- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရခိုင်ဝါးမျိုး ပြုန်းရိုးမရှိလေ
07 Mar 2019
ရမ်းဗြဲမြို့ ကိုယ်ရံတောင်ခြေကရခိုင်ဘုရင်မဟာသမ္မတရာဇာ၏ မိဖုရားမြသန္တာအုတ်ဂူကို၂၀၁၇ ဧပြီ၈မှာ ရောက်ခွင့်ကြုံသောအခါ မိမိမှာ အမျိုးအမည်မဖေါ်ပြနိုင်သော ခံစားမှုအစုစုတို့ ဆို့နင့်ခံစားရသည်။
မင်းသမီးချေဂူဟူ၍သာ လူသိများခဲ့သော ထိုဂူမှာ မကြာသောကာလတခုတွင်မှ ရခိုင်တို့၏နောက်ဆုံးဘုရင် မဟာသမ္မတရာဇာ၏ မိဘုရားဂူအဖြစ် ဖေါ်ထုတ် အသိအမှတ်ပြုခွင့်ရခဲ့ကြ၏။ သိမ်းပိုက်ခံလူမျိုး၊ ရှုံးခဲ့ရသော လူမျိုးတို့စဉ်လာ ဆုံးရှုံးတိမ်မြုပ်ပျောက်ကွယ်ရစမြဲ ။ သမိုင်းအမွေအနှစ် များစွာထဲမှ ရှားတောင့်ရှားခဲ
အဖဲ့အစအဖြစ် သည်အုတ်ဂူကလေး တန်ဖိုးကြီးလှသည်။ ကြိမ်နွယ်တန်းရှည်များဖြင့် လက်ဖဝါးများကို သွယ်တန်းဖေါက်ထွင်းပြီး ချည်နှောင်ဖမ်းဆီးသွားသော စစ်ရှုံးသူ ရခိုင်သူ/သားများအကြား ရခိုင်ဘုရင်နှင့် မိဘုရား သားတော်သမီးတော်များကို မည်သို့သောအနေအထားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသလဲ။
အတွေးဖြင့် မျှော်ရည်မှန်းကြည့်မိသည်။
တောင်ကုတ်တောင်ကြားလမ်း ရခိုင်ရိုးမ တောင်စဉ်တန်းတလျှောက် ဖိနပ်မပါ ခြေဗလာနှင့် တပါးကျွန်တို့
အမရပူရစံဌာနီဆီ ကြိမ်နွယ်တန်းလန်းဖြင့် အရောက်ချီကြရမည့်ခရီး ပြာသိုလကွယ် တပိုတွဲဆန်းစ ဟေမန္တကာလ ကျွဲချိုဖျားတောင် တုန်အောင်ချမ်းအေးချိန်ဟု တင်စားရသည့် အခါသမယဝယ် ရင်တွင်းအပူမီးနှင့် ဆောင်းဒဏ်ကို အံတုရင်း အံကြိတ်ခံ ဖြတ်ကျော်ခဲ့ကြသည်လား။
မိမိနှလုံးသားကို ကျဉ်စက်ဖြင့်ထိုးနှက်ထားသလို တုန်ခါနာကြင်လာမိသည်။ ရခိုင်တို့၏ အထွဋ်အမြတ်ပူဇော်ရာ မဟာမုနိရုပ်ရှင်မြတ်ကို အောင်နိုင်သူတို့ ပင့်ဆောင်တော်မူခန်း သမိုင်းမှတ်တမ်းမှာပင် အပိုင်းပိုင်း ပြတ်နေခဲ့ပြီးဖြစ်ရာ သိမ်းပိုက်ခံ ဘုရင်နှင့်တကွ ပြည်သူပြည်သားများအဖို့ရာမှာတော့ သဲအူပြတ်မျှ အစိတ်စိတ်အမွှာမွှာ ကြေမွရိပွတ် အလွမ်းဇတ်ဝင်ခန်းရှည်ကြီးကို မြင်ယောင်ယင်း မိမိ ကြက်သီးမွေးညှင်း ထမိသည်။
အမရပူရရောက် ရခိုင်ဘုရင်ဇတ်သိမ်းမှာ ရာဇဝင်သမိုင်းဆရာတို့အဖို့ မှင်တတို့ပင် မထိုက်ခဲ့လေလား။
ကတ္တီပါအိတ်စွပ် လည်မျိုတုတ်တိုနှင့်ရိုက် ရေမျောစေ။ မဟာဆီမဟာသွေး မင်းမျိုးမင်းနွယ်တို့ မြေမခအပ် ဆိုသော ဗမာဘုရင်တို့ထုံးဓလေ့အား စစ်ရှုံးသူ ရခိုင်နောက်ဆုံးဘုရင် ခံစားခွင့်မှရခဲ့ပါလေစ။
မှန်းဆရုံနှင့်မောဟိုက် မီးတိုက်ခံရသောရွှေနန်းတော်၊ သင်္ချိုင်းမြေများ ဖုံးထားခြင်းခံရသော နန်းရာကုန်းမှ ဝိညာဉ်များ၏ စကားသံကို ကြားချင်စမ်းပါ၏။ တန်းဆောင်းရွာသူ စောမယ်ပုံတဖြစ်လဲ ရခိုင်ဘုရင်၏ မိဖုရားမြသန္တာခမျာ အောင်နိုင်သူတို့၏ အမရပူရထီးရိပ်မှာ အဘယ်မျှလောက်သော လောင်မြိုက်ပူမီး အလျှံတညီးညီး ဝါးမျိုနှိပ်စက်မှုအပေါင်း သရဖူဆောင်းရခိုက် ဝေဒနာသည်းချိန် ကိုယ့်ပြည်ကိုယ့်ရွာကို တမ်းတဖို့ ခွန်အား နတ်သိကြားဒေဝါများက ကူပံ့ပေးခဲ့ကြပုံရပေသည်။
