ရခိုင်ရိုးမ၊ နေပူတောင်နှင့် ဖြစ်နိုင်ခြေသဘာဝအခြေခံ ခရီးသွားလုပ်ငန်းအိပ်မက်

မြန်မာနိုင်ငံတွင် သဘာဝကို အခြေခံသောခရီးသွားလုပ်ငန်းစခန်း (၂၁) ခုကို သတ်မှတ်ထားသော်လည်း ရခိုင်ပြည်နယ်ထဲတွင် တစ်နေရာခန့်မျှ ပါဝင်နေခြင်းမရှိသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သကဲ့သို့ ရခိုင့်သဘာဝတရားများကို ထိန်းသိမ်းရန်အတွက်လည်း အလှမ်းဝေးသွားသကဲ့သို့ရှိ၏။ ပုပ္ပါးတောင်၊  ဇွဲကပင်တောင်၊ ကျိုက်ထီးရိုး၊ အင်းလေးကန် စသော သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနေရာများကဲ့သို့ပင် ရခိုင်ပြည်နယ်တွင်လည်း ရှိနေသည်မှာ မငြင်းနိုင်သော အချက်ဖြစ်၏။ စိုင်းတင်ရေတံခွန်၊ မရဇိုင်တောင်တန်း၊ မအီခြေတော်ရာ၊ နေပူတောင် စသော အထင်ကရနေရာ များစွာရှိနေ၏။ ခရီးသွားလုပ်ငန်းများ၏ အခြေခံလိုအပ်ချက်များဖြစ်သော (S) သုံးလုံးနှင့် (N) သုံးလုံးစလုံးသည် ရခိုင်ပြည်နယ်ထဲတွင် ရှိနေပါသည်။

By ရက္ခ 30 Mar 2018

(ရခိုင်ရိုးမတောင်တန်းကြီးအား တွေ့ရစဉ်။ ဓာတ်ပုံ - ရက္ခ)

ရက္ခ ရေးသားသည်။

“ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်းသည် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းတစ်မျိုးပင် ဖြစ်သည်။ ”

(ကုလသမဂ္ဂအထွေထွေညီလာခံ -၂၀၁၂)                                                                            

(တစ်)

ရခိုင်ရိုးမ၏ တောင်ကုတ်တောင်ကြားလမ်းလေးအတိုင်း ရန်ကုန်ဘက်သို့ခရီးသွားမည်ဆိုပါက မိုင်တိုင်အမှတ်(၂၉.၃)ဖာလုံသို့ ရောက်သည့်အခါ “ နေပူတောင်သို့ ” ဟု ရေးထိုးထားသော အဝါရောင် လမ်းညွှန်ဆိုင်းဘုတ်တစ်ခုကို တွေ့ရှိနိုင်သည်။ ဆိုင်းဘုတ်လေးဆီမှ ညွှန်ပြထားသောနေရာတွင် တားမြစ်စာသားများအထပ်ထပ် ရေးထိုးထားသော ဝင်းတံခါးကြီးတစ်ချပ်ကို တွေ့ရှိရမည်ဖြစ်ပြီး ထိုတံခါးချပ် ကြီးကိုတွန်းဖွင့်ကာ တောင်ပေါ်မြေသားလမ်းလေးအတိုင်း ၃ မိုင်ခန့်မျှ လမ်းလျှောက်ဝင်သွားမည်ဆိုပါက နေပူတောင်စီမံကိန်း (ကျောက်ပြားလုပ်ငန်းခွင်) သို့ ရောက်ရှိသွားမည်ဖြစ်၏။

