုပ်ချုပ်သူလူတန်းစား ခေါင်းဆောင်များနှင့် ၎င်းတို့ချမှတ်ထားသည့် စနစ်ကို အကောင်အထည်ဖော်ဆောင်မည့် အစိုးရတစ်ရပ်ပေါ်တွင် မှီတည်နေသည်။
လူသားတိုင်းသည် ၎င်းတို့၏ အုပ်ချုပ်သူခေါင်းဆောင်များ ချမှတ်ဖော်ဆောင်ခဲ့သည့် ခေတ်စနစ်ရေစီးကြောင်းတွင် အဆိုးအကောင်း ဒွန်တွဲလျှက် ခေတ်သမိုင်းကို ကျော်ဖြတ်ခဲ့ကြ သည်။ သို့သော် မိမိတို့ ရင်ဆိုင်ဖြတ်သန်းလာခဲ့သော ခေတ်သမိုင်းကို ပြန်ကြည့်လျှင် စနစ်တို့သည်ကား ခါးသီးဖွယ်ရာများကိုသာ မြင်ရပေမည်။ ကာလတစ်ခုကိုဆိုရလျှင် မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်မှစ၍ အင်္ဂလိပ်တို့၏ အုပ်ချုပ်မှုလက်အောက်တွင် သူ့ကျွန်ဖြစ်ခဲ့ရ သည်။ ထိုအထဲတွင် မြန်မာပြည်အောက်ပိုင်းဖြစ်သည့် ရခိုင်နှင့် တနင်္သာရီဒေသသည် နှစ်ပါင်း ၁၀၀ ကျော် ကျရောက်ခဲ့ပြီး အထက်ပိုင်းသည် နှစ်ပေါင်း ၆၀ ကျော်မျှသာ ကျရောက်ခဲ့သည်။ သို့သော် အင်္ဂလိပ်တို့သည် အမျိုးသားရေး မတည်ဆောက်နိုင်ရန် တောင်တန်းနှင့် မြေပြန့်ကို ခွဲခြားအုပ်ချုပ်သည့် စနစ်ကို အကောင်အထည်ဖော်ကာ အုပ်ချုပ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ မိမိတို့သည် ကျွန်စနစ်ဆိုးတစ်ခုကို စည်းလုံးညီညွတ်မှုဟူသော အင်အားတစ်ခုဖြင့် ၁၉၄၈ ခုနှစ်တွင် တွန်းလှန်နိုင်ခဲ့သည်။
သို့သော် မိမိတို့၏ စနစ်ဆိုးမှ လွတ်မြောက်မှုသည်ကား တာရှည်မခံခဲ့ပေ။ မိမိတို့နိုင်ငံ၏ ကိုယ်ပိုင်အချုပ် အခြာအာဏာကို ကိုယ်ပိုင်ဒီမိုကရေစီစနစ်ဖြင့် ကျင့်သုံးခွင့်သည် ၁၉၄၈ မှ ၁၉၆၂ ထိ ၁၄ နှစ်တာ ကာလမျှသာ ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် မြန်မာ့နိုင်ငံရေးစနစ်သည် တစ်ပါစီအာဏာရှင် စနစ်အောက်သို့ ကျရောက်သွားခဲ့သည်။ တစ်ပါတီစနစ်သည် ဗဟိုဦးစီးစနစ်ဖြစ်၍ အာဏာရှင်တို့၏ လက်ဝါးအုပ်ချုပ်ကိုင်မှုတွင် မြန်မာတို့၏ အရည်အသွေးသည် တစ်စတစ်စ ကျဆင်းလာကာ နောက်ဆုံးတွင် စနစ်ကိုဖြိုဖျက်ရန် ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုကြီး ဖြစ်လာခဲ့သည်အထိပင် ဖြစ်သည်။ သို့သော် စစ်တပ်မှအာဏာသိမ်း၍ စစ်ဘက်အုပ်ချုပ်ရေးစနစ်ကို အသက်သွင်းလိုက်သောအခါ ထိုစနစ်အောက်တွင် ရှင်သန်ခဲ့ရသော ပြည်သူတို့သည် မွဲပြာကျဘဝဖြင့်သာ လုံးပါးပါးသွားခဲ့ရလေသည်။
ခြုံ၍ပြောရလျှင် မြန်မာတို့သည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ ဒီမိုကရေစီနှင့် ပါလီမန်စနစ် ကို အရှေ့တောင်အာရှတွင် စောစီးစွာ ကျင့်သုံးခွင့်ရခဲ့သည်။ မြန်မာတို့၏ နိုင်ငံရေးယဉ်ကျေးမှုသည် အခြားနိုင်ငံများထက် ရှေးကျပြီး စီးပွားရေးအရ ရှေ့တန်းမှာ ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာလေဆိပ်ကို ဘန်ကောက်၊ စင်ကာပူ၊ မလေးရှားတို့က အားကျဖူးသည်။ မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသည်။ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျသည်။ သို့သော် မြန်မာတို့သည် စနစ်တစ်ခု၏ သားကောင်ဖြစ်ခဲ့ရမှုကြောင့် လူမှုအဆင့်အတန်းများစွာ နိမ့်ပါးသွားခဲ့ရသည်။ အရှေ့တောင်အာရှတွင် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအောက်မှာ ကျန်ရစ်ခဲ့သည်။ စနစ်တစ်ခုလုံး၏ ဖြတ်သန်းမှုကိုကြည့်လျှင် မိမိတို့ ကျော်ဖြတ်ကြုံတွေ့ခဲ့ရသော စနစ်တို့သည် ကောင်းသောစနစ် မရှိသလောက် နည်းပါးခဲ့သည်ကို တွေ့မြင်နိုင်သကဲ့သို့ တည်ငြိမ်သောနိုင်ငံရေး မရှိခြင်းကြောင့်ဟု ဆိုရပေမည်။ ထိုသို့ နိုင်ငံရေးမတည်ငြိမ်ရခြင်းမှာ မကြာခဏ အစိုးရပြောင်းလဲခြင်း၊ မူဝါဒနည်းစနစ်များ မကြာခဏ ပြောင်းလဲခြင်း၊ ဆူပူအကြမ်းဖက်မှုများနှင့် ဆန္ဒပြမှုများ မကြာခဏဖြစ်ပွားခြင်း၊ အကျင့်ပျက် လာဘ်စားမှုများကို ထိန်းမနိုင်သိမ်းမရ ဖြစ်ခြင်းများကြောင့် ဖြစ်သည်။
သို့သော် မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရအနေဖြင့် ပြည်သူများ သဘောမတူသည့်ကြားမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကာ မြန်မာ့အသွင်ကူးပြောင်းရေး ကာလတစ်ခုကို အကောင်အထည် ဖော်လာခြင်းမှာ အဆိုးထဲက အကောင်းတစ်ခုဟုပင် ဆိုရပေမည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရ တက်လာသောအခါ မဟာဗျူဟာအသစ်ကို ကျင့်သုံးခဲ့သည်။ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်မှုနှင့်အတူ တစ်ဖက်တွင် အားလုံးပါဝင်နိုင်သော လွှတ်တော်နိုင်ငံရေးပုံစံဖြင့် အဓိက အတိုက်အခံဖြစ်သည့် NLD ပါတီကို လွှတ်တော်အတွင်းသို့ ပို့ဆောင်နိုင်ခဲ့သည်။ ပြည်သူများ သဘောမတူသည့် မြစ်ဆုံစီမံကိန်းကိုလည်း ရပ်ဆိုင်းပေးခဲ့သည်။
ထို့ကြောင့် မြန်မာ့အသွင်ကူးပြောင်းမှုသည် နိုင်ငံတကာတွင် မျက်နှာပန်းလှခဲ့သည်။ နိုင်ငံတကာ၏ Section(ပုဒ်မ) များကို ဖြေလျော့နိုင်ခဲ့သည်။ ထို့အတူ ဦးသိန်းစိန်အစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်လာခြင်းသည် အစိုးရ၏ အမျိုးသားရေးတည်ဆောက်မှုတစ်ခုအဖြစ် မြင်တွေ့နိုင်ပေသည်။ သို့သော် အဆိုးထဲက အကောင်းတစ်ခုဟု ဆိုငြားသော်လည်း ယူနီဖောင်းပြောင်းလဲမှုအောက်တွင် သီးပွင့်လာသော ဒီမိုကရေစီအား စနစ်ဆိုးအောက်တွင် ရှင်သန်ခဲ့ရသော မိမိတို့အတွက် သံသယပွားမိသည်မှာ အမှန်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာ့နိုင်ငံရေးစနစ်တစ်ခုလုံး ပြောင်းလဲလာခဲ့မှုကိုကား မည်သူမျှ ငြင်းချက်မထုတ်နိုင်ပေ။
ထိုအချိန်က ဒီမိုကရေစီနှင့် နှစ်ပေါင်း ၆၀ ကျော် ဝေးကွာနေခဲ့သော ပြည်သူတို့၏လိုလားချက်မှာ ဒီမိုကရေစီစနစ်ကို အပြည့်အဝဖော်ဆောင်ပေးမည့် သန့်ရှင်းသောအစိုးရတစ်ရပ်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရကို မျှော်လင့်နေခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမှန်တကယ်လည်း NLD ပါတီ အနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့သည်။
