ရခိုင်ပြည်နယ်လွှတ်တော် အဝေးကြည့် အနီးကြည့်

ရခိုင်ပြည်လွှတ်တော်၏ ဒုတိယလွှတ်တော်သက်တမ်းသည် ယခုဆိုလျှင် အချိန်ကာလအားဖြင့် တစ်နှစ်ကျော် ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်းကဲ့သို့ ဖြတ်သန်းလာသည့်အထဲတွင် ရခိုင်ပြည်နယ် လွှတ်တော်အနေဖြင့် ရခိုင်ပြည်သူလူထုအတွက် မည်ကဲ့သို့သောအရာများကို လုပ်ဆောင်နိုင်ခဲ့ပြီး မည်ကဲ့သို့သော ကိစ္စရပ်များကို စွမ်းဆောင်ပေးနိုင်ခဲ့သနည်း။ မည်ကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသလဲ။ စိတ်ဝင်တစား စောင့်ကြည့်သူများလည်း ရှိနေသည်။ ပြည်သူများအနေဖြင့်လည်း လွှတ်တော်၏ အခန်းကဏ္ဍအား ပို၍ပီပြင်စွာ နားလည်ချင်သည့် ဆန္ဒများလည်း ရှိလာကြသည်။

20 Jul 2017

(NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ ရခိုင်ပြည်နယ်တွင် ကျမ်းကျိန်နေစဉ်။ ဓါတ်ပုံ - DMG)

ရေးသားသူ - ကျော်လင်း (ရောင်စုံ)

 

ဇူလိုင်လ ၁၉ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။    ။   ရခိုင်ပြည်လွှတ်တော်၏ ဒုတိယလွှတ်တော်သက်တမ်းသည် ယခုဆိုလျှင် အချိန်ကာလအားဖြင့် တစ်နှစ်ကျော် ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်းကဲ့သို့ ဖြတ်သန်းလာသည့်အထဲတွင် ရခိုင်ပြည်နယ် လွှတ်တော်အနေဖြင့် ရခိုင်ပြည်သူလူထုအတွက် မည်ကဲ့သို့သောအရာများကို လုပ်ဆောင်နိုင်ခဲ့ပြီး မည်ကဲ့သို့သော ကိစ္စရပ်များကို စွမ်းဆောင်ပေးနိုင်ခဲ့သနည်း။ မည်ကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသလဲ။ စိတ်ဝင်တစား စောင့်ကြည့်သူများလည်း ရှိနေသည်။ ပြည်သူများအနေဖြင့်လည်း လွှတ်တော်၏ အခန်းကဏ္ဍအား ပို၍ပီပြင်စွာ နားလည်ချင်သည့် ဆန္ဒများလည်း ရှိလာကြသည်။

ယခု ဒုတိယအကြိမ်လွှတ်တော်သည် ပထမအကြိမ်လွှတ်တော်နှင့် ကွာခြားချက်များရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြောင်းလဲမှုများရှိလာသည်။ ပထမအကြိမ်က လွှတ်တော်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အာဏာရစဉ်ကာလကဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အများစုမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်က အများစုဖြစ်နေရာ ရခိုင်အမျိုးသားပါတီဖက်မှ လွှတ်တော်ကိုယ်စားလှယ်များမှာ အနည်းစုသာဖြစ်ခဲ့သည်။ ယခု ဒုတိယလွှတ်တော်သက်တမ်းတွင် လွှတ်တော်ကိုယ် စားလှယ်အများစုမှာ ရခိုင်အမျိုးသားပါတီဝင်များဖြစ်နေပြီး လွှတ်တော်ဥက္ကဌ လွှတ်တော် ဒုဥက္ကဌတို့မှာလည်း ရခိုင်အမျိုးသားပါတီဝင်များပင်ဖြစ်ရာ ရခိုင်ပြည်နယ်လွှတ်တော်အား ရခိုင်အမျိုးသားပါတီကြီးစိုးသော လွှတ်တော်ဟု ပြော၍ရသည်။ သို့ဆိုလျှင် ရခိုင်တစ်မျိုးသားလုံးအား ကိုယ်စားပြုထားသောပါတီမှ လွှတ်တော် ထိပ်ပိုင်းမှသည် လွှတ်တော်ကိုယ်စားလှယ်အများစု နေရာရရှိထားသည့် ရခိုင်ပြည်နယ်လွှတ်တော်သည် ရခိုင်ပြည်သူလူထုအတွက် ဘာတွေလုပ်ပေးနိုင်စွမ်းရှိခဲ့သလဲ။ ယခင် တခြားပါတီများ လွှမ်းမိုးထားစဉ်ကာလမှ အခြေအနေများထက် ပိုပြီးလုပ်ဆောင်နိုင်ခဲ့သလား ဆိုသည်က စိတ်ဝင်စားစရာဖြစ်သည်။