နေပူတောင် ကျောက်ပြားလုပ်ငန်းခွင်သို့ရောက်သောအခါ စီမံကိန်းမှ စွန့်ပစ်ထားသော ဆင်စွယ်ရောင်၊ အပြာနုရောင်နှင့် အဝါရောင်ခပ်ပြေပြေ ကျောက်ပြားစ အကျိုးအပဲ့များက လုပ်ငန်းခွင်နယ်မြေအနှံ့တွင် ပြန့်ကြဲနေသည်ကို တွေ့ရှိရမည်ဖြစ်၏။ အမိုးတစ်ခုတည်းသာရှိသော နေပူတောင်ကျောက်ဖြတ်လွှစက်ရုံထဲတွင် ခေတ်မမှီတော့သည့် ကျောက်ခွဲလွှအရွယ်အစားစုံ ရှိနေ၏။ နေပူတောင်စီမံကိန်းသည် ခေတ်မှီသော အကြီးစားစက်မှု လုပ်ငန်းတစ်ခုအသွင်မဆောင်ပဲ လူလုပ်အားနှင့် စက်လုပ်အားကို မျှသုံးရသော လုပ်ငန်းတစ်ခုအသွင်သာ ဆောင်နေသည်။ နေပူတောင်ကျောက်ဆောင်မှ ကျောက်ထုထည်များကို ဖဲ့ထုတ်ယူသောအခါတွင်လည်း လူအင်အားနှင့်အသုံးပြုရသော စတီးတုတ်သားချောင်း (အက်ကြောင်းထဲသို့ ထိုးထည့်ကာ ပဲ့ထွက်လာသည်အထိ လူအင်အားနှင့်အသုံးပြုရသော စတီးတုတ်ချောင်း) များကို အသုံးပြုရကြောင်း တွေ့ရ၏။

လက်ရှိလည်ပတ်နေသော နေပူတောင်စီမံကိန်းကို မြန်မာအစိုးရမှ Myanmar Simco Song Da Joint Stock Co.,Ltd (ဗီယက်နမ်ကုမ္ပဏီ) သို့ (၆.၃.၂၀၁၂) မှ (၁၅.၃.၂၀၃၂) အထိ နှစ်ပေါင်း ၂၀ ထုတ်လုပ်ခွင့် ရောင်းချထားသည်။ နေပူတောင်စီမံကိန်းတွင် လုပ်ကိုင်နေကြသော ဒေသခံအလုပ်သမားများမှာ တစ်လလျှင် လစာငွေ (၁၅၀၀၀၀ ကျပ်) နှုန်းသာ ရရှိကြပြီး ကျန်းမာရေးအရ အလုပ်ပျက်ကွက်ခဲ့ပါက လစာငွေကို ရက်ကြေးနှုန်းဖြင့်တွက်ချက်ကာ ဖြတ်တောက်ခံကြရကြောင်း အလုပ်သမားများက ဆိုသည်။ လုပ်ငန်းခွင်နှင့်ပတ်သက်၍ အလုပ်သမား အခွင့်အရေးများ အပြည့်အဝရရှိ ကြပုံမရချေ။ စီမံကိန်းနှင့်ပတ်သက်၍ ကမ္ဘာမှသတ်မှတ်ထားသော EIA, SIA, HIA စသည်တို့မှာ ဝေးလေစွဟုပင် ဆို ရမည်ထင်၏။

(နှစ်)

မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ် ၌ ထုတ်ပြန်ခဲ့သော သစ်တောအမိန့် ကြေငြာစာအမှတ် (၆၃/၉၈) ဖြင့် သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုအမိန့်စာနှင့်အတူ သဘာဝခရီးသွား လုပ်ငန်းလုပ်ဆောင်နိုင်မည့် ဥယျာဉ်၊ ဘေးမဲ့တောအပါအဝင် ခရီးသွားလုပ်ငန်းစခန်း (၁၅)ခုကို ကနဦး သတ်မှတ်ခဲ့သည်။ ၂၀၁၁ ခုနှစ်သို့ရောက်သောအခါ သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စေရန်အတွက် ပြင်ဆင်ထားသော အမိန့်ကြေငြာစာအမှတ် (၉၈)ကို ထပ်မံထုတ် ပြန်ခဲ့ပြီး ခရီးသွားစခန်းကိုလည်း (၂၁) ခုအထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခု နှစ်တွင် ခရီးသည်ဝင်ရောက်လည်ပတ်နှုန်း (၃.၀၈၁) သန်းအထိ ရှိခဲ့ကြောင်း မှတ်တမ်းများမှ ဖော်ပြသည်။ သဘာဝတောတောင် အလှအပပေါများသော မြန်မာနိုင်ငံအတွက် သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်း (Ecologically Bassed Tourism (Ecotourism)) သည် ရှေ့ဟောင်းမြို့ပြများ၊ ဘုရားပုထိုးများကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲခေါ်နေသော လုပ်ငန်းတစ်မျိုးပင်ဖြစ်သည်။ ခရီးသွားလုပ်ငန်း၏ အရေးပါမှုထဲတွင် ယခင်ကာလက (S) သုံးလုံးကို ဖော်ပြကြသည်။ Sunshine (နေရောင်ခြည်)၊ Sand(သဲ) နှင့် Sea (ပင်လယ်) တို့ဖြစ်၏။ သို့သော် ပြောင်းလဲလာသော ခေတ်စနစ်များအရ လက်ရှိ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွင် (N)သုံးလုံးက ခေတ်စားလာနေသည်။ Nature (သဘာဝတရား)၊ Nostalgia (ခေတ်နောက်ပြန်ခြင်း)နှင့် Nirvana (ခေတ်နှင့်လိုက်လျှောညီထွေမှုရှိခြင်း)တို့ဖြစ်သည်။ ထို (N)သုံးလုံး၏ စခန်းထလာမှုသည် သဘာဝခရီးသွားလုပ်ငန်း (Ecotourism) အပေါ် လူအများ စိတ်ဝင်စားလာခြင်းကို အခြေခံ၏။

(သုံး)

The International Ecotourism Society (နိုင်ငံတကာ သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖွဲ့) ၏ အဓိပ္ပါယ်ဖွင့်ဆိုမှုထဲတွင် Ecotourism ဆိုသည်မှာ သဘာဝအရတည်ရှိနေသော ဒေသများသို့ ဒေသခံများ၏ သာယာဝပြောရေးနှင့် ယင်းဒေသကို ထိန်းသိမ်းရေးအလို့ငှာ တာဝန်သိသိ ခရီးသွားခြင်းဟုဆို၏။ သက်ရှိများနှင့် သက်မဲ့ပတ်ဝန်းကျင်တို့၏ ဆက်နွယ်နေသော ဂေဟစနစ်ကို ခရီးစဉ်တစ်ခုအဖြစ် ဖန်တီးထားသော လုပ်ငန်းတစ်ရပ်ဟုလည်း ဆိုသည်။ သဘာဝတရားကို သဘာဝအတိုင်း ခင်းကျင်းပြသထားပြီး သဘာဝ၏အရသာကို မူရင်းအတိုင်းခံစားလိုသူများနှင့် လေ့လာလိုသူများအတွက် အဆင်ပြေသော ခရီးစဉ်တစ်ခုဖြစ်သကဲ့သို့ ထိုသဘာဝတရားများ ရှိနေသောနေရာနှင့် ဒေသခံပြည်သူများအတွက်လည်း ဝင်ငွေရရှိစေနိုင်သော လုပ်ငန်းတစ်ရပ်ပင် ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် သဘာဝကို အခြေခံသောခရီးသွားလုပ်ငန်းစခန်း (၂၁) ခုကို သတ်မှတ်ထားသော်လည်း ရခိုင်ပြည်နယ်ထဲတွင် တစ်နေရာခန့်မျှ ပါဝင်နေခြင်းမရှိသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သကဲ့သို့ ရခိုင့်သဘာဝတရားများကို ထိန်းသိမ်းရန်အတွက်လည်း အလှမ်းဝေးသွားသကဲ့သို့ရှိ၏။ ပုပ္ပါးတောင်၊  ဇွဲကပင်တောင်၊ ကျိုက်ထီးရိုး၊ အင်းလေးကန် စသော သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနေရာများကဲ့သို့ပင် ရခိုင်ပြည်နယ်တွင်လည်း ရှိနေသည်မှာ မငြင်းနိုင်သော အချက်ဖြစ်၏။ စိုင်းတင်ရေတံခွန်၊ မရဇိုင်တောင်တန်း၊ မအီခြေတော်ရာ၊ နေပူတောင် စသော အထင်ကရနေရာ များစွာရှိနေ၏။ ခရီးသွားလုပ်ငန်းများ၏ အခြေခံလိုအပ်ချက်များဖြစ်သော (S) သုံးလုံးနှင့် (N) သုံးလုံးစလုံးသည် ရခိုင်ပြည်နယ်ထဲတွင် ရှိနေပါသည်။