သားနှစ်ဖေါ်ကိုတွဲမှီလို့ ရမ္မာဝတီဆီ ပြန်နိုင်ခဲ့သော ကံကြမ္မာကြောင့် သမိုင်းခြေရာ မှုံတိမှုံဝါး ကြေးမုံမှန်ကွဲတစကို ကိုယ်ရံတောင်ခြေရင်းမှာ မြှုပ်နှံပေးထားခဲ့ခြင်းဖြစ်ပါ၏။
အောက်မေ့တသ အမှတ်ရခြင်းကို နှစ်ပေါင်းနှစ်ရာကျော်တိုင် လက်ဆင့်ကမ်းနိုင်သော ရခိုင်မျိုးတို့ ဘုန်းတန်ခိုးတေဇာ မြေမှာလျောင်းလျက်နှင့် ပိန်းပိတ်အောင် မှောင်မိုက်မှုထဲမှာ နှလုံးသားမီးအိမ် ကိုယ်စီထွန်းညှိရင်း ရောင်ဖြူကျင်း အလင်းမျှော် ရောင်နီကိုဦးခိုက်ဖို့ အားတင်းလာခဲ့ကြသည်။
အဇူသျှင် အဇာသျှင်မ မြသန္တာ သူမ၏မြေးမြစ်တီတွတ်များကို မချိပြုံးတဝက်ဖြင့် အားတက်စေပါ၏။ ရခိုင်သားတို့၏ ရှေ့ဆက်ခရီး မိုးလင်းယံ စည်တော်တီး ဗြိန်းစောင်သံဟိန်း၍ ပြည်ကြီးဝင်အောင်ပွဲအတွက် ဇူဇာသျှင်မ မိဖုရားမြသန္တာ အုတ်ဂူတွင်းက မျှော်လင့်ချက်ကြီးစွာ စောင့်စားနေမည်မှာ ဧကန်မလွဲပေ။
အဇူဇာသျှင်မ မြသန္တာကို ဂါရဝပြု၍ လှည့်ပြန်ရန်ပြင်ခိုက်တွင် မိဖုရားဂူတဝိုက်၌ ဝါးရုံအုပ်ငယ်တို့မှာ အမြင်တမျိုးဆန်းနေသဖြင့် အတူပါလာသော အမတ်ဘေးဘေတို့အဖွဲ့ကို စနည်းနာဖြစ်သည်။ “ဝါးသီးဖို့ ပွင့်နေကြတာ” ဟုဝိုင်းပြောကြသည်။ မိမိမှာ ဧရာမ ကြခပ်ဝါးရုံကြီးနှင့် ဖွားဖက်တော်ဖြစ်၏။ ပါပါ့မိတ်ဆွေတယောက် မိမိမြင်ဖူးစေဖို့ ရခိုင်ခယင်ဝါးသီး စိမ်းစိမ်းကြီးနှစ်လုံး ယူလာရာကလည်း အိမ်ခြံဝင်းထဲမှာစိုက်ထားယင်း ခယင်ဝါးရုံနှင့် ငယ်ကျွမ်းဖြစ်ဖူးစေကာမူ ဝါးပွင့်ချိန်ကို လုံးဝ မမြင်ဖူးချေ။
အော် ဝါးရုံတွေပွင့်ပြီဆိုမှတော့ သည်ဝါးတောတွေ ကြေပြုန်းချိန် နီးပါပေါ့လားဟု ပညာသိ မစို့တပို့ကလေးဖြင့်
ကြေကြေကွဲကွဲ ဖြစ်လာမိ၏။ မိမိကျေးဇူးတော်သျှင် ဓမ္မသုခဆရာတော်ဘုရား မြွက်ကြားလေ့ရှိသော ဘုရားဟောဒေသနာ တစွန်းတစကိုလည်း အမှတ်ရလာခဲ့သည်။
Photo - facebook
"ဖလံဝေ ကဒလိ ံ ဟန္တိဖလံ ဝေဠုံ ဖလံ နဠံ။"
ငှက်ပျောပင် ဝါးပင် ကျူပင်တို့သည် အသီးသီးပြီး သေသွားလေ့ရှိကြ၏။ ငှက်ပျောသီးကပင် စင်စစ်အားဖြင့် ငှက်ပျောပင်ကိုသတ်သည်မည်၏။ ဝါးသီးသည် ဝါးပင်ကိုသတ်၏။ ကျူသီးကပင် ကျူပင်ကိုသတ်သည်မည်၏။
"သက္ကာရော ကာပုရိသာ ဟန္တိ” ပူဇော်သက္ကာရ လာဘ် ရာထူးဂုဏ်သိမ်တို့သည်လည်း ယုတ်မာသော ယောကျ်ားတို့ကို သတ်ဖြတ်ကြကုန်၏ဟု မြွက်ဆိုကြားမှုပင် ဖြစ်သည်။
၁၁၄၆ ဥသြရေသောက် ရခိုင်မင်းဆက်ပျောက်ခဲ့ရသော ထီးသုဉ်းနန်းသုဉ်း ကြငှါန်းသုဉ်းခဲ့ရသော ကြမ္မာရိုင်း သည်လည်း မိမိပင်စည်ကြေပြုန်း သေဆုံးသွားစေရန် မိမိအသီးကပင် ကြမ္မာငင်ခဲ့ကြောင်း ယခုအခါ မည်သူမျှ အငြင်းပွားနိုင်ဖွယ်မရှိပြီ။ ငသံတွေ သစ္စာဖေါက်လို့ ကျွန်သပေါက်ဖြစ်ခဲ့ရကြောင်း ရင်နာတေးများစွာကို လည်ခြောင်းကွဲမတတ် မျိုးဆက်မပြတ် ရခိုင်တို့ ဆိုညည်းမဆုံးလာခဲ့ကြသည်မှာ နှစ်ပေါင်းနှစ်ရာ ကျော်ခဲ့ကြပြီကောလေ။
