ဘင်္ဂါလီအရွေ့၊ နေရပ်ပြန်ပို့ခြင်းနှင့် ပစ္ဆိမဒေသဖွံ့ဖြိုးရေး

သို့အတွက် လက်ရှိအချိန်သည် “ ရခိုင်ပြည်အေးချမ်းဖို့ ပစ္ဆိမဒေသမှာ နေထိုင်စို့ ” ဆောင်ပုဒ်ကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချိန်ကောင်းပင်ဖြစ်သည်ဟု ယူဆပါသည်။ နောင်လာနောင်သား ရခိုင်လူမျိုးများအတွက် အေးချမ်းသာယာဝဖြိုးသည့် နယ်မြေအဖြစ် တင်ကျန်ရစ်ရန်နှင့် တည်ဆောက်နိုင်ရေးမှာ လက်ရှိရခိုင်လူမျိုးများ၏ အမျိုးသားရေးတာဝန်ဟု မှတ်ယူပါသည်။

By မောင်နှင်းခိုင် 17 Mar 2018

 

(ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - bdnews24.com)

မောင်နှင်းခိုင် (ပုဏ္ဏားကျွန်း) ရေးသားသည်။

          ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ဘင်္ဂါလီအကြမ်းဖက်များသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်ထဲမှ ရဲစခန်းပေါင်း ၃၀ ကျော်ကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် ရင်းမြစ်ဌာနေလူမျိုးများ အသတ်ခံခဲ့ရသည်။ စစ်တပ်မှ တန်ပြန်ရှင်းလင်းရေး လုပ်ငန်းစဉ်များကြောင့် ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစုလိုက်အပြုံလိုက် ထွက်ခွာသွားခဲ့ကြသည်။ အကြမ်းဖက်မှုများကို အဓိက လုပ်ဆောင်သည့်အဖွဲ့မှာ ARSA ဟုခေါ်သည့် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ဖြစ်သည်။ ယင်းအဖွဲ့ကို ပါကစ္စတန်ဖွား အလာအူတာဂျုနုနီက ဦးဆောင်သည်ဟု ဆိုသည်။

          အမှန်အားဖြင့် သြဂုတ်လ ၂၅ ရက်၊ အကြမ်းဖက်မှု မတိုင်မီကပင် မောင်တောခရိုင်သည် ဘင်္ဂါလီအကြမ်းဖက်မှု အန္တရာယ်စက်ဝန်းထဲတွင် ကျရောက်နေသည်ကို တွေ့မြင်ရပေမည်။ သို့အတွက် ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့ ကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ် တိုက်ခိုက်မှုအပြီး၊ ၁၀ လအကြာ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရမှုသည် သိပ်ပြီးအံ့သြစရာမဟုတ်ပါ။ ၂၀၁၆ ခု နှစ်၊ ကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ်ကို တိုက်ခိုက်မှုအပြီး၊ နောက်ထပ်တိုက်ခိုက်မည့် တိုက်ခိုက်မှုဖြစ်စဉ်အတွက် ဘင်္ဂါလီများသည် ပို၍စနစ်တကျ ဖွဲ့စည်းခွင့်၊ စုစည်းခွင့်၊ ညွှန်ကြားခွင့်၊ ဗျူဟာချမှတ်ခွင့်များအတွက် လုံလောက်သောအချိန်များ ရရှိခဲ့သည်။  ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့သည် ဘင်္ဂါလီအများအပြား ပူးပေါင်းပါဝင်မှုဖြင့် ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာထွက်သည့်နေ့တွင် ချိန်သားကိုက် စုစုစည်းစည်း တိုက်ခိုက်ခဲ့သည်ကိုကြည့်လျှင် သိမြင်နိုင်ပါသည်။ ထို့ပြင် ARSA အနေဖြင့် တစ်ဖက်တစ်လမ်းမှ ဘင်္ဂါလီအများအပြားကို ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ မထွက်မနေရ ထွက်ခွာသွားအောင် ခြိမ်းခြောက်လုပ်ဆောင်နိုင်ခဲ့သည်။ ယခုဆိုလျှင် ဘင်္ဂလီ ၆ သိန်း နှစ်သောင်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ရောက်သွားကြပြီ ဖြစ်သည်။