ပထမဆုံးအချက်အနေဖြင့် လွှတ်တော် ဥက္ကဌရာထူးကို ရရှိလာသည့် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က သူသည် လွှတ်တော်ဥက္ကဌ တစ်ဦးဖြစ်လာသည့်အတွက် ပါတီ၏လမ်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်မှုများကို လုပ်ဆောင်တော့မည် မဟုတ်ဘဲ အစိုးရ၏လမ်းညွှန်ချက်အတိုင်းသာ လုပ်ကိုင်ရတော့မည်ဖြစ်ကြောင်း မီဒီယာများတွင် ဖြေကြားခဲ့သည်။ ယင်းကဲ့သို့ဖြေကြားခဲ့မှုသည်လည်း လုပ်ထုံးလုပ်နည်းအတိုင်းသာ ပြောကြားခဲ့သည်ဖြစ်၍ ပြည်သူအများစုကသော်လည်းကောင်း၊ ပါတီဝင်များကသော်လည်းကောင်း အထူးတလည် ဝေဖန်မှုများမရှိခဲ့ပေ။ သို့ရာတွင် မကြာသေးမီကာလက ဆတ်ရိုးကျမြေယာသိမ်းမှုပြသနာတွင် လက်ရှိလွှတ်တော်ဥက္ကဌ အပါအဝင် ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့ ပါဝင်နေခဲ့ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းသည် ရခိုင်ပြည်နယ်လွှတ်တော်အား ဝေဖန်စရာဖြစ်စေခဲ့သည်။ ယခင်အစိုးရလက်ထက်မှ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း အစိုးရသစ်အား အာဏာမလွဲပြောင်းမီတွင် စစ်တွေမြို့နယ်ရှိ မြေကွက်များကို ကျယ်ကျယ်ပြန့်ပြန့်ချထားခဲ့မှုထဲမှ ကိစ္စရပ်တစ်ခုဖြစ်သည်။ အကွက်ရိုက်ကာ ရောင်းစားခံထားရသည့် လယ်မြေများမှာ လယ်သမား ၄၅ ဦး ပိုင်ဆိုင်သည့် မြေယာများဖြစ်ပြီး ဧက ၂၅၀ ကျော်ရှိကြောင်း သိရသည်။ ယင်းသိမ်းဆည်းခံမြေများအား ပြန်လည်ရရှိရန်အတွက် ၂၀၁၆ ခုနှစ်  နိုင်ဝင်ဘာ ၂၈ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် တစ်ကြိမ်၊၂၀၁၇ ခုနှစ် မေလ၁၅ ရက်နေ့တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ဆန္ဒဖော်ထုတ်ခဲ့ပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် လွှတ်တော်ဥက္ကဌအား ရာထူးမှနှုတ်ထွက်ပေးရန်အထိ တောင်းဆိုခဲ့ကြသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်လိုက်သည့်အတွက် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝး အဌမနေ့တွင် လွှတ်တော်တွင်ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ (၃၈(စ) အရ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တိုက်တွန်းသင့်ကြောင်း ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားကိုရယူကာ ဆုံးဖြတ်ခဲ့ရသည်။ လွှတ်တော်ဥက္ကဌ တစ်ဦးအနေဖြင့် ဆန္ဒဖော်ထုတ်ခံရသော်လည်း ယခုကိစ္စရပ်များမှာ လွှတ်တော်ဥက္ကဌမတိုင်မီက ပြုလုပ်ခဲ့သော ကိစ္စရပ်များဖြစ်ရာ ယခုအချိန်တွင်မှ ဆန္ဒပြလာခြင်းသည် နိုင်ငံရေးတိုက်ကွက်များဖြစ်နိုင်လေမလားဟု ယူဆစရာလည်း ရှိနေသည်။