(လေး)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၇၃ - ၇၄ ခုနှစ်)တွင်  ဂျပန်ဝန်ကြီးချုပ် နာကာတာ ဦးဆောင်သောအဖွဲ့သည် နေပူတောင်ကို တစ်ကုဗမီတာလျှင် မြန်မာကျပ်ငွေ (၁၂၉၈ ကျပ်ဒသမ ၄ ပြား)နှုန်းဖြင့် အမေရိကန်ဒေါ်လာ(၉၀၀၀)သန်းဖိုး ဝယ်ယူရန် အကြိုသဘောတူခဲ့ကြကြောင်း ဆို၏။ အစီအစဉ်ထဲတွင် ဂျပန်ဖက်မှ တောင်ကုတ်- သံတွဲရထားလမ်း ဖောက်လုပ်ပေးရန် အဆိုပြုထားခဲ့သော်လည်း အစိုးရဖက်မှ ဧရာဝတီမြစ်ကူးတံတား တစ်စင်းတည်ဆောက်ပေးရန် တောင်းခံခဲ့ကြောင်း သိရှိရသည်။ ထိုအစီအစဉ် အထမမြောက်ခဲ့သော်လည်း ၁၉၇၅-၇၆ ခုနှစ်တွင် မြန်မာအစိုးရပိုင် နေပူတောင်ကျောက်ပြားစီမံကိန်းကို စတင်ခဲ့ပြီး အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ ကြွေထည်၊ မြေထည်လုပ်ငန်း ကော်ပိုရေးရှင်းလုပ်ငန်းလက်အောက်ခံ နေပူတောင်ဌာနခွဲ (၃)အဖြစ် သတ်မှတ်ခဲ့ သည်။

မူလလက်ရင်း နေပူတောင်၏အတိုင်းအတာသည် မြေပေါ်မျက်မြင် ထုထည် ကုဗပေ (၃၄၉,၂၃၇,၅၀၀) ရှိပြီး အပေါ်သို့ ပေ ၃၀၀ ကျော်ခန့်မျှ ထိုးထွက်နေကြောင်းနှင့် အောက်ခြေ သို့ ပေ ၃၅၀ ခန့်မျှ နက်ရှိုင်းကြောင်း ဆိုသည်။ နေပူတောင်ကျောက်၏ အတွင်းပိုင်းတွင် ယှေလကျောက်(Copper Cretaceous)၊ သဲကျောက် (Agillaceous)၊ ကယ်လ်စီယမ်ကာဗွန်နိတ်၊ အလူမီနီယံအောက်ဆိုက်ဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ် နှင့် ဆိုဒီယံမိုနောက်ဆိုဒ် စသောဒြပ်ပေါင်းများပါဝင်ကြောင်း လေ့လာသူများက ဆိုသည်။  မစ္စတာ သီအိုဘဲလ်ဒ် (Mr. Throbald) နှင့် အိန္ဒိယဘူမိဗေဒတိုင်းတာရေးအဖွဲ့ (Volume of Geological Paper on Burmese) ရဲ့ အစီရင်ခံစာအရ ရခိုင်ရိုးမတောင်ပေါ်က ကျောက်များသည် နှစ်သန်းပေါင်း (၁၈၀ -၂၂၅ သန်း) ရှိကြောင်း ဆိုထား၏။

(ငါး)

