ယိုပေါက်များလွန်းသော ရခိုင့်ပညာရေး

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် ကျူရှင်ယဉ်ကျေးမှု အကြီးအကျယ်ထွန်းကားနေခြင်းမှာ ပညာရေးကဏ္ဍ၏ ပြစ်ချက်တစ်ခုဟု ဆိုနိုင်သည်။ ကျူရှင်စနစ်၏အရေးပါမှုသည် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို သာမက မူလတန်းအဆင့် ကလေးငယ်များအထိတိုင် ထိုးဖောက်ဝင် ရောက်နေ၏။ ရခိုင်ကျောင်းသားမိဘ အများစုသည် မူလတန်းစတက်ရမည့် သားသမီးများကို ကျူရှင်ကျောင်းသို့ အဦးဆုံး အပ်နှံထားတတ်ကြ၏။

By ရက္ခ 05 Jul 2018

DMG / DNJ 

ရက္ခ ရေးသားသည်။

(တစ်)

၂.၆.၂၀၁၈ နေ့က မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ထုတ်ပြန်ခဲ့သည်။ ရခိုင်မှ အောင်ချက်ရာခိုင်နှုန်း ၂၁.၄၅ ရာခိုင်နှုန်းရှိခဲ့သည်။ တစ်ပြည်နယ်လုံးမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ စုစုပေါင်း ၄၀၁၈၀ ဦးရှိသည့်အနက် ၈၆၂၀ ဦး အောင်မြင်ခဲ့ခြင်းဖြစ်၏။ ၆ ဘာသာဂုဏ်ထူး ၁၇ ဦး၊ ၅ ဘာသာဂုဏ်ထူး ၅၄ ဦး၊ ၄ ဘာသာဂုဏ်ထူး ၅၂ ဦး၊ ၃ ဘာသာဂုဏ်ထူး ၁၀၄ ဦး၊ ၂ ဘာသာဂုဏ်ထူး ၂၁၅ ဦးနှင့် ၁ ဘာသာဂုဏ်ထူး ၉၈၂ ဦး စသည်ဖြင့် ဂုဏ်ထူးရရှိသူ ၁၄၂၄ ဦးရှိကြောင်း အောင်စာရင်းမှတ်တမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိမှုများမှာ မြန်မာဂုဏ်ထူး ၂၀၀၊ အင်္ဂလိပ်ဂုဏ်ထူး ၃၄၊ သင်္ချာဂုဏ်ထူး ၂၇၆၊ ဓါတုဗေဒ ၃၃၈၊ ရူပဗေဒ ၁၆၈၊ ဇီဝဗေဒ ၅၁၀၊ သမိုင်း ၅၄၊ ပထဝီ ၉၀ နှင့် ဘောဂဗေဒ ၆၃၄ တ့ိုဖြစ်၏။

ယခုနှစ် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ အရေအတွက်နှင့် အောင်မြင်မှုရာခိုင်နှုန်းသည် ယခင်နှစ်ထက် အနည်းငယ် တိုးတက်လာသည်ကို တွေ့မြင်ရသော်လည်း အားရကျေနပ်စရာ အခြေအနေသို့ ရောက်ရှိလာခြင်းမရှိသေးဟု ဆိုနိုင်သည်။ လွန်ခဲ့သောနှစ်က ရခိုင်တစ်ပြည်နယ်လုံးတွင် တက္ကသိုလ်ဝင်တန်းဝင် ရောက်ဖြေဆိုသူ ၃၈၄၄၀ ဦးရှိခဲ့သည့်အနက် ၆၅၉၀ ဦး အောင်မြင်ခဲ့၏။ အောင်မြင်မှုရာခိုင်နှုန်းသည် ၁၇.၁၆ ရာခိုင်နှုန်းရှိခဲ့ပြီး တိုင်းနှင့်ပြည်နယ်များတွင် အောင်ချက်အနိမ့်ကျဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။

ဆယ်စုနှစ် တစ်ခုအတွင်း ရခိုင်ပြည်နယ်၏ နှစ်စဉ်အလိုက် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းများကို ပြန်ကြည့်မည်ဆိုပါက ၂၀၁၁ ခုနှစ်တွင် ၂၆.၈၁ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၂၃.၈၈ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ၂၀.၇၁ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၁၈.၂၀ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၂၃.၁၃ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင်၂၁.၁၉ ရာခိုင်နှုန်းနှင့် ၂၀၁၇ ခုနှစ်တွင် ၁၇.၁၆ ရာခိုင်နှုန်းအသီးသီး ရှိခဲ့ကြောင်းကို တွေ့ရမည်ဖြစ်သည်။

(နှစ်)

ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍနိမ့်ကျနေခြင်း (သို့မဟုတ်) ထင်သလောက်ခရီးမပေါက် ဖြစ်နေရခြင်းသည် ပညာရေးဌာနတစ်ခုတည်း၏ အားနည်းချက်ကြောင့်မျှသာမဟုတ်ဘဲ ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံစိတ်ချရသော တရားဥပဒေစိုးမိုးရေး စသောအခန်းကဏ္ဍများနှင့်လည်း သက်ဆိုင်နေသည်ဟု ဆိုနိုင်၏။ စာသင်ကျောင်း အဆောက်အဦးများ၊ သင်ရိုးညွှန်းတမ်းစာအုပ်များနှင့် နာသုံးနာနှင့်ပြည့်စုံသော ကျောင်းဆရာ၊ ဆရာမများသည် ပညာရေးကဏ္ဍ၏ အဓိကလိုအပ်ချက်များဖြစ်သော်လည်း ရခိုင်ပြည်နယ်ထဲတွင်တော့ ထိုထက်မကသော အခြေခံလိုအပ်ချက်များ ရှိနေသေးသည်ကို လက်သင့်ခံနိုင်ရမည်ဖြစ်သည်။ 

၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်ထဲတွင် လူဦးရေစုစုပေါင်း (၃၁၈၈၈၀၇) ဦးရှိကြောင်း ဖော်ပြထားသည်။ ကျေးလက်ဒေသများတွင် လူနေထူထပ်ပြီး မြို့ပြလူနေထိုင်မှုမှာ (၁၇.၀ ရာခိုင်နှုန်း) မျှသာရှိသည်။ အသက် ၁၅ နှစ်နှင့်အထက် စာတတ်မြောက်နှုန်းသည် (၈၄.၇) ရာခိုင်နှုန်းရှိကြောင်း ဖော်ပြ၏။ ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသများသည် ဖွံ့ဖြိုးတိုးတက်မှုနှုန်း နိမ့်ကျသောဒေသများဖြစ်၏။ တချို့ကျေးလက်ဒေသမှ ရခိုင်ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများသည် အန္တရာယ်များလွန်းသော ရေလမ်းခရီးကို နေ့စဉ်ဖြတ်သန်းကာ စာသင်ကျောင်းများသို့ ပညာသင်ရန် သွားနေကြရသည်။ မြစ်ချောင်းအင်းအိုင် ပေါများလွန်းသော ရခိုင်ပြည်နယ်ထဲတွင် ကူးတို့လှေစီးကာ ကျောင်းတက်ရင်း လှေနစ်၍အသက်ဆုံးရှုံးခဲ့ရသော ကျောင်းသားကျောင်းသူများလည်း ရှိနေသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ဒေသများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် အခက်အခဲမျိုးစုံ၊ စိန်ခေါ်မှုပေါင်းမျိုးစုံကြားထဲတွင် မြန်မာ့ပညာရေးတံခွန်တိုင်ကို စိုက်ထူနေကြရသည်။ ထိုမျှမက လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးလက်ဒေသများမှ မူလတန်းစာသင်ကျောင်း အဆောက်အဦးအချို့သည် စာသင်ကျောင်းဟု မခေါ်ဆိုနိုင်လောက်သည်အထိ အခြေအနေမျိုးတွင် ရှိနေသည်။ ဓနိမိုး၊ ဝါးထရံကာအဆင့် ယာတဲငယ်တစ်ခုပုံစံဖြင့် စခန်းသွားနေကြရသည်။ ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍသည် အဘက်ဘက်မှ လိုအပ်ချက်များ ရှိနေကြောင်းကို နားလည်ရမည့် အခြေအနေပင် ဖြစ်၏။

(သုံး)

ယခုနှစ် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်ဦးတလေမျှ အောင်မြင်ခြင်းမရှိခဲ့သော အထက်တန်းနှင့် အထက်တန်းကျောင်း(ခွဲ) ၂၅ ကျောင်းခန့် ရခိုင်ပြည်နယ်ထဲတွင်ရှိကြောင်း သတင်းများတွင် ဖော်ပြကြသည်ကို တွေ့မြင်နေရသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ ရခိုင်ပြည်နယ်တွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းပေါင်း ၃၀၀ ကျော်ကို အဆင့်တိုးမြှင့်ခဲ့သော်လည်း ဆရာ၊ ဆရာမ လုံလောက်ခြင်းမရှိခဲ့သဖြင့် အထက(ခွဲ) ကျောင်းများတွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ညံ့ခဲ့ကြောင်း ဒု-ညွှန်ကြားရေး မှူး ဦးစိန်ထွန်းလှ (ရခိုင်ပြည်နယ်ပညာရေးမှူးရုံး)မှ ပြောဆိုထားသည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် ကျောင်းဖွင့်ချိန်သို့ရောက် ရှိနေပြီးဖြစ်သော်လည်း အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သော ရခိုင် ပြည်နယ် အနောက်ဘက်နယ်စပ်မှ မြို့နယ်သုံးခုတွင် စာသင်ကျောင်း ပေါင်း ၁၀၀ ခန့် ဖွင့်လှစ်ရန် အခက်အခဲရှိနေကြောင်း ပြောဆိုထားသည်ကို တွေ့ရ၏။

