ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် အမှန်တစ်ကယ်လိုအပ်နေပြီလား

 

ရေမြေသယံဇာတ ပထဝီအနေအထားအရ ပြီးပြည့်စုံသည့်ပြည်နယ်တစ်ခုကို ပိုင်ဆိုင်ထားသည့် ဒေသခံများအတွက် တစ်စုံတစ်ရာ ဖွံ့ဖြိုးလာခြင်းမရှိသည့်အပြင်  မြေယာလုံခြုံမှုကိန်းမဲ့လာခြင်း၊  ရေလမ်းကြောင်းများ တားဆီးခံလာရခြင်းနှင့် မြစ်ကြောင်းတစ်လျှောက်ကို အမှီပြုရင်း နိစ္စဓူဝ လုပ်ကိုင်စားသောက်နေသည့်  ရေလုပ်သားများ၏ စားဝတ်နေရေးကို တစ်နေ့ထက်တစ်နေ့ ပိုမိုခြိမ်းခြောက်ခံလာရပါတယ်။

By ထွန်းကြည် 25 Aug 2018

 

ထွန်းကြည် (ကုလဘာ) ရေးသားသည်။

တန်ချိန်သုံးသိန်းတင်ဆောင်နိုင်သော  သင်္ဘောများဆိပ်ကပ်နိုင်သော  ရေနက်ဆိပ်ကမ်းကို ကျောက်ဖြူမြို့ မဒေးကျွန်းတွင်၂၀၁၇ ခုနှစ်ဧပြီလတွင်  စတင်ဖွင့်လှစ်ခဲ့ပြီး မဒေးကျွန်းရေနံပိုက်လိုင်းမှ တစ်ဆင့်တရုတ်နိုင်ငံ   အထိတင်ပို့နေပြီဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ၏အတွက် လျှစ်စစ်တွေ ပိုကောင်းပိုနေပါလိမ့်မည်။ သို့သော်လည်း ကျောက်ဖြူဒေသခံများ၏ လူမှုရေး၊ ပညာရေး၊ စီးပွားရေးစသည့်  ဘဝနေထိုင်မှု တစ်စုံတစ်ရာ တိုးတက်ပြောင်းလဲလာခြင်း မရှိသည့်အပြင် ဆုံးရှုံးနစ်နာမှုများနှင့်သာ ရင်ဆိုင်နေရသည်ကိုတွေ့ရပါတယ်။

ရေမြေသယံဇာတ ပထဝီအနေအထားအရ ပြီးပြည့်စုံသည့်ပြည်နယ်တစ်ခုကို ပိုင်ဆိုင်ထားသည့် ဒေသခံများအတွက် တစ်စုံတစ်ရာ ဖွံ့ဖြိုးလာခြင်းမရှိသည့်အပြင်  မြေယာလုံခြုံမှုကိန်းမဲ့လာခြင်း၊  ရေလမ်းကြောင်းများ တားဆီးခံလာရခြင်းနှင့် မြစ်ကြောင်းတစ်လျှောက်ကို အမှီပြုရင်း နိစ္စဓူဝ လုပ်ကိုင်စားသောက်နေသည့်  ရေလုပ်သားများ၏ စားဝတ်နေရေးကို တစ်နေ့ထက်တစ်နေ့ ပိုမိုခြိမ်းခြောက်ခံလာရပါတယ်။

မဒေးကျွန်းဒေသခံအများစုသည် ငါးဖမ်းလုပ်ငန်းကိုအဓိက လုပ်ကိုင်ကြပြီး ရွာမ၊ ကျောက်တန်း၊ ပြိန်၊ ပန်းထိန် ဆည်စသည့်  ကျေးရွာလေးရွာမှာ ၂၀၁၅ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ လူဦးရေ ၃၀၀၀ ကျော်ရှိပါတယ်။