“ ပြောင်းလဲချိန်တန်ပြီ ” ဟူသည့်စကားရပ်ဖြင့် အနိုင်ရလာသော အစိုးရသစ်ကို ပြည်သူတို့ ယုံကြည်စွာ လက်ခံခဲ့ကြသည်။ ပြောင်းလဲမှုကို ဖော်ဆောင်ပေးမည့် စနစ်တစ်ခုကို အားကိုးမျှော်လင့်ခဲ့ကြသည်။ သို့သော် ပြည်သူတို့၏ အားကိုးယုံကြည်မှုဖြင့် တက်လာသော လက်ရှိအစိုးရသစ် လက်ထက်တွင် “ ဘာတွေပြောင်းလဲနေပြီလဲ ” ဟူသည့် အမေးတစ်ရပ်အနေဖြင့် မိမိတို့ ဆန်းစစ်ရန် လိုအပ်ပေမည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ရာတွင် အစိုးရသစ်အနေဖြင့် ထင်သလောက်ခရီးမပေါက်ခဲ့ဟု နိုင်ငံရေး လေ့လာဆန်းစစ်သူများက ဆိုသည်။ ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်ရာတွင် အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ ဥပဒေပြုရေး စသည့် မဏ္ဍိုင်သုံးရပ်သည် ချိန်ခွင်လျှာညီမျှဖို့ လိုသည်။ အုပ်ချုပ်ရေးနယ်ပယ်တွင် ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရကြားတွင် အာဏာခွဲဝေသည့် ကိစ္စရပ်သည် အရေးပါသည်။ အစိုးရသစ်လက်ထက်တွင် ဒေသန္တရအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများသည် ဗဟိုအစိုးရ၏ အမိန့်ကန့်သတ်ချက်များအောက်တွင် အသက်ဝင်မှု အားနည်းသည်။ အာဏာစီးဆင်းမှု ပုံစံခွက်ထဲက ရုန်းထွက်ခွင့် မရခဲ့ပေ။ တရားဥပဒေစိုးမိုးရေးကို အလေးပေးသော အစိုးရလက်ထက်တွင် လူသတ်မှု၊ မုဒိမ်းမှုများစွာ ပေါ်ပေါက်ခဲ့သည်။ ပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ် ဘဝလုံခြုံရေးသည် ကျီးလန့်စာစား အခြေအနေပင် ဖြစ်သည်။ စနစ်တစ်ခုကို ပြောင်းလဲနေသော ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်ခတ်ရပ်စဲရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် တန်းတူညီမျှရေးအတွက် ပင်လုံညီလာခံကို ဖော်ဆောင်ပေးသည့်တိုင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေဆဲ။ အနောက်ဘက်တွင် ရခိုင်ပြည်နယ် အနောက်တံခါး ကျိုးပျက်နေဆဲပင်ဖြစ်သည်။
တစ်ဖက်တွင် မည်သည့်အစိုးရပင်ဖြစ်စေ နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသော အစိုးရတစ်ရပ်ဖြစ်ရန်အတွက် အာဏာရှင်မဆန်ဖို့ လိုသည်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချဖို့လိုသည်။ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ပိုင်းတွင် အနိုင်ရပါတီနှင့် တိုင်းရင်းသားပါတီများအကြားတွင် အပေးယူမျှဖို့ လိုသည်။ အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားပါတီများသည် အတိုက်ခံပါတီအဖြစ်နှင့်သာ ရပ်တည်ကြရသည်။ တိုင်းရင်းသားပါတီများမှ တင်သွင်းသည့် အရေးကြီးအဆိုများကို ကန့်သတ်မှု၊ အဆိုပြုချက်များ အမြဲတစေရှုံးနိမ့်မှုများကို ကြည့်ခြင်းအားဖြင့် အနိုင်ရပါတီ၏ နိုင်ငံရေးအတ္တကို တွေ့မြင်နိုင်သည်။ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် နိုင်ငံရေးအရသည်းခံမှုတို့ လိုအပ်သည်။ အစိုးရသစ်လက်ထက်တွင် ၆၆(ဃ) ဖြင့် တရားစွဲခံရသောအမှုသည် ယခင်အစိုးရလက်ထက်၌ ဖြစ်ပွားခဲ့သောအမှုထက် ပိုများသည်။ ငြိမ်းချမ်းရေးအတွက် စစ်ပွဲများရပ်ဖို့ ဆန္ဒပြသူများ ဖမ်းဆီးတရားစွဲခံရသည်။
ဤသို့ ဆတ်ဆတ်ထိ မခံလိုသော ပုံစံမျိုးသည် အာဏာရှင်ဆန်သည်။ သန့်ရှင်းသော အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့် ပြည်သူများကို ဖုံးကွယ်လှည့်ဖြားမှုမပြုဘဲ လေးစားတန်ဖိုးထားဖို့ လိုသည်။ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် YBS ပြဿနာသည် ယနေ့တိုင် လူပြောများနေဆဲဖြစ်သည်။ စနစ်တစ်ခု အပြောင်းအလဲ ပြုလုပ်ရာတွင် အစိုးရသည် အဂတိတရား ကင်းရှင်းရမည်။ လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ရ မည်။ လုပ်ပိုင်ခွင့်အာဏာအား တစ်လွဲအသုံးချခြင်းကို တားဆီးရမည်။ အစိုးရပင် ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ပင်ဖြစ်စေ ထိုသူများသည် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ကောင်းမွန်သည့်စနစ်တစ်ခုကို ဖော်ဆောင်ပေးမည့်သူများသာလျှင် ဖြစ်သည်။ ထို့ကြောင့် ထိုသူများသည် နိုင်ငံရေးဆန္ဒ ရှိဖို့လိုသည်။ လာဘ်ပေးလာဘ်ယူ ကင်းရှင်းဖို့ လွှတ်တော်အတွင်း အဂတိတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းခဲ့သည့်တိုင် တင်ဒါကိစ္စရပ်များတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်နေမှု၊ နားလှည့်ပါးရိုက်နည်းဖြင့် ကန်ထရိုက်ယူမှုများ ရှိနေဆဲပင် ဖြစ်သည်။ လုပ်ပိုင်ခွင့်အာဏာကို အသုံးချရင်း ကိုယ်ကျိုးကြည့် နိုင်ငံရေးသမားများကို အချိန်မီတားဆီးဖို့ လိုသည်။
မည်သို့ပင်ဆိုစေကာမူ ပြောင်းလဲချိန်တန်ပြီ ဟူသည့် ကြွေးကြော်သံဖြင့် တက်လာသော အစိုးရသစ်သည်ကား စနစ်တစ်ခုကို ပြောင်းလဲရင်း နိုင်ငံတော်ကို တည်ဆောက်နေသည်။ ထိုစနစ်၏ကောင်းခြင်း၊ ဆိုးခြင်းသည်ကား အုပ်ချုပ်ချမှတ်သူ အစိုးရအပေါ်တွင် မူတည်သည်။ သို့သော် စနစ်၏ ဆိုးမွေကောင်းမွေကို စနစ်၏သားကောင်ဖြစ်သည့် ပြည်သူများသာ ခံစားရပေမည်။ ကျန်ရှိနေသေးသော သက်တမ်းကာလတွင် အစိုးရအနေဖြင့် နိုင်ငံတော်ကို မည်သည့်နည်းစနစ်ဖြင့် ပြုပြင်ပြောင်းလဲမည်ကို မသိနိုင်သော်လည်း အစိုးရကိုယုံကြည်သော မိမိတို့ပြည်သူအဖို့ ၎င်းတို့ချမှတ်သော ခေတ်ပြောင်းစနစ်ခုကိုတော့ မလွဲမသွေ ဖြတ်သန်းသွားရဦးမည်ပင် ဖြစ်ပါတော့သည်။
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင်ထွက်ရှိသော Development News Journal ၏ အမှတ် (၈၈) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)