ရခိုင့်အချုပ်အခြာအာဏာ ကျရှုံးသော အောက်မေ့ဖွယ်အခမ်းအနားမလုပ်ရ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်နှင့် ငြိစွန်းသည်ဟု တခုသော အာဏာပိုင်အဖွဲ့ အကြီးအကဲ၏ အမိန့်အာဏာဖြင့် ဟန့်တား ပိတ်ပင်ခံရသော ဖြစ်ရပ်ဝယ် “ခွင့်တူညီမျှ ဝါဒဖြူစင်သော ပြည်ထောင်စုကြီးအတွင်းမှာ ဗမာက သီပေါကို လွမ်းခွင့်ရသလို မွန်ကမနူဟာမင်းကို တမ်းတခွင့်၊ ရခိုင်ကလည်း မဟာသမ္မတရာဇာကို အောက်မေ့ခွင့်ရှိမှ
တန်းတူအခွင့်အရေးရှိတဲ့ ပြည်ထောင်စုကြီးသရုပ်ကို ဖေါ်ဆောင်စေမှာဖြစ်ပါတယ်။ စည်းကမ်းတွေ ဖေါက်တော့လဲ ထီးနန်းတွေ ပျောက်ခဲ့ရတယ်ဆိုတဲ့ သတိသံဝေဂ အသိဉာဏ်ပညာတွေကို ဒီကျရှုံးခြင်းအခမ်းအနားတွေ လုပ်ပေးခြင်းက ရှိနိုင်ပြီးတော့ ဇာတိသွေးဇာတိမာန် တက်ကြွရှင်သန်ရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့တာဝန်အရေးသုံးပါးကိုလည်း ဦးထိပ်ပန်ဆင်ရာ ရောက်မှာပါ "စသဖြင့် ရှောင်တခင် လျှောက်လဲချက် ပေးခဲ့ရစဉ်က အခမ်းအနားလုပ်ခွင့်ရ၍ ဝမ်းသာဖို့ပင် မပြင်အားသေး အကြီးအကဲက “ဟို.. ဟို လေ ကျနော်တို့သွားသိမ်းတာ မဟုတ်ဘူးနော် ဟို ငသံတဲဆိုလား ဘာလား အဲလူကြီးကလာပြီးတော့” စကား အဆုံးမသတ်စေကာမူ နှလုံးသားက ခါးသည်းစွာ ကြားသည်သာမက အတီတေလွန်လေပြီးသော သမိုင်းဖြစ်ရပ်မှန်ကို နှုတ်ခွန်းတချက်မျှ မဟနိုင် “ငသတစ်ပစရီဝင်ရေပိုင်” ဆိုသော ရခိုင်ဥပမာစစ်စစ်ကို တစ်ဆို့စွာ မျိုချလာခဲ့ရသည်။
မညီညွတ်လို့ အတိတ်သမိုင်းရိုင်းခဲ့ရသည်။ ညီညွတ်မှုအရေးကြီးပါသည်ဟု ကရားရေလွတ် တတွတ်တွတ် ဆော်သြသူ များမှများ ညီညွတ်ပါဟု ပြောသူများကြား မညီညွတ်ခြင်းတရားများကို တပွက်ဆူလက်ခုပ်သံများက ထာဝရဝန်းရံ ဖုံးအုပ်ပေးနိုင်စွမ်းပါ့မလား။ ခေါင်းဆောင်ကောင်း နောက်လိုက်ကောင်း ရှင်ဘုရင့်ပုဆိုး ပိုးချည်းပါဘုရား လူတန်းစားအန္တရာယ် ကာကွယ်ခြင်းနှင့်ကုသခြင်း ဘယ်ဒင်းအခရာကျသလဲငြင်းခုန်ရင်း ဘုရင်ကြီး ကိုယ်တုံးလုံး ကျင်းသွားခဲ့ရင်ဖြင့် တဝါးဝါးတဟားဟား ရယ်သွမ်းသွေးမည့်သူ ဒုနှင့်ဒေးလေ။ ဗလာမကျင်းမီ ကသီကရီ အိန္ဒြေလုံဖို့ ခြုံပုဝါကိုင်ကာစောင့်နေမည့်သူများကို မြတ်စွာဘုရား စောင်မတော်မူပါစေကြောင်း သူတော်ကောင်းများ တောင်းဆုခြွေထားရကိန်း ရောက်စေချင်မိသည်။
ဝါးသီးကိုဖြစ်ထွန်းစေမည့် ပွင့်ရုံမြိုင်မြိုင်နှင့် ဝါးခြုံတောကိုဖြတ်ရင်း မိမိ၏အတွေးနယ်လွန် ရွက်လှေကလေးသည် တောအထပ်ထပ် တောင်အသွယ်သွယ် ပင်လယ်သမုဒ္ဒရာများစွာကိုဖြတ်ကာ သြစတြေးလျတိုက်၌ ယခုလက်ရှိ နေထိုင်လျက်ရှိသော ရခိုင်ပြည်ကွန်မြူနစ်ပါတီနှင့် ဆက်စပ်ဖူးသူ အစိုးရသားဖွားဆရာမလုပ်ခဲ့ဖူးသော ရခိုင်သူမကြီး ဒေါ်မကျော့လှဆီသို့ အရောက်နှင်သွားလေ၏
ဒေါ်မကျော့လှနှင့်မိမိမှာ စစ်တွေတမြို့တည်း၌ နေထိုင်ကြသူများဖြစ်သော်လည်း လုံးဝသိကျွမ်းရင်းနှီးမှုမရှိကြ။ဒေါ်မကျော့လှ၏မောင်ဖြစ်သူ ကိုမောင်နီနှင့်မူ ဒသမတန်းတုန်းက ဆရာဦးဖိုးကျော်သန်း ကျူရှင်၌ တက်ကြစဉ်
မျက်မှန်းတန်းမိစေကာမူ စကားမပြောဖူး။ နောင်တွင် မိမိသူငယ်ချင်းများနှင့် ကိုမောင်နီမှာ အလွန်ရင်းနှီးသော ဆက်ဆံမှု ရှိလာကြသည့်တိုင်အောင် မိမိနှင့်ခပ်စိမ်းစိမ်းရယ်။