ရခိုင်ပြည်နယ် အသုံးစရိတ်ဘတ်ဂျက်အနေဖြင့်လည်း တခြားပြည်နယ် တိုင်းဒေသကြီးများ၏ ရပိုင်ခွင့်နှင့် ကွာခြားချက်များကို တွေ့ရသည်။ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခု၏ အသုံးစရိတ်မှာ ၁၁ ရာခိုင်နှုန်းရှိပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အသုံးစရိတ်မှာ ဝ.၇ ရာခိုင်နှုန်းသာရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးးပါတီ အစိုးရလက်ထက်တွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ အသုံးစရိတ်ကို ၁၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ခွဲဝေပေးခဲ့ဖူးသည်။ သို့ဆိုလျှင် ယခု ဒီမိုကရေစီအင်အားစု ပါတီဖြစ်သည့်အချိန်တွင် ရခိုင်အမျိုးသားပါတီ လွှမ်းမိုးထားသော လွှတ်တော်ဖြစ်နေ၍ ဘတ်ဂျက်အသုံးကို လျှော့ချပေးခြင်းလား။ ဒီမိုကရေစီအစိုးရနှင့် တချို့သော ပြဿနာများကို ချဉ်းကပ်ကြသည့်အခါ ကွဲလွဲသော သဘောထားမှုအပေါ်တွင် အခြေခံ၍ ရပိုင်ခွင့်နည်းသွားခြင်းလား စဉ်းစားစရာဖြစ်သည်။ လွှတ်တော်နှင့် နီးစပ်သူတချို့၏ အဆိုအရ တချို့လူမှုရေးကိစ္စရပ်များတွင် ရခိုင်အမျိုးသားပါတီမှ ဦးစွာလုပ်ဆောင်လိုက်လျှင် အစိုးရအဖွဲ့မှ ပူးပေါင်းပါဝင်မှု တာဝန်ယူမှုများ အားနည်းနေသည်ကို တွေ့ရသည်ဟု ထောက်ပြကြသည်။

လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦးဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ် ၂ ဦးကျစီဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး၊ ချင်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ၁ ဦး နှင့် ဖွဲ့စည်းပုံအရ ၂၅ ရာခိုင်နှုန်းဖြစ်သော တပ်မတော်သားကိုယ်စားလှယ် ၁၂ ဦးတို့ ပါဝင်သည်။ ပါတီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၉ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၃ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦးတို့ပါဝင်ပြီး ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၂၂ ဦးတို့ ပါဝင်နေရာ ထူးခြားသော အချက်တစ်ခုလည်းဖြစ်သည်။ ယင်းကဲ့သို့ အင်အားစုများသည့်ပါတီနှင့် အာဏာရရှိထားသည့် အစိုးရပါတီတို့ကြားတွင် ဒီမိုကရေစီပွတ်တိုက်မှုများကိုလည်း မကြာခဏ တွေ့နေရသည်။ အထူးသဖြင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရွေးချယ်မှုကိစ္စ၊ ကိုဖီအာနန်ကော်မရှင်အပေါ် သဘောထား၊ အနောက်ဖက်တံခါး လုံခြုံရေးကိစ္စရပ်များတွင် ရခိုင်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကြားတွင် သိသာသော သဘောထားကွဲလွဲမှုများ ရှိနေကြသည်။