၂၀၀၉ခုနှစ်မှစတင်ကာ  မဒေးကျွန်းဒေသမှာ စက်ရုံများတည်ဆောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်အတွက် ဒေသခံတွေ ဘယ်သောအခါမှမျှော်လင့်ထားသည့် အိမ်မက်တစ်ခုကို စတင်မိတ်ဆက် မက်လုံးပေးလာသည့်အခါ ဒေသခံတံငါလုပ်သားများအတွက် အိမ်မက်တွေ အကောင်အထည်ဖော်ရန် မမျှော်လင့်ချက်တွေ ပြည်နက်နေခဲ့ကြပါတယ်။

တံငါလုပ်ငန်းလေးထက်ပိုမိုကောင်းမွန်သည့် အဆင့်မြင့်လုပ်ငန်းလေးတွေကိုသားသမီးများ ဆက်လက်လုပ် ကိုင်ရင်း ဆင်းရဲပင်ပန်းသော တံငါလုပ်ငန်းကို စွန့်လွှတ်ရန်စိတ်ကူးလေးများက သူတိုရဲ့ ဘဝအမောကိုပြေစေ ခဲ့ပါတယ်။

မဒေးကျွန်းကျေးရွာကလေးဟာ မကြာတော့သည့်ကာလလေးမှာ လျှပ်စစ်မီးထိန်ထိန်လင်းပြီး ကောင်းမွန်တဲ့ ကတ္တရာလမ်းပေါ်မှာလျှောက်ကြရတော့မဲ့ မျှော်လင့်ချက်များ၊ အကောင်းဆုံးစာသင်ကျောင်းမှာ သားသမီးတွေ ကိုပညာသင်ရင်း၊ မြို့ပြနှင့်အလှမ်းဝေးနေသည့် ကျေးလက်ပေါ်ကကျွန်းတစ်ကျွန်းဟာ ဆေးပေးခန်းအကောင်း စားတွေနှင့် ကျန်းမာရေးအတွက်စိတ်ချရတော့မည် စသည့် ဒေသခံတွေရဲ့ မမျှော်လင့်ချက်က တစ်ကြိမ်တစ်ခါ တည်းသာ မျှော်လင့်မိတာဖြစ်ပါလိမ့်မည်။

၂၀၁၀ ကစတင်ကာ ယင်းဒေသမှာ မြေယာသိမ်းဆည်းမှုများကို ပြုလုပ်လာပါတော့သည်။ လယ်ယာမြေများကို ဆည်းလာသည့် နောကိုင်းမှာတော့ ဒေသခံများရဲ့ မမျှော်လင့်ချက်တွေက ထင်ထားသလိုဖြစ်မလာတော့ပဲ အိမ်မက်နဲ့လက်တွေ့က တစ်ခြားစီဖြစ်နေတာကို သိလာကြပါတော့သည်။

နောက်ပိုင်းမှာတော့ ဒေသခံတွေအတွက်  မြေယာလျော်ကြေးငွေများပြည့်မှီအောင်းမရရှိကြခြင်း၊ ငါးဖမ်းလုပ်ကွက်များ ပျက်စီးသွားခြင်း၊ အလုပ်ဆိပ်မှကားများ ဒလဟောသွားလာခြင်းကြောင့် လမ်းများပျက်စီးပြီး သွားရေးလာရေး ခက်ခဲသွားခြင်းများကိုသာရင်ဆိုင်ကြရပြီး ဒေသခံကျေးရွာသားများအဖို့ စိတ်ပျက်ဖွယ်ရာ စိန်ခေါ်မှုများကို စတင်ရင်ဆိုင်လာရပါတော့တယ်။

ယင်းကြောင့် ၂၀၁၂ခုနှစ်နိုင်ငံတော် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် မဒေးကျွန်းဒေသခံများ မြေယာသိမ်းဆည်းခံရမှုလျှော်ကြေးရလိုမှုုတွေကြောင့် လူထုပေါက်ကွဲမှု ဖြစ်လာပါတော့တယ်။ တံငါရွာကလေး မဒေးကျွန်းဒေသခံများက အချက်ဆယ့်တစ်ချက်ပါ တောင်းဆိုလှုပ်ရှားမှုတစ်ရပ်ကိုပြုလုပ် ဆန္ဒထုတ်ဖေါ်ခဲ့ကြ တယ်။

ဒေသခံများတောင်းဆိုခဲ့သည့် တောင်းဆိုချက်များထဲမှ  မဒေကျွန်းဒေသတစ်ခုလုံးလျှပ်စစ်မီးရရှိရေး၊ မဒေကျွန်း ဒေသခံများအတွက် မြေအစားဖေါ်ထုတ်ပေးရေး၊ တရုတ်တို့တည်ဆောက်ထားသော လျှိုပိတ်ဆည်မှ ကျေးရွာ များသို့ ပိုက်လိုင်းစနစ်ဖြင့်ရေပေးဝေရေး စသည့်အချက်သုံးချက်ကို လိုက်လျှောလုပ်ဆောင်ပေးခဲ့ပေမယ့် ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် ဒေသခံခေါင်းဆောင်ဆယ်ဦးကို ဖမ်းစီးထောင်ချခဲ့ပါတယ်။

ဒေသခံတွေအတွက် ရေပိုက်ကို သံပိုက်လုံးနဲ့ သွယ်တန်းပေးခဲ့တာကြောင့် ဒေသခံတွေ တစ်နှစ်လောက်သာ ကောင်းမွန်စွာသုံးစွဲခွင့်ရရှိခဲ့ပြီး  နောက်ပိုင်းတွင် သံချေးနံ့များထွက်ပေါ်လာခြင်းကြောင့် သုံးစွဲရန်အခက်တွေ့ လာကြသည်။

မဒေးကျွန်းဒေသခံတွေအတွက် ကျောက်တန်းကျေးရွာမှာ တာဘောင်တစ်ခု တည်ဆောက်ပေးခဲ့သော်လည်း ကုမ္ပဏီက တာဘောင်ရေလွှဲပေါက်ကို စနစ်တစ်ကျလုပ်မပေးခဲ့တာကြောင့် ကျောက်တန်းကျေးရွာတစ်ခုလုံး မိုးရာသီမှာ ရေမြုတ်ခြင်းဒဏ်ကို  နှစ်စဉ်ကိုရင်ဆိုင်နေကြရဆဲဖြစ်ပါသည်။

ထိုဒေသတွင် ရေနံလှောင်ကန်များ၊ ဆိပ်ကမ်းများ၊ ဂစ်၊ ရေနံ ပိုက်လိုင်းများကို ဘီလီယံချီရင်းနှီးမြုပ်နှံ တည်ဆောက်ထားသော်လည်း ဒေသခံကျေးရွာသားများအဖို့ အလုပ်အကိုင်အခွင့်အလမ်းမရှိသည့်အပြင် အစိုးရ၊ကုမ္ပဏီများ၏ ဒေသခံတံငါကျေးရွာသားများအတွက် တာဝန်ယူမှုမရှိသော စနစ်ဆိုးအောက်မှာ ဆင်းရဲပင်ပန်းစွာ ပစ်ပယ်ခံဘဝနဲ့ရုန်းကန်နေကြရဆဲဖြစ်ပါသည်။

၂၀၁၇ ခုနှစ် မေလတွင် မဒေးကျွန်းဒေသခံတွေ  ဖုန်းလှိုင်းရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများအတွက် ဒေသခံတွေကို ဦးစားပေးရေးတို့ရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများကို ကောင်းမွန်စွာ လုပ်ကိုင်ပေးရေး တို့အတွက် ကျောက်တန်းကျေးရွာကနေ CNPC- (China National Petroleum Corporation) ကုမ္ပဏီအထိ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖေါ်ပွဲတစ်ခု ထပ်မံပြုလုပ်ခဲ့ကြသည်။