သို့သော် ကိုမောင်နီသည်လည်းကောင်း သူ၏အစ်မအရင်း အစိုးရသားဖွားဆရာမ မကျော့လှသည်လည်းကောင်း ရခိုင်တောတွင်းနိုင်ငံရေး တော်လှန်ရေးအဖွဲ့တခုခုနှင့် နွယ်သည်ဟုတော့ သရိုးသရီ မိမိကြားဖူးသယောင်ရှိနေခဲ့ပါ၏။
မိမိရှေ့နေလုပ်သက်လေးနှစ်ခန့်ရှိစဉ် ၁၉၈၆ခု မေလဆန်းစတွင် ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP)၏တပ်မှ မင်းပြားမြို့သိမ်းတိုက်ပွဲဖြစ်သည်။ ထိုနေ့ နံက်ပိုင်းက မိမိမှာ မင်းပြားတွင် အမှုရက်ချိန်းပြီး၍ စစ်တွေကို သင်္ဘောဖြင့် ပြန်လာခဲ့သည်။ မိမိဆရာ ဦးကျော်သန်းမှာမူ ရုံးချိန်းမပြတ်၍ မင်းပြားကျိန်းတောင်ခြေရင်း မင်းကန် ကန်ဘောင်အောက် မီးစက်ဝင်းရှိ ဦးလေးအိမ်တွင် တည်းခိုကျန်ရစ်ခဲ့၏။
ညဖက်တိုက်ပွဲသတင်းများ မနက်ပိုင်းတွင် ရခိုင်တော်လှန်ရေးအဖွဲ့၏ အောင်ပွဲခံမြင်ကွင်းများ မင်းပြားလူထု၏ လက်ခုပ်သံတဖြောင်းဖြောင်းနှင့် တော်လှန်ရေးအဖွဲ့၏ မင်းပြားမြို့မှ ထွက်တော်မူခန်းတို့ကို မိမိ နောက်တပတ်ရုံးချိန်းသွားစဉ်တွင် မြိန်ရေရှက်ရေ ပြန်ပြောပြကြ၍ ချိုမြိန်စွာ နားထောင်ခဲ့ရဖူးသည်။
မနိုင်၍ သည်းခံရခြင်းသည်လည်းကောင်းနှင့် ရခိုင်သားတို့ ခေါက်ရိုးကြေမွနေသော်ငြား တော်လှန်ရေး အသွေးအသားများမှာ ရခိုင်သားတိုင်းကိုယ်ထဲ၌ လှည့်ပတ်စီးဆင်းနေကြမြဲဆိုသည်ကို ထိုမင်းပြားမြို့သိမ်းတိုက်ပွဲအား ရခိုင်လူထုက လှိုက်လှဲစွာ ဝမ်းပန်းတသာ အားတက်သရော ထောက်ခံအားပေးမှုက သက်သေခံနေသည်။
ထိုအရေးအခင်းကြောင့် မင်းပြားမြို့နယ် ပါတီယူနစ်ဥက္ကဌ ဦးကျားဒေါင်းနှင့် အစိုးရဖက် တာဝန်ရှိသူတချို့ ဖမ်းဆီး အရေးယူခြင်းခံရသည်။ အေစီပီ ဗိုလ်မှူးမောင်ဟန်၊ ထွန်းအောင်ကျော်ကြီး၊ ထွန်းအောင်ကျော်ချေ ဦးခိုင်စိုး၊ ရှေ့နေစိုးမြင့် စသည့်အမည်များနှင့် မင်းပြားဘဏ်မှ သိမ်းယူသွားသောငွေများ တိုက်ပွဲဝင်သေနတ်များ မျက်နှာဖုံးစွပ်၍ သေနတ်များပစ်ဖေါက်ပြရင်း ကရားရေလွှတ် ရဲရဲတောက် တော်လှန်ရေးတရား ဟောပြောခဲ့ကြသည့် တော်လှန်အဖွဲ့ဝင် လူရွယ်များအကြောင်း ဘယ်ဆီဘယ်ဝယ် ထွက်ခွါသွားကြလေသလဲ အောင်ပွဲ ဆက်လက်ချီလာမည့် သတင်းတို့သည် ရခိုင်လူထုအတွင်း မျှော်လင့်ခြင်း ပဟေဠိပုစ္ဆာများအဖြစ် အားတက်သရော တွက်ချက်မဆုံး ဖြစ်နေကြသည်။
လိပ်ကန်ဖာမ မေထွီးယေ၊ ကျီးဖြူရွာ စသည့် ရခိုင်ရိုးရာ အိပ်ရာဝင်ပုံပြင်များကြား အေစီပီ မင်းပြားမြို့သိမ်းတိုက်ပွဲ ခေတ်စားခဲ့သည်။ တိုးတိုးရှရှ နေ့ပြောနောက်ကြည့် ညပြောအောက်ကြည့်ထုံး နှလုံးမူပြောကာ သဲထိတ်ရင်ဖိုရင်း နားထောင်ကြသည့် မက်မပြေဝတ္ထုဇတ်လမ်းတပုဒ်ပင်တည်း။
မင်းပြားရုပ်ရှင်ကြိုက် ပရိသတ်အပေါင်းနှင့်အတူ ဖင်ထိုင်ခုံကလေး ချိုင်းကြားညှပ်ကာ ပိုက်ဆံတကျပ်ပေး၍ ကျိတ်ကျိတ်တိုးအားပေးပြီး မိမိရုပ်ရှင်ကြည့်ရလေ့ရှိသော မင်းပြားမြို့ ရွှေဝါမြေခန်းမ (နောင် ရာမောင်မြေခန်းမကြီး) သည် နောက်ရုံးချိန်း တပတ်နှစ်ပတ်အကြာတွင်ကား စာအုပ်များ ရုပ်ရှင်များထဲက နာဇီ အော့ဇဝစ် အကျဉ်းထောင်ပုံစံအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားသည်။