လွှတ်တော်အသိုင်းအဝိုင်းမှ ဝေဖန်ကြသည်မှာလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်မှ ဆုံးဖြတ်ချက်ထက် ပြည်ထောင်စုမှ ချမှတ်ပေးသည့် လမ်းကြောင်းအပေါ်တွင် သွားနေသည်ဟုသာ သဘောရှိကြောင်း သုံးသပ်ကြသည်။ ယင်းသို့ လုပ်ဆောင်ရသည်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးချုပ်သည် သမ္မတ၏ အမိန့်အတိုင်းသာ လုပ်ဆောင်ရသည်ဟု နားလည်ပေးကြသူများလည်း ရှိသည်။ တစ်ဖက်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို အတိုက်အခံလုပ်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ယခုမှ ၂၀၀၈ ကို အလေးထားနေသလို ဖြစ်နေပြန်သည်ဟု ဝေဖန်ကြသည်လည်း ရှိသည်။ ဒုတိယအကြိမ်လွှတ်တော်၏ လုပ်ဆောင်ချက်များထဲမှတစ်ခုမှာ ပြည်နယ်အစိုးရတင်ပြသော ဘတ်ဂျက်အား ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်လွှတ်တာ် ပထမတစ်နှစ်တာ ကာလအတွင်းတွင် ပြည်နယ်အစိုးရမှ တင်ပြခဲ့သည့် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကို ဆွေးနွေးခဲ့ကြရာ ဥပဒေအရ သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ထောက်ပြဝေဖန်ခဲ့ကြသည်။  တည်ဆောက်ပြီးစီးနေသည့် လုပ်ငန်းများအတွက် နောက်ဆက်တွဲရန်ပုံငွေတွင် ဖြည့်စွက်တောင်းခံလာခြင်းများ၊ မလိုလားအပ်သော လုပ်ငန်းများကို တင်ပြတောင်းခံလာခြင်းများကို စိစစ်တွေ့ရှိခဲ့သဖြင့် တင်ပြတောင်းခံငွေ ၇၇၇၀ ဒသမ ၄၄၆ သန်းအနက် ၆၄၁ ဒသမ ၀၀ သန်းကို ဖြတ်တောက်ခဲ့သည်။ ယင်းကဲ့သို့ ဖြတ်တောက်ခဲ့ရမှုမှာ နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့် မဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု လွှတ်တော်ဥက္ကဌမှ စတုတ္ထ အကြိမ်မြောက် လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့တွင် ပြောကြားခဲ့သည်ကို တွေ့ရသည်။