          ARSA က အဘယ်ကြောင့် တိုက်ခိုက်ခဲ့ပါသနည်း။ ခွဲခြားဆက်ဆံမှု၊ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာသွားလာခွင့် စသည့်အချက်များကို မရဘဲ နှစ်ပေါင်းကြာရှည်စွာ ဖိနှိပ်ခံရထားသည်ကို မခံနိုင်၍ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု အကြောင်းပြသည်။ ၎င်းဖြစ်စဉ်တွင် ARSA အဖွဲ့သည် သူတို့ ဖြစ်ချင်သော ဆန္ဒများကို ဖြစ်ခွင့်ရခဲ့သည်။ နံပါတ်တစ် ဘင်္ဂါလီပြဿနာကို ရှေ့ကထက်ပို၍ ကမ္ဘာ့စင်မြင့်ပေါ်သို့ ဆွဲတင်ခွင့်၊ ကမ္ဘာ့လူထုများမှ ပိုမိုသိမြင်ခွင့်ရသွားခဲ့သည်။ နံပါတ်နှစ် ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေသည့် ဘင်္ဂါလီများအပါအဝင်၊ ARSA အဖွဲ့ဝင်များကို နိုင်ငံတကာမှ အထူးသဖြင့် မူဆလင်ကမ္ဘာမှ ပိုမိုထောက်ပံ့ခွင့်၊ ကမ္ဘာ့မူဆလင်အသိုင်းအဝိုင်းမှ မျက်နှာသာပေးမှု၊ သက်ညှာထောက်ပံ့မှုများ ရှေ့ကထက်ပို၍ ရရှိလာခြင်းတို့ ဖြစ်သည်။ နံပါတ်သုံး ARSA အပေါ်ဘင်္ဂါလီများမှ ပိုမိုယုံကြည်အားကိုးလာကြခြင်း ဖြစ်သည်။ ဘင်္ဂလားဒေရှ့်ဘက်မှလာသည့် သတင်းများတွင် ကယ်ဆယ်စခန်းများမှ လူငယ်လူရွယ်များ၊ မော်လဝီအပါအဝင် ဘာသာရေးဦးဆောင်သူများ အားလုံးသည် ARSA ဘက်မှဖြစ်ပြီး၊ ပူးပေါင်းတိုက်ခိုက်ရန် အသင့်အနေအထားတွင် ရှိသည်ဟု သိရသည်။ သူတို့မချင့်မရဲဖြစ်သည်က ရဲစခန်းများကို တိုက်ခိုက်ရာတွင် ARSA ထံမှ လက်နက်ကိရိယာ အပြည်အစုံ တပ်ဆင်မပေးခြင်းသာ ဖြစ်သည်။

          အကယ်၍ လက်နက်ကိရိယာ အထူးသဖြင့် သေနတ်သာပေးမည်ဆိုပါက အားလုံးတိုက်ခိုက်ရန်၊ အသက်ကိုပေးဆပ်ရန် အသင့်ရှိကြောင်း မေးမြန်းချက်များအရ သိရသည်။ သို့အတွက် ICG က ထပ်မံတိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သလို၊ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သည်ဟု မှတ်ချက်ပေးထားပါသည်။ လက်ရှိအချိန်မှာတောင် မောင်တောမြို့နယ်ထဲက ကျေးရွာများတွင် ဘင်္ဂလားဒေရှ့်မှ ပြန်လာနေထိုင်သူ၊ လျှို့ဝှက်ပြန်လာသူများ ရှိနေနှင့်သဖြင့် နယ်စပ်ဖြတ်ကျော်ရုံတောင်မက ပို၍အသေအပျောက်များသော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာမည်ဟုပင် ဆိုချင်ပါသည်။

          ကုတုဖာလောင်၊ ဘာကုလီကယ်ဆယ်ရေးစခန်းများ အပါအဝင် တခြားကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေကြသည့် ဘင်္ဂါလီအရေအတွက်မှာ ခြောက်သိန်းနှစ်သောင်းဟု ဆိုပါသည်။ UN အပါအဝင် နိုင်ငံတကာမှ အလှူရှင်များက ထောက်ပံ့ပေးထားပြီး၊ ၂၀၁၈ ခုနှစ် ဇွန်လအထိ ကျွေးမွေးရန် အပြည့်အစုံရှိသည်ဟု သိရသည်။

          ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံကြား နေရပ်ပြန်ပို့ရေးစာချုပ်ကို အလျင်အမြန် လက်မှတ်ထိုးခဲ့ကြသော်လည်း လက်ရှိအချိန်၌ ဘင်္ဂလီများ နေရပ်ပြန်လာရေးမှာ ဖြစ်နိုင်ဖွယ်မရှိဟု ယူဆရပေသည်။ ပထမပိုင်းတွင် UN အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသူများက Repatriation (နေရပ်ပြန်ပို့ခြင်း)ကို တစာစာအော်နေသော်လည်း တကယ်တမ်း စာချုပ်ချုပ်ဆိုပြီးချိန်တွင် မလုံခြုံသေးလို့၊ အဆင်သင့် မဖြစ်သေးလို့စသဖြင့် ပြစ်တင်ဝေဖန်နေကြသလို၊ နေရပ်ပြန်ပို့ရေး ကြန့်ကြာနေအောင် အချိန်အတိုင်းအတာတစ်ခုအထိ ဆွဲထားမည့်သဘောကို တွေ့ရပါသည်။ နောက်ထပ်ပေါ်ပေါက်လာသည့် သဘောထားတစ်ခုမှာ ဘင်္ဂလီများကို နိုင်ငံသားအခွင့်အရေးပေးမှ ပြန်မည်၊ ရို နာမည်ရမှ ပြန်မည်၊ အခြေခံလူ့အခွင့်အရေး အပြည့်အဝမပေးလျှင် မပြန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် စသည့် ဆန္ဒပြတောင်းဆိုနေမှုများ ဖြစ်ပေါ်လာသည်ကို ကြည့်မည်ဆိုပါက နေရပ်ပြန်ပို့ရေးဖြစ်စဉ်များ လတ်တလောအနေအထားတွင် ဖြစ်နိုင်ဖွယ်မရှိဟု ယူဆရသည်။

          ယင်းကဲ့သို့ ထပ်တူကျသည့် သဘောထားမျိုးကို ဘင်္ဂါလီလော်ဘီများ၊ Rights Group များ၊ တက်ကြွလှုပ်ရှားသူများထံ၌လည်း တစ်သားတည်း တွေ့ရပါသည်။ ဘင်္ဂါလီများ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ခွာသွားမှုသည် အာရှတိုက်တွင် အကြီးမားဆုံး လူသားရွေ့လျားမှုဖြစ်ပြီး၊ ကုတုဖာလောင်ကယ် ဆယ်ရေးစခန်းကို ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းဟု သမုတ်ကြသည်။ ယင်းသို့အနေအထားမျိုးသည် နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံအစိုးရကို ဖိအားပေးနိုင်သည့် အကောင်းဆုံးလက်နက်ဖြစ်သလို၊ ARSA အနေဖြင့်လည်း လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်ခွင့်၊ ခိုင်မာသည့်ဗျူဟာများ ချမှတ်ပိုင်ခွင့်၊ လက်နက်အင်အား၊ လူအင်အားစုဆောင်းနိုင်ခွင့်၊ ထောက်ပံ့မည့်အလှူရှင်များအား ပို၍ဆွဲဆောင်နိုင်ခွင့်များ ရရှိနေသည့်အတွက် ဘင်္ဂါလီအကျိုးစီးပွားအတွက် တစ်ချက်ခုတ် သုံးချက်ပြတ်သည့် အနေအထားဟုပင် ပြောနိုင်ပါသည်။