ရခိုင်ရိုးမပေါ်မှ နေပူတောင်စီမံကိန်းနယ်မြေထဲသို့ ရောက်ရှိခဲ့မည်ဆိုပါက နိုင်ငံခြားတိုင်းပြည်တစ်ခုထဲမှ Eco-Tourism နေရာတစ်ခုကို ရောက်သွားရသကဲ့သို့ (သို့မဟုတ်) နတ်သမီးပုံပြင်ထဲမှ သာယာလွန်းလှသော တောနက်တစ်နေရာကို ရောက်သွားရသကဲ့သို့ ခံစားရလိမ့်မည်ဖြစ်၏။ အသွယ်လိုက် အတန်းလိုက်ရှိနေကြသော သဘာဝကျောက်ဆောင် တောင်တန်းများနှင့် မြူခြေရစ်သိုင်းနေတတ်သော ချောက်ကမ်းကြီးများ၊ ပုံစံမပျက်ယွင်းသေးသော သဘာဝသစ်တောများ၊ တသွင်သွင်စီးဆင်းနေကြသော တောင်ပေါ်ချောင်းများနှင့် စမ်းချောင်းငယ်များ၏ အလှအပက ညှို့အားပြင်းလွန်းလှ၏။

ကမ္ဘာ့ချမ်းသာသော နိုင်ငံများနှင့် သဘာဝတရားကို ထိန်းသိမ်းသောနိုင်ငံများတွင် သဘာဝသယံဇတနှင့်  သဘာဝတောတောင်အလှအပများကို ဖြုန်းတီးဖျက်စီးမပစ်ကြပဲ ထိန်းသိမ်းခြင်းမှ ဝင်ငွေရရှိစေရန် ဖန်တီးကြသည်။ ကမ္ဘာလှည့်ခရီးသည်များကို စိတ်ဝင်စားအောင် မျှားခေါ်သောနည်း (သို့မဟုတ်) သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြင့် ဝင်ငွေရရှိအောင် ဖန်တီးထားကြသည်။ တူရကီနိုင်ငံ Denizil Pamukkale မြို့ပေါ်က Pamukkale သည် ရေပူစမ်းလေးများနှင့် သဘာဝတောတောင်များသာရှိနေသော နေရာတစ်ခုဖြစ်သော်လည်း ထိုနေရာလေးမှာ ကမ္ဘာ့ခရီးသွားများ လည်ပတ်မှုအများဆုံး စာရင်းထဲတွင် ရှိနေသော (Eco - Tourism) နေရာတစ်ခုအဖြစ် ထင်ရှားနေသည်။ ထို့အပြင် ကမ္ဘာကျော် ရော့ကီးတောင်တန်းကဲ့သို့ နေရာများ၊ ရေနက်အိုင်များ၊ မြစ်ကွေ့များ၊ သဘာာဝဘေးမဲ့သစ်တောများ၊ ဆင်စခန်းများစသော ကမ္ဘာကျော်နေရာများစွာ ရှိနေပါသည်။ 

ရခိုင်ရိုးမပေါ်မှ နေပူတောင် (စကျင်ကျောက်တောင်) နှင့် ထိုအနီးပတ်ဝန်းကျင်မှ လှပစိမ်းစိုလွန်းသော သဘာဝအလှအပများတွင်လည်း Ecotourism လုပ်ငန်းများလုပ်ဆောင်နိုင်ရန် အနေအထားနှင့် အခွင့်အရေးများ ရှိနေသည်ကို ထည့်စဉ်းစားသင့်သည်။ ပဲခူးရိုးမတွင် ဆင်စခန်းများဖြင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နေသကဲ့သို့ တဆက်စပ်တည်းတည်ရှိနေသော ရခိုင်ရိုးမတွင်လည်း ထိုသို့ Ecotourism စခန်းများ တည်ဆောက်နိုင်သည်။ သဘာဝတရားများကို ချစ်မြတ်နိုးတတ်ရန်၊ ထိန်းသိမ်းတတ်ရန်၊ ရှိရင်းစွဲသ ဘာဝသယံဇာတများ မဆုံးရှုံးရန်နှင့် ဒေသခံများအတွက် သဘာဝမှပေးသော အလုပ်အကိုင် အခွင့်အလမ်းများပါ ရရှိလာစေရန် ရခိုင်ရိုးမ၊ နေပူတောင်နှင့် ဖြစ်နိုင်ခြေ သဘာဝအခြေခံခရီးသွား လုပ်ငန်းအိပ်မက်က စောင့်မျှော်လျှက်ရှိနေပါသည်။         ။

ရက္ခ

(၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၃) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)