စဉ်းစားစရာတစ်ချက်မှာ ရခိုင်ပြည်နယ်အစိုးရမှ ယင်းကဲ့သို့ များပြားလှသော ငွေကြေးပမာဏ ဖြတ်တောက်ခံရခြင်းများအပေါ် တုန့်ပြန်သည်ကို မတွေ့ရပေ။ သန်းရာဂဏာန်းမျှ ကွာဟသော ငွေကြေးဖြတ်တောက်မှုအပေါ် မည်သည့်ဝန်ကြီးတစ်ပါးမှ တုန့်ပြန်သည်ကို မတွေ့ရခြင်းသည် ရရှိသော ငွေကြေးဖြင့် အစိုးရယန္တရား  လည်ပတ်နိုင်၍လား၊ သို့တည်းမဟုတ် ယခင်ကလည်း ယင်းကဲ့သို့ ကွာဟခဲ့ဖူး၍လား မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အစိုးရအဖွဲ့မှ တာဝန်ရှိသူတချို့၏ အဆိုအရ ယင်းကဲ့သို့ ဖြတ်တောက်လိုက်သော ငွေကြေးပမာဏာ လိုအပ်ချက်ကြောင့် တချို့လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး နောက်ဘဏ္ဍာရေးနှစ်တွင် ထပ်တောင်းရမည့် အခြေအနေရှိသည်ဟု ပြောဆိုမှုများလည်းရှိသည်။ သို့ဆိုလျှင် မည်ကဲ့သို့သော အကြောင်းရင်းခံများကြောင့် ဖြတ်တောက်ခဲ့ရသနည်း။ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့၏ လွန်ဆွဲပွဲတွင် ဘဏ္ဍာရေးငွေကို ဖြတ်တောက်လိုက်ခြင်းကြောင့် ပါဝါအားပြိုင်မှုပေလား။ လွှတ်တော်တွင်းထဲတွင်တော့ ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၈ ကို အကာအကွယ်ယူပြီး လွှတ်တော်အနေနှင့် ဖြတ်တောက်ခွင့်မရှိဟု တင်ပြခဲ့တာတော့ရှိသည်။ သို့သော် လွှတ်တော်ပိုင်းမှ ပုဒ်မ ၁၉၈ အပိုင်းခွဲ (ခ) မှာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်က ပြဌာန်းလိုက်သည့် ဥပဒေပါပြဌာန်းချက် တစ်ရပ်ရပ်သည် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းသည့် ဥပဒေပါအတိုင်း လိုက်နာတင်သွင်းရမည်ဟု ပြဌာန်းထားကြောင်း၊ သို့သော် ယင်းဥပဒေမှာ ဘတ်ဂျက်နှင့် မပတ်သက်ကြောင်း ဖြေကြားခဲ့သည်။ ဘက်ဂျက်နှင့်ပတ်သက်လာလျှင် လွှတ်တော်ကိုဖြတ်သန်းမယ့် အဆိုပြုခြင်း၊ ဥပဒေကြမ်းနှင့် ပတ်သက်လျှင် လွှတ်တော်က ဖြတ်တော်ခွင့် အတည်ပြုခွင့်ရှိကြောင်း၊ ရခိုင်ပြည်နယ် လွှတ်တော်၊ စတုတ္ထပုံမှန် အစည်းအဝေးနောက်ဆုံးနေ့တွင် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှမှ ပြောကြားခဲ့သည်။ သူကဆက်လက်၍ ၂၀၁၇ ဘဏ္ဍာရေးအရ အသုံးဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့တို့ ညှိနှိုင်းတိုင်ပင်ခဲ့ကြပြီး အစိုးရဖက်က သဘောထားကြီးမှု၊ လွှတ်တော်ကိုယ်စားလှယ်များဖက်မှ သဘောထားကြီးမှုတို့ကြောင့် ဘက်ဂျက်ကိစ္စကို အလွယ်တကူ ပြီးမြောက်ခဲ့ဲခြင်းဖြစ်သည်ဟု  ဆက်လက်ပြောခဲ့သည်။ ယင်းအခြေအနေများမှာ လွှတ်တော်ဥက္ကဌဖက်မှ ပြောဆိုခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ သာမန်ရငွေမှာ ပြည်နယ်အဆင့် ဌာနကြီး ၅ ခုမှ လျာထားငွေ ၁၀၈၇၅.၁၂၄ သန်းဖြစ်ပြီး အခြားအစိုးရဌာနများ၏ အခွန်ကောက်ခြင်းမှ ၉၆၁.၄၃၇ သန်း၊ အခြားသာမန်ရငွေ ၄၃၄၀.၈၁၀ သန်း၊ စုစုပေါင်းရငွေမှာ ၅၃၀၂.၂၄၇ သန်းဖြစ်သည်။ ပြည်ထောင်စုအစိုးရ၏ ထောက်ပံံ့ငွေမှာ ပြည်နယ်အစိုးရအဖွဲ့သို့ သန်း ၁၇၀၀ နှင့် အခြားဌာနများသို့ ထောက်ပံ့ငွေ ၁၄၂၃၉၃.၀၃၀ သန်း ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော် သက်တမ်းတစ်နှစ်တာကာလတွင် ကြယ်ပွင့်ပြမေးခွန်း ၃၀၂ ခု၊ ကြယ်ပွင့်မပြသာ မေးခွန်း ၁၆၉ ခု၊ အဆိုအနေဖြင့် ၂၆ ခုကို လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းခဲ့ပြီး ၂၃ ခုကို အတည်ပြုကာ ၃ ခုကို မှတ်တမ်းအဖြစ် ထားရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်အနေဖြင့် ပထမအကြိမ်တွင် အတည်ပြုရေးဆွဲခဲ့သော ဥပေဒ ၁၄ ခုရှိခဲ့သည်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေ၊ ရခိုင်ပြည်နယ် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေ၊ ရခိုင်ပြည်နယ် ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးဥပဒေ၊ ရခိုင်ပြည်နယ် ကုန်တင်ကုန်ချ လုပ်ငန်းဥပဒေ၊ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သောဥပဒေ၊ ရခိုင်ပြည်နယ် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဥပဒေ၊ ရခိုင်ပြည်နယ် ကျေးရွာထင်းစိုက်ခင်း ဥပဒေ၊ ရခိုင်ပြည်နယ် ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်း ဥပဒေ၊ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဥပဒေ၊ ရခိုင်ပြည်နယ် ဆားနှင့်ဆားထွက်ပစ္စည်း ဥပဒေ၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေ၊ ရခိုင်ပြည်နယ် ရေချိုလုပ်ငန်း ဥပဒေ၊ ရခိုင်ပြည်နယ် ယစ်မျိုးခွန် ဥပဒေ၊ ရခိုင်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့်စနစ်တကျ ထိန်းကျောင်းရေး ဥပဒေ စသည့် ဥပဒေ ၁၄ ခုကို အတည်ပြုခဲ့သည်။ သို့သော် ယခု ရခိုင်ပြည်နယ်လွှတ်တော်၏ ဒုတိယလွှတ်တော် သက်တမ်းတစ်နှစ်ကျော်ကာလအထိ ဥပဒေ ၁၃ ခုက အသက်မဝင်သေးကြောင်း၊ နည်းဥပဒေ ရေးဆွဲပြီးသား ဥပဒေမှာ ၃ ခုသာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များမှ ဝေဖန်ထောက်ပြကြသည်။ ယခုလွှတ်တော်သက်တမ်းတွင် စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား အတည်ပြုပြဌာန်းခဲ့သည်ကို တွေ့ရသည်။ ဥပဒေများကို ရေးဆွဲအတည်ပြုသော်လည်း ၎င်းဥပဒေများ အသက်ဝင်နိုင်ရန်အတွက် လွှတ်တော်နှင့်အစိုးရမှ စိစစ်ဆောင်ရွက်ရန် အရေးကြီးသည်ဟု မြင်မိသည်။