ထိုဆန္ဒဖေါ်ထုတ်ပွဲတွင်ပါဝင်သူ  မလှရွှေကြည် (ကျောက်တန်းကျေးရွာ) ကတော့ “ ကျမတို့ကျွန်းသူ ကျွန်းသားတွေကဆင်းရဲတယ်။ မြေပိုင်ဆိုင်မှုမရှိကြဘူး အကုန်လုံးနီးပါးက ရေလုပ်ငန်းကို လုပ်ကိုင်ကြသူတွေ ဖြစ်တယ်။ အခုဆိုရင် ငါးရှာဖို့နေရာလည်းမရှိတော့ဘူး အလုပ်အကိုင်ကလည်း ဗမာပြည်ကလာကြတဲ့ သူတွေသာရကြတယ်။ ကျွန်းသူကျွန်းသားတွေ မရကြပါဘူး။ ဒီတော့ ကျမတို့ ကျွန်းသူ၊ကျွန်းသားတွေက ပိုပြီးတော့ဆင်းရဲလာကြတယ်။ ” ဟုပြောသည်။

ဂစ်ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာမှာရှိသည့် ဂစ်သန့်စင်စက်ရုံကနေ  မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီး သွယ်တန်းထားသည့် ပိတ်လိုင်းကနေတစ်ဆင့် တစ်ရက်ကို ကုဗပေသန်း ၅၆၀ ထွက်ရှိတယ်လို့ ၂၀၁၇ ဝူးဆိုက်ကုမ္ပဏီက ကျောက်ဖြူဒေသခံ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတစ်ခုမှာ ပြောပါဆိုထားသည်။

လည်းကောင်းကုဗပေသန်း ၅၆၀ အနက် သန်း ၁၀၀ ကိုမြန်မာနိုင်ငံမှ လျှပ်စစ်အတွက်ရရှိပြီး ၎င်းကုဗပေသန်း ၁၀၀ မှ ရခိုင်ပြည်နယ်အတွက် ကုဗပေ သန်းနှစ်ဆယ်ကို ပေးတယ်ဆိုပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ထုန်ပြန်ခဲ့ပေမယ့် လက်ရှိအစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာကို မတွေ့ရပါဘူး။

ရခိုင်ပြည်နယ်က ဂစ်ကုဗပေ သန်းနှစ်ဆယ်နဲ့ထုတ်ထားတဲ့လျှပ်စစ်မီးကို ပြည်မကမဟာဓာတ်အားလိုင်းသို့ တစ်ဆင့်ပို့ပြီး ရခိုင်ပြည်နယ်ကို ပြန်ပေးတာကိုလည်း တွေ့ရှိရသည်။

ရခိုင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းအရေးလှုပ်ရှားနေတဲ့ ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ဦးဆောင်ပါဝင်သူ တောင်ကုတ်မြိုမှ ကိုဇေယျကျော်က “ ရခိုင်ပြည်ဟာ သယံဇာတပေါကြွယ်ဝတဲ့ ပြည်ဖြစ်တယ်။ လက်ရှိတည်ဆဲဥပဒေအရ ကျနော်တို့ အကျိုးခံစားခွင့်ဘာမှမရပါဘူး။ ရခိုင်ပြည်နယ်က ထွက်တဲ့ဂစ်နဲ့ ရခိုင်ပြည်နယ်ကိုလျှပ်စစ်မီး သီးသန့်ပေးဖို့ ကျနော်တို့ တောင်းဆိုလာကြတာကြာပြီ။ အခုက ကျနော်တို့ဆီကထွက်တဲ့ လျှပ်စစ်ကိုတောင် ကျနော်တို့ သုံးစွဲခွင့်မရပါဘူး။ ဗဟိုချုပ်ကိုင်မှုက အတိုင်းထက်အလွန်များနေပါတယ်။ ဒီအတိုင်းသာဆက်သွားနေရင် ကျနော်တို့ ရခိုင်ပြည်နယ်က ဘယ်တော့မှအဆင်းရဲဆုံး ဘဝကတက်လာမှာမဟုတ်ပါဘူး။ ” လို့ပြောသည်။