AIA၊ BCP၊ ရမလ၊ ရမလဖ ဦးစံကျော်ထွန်း၊ ဦးထွန်းရွှေမောင် စသည်စသည် ရခိုင်တော်လှန်ရေးတခုခုနှင့် ပတ်သက်ခဲ့ဖူးသူ ထောင်ဒဏ်ကျခံခဲ့ပြီးသူများစွာ ထိုအခန်းသို့ ရောက်သွားခဲ့ကြရသည်။ မိမိဆွေမျိုး သားလင် ဖခင်မောင်ဖွားတို့အတွက် မင်းပြားတခွင် ရင်ဘတ်စည်တီး သောကကန္တာရမှာ စွေရွာမဆုံးသော မျက်ရည်မိုးများ ရာမောင်မြစ်ထဲကို စီးဆင်းခဲ့ကြသည်။
“မှားယွင်းလို့ဖမ်းမိတာပါ” ဟူသော အကြောင်းပြချက်ဖြင့် ပြန်လွတ်လာသူ AIA ရဲဘော်ဟောင်း တကျွန်းပြန်မှာ
တကိုယ်လုံးဒဏ်ရာဗရပွ သွေးသံရဲရဲနှင့် ခြောက်လက်မခန့်အထူ လဲမှို့မွေ့ရာဝယ် ကျောမချနိုင်။ မွေ့ရာထက်တွင် ငှက်ပျောရွက်များ ခင်းသိပ်ပေးရသည်။ မင်းကန်သို့ ရေခပ်ဆင်းကြရာလမ်း ရွှေဝါမြေခန်းမထဲက ထိပ်တုံးတန်းလန်း ရုပ်ပျက်ဆင်းပျက် နှိပ်စက်ခံအစ်ကိုကို မြင်ခဲ့ရ၍ ရေကန်သို့မရောက်ဘဲ ရေအိုးကိုလွှတ်ချကာ ငိုကြီးချက်မ သည်းခိုက်တုန် ဟစ်အော်ကြွေးကြယင်း အိမ်ပြန်ပြေးလာကြသည့် မိန်းမပျိုကလေးများ မင်းပြားသည် ပီဘိ ပြားပြားဝပ်မတတ် မင်းကြမ်းဇတ်သိမ်းခန်းကို မှန်းဆမရဲ ကြုံခဲ့ကြရသည်။
ရေတခွက်တိုက်လိုက်သူ အသက်ရှစ်ဆယ်ကျော် အဖွားကြီးလည်းလည်း ၁၇(၁)(၂)၊ အိမ်ရိပ်ခဏဝင်ခဲ့သူလည်း ၁၇(၁)(၂)၊ ကျောင်းဆောင်ငါးဆောင်အနက် တခုသောအဆောင်မှ ဖမ်းမိသူကြောင့် အတူနေ ကိုရင်နှစ်ပါးလည်း ၁၇(၁)(၂)သာမက ကျောင်းတိုက်ပဓါနနာယက ပုသိမ်ဆရာတော်ဘုရားလည်း ၁၇(၁)(၂)၊ မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇(၁)(၂)သည် ရခိုင်ပြည်နယ် တရားရုံးများတရိုး ဟိုးဟိုးကျော် နာမည်ကြီးလာ၏။ ထီးစွဲ၊ ကပ်ပဂေါင်း၊ ဇေယျသုခမြို့ဦး၊ မြင်းတင်မ ကျောင်းထိုင်ဆရာတော်များအပါအဝင် အခြားရဟန်းများစွာတို့ အားလုံးအဖမ်းခံကြရသည်။ ချက်ချင်းလူဝတ်လဲသည်။ သို့သော် ဆရာတော်များက ဝိနည်းနှင့်အညီ ရဟန်းအဖြစ်ဖြင့် အမှုရင်ဆိုင်ခဲ့ကြသည်။ မိမိရှေ့နေမဖြစ်မီနှင့် ရှေ့နေပေါက်စဘဝတွင် ဖမ်းဆီးတရားစွဲခံရသောရဟန်းများကို ချက်ချင်းလူဝတ်လဲ အမှုရင်ဆိုင်စေသောလုပ်ရပ် ရခိုင်ပြည်၌ မရှိသေးချေ။ သရက်တပင်ဆရာတော် ဦးသုစိတ္တအား AIA ရခိုင်လွတ်လွတ်ရေးတပ်မတော်နှင့် ဆက်စပ်မှုရှိသည်ဟု ဖမ်းဆီးရန်ဆောင်ရွက်ကြရာတွင် ခေတ္တတည်းခိုခဲ့သည်ဆိုပြီး လရောင်ဝင်းကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ကလေး ဦးပညာကို ဖမ်းဆီးတရားစွဲသည်။ ပုဒ်မ ၁၇ ( ၁ ) ( ၂) ပင်ဖြစ်သည်။
အမှုရင်ဆိုင်ယင်းတန်းလန်းတွင် ထိုစဉ်က သာသနာရေးမှူးဦးမောင်မောင်က ဦးပညာကို လူဝတ်လဲစေသည်။ ဦးပညာအမှုကို မိမိဆရာ ရှေ့နေဦးကျော်သန်း လိုက်ပါဆောင်ရွက်ရာ ရုံးလက်စွဲ၊ ရဲလက်စွဲ၊ ထောင်လက်စွဲ ဥပဒေလုပ်ထုံးလုပ်နည်း ပုဒ်ထီးပုဒ်မ စိန်ခေါ်ချက် အပြန်အလှန်စာများဖြင့် ပြစ်ဒဏ်မချမှတ်ရသေးသော စွပ်စွဲခံ ရဟန်းကို ဥပဒေနှင့်မညီဘဲ လူဝတ်လဲစေခြင်း၊ ဘုရားဒေသနာတော်နှင့်မညီခြင်း၊ ၂၂၇ပါး သိက္ခာပုဒ်အား စောင့်ထိန်းဆဲ ရဟန်းကို သာမန်လူကဲ့သို့ ဆက်ဆံခြင်း စသည်တို့ကို မပြုလုပ်အပ်ကြောင်း တွန်းတိုက် တော်လှန်သောတိုက်ပွဲ ဝိရောဓိစစ်မြေပြင်သည် စစ်တွေမြို့နယ်တရားရုံးနှင့် စီဘီချုပ်ဟုခေါ်ကြသည့် ရုံးထုတ်တရားခံများထားရှိရာ အခန်းတို့တွင် စတင်ဖြစ်ပေါ်ခဲ့ပေသည်။