ယခု ပညာသင်နှစ်တွင်လည်း ရခိုင်ပြည်နယ်အတွင်း အသစ်တိုးမြှင့်သတ်မှတ်လိုက်သော စာသင်ကျောင်းနှင့် အဆင့်မြှင့်ပေးလိုက်သော စာသင်ကျောင်းပေါင်းများစွာ ရှိနေသည်။ သို့သော် ထိုစာသင်ကျောင်းများအတွက် ဆရာ၊ ဆရာမ လုံလောက်မှုရှိခြင်း မရှိခြင်းမှာ စောင့်ကြည့်နေရဆဲသာ ဖြစ်သည်။ လက်တလောတွင် ရခိုင်၌ ဆရာ၊ ဆရာမ (၆၀၀) ဦးကျော် လိုအပ်ချက်ရှိနေကြောင်း ရခိုင်အခြေစိုက်သတင်းများတွင် ဖော်ပြနေကြသည်ကို တွေ့မြင်နေရ၏။

(လေး)

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် ကျူရှင်ယဉ်ကျေးမှု အကြီးအကျယ်ထွန်းကားနေခြင်းမှာ ပညာရေးကဏ္ဍ၏ ပြစ်ချက်တစ်ခုဟု ဆိုနိုင်သည်။ ကျူရှင်စနစ်၏အရေးပါမှုသည် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို သာမက မူလတန်းအဆင့် ကလေးငယ်များအထိတိုင် ထိုးဖောက်ဝင် ရောက်နေ၏။ ရခိုင်ကျောင်းသားမိဘ အများစုသည် မူလတန်းစတက်ရမည့် သားသမီးများကို ကျူရှင်ကျောင်းသို့ အဦးဆုံး အပ်နှံထားတတ်ကြ၏။ ထိုသို့အပ်နှံရာတွင်လည်း ကျောင်းတွင်အတန်းပိုင် ဖြစ်လာနိုင်ဖွယ်ရှိသော ဆရာ၊ ဆရာမများ၏ ကျူရှင်ကို ရွေးချယ်အပ်နှံကြခြင်း ဖြစ်၏။

ရခိုင်ပြည်နယ်၏ မြို့နယ်တိုင်းတွင် အခကြေးငွေပေးတက်ရသော ကျူရှင်နှင့်ဘော်ဒါဆောင် အများအပြားရှိနေသော်လည်း အထက်တန်းအောင်ချက် မြင့်မားအောင် စွမ်းဆောင်နိုင်သော ကျူရှင် (သို့မဟုတ်) ညအိပ်ဘော်ဒါဆောင် အနည်းအကျဉ်းသာ ရှိသည်။ ထိုသို့အရည်အချင်းရှိသော ကျူရှင်နှင့် ဘော်ဒါဆောင်များသို့ တက်ရောက်သင်ကြားခွင့် ရရေးမှာလည်း တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသားတိုင်းအတွက် မလွယ်ကူသော အခြေအနေပင်ဖြစ်၏။ ကျောင်းသား၊ ကျောင်းသူကိုယ်တိုင် စာတော်ရမည်ဖြစ်သကဲ့သို့ ကျောင်းသားမိဘများတွင်လည်း ငွေကြေးတတ်နိုင်ရန် လိုအပ်သည်။ အလယ်အလတ်အဆင့်ရှိသော ညအိပ်ကျူရှင် (သို့မဟုတ်) ဘော်ဒါဆောင်တစ်ခု၏ တစ်လတာအခကြေးငွေမှာ ရှစ်သောင်းခန့်ဖြစ်၍ စာသင်နှစ် တစ်နှစ်ပတ်လုံးအတွက် ဆယ်သိန်းကျော်ခန့် ကုန်ကျမည့် အခြေအနေဖြစ်သည်။ သို့သော် ထိုကျူရှင်တွင်တက်သော ကျောင်းသားတိုင်း အောင်မြင်ကြသည်တော့ မဟုတ်ချေ။