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့  ရွှေဂစ်ပိုက်လိုင်းစီမံကိန်းတွင် ( CNPC- (China National Petroleum Corporation) နှင့် (SEAP-South-East Asia pipeline Co,.Ltd.50.9%) ကို ပိုင်ဆိုင်ထားပါသည်။ CNPC နှင့် SEAP နှစ်ခုကို ပူပေါင်းထားသည့် အဓိကပိုက်လိုင်းတည်ဆောက်သည့် ကုမ္ပဏီမှာ (South-East Asia Gas Pipeline Co,.Ltd (SEAGP) ဖြစ်လာပါတယ်။ မြန်မာစွမ်းးအင်ဝန်ကြီးဌာနအောက်တွင်ရှိသော (Myanmar Oil & Gas Enterprise (MOGE) က 49.1%) ကို ပိုင်ဆိုင်ထားသည်။

 ရေနံပိုက်လိုင်းစီမံကိန်းမှာ (SEAP နှင့် MOGE ပေါင်းစပ်ဖွဲ့စည်းထားတဲ့ SEAOP (SEAP+ MOGE=SEAOP) က အဓိကတာဝန်ယူရမည့် သူတွေဖြစ်သည်။ ဒါကြောင့် ရေနံနှင့်ပိုက်လိုင်းစီမံကိန်းတွင် အဓိက တာဝန်ရှိသူတွေဟာ (South East  Asia Crude oil Pipeline)  SEAOP= SEAOP+SEAGP=(SEAOP/GP)  ယနေ့အချိန်ထိတော့  မြန်မာအစိုးရအနေနဲ့တော့ MOGE ပါဝင်ထားတဲ့ ပိုင်လိုင်းစီမံကိန်းက တစ်နှစ်ဝင်ငွေ ဘယ်လောက်ရှိတယ်။ အခွန်ဘယ်လောက်ရတယ်ဆိုတာ ထုတ်ပြန်ထားခြင်းမရှိပါ။

SEAGP နှင့် SEAOP မှ ၂၀၁၅ တွင်ထုတ်ဝေသော ကတိကဝတ်စာစောင်  ( S11:) တွင်  အမြဲသုံးမြေ၏ မူရင်းပိုင်ရှင်အတွက်  မြေယာလွှဲပြောင်းရန် စာချုပ်ချုပ်ဆိုရမည်ဖြစ်၍ ဒေသအစိုးရထံသို့တင်ပြရမည်၊ ယာယီသိမ်းမြေများအတွက် တည်ဆောက်ရေးပိုင်ပြီးဆုံးမည့် နောက်ပိုင်းတွင် မြေယာမူရင်းအတိုင်း ပြန်လည်စိုက်ပိျုးနိုင်အောင် ပြုပြင်ပေးရမည်လို့ပါရှိတာကို တွေ့ရပါတယ်။

သို့သော်လည်း တစ်ကယ့်လက်တွေ့မှာ စက်ရုံတည်ဆောက်မှုကြောင့် ပျက်စီးသွားသည့် မြေများ၊ ပိုက်လိုင်းဝဲ၊ ယာတစ်လျှောက် ပိုက်လိုင်းကြောင့်ရွှံ့ဖုံးမြေတွေဟာ ယနေ့အချိန်ထိ ဧကပေါင်းများစွာ ပျက်စီးနေတာကို တွေ့ပါသည်။ ထိုလယ်မြေများအတွက် ဒေသခံများက မြေယာကိုမူလအတိုင်း ပြန်လည်တူးဖေါ်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် “သီးနှံလျှော်ကြေးရဲ့သုံးဆ ငါးနှစ်စာနှင့် ကြေအေးပေးကြဖို့  မြို့နယ်အုပ်ချုပ်ရေးမှူးက ဖိအားပေးခဲ့တာကြောင့် ယူခဲ့ကြရတယ်လို့ ” CNPC စက်ရုံတည်ဆောက်လိုက်ခြင်းကြောင့် လယ်မြေရွံ့ဖုံးလွှမ်း ပျက်စီးခံရသူ မြေပိုင်ရှင် မကြည်ကြည်နှင်းက ပြောသည်။