မတရားသော အမိန့်အာဏာကို လိုက်နာစရာမလိုဟု လူဝတ်လဲထားသောဦးပညာကို အချုပ်ခန်းတွင်းမှာပင် သင်္ကန်းဆက်ကပ်ကာ ပြန်လည်ဝတ်တော်မူလိုက်၊ သာသနာရေးမှူးက ပြန်လာချွတ်လိုက်နှင့် ဓမ္မ အဓမ္မ လွန်ဆွဲပွဲကြီးသည် ဥပဒေရုံးတရားရုံးတို့၌ ဧရာမတိုက်ပွဲကြီးဖြစ်ခဲ့သည်။ တိုက်ပွဲအသွင် ရင်ဆိုင်ခဲ့ရသည်။
သို့သော် မင်းပြားမြို့သိမ်းကိစ္စမဖြစ်မီ နှစ်အနည်းငယ်ကပင် ဖမ်းဆီးခံ ရဟန်းဟူသမျှကို လူဝတ်လဲသည့်လုပ်ရပ်သည် ဦးပညာမှ အစပြု၍အောင်ပွဲခံသွားသည်မှာ ယခုတိုင်ဖြစ်နေ၏။
မိမိ၏ရှေ့နေလုပ်သက် ၃၅နှစ်ကျော်အတွင်း ဖမ်းဆီးအရေးယူခံရပြီး၍ အမှုရင်ဆိုင်စဉ် သင်္ကန်းချွတ်မခံရသော ရဟန်းမှာ ယခု စစ်တွေမြို့ ကုန်တန်းရပ်ကွက် စက်ရုံလမ်းရှိ သဒ္ဓမ္မဂုရု ပုသိမ်ကျောင်းတိုက်၏ လက်ရှိ ပဓါနနာယက ဆရာတော်ကြီး ဖြစ်တော်မူသော အဂ္ဂမဟာပဏ္ဍိတ ဦးပဏ္ဍိတ တပါးတည်းသာ ရှိပါသည်။
ပုဒ်မ ၁၇(၁)(၂) ဖြင့်ရင်ဆိုင်ရသော ရဟန်းမှန်သမျှ လူဘဝ ငယ်နာမည်များဖြင့် အမှုစွဲစစ်သည်။ သိက္ခာမချဘဲ ရဟန်းဘဝဖြင့် ရင်ဆိုင်မှန်းသိပါလျက်နှင့် ဦးဝိသုဒ္ဓစာရခေါ် မောင်ဖြူထွန်း ဦးသုဂန္တခေါ် သိန်းထွန်းလှ ဖြစ်နေသည်တွင် မောင်ဖြူထွန်း၊ သိန်းထွန်းလှဟု ပမာမခန့် ရာဇဝတ်သားကို ဆက်ဆံသည့်ပုံပေါ်အောင် မြိန်ရေရှက်ရေ သခင်အားရ ကျွန်ဝမ်းဝ လုပ်ခဲ့ကြသော ရခိုင်သားဥပဒေဝန်ထမ်းအချို့နှင့် မိမိမှာ စကားစစ်ထိုးခြင်း အကြိမ်ကြိမ် ကြုံရသည်။
မတရားအသင်းအက်ဥပဒေနှင့် အမှုရင်ဆိုင်ရသူများကို အဖိုးအခမယူဘဲ ရှေ့နေလိုက်ပေးတတ်သော ဆရာ ဦးကျော်သန်း၏ တပည့်ရင်းပီပီ ထိုအမှုများကို အမွေဆက်ခံလိုက်ပေးရင်း ရှေ့နေလားမြောက်လာသောမိမိမှာ
မင်းပြားအရေးအခင်းဖြစ်ချိန် ၁၉၈၆ခုနှစ် မိုးတွင်းကာလ၌ တရားခံရဟန်းသံဃာ ဆရာတော်များစွာနှင့် လူများစွာ တို့ကို အမှုလိုက်ပေးရန် သမိုင်းပေးတာဝန် ရလာသည်မှာတော့ မဆန်းလှပေ။
အမှုရုံးချိန်းနေ့များ၌ အသျှင်ဘုရား ကိုယ်တော်စသည့်ဖြင့် ခေါ်ဝေါ် လက်အုပ်ချီ အမှုစစ်ရသော ကုသိုလ်ထူးများမှာလည်း မိမိဘဝ အမှတ်ရစရာများဖြစ်ပါ၏။
အနှီပုဒ်မ ၁၇ မင်းပြားကိစ္စအမှုများ၌ ရှေ့ကဖေါ်ပြခဲ့သော ဒေါ်မကျော့လှနှင့် ကိုမောင်နီတို့လည်း တရားခံအဖြစ် အမှုရင်ဆိုင်ကြရရာ မိမိမှာ သူတို့အတွက် အမှုလိုက်ရှေ့နေမဟုတ်သော်လည်း တနွယ်ငင် တစင်ပါ ဆက်စပ်ရသဖြင့် အလိုလိုရင်းနှီးသွားကြသည်။ မင်းပြားမြို့သိမ်း ထိပ်တန်းခေါင်းဆောင်အချို့နှင့် ဆက်စပ်သူများမှာ နိုင်ငံတော် ပုန်ကန်မှုဖြင့် ရန်ကုန်အင်းစိန်ထောင်သို့ ပါရှိသွားကြသည်။