          ဘီစီ ၁၆၃၄ ခုနှစ်၊ ရခိုင်ဘုရင် သီရိသုဓမ္မရာဇာမှ မြန်မာဘုရင် သာလွန်မင်းတရားကြီးကို ပေးပို့သည့်စာတွင် ပစ္ဆိမအနောက်တရိုးပြည်ကြီးများကို အစိုးရသောဟူသည့် စကားရပ်တစ်ခု ပါရှိခဲ့သည့်အတွက် ရခိုင်ပြည်နယ်မှ မောင်တောခရိုင်ကို ပစ္ဆိမဒေသဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။  ရှေးခေတ်ပစ္ဆိမဒေသသည် ဗုဒ္ဓဘာသာရောင်ဝါထွန်းဖြာပြီး၊ ဘုရား၊ ပုထိုးစေတီပေါများကာ ဗုဒ္ဓသာသနာ ထွန်းကားခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ဘင်္ဂါလီလူမျိုးများ ကြီးစိုးနေသည့် နယ်မြေဖြစ်နေခဲ့ပါပြီ။ ဘုရားတစ်ဆူ၊ ဂူတစ်လုံးတောင် မဖြစ်ထွန်းသလို၊ နဂိုရှိသည်ကိုတောင် ဖျက်စီးခံနေကြရသည်။ လက်ရှိအချိန်၌ ပစ္ဆိမဒေသဖြစ်သည့် မောင်တောခရိုင်မှ ဘင်္ဂါလီခြောက်သိန်းနှစ်သောင်း ထွက်ခွာသွားကြသည်ဆိုသော်လည်း မောင်တော်မြို့နယ်ထဲ၌ ဘင်္ဂါလီတစ်သိန်းခွဲနီးပါးလောက် ကျန်နေသေးသည်ဟု သိရသည်။ ရင်းမြစ်ဌာနေလူမျိုးများသည့် ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်စသည်တို့မှာ ဘင်္ဂါလီလူဦးရေ နှင့် နှိုင်းယှဉ်မည်ဆိုပါက များစွာနည်း ပါးလှပါသည်။ အစိုးရမှ ရင်းမြစ်ဌာနေ လူမျိုးများ ရေရှည်နေထိုင်နိုင်ရေးအတွက် မည်သို့ ထောက်ပံ့ကူညီပေးမည်၊ မည်မျှလုပ်ကိုင်ဆောင်ရွက်ပေးမည် စသည့်လုပ်ငန်းစဉ်များနှင့် ပက်သက်၍ ဌာနေလူမျိုးများ၏ ရင်ထဲ၌ ကျေနပ်လောက်သော တုန့်ပြန်မှုကို ယနေ့အထိ မတွေ့ရပေ။ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီပြဿနာကို အစိုးရမှ ချဉ်းကပ်ရာတွင်လည်း ရင်းမြစ်ဌာနေ ရခိုင်လူမျိုးများထက် ဘင်္ဂါလီများ၏ မျက်နှာနှင့် နိုင်ငံတကာ ဖိအားများအပေါ်တွင် မူတည်ပြီး ဖြေရှင်းလေ့ရှိသည်ကိုသာ တွေ့မြင်ရပါသည်။ နိုင်ငံခေါင်းဆောင်အနေဖြင့်လည်း နိုင်ငံတကာမှ Hard – liners များဟု ရှုမြင်သည့် ရခိုင်လူမျိုးများ အထူးသဖြင့် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များနှင့် မတွေ့ဆုံဝံ့သလို ပြည်တွင်းလူထု ထောက်ခံမည် မဟုတ်သော မူဆလင်ခေါင်းဆောင်များနှင့် တွေ့ဆုံမှုကိုလည်း မပြုလုပ်သည်ကို တွေ့ရသည်။ ရခိုင်လူမျိုးများနှင့် တွေ့ဆုံလိုက်မည်ဆိုပါက အနောက်မီဒီယာများမှ ယခုထက်ပိုသော ထိုးနှက်မှုများနှင့် ကြုံရနိုင်သည်ကို သူမအနေနှင့် စိုးရိမ်နေပုံရပါသည်။

          သို့အတွက် ရခိုင်လူမျိုး အပါအဝင် တခြားရင်းမြစ်ဌာနေ လူနည်းစုများ၏ ခံစားချက်၊ လိုလားချက်၊ ဆန္ဒများမှာ အထမြောက် အကောင်အထည်ဖော်ရန် ဝေးနေဦးမည်ဟု ဆိုချင်ပါသည်။