ယင်းသို့ SEAGP/ SEAOP မှထုတ်ဝေသော စာစောင် “၅ မြေယာသိမ်းတည်းခြင်းနှင့် လျှော်ကြေးများ” (d) တွင်  ပိုက်လိုင်းဖြတ်သန်းရာ နေရာများတွင်တည်ရှိသည့် ဘုန်းကြီးကျောင်း၊ စေတီ၊ ဘုရား၊ စာသင်ကျောင်း၊ သုသာန်၊ တိရိစ္ဆာန်ဘေးမဲ့ဒေသ၊ အထူးစိုက်ပျိုးကြိုးဝိုင်းဒေသများကို ရှောင်၍ ဆောင်ရွက်ရမည်ဟုပါရှိသည်။

သို့သော်လည်း လက်တွေ့တွင် ပိုက်လိုင်းတည်ဆောက်ခြင်းကြောင့် အမ်းမြို့နယ်မှာရှိသည့် မျောက်ကိုက် ကျေးရွာ၊ သံဖရာကျေးရွာ၊ ခမောင်းချောင်းကျေးရွာ၊ ဆည်ခြုံတိုင်ကျေးရွာစတဲ့ ကျေးရွာလေးရွာက သုသာန်မြေတွေပျက်စီးသွားခဲ့ပြီး  ယနေ့ထိ လျှော်ကြေးငွေမရရှိသည့် မြေဧကပေါင်း (၁၆၀၀) ဝန်းကျင်ရှိနေသေးသည်ဟု အမ်းမြို့နယ်ပိုက်လိုင်းအရေးလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။

အမ်းမြို့နယ်မှ လယ်သမားများမှာ လျှော်ကြေးငွေရလိုမှုအတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသော်လည်း အစိုးရဘက်က ဖြေရှင်းပေးတာမျိုးမရှိခဲ့ခြင်းကြောင့် လယ်သမားတွေစုပေါင်းပြီး ကျိန်စာတိုက်ခဲ့ခြင်းကြောင့် ဦးဆောင်ပါဝင်သူလေးဦးကို တရားစွဲခံထားရသည်။

ယခင်အစိုးရလက်ထက်ကတည်းက ပျက်စီးခဲ့သည်ဖြစ်သော်လည်း  ယခုအစိုးရသစ်လက်ထက်အထိ ဖြေရှင်းပေးခြင်းမျိုး မတွေ့ရသေးပါဘူး။ ဒါဟာအစိုးရအနေနဲ့ နောက်ထပ်စီမံကိန်းတွေကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားတဲ့အခါမှာ အစိုးရအတွက် စိန်ခေါ်မှုတွေဖြစ်လာနိုင်တယ်လို့ စာရေးသူမြင်ပါတယ်။

လက်ရှိအချိန်မှာ ကျောက်ဖြူမြို့နယ်တွင် အထူးစီးပွားရေးဇုန်စီမံကိန်းဟာ ဒေသခံများအတွက် မက်လုံးများစွာနဲ့ လူထုကြားထဲမှာ အငြင်းပွားစရာအဖြစ် ရေပန်းစားနေပါသည်။ တစ်ဖက်တွင်လည်း ပိုက်လိုင်းတည်ဆောက် ကတည်းက မြေယာဆုံးရှုံးမှုတွေကြောင့် ဒေသခံလယ်သမားများနဲ့ ရေလုပ်သားတွေအတွက် စိုးရိမ်နေကြ တာကိုတွေ့ရသည်။

လက်ရှိအချိန်မှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်မှ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာဖို့မျှော်လင့်တဲ့အုပ်စုတွေကလည်းရှိနေပါသေးသည်။ သို့သော်လည်း နစ်နာဆုံးရှုံးသွားနိုင်တဲ့ တစ်ပိုင်တစ်နိုင်ရေလုပ်သားများအရေးကို ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာမျိုးတော့ ဒိနေ့အထိအစိုးရဘက်က ဘယ်လိုစီစဉ်ထားတယ်ဆိုတာမျိုးမရှိသေးပါဘူး။ သို့သော်လည်းလက်ရှိအချိန်မှာ အရင်အစိုးရလက်ထက်က  သဘောတူထားခဲ့တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကို အရွယ်အစားလျှော့လိုက်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံကနေ ၁.၃ ဘီလီယံသာ ကုန်ကျတော့မယ်လို့ သိရပါတယ်။