အမှုဖြစ်ရပ် ကွင်းဆက်အဖြစ် စစ်တွေထောင်၌ ကျန်ရစ်ပြီး အမှုရင်ဆိုင်သူတို့မှာ သက်ဆိုင်ရာတို့မှ စုံစမ်းစစ်ဆေးခံရမှု ဆုံးခန်းတိုင်ပုံ မရချေ။ ကျူပင်ခုတ်ကျူငုတ်မကျန်စေရ နိုင်ငံတော်ပုန်ကန်မှုမီး အကြွင်းမဲ့ချုပ်ငြိမ်းရေးအတွက် ပိုက်စိပ်တိုက် ဇကာချ အမှုန့်အရည်ဖျော်ထိ တာဝန်သိကြသည်ထင်ပါ၏။
ဆီးချို သွေးတိုး လေးဘက်နာ ကျောက်ကပ်ရောဂါစုံ လွယ်ပိုးရင်း ဒေါ်မကျော့လှမှာ သနပ်ခါးပါးကွက်ကြား အဖွေးသားဖြင့် ဝဖိုင့်သော ကိုယ်လုံးတုတ်တုတ်ကို ဆင်မယဉ်သာဟန် တလှမ်းချင်းလှိမ့်၍ ရုံးထုတ်ရက်များ၌
အမှုရင်ဆိုင်သောမြင်ကွင်း ယခုတိုင် လတ်ဆတ်လျက်ရှိနေဆဲပင်ဖြစ်ပါသည်။
ခင်ပွန်းကိုမောင်လှသန်းကလည်း ဝရမ်းပြေးဘဝဖြင့် ဘယ်ဆီဘယ်ဝယ် ရောက်လေသည်မသိ။ ငါးနှစ်ရွယ် သမီးကြီးနှင့် သုံးနှစ်ရွယ်သားငယ်၊ နို့လွတ်ကလေးတို့ကို ဆွေမျိုးများထံအပ်ကာ သူမအမှုရင်ဆိုင်ပုံမှာ
ပကတိ တည်ငြိမ်လွန်းသည်။ မည်သည့် ဝိတက်ဝိစာရစကားမဆို ယုံကြည်ချက်ဖြင့် အသက်ရှင်သူတို့၏
ခိုင်ကျည်သော သမာဓိ သူမထံတွင် အထင်းသားမြင်ရသည်။
တခုသောရုံးချိန်းရက် ရုံးထုတ်ထား၍ ခေတ္တအနားပေးချိန် ဒေါ်မကျော့လှက မိမိကိုလှမ်းခေါ်ပြီး ရှူးရှူးရှားရှားဖြင့် စကားမပြောနိုင်အောင်ထိ ဒေါသထွက်နေ၍ မိမိအံသြရသည်။
“သောက်ကန်းတွေ အဖြစ်ကိုမရှိ ဒုက္ခရောက်တာနဲ့ မဟုတ်မဟတ်တွေပြောပြီပေါ့ ဒါလားနိုင်ငံရေးသမား တော်လှန်ရေးလုပ်မဲ့အကောင်” ရင်းဖျားမရှိ တုံးတိတိစကားတချို့ မကျော့လှ နှုတ်ဖျားမှ ပွင့်ထွက်လာသည်။
မိမိက သူမ ဆက်ပြောလာမည့်စကားကို မေးဆပ်ပြရင်း စောင့်သည်။
“ထောင်ထဲမှာနေလည်း တစက်မှမအေးဘူး အစ်မရယ် ပေါက်ကရလေးဆယ် လာမေးလာပြောတုန်း” အသံနည်းနည်းတိုးပြီး လေးလေးပင်ပင်နှင့် “သူတို့ ဗျူဟာအရ ခွဲတိုက်တဲ့ပရိယယ်လည်း ဖြစ်လောက်တယ်” ဟုပြောကာ အဝေးကိုငေးကြည့်ရင်း တိတ်သွားသည်။
မျက်နှာတချက်တင်းသွားကာ
“……က ကျမဆီမှာ ရွှေထုပ်အပ်ထားခဲ့တယ်လို့ ပြောသတဲ့ ။ ဒေါ်မကျော့လှ ခင်ဗျားတယောက်တည်း ဘူးကွယ် မနေနဲ့တော့ အဲဒီရွှေတွေ ရှိတဲ့နေရာသာပြော။ ရတာနဲ့ ခင်ဗျားကိုလွှတ်ပေးမယ်ဆိုပဲ လူပါးဝလိုက်ကြတာလေ ကျမ အသဲနာလွန်းတယ်အစ်မ” ဟု စကားဆက်ပြောသည်။
မိမိက “ပြောပါတယ်ဆိုတဲ့ လူနဲ့တော့ မမကိုပေးမတွေ့ဘူးမလား” ဟု စကားဝင်ထောက်ရာ “တွေ့မပေးပါဘူး” ဟု ပြန်ဖြေသည်။ “အစ်မရယ် နေ့စဉ်ရက်ဆက်လို လာလာပြောနေတော့လဲ ကျမစိတ်ပေါက်ပေါက်နဲ့ ပြောထည့် လိုက်တယ်၊ ဟုတ်တယ် ငါ့ဆီမှာ အပ်ထားခဲ့တယ်လို့ ပြောလိုက်ရော အဲဒီကောင်တွေက အဲဒီရွှေတွေ ဘယ်မှာလဲတဲ့။ ကျမကလည်း ရောင်းလိုက်ပြီလို့ဖြေတယ်၊ ရောင်းလို့ရတဲ့ငွေတွေ ဘယ်မှာလဲတဲ့ လက်နက်တွေ ဝယ်ပစ်လိုက်ပြီလို့ ဖြေလိုက်ရော အဲဒီလက်နက်တွေ ဘယ်မှာထားလဲတဲ့။ အမောတကော ဒရစပ် မေးနေလိုက်ကြတာ ကျမကလည်း ချက်ချင်းတော့မဖြေဘူး နာရီဝက်လောက် အချိန်ယူလိုက်တယ်။”
မိမိခမျာပင် ဆန့်တငင်ငင်ဖြင့် လက်နက်တွေ ဘယ်မှာထားခဲ့လဲဟု သိချင်လာနေသည်။ သို့သော်ဖြတ်မမေးဘဲ မမကျော့လှစကား စောင့်နားထောင်နေလိုက်သည်။ “မြန်မြန်ပြောစမ်းပါဗျာ ခင်ဗျားအချိန်မဆွဲနဲ့တဲ့။ ကျမကိုလည်း ဝိုင်းဟောက်မေးလိုက်ကြတော့ ကျမကလည်း ဘာရမလဲ အသံတင်းတင်းနဲ့ ပြောချပစ်လိုက်တယ်။”