လွှတ်တော်၏ ဆောင်ရွက်ချက်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်သီးချင်းအရည်အသွေးများ မြင့်တက်ရန်အတွက် နိုင်ငံတကာသို့ စေလွှတ်မှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း စသည့်လုပ်ငန်းစဉ်များကို တွေ့ရသည်။

ပြည်သူလူထုအတွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအနေဖြင့် မြို့နယ်တစ်မြို့နယ်လျှင် သိန်းငါးဆယ်ကျပ်စီ ထောက်ပံ့ပေးသည်ကိုလည်း တွေ့ရသည်။

လွှတ်တော်၏ အောင်မြင်မှုများထဲတွင် ဒီမိုကရေစီပွတ်တိုက်မှုကြားမှ ရရှိလာသော ကိစ္စရပ်များလည်းရှိသည်။ ဥပမာအားဖြင့် ၂၀၁၆ ခု ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၃၂ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံတွင်  မြန်မာနိုင်ငံ အစိုးရကိုယ်စားလှယ်က ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများအား ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်းဟု ပြောဆိုရန် တင်သွင်းခဲ့မှုအား ရခိုင်ပြည်နယ်လွှတ်တော်မှ ရခိုင်ပြည်သူများနှင့် တသားတည်းကျသော မူလရှိရင်းစွဲ ဘင်္ဂလီဟုသာ ခေါ်ဆောင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသောအဆိုကို အတည်ပြုနိုင်ခဲ့သည်။ ယင်းကဲ့သို့ ကိစ္စရပ်များတွင် အမျိုးသားရေးဖက်မှ မားမားမတ်မတ် ရပ်တည်ပေးနိုင်ခြင်းသည် အမျိုးသားရေးအတွက် အင်အားဖြစ်စေသော လုပ်ရပ်များဖြစ်ပြီး တစ်ဖက်တွင်လည်း နိုင်ငံတကာနှင့် အဆင်ပြေအောင်ကြိုးစားရသော လက်ရှိအာဏာရအစိုးရအတွက် အနှောင့်အယှက် ဖြစ်စေသည့် လုပ်ရပ်များဖြစ်လေမလား။

နောက်နှစ်များတွင်လည်း မည်ကဲ့သို့သော ပွတ်တိုက်မှုများ၊ ရင်ဆိုင်ရမှုများဖြင့် ကြုံတွေ့လာရမလဲ။ ရခိုင်အမျိုး သားပါတီမှ စိုးရိမ်စွာတင်ပြသော အနောက်ဖက်လုံခြုံရေး ကိစ္စရပ်များသည်လည်း လက်ရှိအစိုးရနှင့် ပဏာစားသည့် အဆိုများ မဖြစ်သည်ကို တွေ့ရသည်။ ယင်းကဲ့သို့ အားပြိုင်မှုများနှင့် ရခိုင်အမျိုးသားပါတီ လွှမ်းမိုးထားသော ရခိုင်ပြည်နယ် လွှတ်တော်သည် ရှေ့ဆက်၍ သွားသည့်အခါ နည်းဗျူဟာများ အပြောင်းအလဲဖြစ် လာမလား။ ပုံမှန်အတိုင်းပဲ ဖြတ်သန်းဦးမလားဆိုသည်ကတော့ စိတ်ဝင်စားစရာ။

 ကျော်လင်း(ရောင်စုံ)