          သည်ကဲ့သို့ အခြေအနေ၊ အနေအထားတွင် ကျွန်တော်တို့ ရခိုင်လူမျိုးများအနေဖြင့် လုပ်လို့ရသည့် အချက်တစ်ချက်သာရှိသည်ကို တွေ့ရပါသည်။ ထိုအချက်မှာ ရခိုင်လူမျိုးထုတစ်ရပ်လုံး စုစည်းမှုခွန်အား၊ ပူးပေါင်းမှုစွမ်းအားဖြင့် ပစ္ဆိမဒေသဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် West Bank တွင် အစ္စရေးနိုင်ငံအစိုးရမှ ကျင့်သုံးသော Drobles စီမံကိန်း၊ Allon စီမံကိန်း ကဲ့သို့သော ရခိုင်လူမျိုးများ ရွေ့ပြောင်းအခြချနေထိုင်မှု(Arakanese Settlement Plan) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန်သာ ဖြစ်သည်။ ရခိုင်ပြည်နယ်အပါအဝင်၊ ပြည်မဘက်ရောက်ရှိနေကြသော အခြေခံလူတန်းစား၊ လက်လုပ်လက်စားရခိုင်များ ပစ္ဆမဒေသကို အစုလိုက်အပြုံလိုက် အတည်တကျ ရွေ့ပြောင်းနေထိုင်နိုင်အောင် ဆွဲဆောင်၊ စည်းရုံး၊ သိမ်းသွင်း၊ နှိုးဆော်တွန်းတိုက်ကြရပေမည်။

          ရေလုပ်ငန်းများ အကောင်အထည် ဖော်ပေးခြင်း၊ ကြက်၊ ဝက်၊ ပုစွန် မွေးမြူရေးလုပ်ငန်းများ ပံ့ပိုးကူညီခြင်း၊ လယ်ယာကိုင်ကျွန်းများ ဖော်ထုတ်ပေးခြင်းများနှင့် အိုးအိမ်များ တည်ထောင်ပေးခြင်းများအပါအဝင် ရေရှည်အလုပ်အကိုင် အခွင့်အလမ်းအထိ မျှော်မှန်းပြီး စီမံလုပ်ကိုင် ဆောင်ရွက်ကြရပါမည်။ သည်စီမံကိန်းများကို “အစိုးရ အား ”မပါသည့်တိုင် ရခိုင်လူမျိုးများ၏ ရက္ခိတစိတ်ဓါတ်ဖြင့် စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက် ကြရပေမည်။ Arakanese Settlement Plan  ကို တစ်ပိုင်တစ်နိုင် လုပ်ဆောင်နေကြသော ARG , CRR အဖွဲ့များကို ဆတိုးပို၍ ရခိုင်တစ်မျိုးသားလုံးက ရခိုင်အမျိုးသားစီမံကိန်းအဖြစ် ဖော်ဆောင် ပံ့ပိုးကူညီကြရပေမည်။

          သို့အတွက် လက်ရှိအချိန်သည် “ ရခိုင်ပြည်အေးချမ်းဖို့ ပစ္ဆိမဒေသမှာ နေထိုင်စို့ ” ဆောင်ပုဒ်ကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချိန်ကောင်းပင်ဖြစ်သည်ဟု ယူဆပါသည်။ နောင်လာနောင်သား ရခိုင်လူမျိုးများအတွက် အေးချမ်းသာယာဝဖြိုးသည့် နယ်မြေအဖြစ် တင်ကျန်ရစ်ရန်နှင့် တည်ဆောက်နိုင်ရေးမှာ လက်ရှိရခိုင်လူမျိုးများ၏ အမျိုးသားရေးတာဝန်ဟု မှတ်ယူပါသည်။                     ထို့ကြောင့် ရခိုင်လူမျိုးများ ပစ္ဆိမဒေသကို ရွှေ့ပြောင်းအခြေချ အတည်တကျ နေထိုင်လာရေးသည် ရခိုင်တစ်မျိုးသားလုံး၏ လက်ဝယ်တွင်ရှိပြီး လုံလောက်သော ပံ့ပိုးကူညီမှုများ ရရှိရေးမှာ ရခိုင်တစ်မျိုးသားလုံး၏ တာဝန်နှင့် ဝတ္တရားသာဖြစ်ကြောင်း နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

(၂၀၁၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၂) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)