“ခု ရှင်တို့သိမ်းထားပြီးတဲ့ လက်နက်တွေဟာ ကျမဝယ်ခဲ့တဲ့ လက်နက်တွေပေါ့ ဘယ်နေရာမှာမှ မရှိတော့ဘူးလို့လည်း ဆိုလိုက်ရော ကျမကို စားတော့ဝါးတော့မလို ကြည့်ပြီး တောက်တခေါက်ခေါက်နဲ့ ထွက်သွားကြလေရဲ့”။
ထိုအချိန်က မိမိမှာ မမကျော့လှ၏ တင်္ခနုပတ္တိဉာဏ်ကို အမှန်တကယ် ချီးကျူးအားရနေမိသည်။
မိမိက ချီးကျူးစကား မပြောဖြစ်မီမှာပင် မမကျော့လှမှာ မျက်လုံးများရီဝေလိုက် မျက်ရည်အိမ် တဖြတ်ဖြတ်လင်းလာလိုက်ဖြင့် စကားဆက်ပြောသည်။ “နောက်တရက်အကြာမှာ သုံးလေးကောင်ပေါက်ချလာပြီး ဒေါ်မကျော့လှ ခင်ဗျားစိတ်လျော့လိုက်ပါတော့၊ ခင်ဗျားတို့ ရခိုင်သူပုန်တွေ တယောက်မှမကျန်အောင် ကျနော်တို့ အပြတ်ချေမှုန်းပစ်မှာဗျ။ ရခိုင်သူပုန်ဆိုတာဘယ်တော့မှ ရှိမနေစေရဘူးဆိုတာ ခင်ဗျားရဲရဲမှတ်ထားပါလို့ လာဟောက်ကြပြန်တယ် အစ်မ။”
“ကျမလေ အသားတွေ တဆတ်ဆတ်တုန်ရင်းက ရခိုင်ရိုးမတောင်ကြီးမှာ ဝါးတောတွေရှိနေသမျှ ရခိုင်သူပုန်မျိုး
ဘယ်တော့မှ မပြုန်းဘူးလို့ ရှင်တို့သာ ရဲရဲမှတ်ထားလိုက်ကြဆိုပြီး ပိတ်ဟောက် အော်ပစ်လိုက်တာ တခါတည်း ပွဲပြတ်ကရော အစ်မ ဟားဟား”..။
မမကျော့လှနှင့်အတူ မိမိလည်း ခိုးခိုးခစ်ခစ် ဝင်ရောက်ရယ်မောဖြစ်ခဲ့ရာ ခုတိုင်စမြုံ့ပြန်မိတိုင်း ရယ်ရွှင်မဆုံးနိုင် သေးပေ။ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁)နှင့် မမကျော့လှကိုတွဲပြီး မိမိသတိရတတ်သလို ဝါးကိုမြင်တိုင်းလည်း မမကျော့လှကို အမှတ်တရရှိလှသည်။
မိမိ၏ ထိုစိတ်အစဉ်သည် မိဖုရားမြသန္တာအုတ်ဂူရှိရာ ရမ်းဗြဲကိုယ်ရံတောင်ခြေနားတခိုက ပွင့်ရိပ်မြိုင်မြိုင်နှင့် ဝါးရုံအုပ်များကို မြင်ရခိုက်တွင် မိမိ၏အတွေးတိမ်တိုက်တို့သည် မမကျော့လှရှိရာ သြစတြေးလျ ဆီ
လွင့်ပါသွားခဲ့ခြင်းဖြစ်ပါ၏။
ဝါးသီးတို့သည် သီးပေးသောဝါးပင်ကို သေစေသော်ငြား ထိုအပင်မှသီးသော အသီးကြောင့်ပင်လျှင် မျိုးဆက်မပြတ် ရှင်သန်တတ်သော မျိုးဆက်သစ်များစွာတို့ ဆက်လက်ဖြစ်ထွန်းလာစမြဲပင် ဖြစ်ပေရာ
ရခိုင်သည် မျိုးပြုန်းသော မျိုးတုန်းသွားမည့် မျိုးနွယ်လေလား။ စေစားသူအလိုကျ စိန်ခေါ်ပွဲ အနိုင်နွှဲကြရအုံးမည်ပ။
ရခိုင်ရိုးမတောင်ကြီး၌ ဝါးဘယ်နှစ်ကြိမ်သီး၍ သီးပေးခဲ့သောဝါးပင်များ မည်မျှ သေကြေ ပျောက်ဆုံးသွားခဲ့ကြပြီလဲ။ ရခိုင်ပြည်မှာ ဝါးမပြုန်းသေးကြောင်း သြစတြေးလျရောက် မမကျော့လှတယောက် သိနိုင်ပေလိမ့်မည်။ မပြုန်းသော ဝါးများအတွက် မမကျော့လှ ဂုဏ်ယူနေမည်လား။
ရခိုင်ဝါးမျိုး ပြုန်းရိုးမရှိ… ရခိုင်ဝါးမျိုး ပြုန်းရိုးမရှိ ဟူ၍ နွယ်ချိုဖိုးခေါင် ရိုးမတောင်ကြီးဘယံထိ ရိုက်ခတ် တုန်ဟီးသွားအောင် လက်မထောင်ဟစ်ကြွေး ဂုဏ်ပြုနေမည်လား မိမိမှန်းဆနေမိပါသတည်း။ ။
ပံသုခင်- ရခိုင်ပြည်
ဤဆောင်းပါးကို ၁ - ၃ - ၂၀၁၉ ရက်နေ့ထုတ် Development News Journal (ဖွံ့ဖြိုးတိုးတက်ရေး သတင်းဂျာနယ်) အမှတ် ၁၀၄ တွင်လည်း ဖော်ပြပါရှိခဲ့ပြီးဖြစ်သည်။