ဒါဟာမြန်မာဘက်ကထည့်ဝင်ရမည့် ငွေကြေးအချိုးအစားနည်းသွားမှာဖြစ်ပြီး နိုင်ငံကိုကြွေးမြီး ကျစေမည့် အခြေအနေကို ဖြတ်ကျော်လိုက်တာကိုလက်ခံရမှာဖြစ်ပေမယ့် ဒေသအတွက်အလုပ်အကိုင်အခွင့်အလမ်း ကိုဖန်တီးပေးနိုင်သည့် စက်မှုဇုန်ရဲ့အခြေအနေက ဆိပ်ကမ်းရဲ့အကျိုးအမြတ်ကိုကြည့်ပြီးမှ ဆက်လက်စဉ်းစား ရမည့် သဘောမှာရှိနေသည်။

ထိုကဲ့သို့ ကျောက်ဖြူဒေသခံတစ်ချို့ မျှော်လင့်နေသည့် စက်ရုံအလုပ်ရုံဟာ ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံကိန်းမှာ တည်ဆောက်ဖြစ်ဖို့ အလားအလာက ၁၀% တောင်သေချာဖို့မလွယ်ပါဘူး။

 ကျောက်ဖြူမြို့နယ်မဒေးကျွန်းတွင်  နောက်ထပ်ဆိပ်ကမ်းသာတည်ဆောက်လိုက်ပါက ကျောက်ဖြူမြစ် ကြောင်းအတွင်း ရေလုပ်သားတွေရဲ့လုပ်ကွက်တွေရဲ့ ၉၀% ပျက်စီးသွားနိုင်ပါတယ်။ ရေလုပ်သားတွေ မလုပ်ရတော့ဘူးဆိုရင် ဒေသတွင်းနေ့စဉ်စားသုံးနေတဲ့သားငါးရှားပါးခြင်းနဲ့အတူ ကုန်ဈေးနှုန်းမြင့်တက် လာမှာဖြစ်ပါတယ်။ ကုန်ဈေးနှုန်းမြင်တက်လာပါက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ လူထုတွေကြားမှာ ပြစ်မှုတွေ တိုးပွားလာနိုင်တယ်လို့ စာရေးသူကယူထားပါတယ်။

ဒါဟာအစိုးရအနေနဲ့ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမဲ့အချက်ဖြစ်ပါတယ်။ ဒါကိုထည့်မတွက်ဘဲ မဒေးရေနက်ဆိပ်ကမ်းကို အရင်စလိုတည်ဆောက်လိုက်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြသနာတွေကိုဖြေရှင်းဖို့နည်းလန်းတွေကို ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

ရခိုင်အကြံပေးကော်မရှင် အစီရင်ခံစာမှာတော့ “ကျောက်ဖြူနှင့်အဆိုပါ ပတ်ဝန်းကျင်ဒေသအတွက် အထူးစီးပွားရေးဇုန်ဖေါ်ဆောင်မှုက ဒေသခံပြည်သူလူထုအားမည်သို့ ကောင်းကျိုး/ဆိုးကျိုးများ သက်ရောက်စေနိုင်သည်နှင့် အထူးစီးပွားရေးဇုန်ပြုလုပ်ခြင်းဖြင့် ပြည်နယ်အတွင်းရှိအခြားသော စီးပွားရေးကဏ္ဍများကိုမည်သည့်သက်ရောက်မှုများ ရှိစေနိုင်သည်တို့ကိုစာရင်းပြုစု စီစစ်နိုင်ရန်အတွက် ဘက်စုံပြည့်စုံသော လေ့လာဆန်းစစ်မှု  (Comprehensive Assessment) ( သို့မဟုတ်) ပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာမြောက် လေ့လာဆန်းစစ်မှု (Strategic Environment Assessment) တစ်ခုကို အစိုးရအနေဖြင့်ပြုလုပ်တောင်ရွက်ရန် ကော်မရှင်အနေဖြင့် ထပ်လောင်းအကြံပြုလိုပါသည်။