အထက်တန်းကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးတစ်ဦးက သူ၏ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းတွင်းပညာရေးထက် ကျူရှင်ပညာရေးကို အလေးထားနေကြကြောင်း  ပြောခဲ့ဖူးသည်။ ကျူရှင်ပျက်မည်ကိုစိုးကာ ကျောင်းမတက်သူများပြားနေသဖြင့် ကျောင်းခေါ်ကြိမ်မပြည့်မှီသော ကျောင်းသားကျောင်းသူပေါင်း များစွာရှိကြောင်း သူကဆိုသည်။ နောက်ဆုံးတွင် ကျောင်းတက်ချိန်နှင့် ကျူရှင်တက်ချိန်ကို ညှိယူရမည့်အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ထောက်ပြဖူး၏။ မူလတန်းကျောင်း အပ်လာသောမိဘများကို ကျောင်းအပ်လက်ခံသော ဆရာမများက သူတို့၏ ကျူရှင်အကြောင်း ကြော်ငြာဝင်ခြင်းမျိုးမှာ ရခိုင်ပြည်နယ်ထဲတွင် ရိုးအီနေသောကိစ္စဖြစ်၏။  စာသင်ကျောင်းမှ ဆရာ၊ ဆရာမများကိုယ်တိုင် ကျူရှင်ဖွင့်ပြသနေခြင်းနှင့် တချို့နာမည်ကြီကျူရှင်များတွင် ကျောင်းတွင်းဆရာ၊ ဆရာမများကို အငှားခေါ်ယူ သင်ကြားခိုင်းခြင်းမျိုးက ရခိုင့်ပညာရေးတွင် အရုပ်ဆိုးလွန်းသည်။

(ငါး)

ရခိုင်ပြည်နယ်၏ ပညာရေးသမိုင်းကြောင်းကို ပြန်ကြည့်လျှင် မနိမ့်ကျခဲ့သောအခြေအနေကို တွေ့မြင်ကြရမည်ဖြစ်သည်။ ထူးချွန်ထက်မြက်သော သမိုင်းဝင်လူပုဂ္ဂိုလ်များစွာ မွေးထုတ်ပေးနိုင်ခဲ့သော ပညာရေးကို ရခိုင်တို့ပိုင်ဆိုင်ခဲ့ဖူးသည်။ ၁၈၃၇ ခုနှစ်တွင် ရမ်းဗြဲမြို့၌ ဖွင့်လှစ်ခဲ့သော အင်္ဂလိပ်အစိုးရစာသင်ကျောင်းသည် မြန်မာနိုင်ငံတွင် ဒုတိယအစောဆုံး ဖွင့်လှစ်ခဲ့သော စာသင်ကျောင်းအဖြစ် သမိုင်းဝင်၏။ ခေတ်အဆက်ဆက်တွင် ရခိုင်လူမျိုးနှင့် ရခိုင်ဒေသ၏ ပညာရေးအဆင့်အတန်းသည် နိမ့်ကျလွန်းသော အခြေအနေတွင် မရှိခဲ့ဟုဆိုနိုင်သည်။ လွတ်လပ်ရေးရပြီးနောက် တော်လှန်ရေးအစိုးရ ပညာရေးတွင်လည်း ရခိုင်မှ လူရည်ချွန်အများအပြား ပေါ်ထွက်ခဲ့ဖူးသည်။

လက်ရှိ ရခိုင်ပြည်နယ်ထဲတွင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်း စုံမှ ပြုပြင်ဖာထေးရန်လိုအပ်နေသော ပညာရေးကို ရင်ဆိုင်နေကြ ရသည်။ ပညာရေး၏ အခြေခံလိုအပ်ချက်များကို ပြုပြင်ဖာထေးရန် လိုအပ်သကဲ့သို့ ဆရာ/မများ၊ ကျောင်းသား/သူများ နှင့် ကျောင်းသားမိဘများ၏ စိတ်ဓာတ်ရေးရာ ယိုပေါက်များကိုလည်း ပိတ်ဆို့ဖာထေးနိုင်ရန် လိုအပ်နေသည်။ ထို့အတူ ရခိုင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံစိတ်ချရသော တရားဥပဒေစိုးမိုးရေးသည်လည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသေးသည်။ ထို့ကြောင့် ရခိုင့်ပညာရေးကို မြှင့်တင်ရမည့်ကိစ္စသည် ဦးပေါ်ဦး လျှောက်ထုံးကဲ့သို့ ပညာရေးကဏ္ဍသက်သက်မဟုတ်ပဲ  ဆားကလေးနှင့်ဖြစ်ရန် လိုအပ်နေလိမ့်မည်ဖြစ်ပါသည်။

(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၈) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)