အစိုးရအနေဖြင့် အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုုပ်နှံထားသည့် နိုင်ငံခြားကုမ္မဏီများအား ဒေသခံပြည်သူလူထုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများထံသို့ သတင်းအချက်အလက်များဖြန့်ဝေခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ကို လုပ်ဆောင်နိုင်စေရန်အတွက်  ခိုင်မာသည့်နည်းလမ်းယန္တရားတစ်ခုကို စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန်ဆိုင်ရာမူများ (Corporate Social Responsibility–CSR)နှင့် အညီ ဖေါ်ဆောင်ပေးရန်တာဝန်ယူရပါမည်လို့ ထည့်သွင်းအကြံပြုထားတာကို တွေ့ရပါတယ်။

 အစိုးရအနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေတက်ဆိပ်ကမ်းကိုတည်ဆောက်မည်ဆိုပါက ကော်မရှင်၏အကြံပြုချက်ကို လိုက်နာဆောက်ရွက်ရန်စာရေးသူအနေဖြင့် ထပ်လောင်းတိုက်တွန်းပါသည်။

ကျောက်ဖြူမြို့နယ်အတွင်း မြေယာအရေး၊ဒေသခံများအရေးကို တစ်စိုက်မတ်မတ်လှုပ်ရှားလာတဲ့ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာမှာတော့  ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ “ ဗဟိုချုပ်ကိုင်မှုလွန်ကဲသောစီမံကိန်းဖြစ်သည့်အတွက် ကျောက်ဖြူဒေသခံလူထုကိုအကျိုးစီးပွားဖြစ်ထွန်းမှုကို အထောက်အကူမပြုသည့်အပြင် ရခိုင်ပြည်သူလူထုအကျိုးအမြတ်မရရှိနိုင်ခြင်း၊ ရခိုင်ပြည်သူလူထု လူနေမှုဘ၀ နှင့် သဘာဝပတ်ဝန်းကျင်ကိုအကာအကွယ်ပေးနိုင်သည့်  အာမခံချက်ရှိစေနိုင်သည့် ဥပဒေ၊နည်းဥပဒေ နည်းဥပဒေလုပ်ထုံးလုပ်နည်းများမရှိခြင်းစသည့်အချက်များစွာရှိနေသည်။

ထို့ကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရန်ပြင်ဆင်နေမှုအား အခြေအနေအရပ်ရပ်ကို  သုံးသပ်ပြီးရပ်တန့်ထားရန်လိုအပ်သည်ဟု ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ   အလေးအနက်ထားယုံကြည်ထားသည် ဟုဖေါ်ပြထားခြင်းများကိုတွေရှိရပါသည်။

 ဒါကြောင့်ပြည်ထောင်စုအစိုးရအနေဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် မတည်ဆောက်မီကာလတွင် အကြံပြုချက်များနှင့် ဒေသခံမျာ၏ ပကတိအခြေအနေများကို သုံးသပ်သင့်တယ်လို့ထင်ပါတယ်။

အရင်စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးနေခြင်းများကို အယင်ပြန်လည်ကုစားသင့်ပြီး ဒေသအတွက်၊ ပြည်နယ်အတွက် အကျိုးခံစားခွင့် များ၊ ဗဟိုနှင့် ပြည်နယ်အရင်းအမြစ်ခွဲဝေခြင်းများ မရှိသေးခင်ကာလအတွင်း စီမံကိန်းကြီးများကိုအကောင်အထည်ဖော်  ဆောင်ရွက်ရန်ပြင်ဆင်ခြင်းထက်   ဒေသခံပြည်နယ် အတွင်းလူထုကို  အမှန်တစ်ကယ် ဖွံ့ဖြိုးတိုးတက်စေမည့် တစ်ခြားနည်းလမ်းများကို ရွေးချယ်လုပ်ဆောင်ခြင်းက  လူထုဖွံ့ဖြိုးမှု ကိုပိုမိုအထောက်အကူပြုနိုင်မယ်လို့ မြင်ပါသည်။