ရခိုင်သမိုင်းနှင့်ပတ်သက်၍ အမှားများကို ကျူးလွန်နေသော ဦးဆက်ထွန်းလင်း(အာယုဗ္ဗေဒ) အား တုံ့ပြန်ချေပချက်များ

ဆောင်းပါးရှင်၏ အတိတ်သမိုင်းကြောင်း တင်ပြချက်တို့သည် ရခိုင်လူမျိုးအပေါ်၌ မဟုတ်မမှန် ရေးသားချက်ဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် ရခိုင်လူမျိုး ရှင်လူရဟန်းကအစ လုံးဝကျေနပ်မှုမရှိကြပါ။ ရခိုင်သမိုင်းကို ဖျက်ဆီးသောတရားခံအဖြစ် ရှုမြင်သုံးသပ်ကြပါသည်။ ထိုဆောင်းပါးပါ အကြောင်းအရာအမှားတို့သည် ရခိုင်တစ်မျိုးသားလုံးကို စော်ကားထိုးနှက်မှုဖြစ်သဖြင့် ရခိုင်လူမျိုးတို့၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ကျဆင်းစေပါသည်။ သို့ဖြစ်ရကား တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖြိုခွဲသူ ဒို့ရန်သူဟု ယူဆနိုင်ပါသည်။

By မင်းပြားမင်းသိန်းဇံ 14 Jul 2018

DMG / DNJ

  • မင်းပြားမင်းသိန်းဇံ ရေးသားသည်။

သူရဇ္ဇမဂ္ဂဇင်း အတွဲ (၁၈)၊ အမှတ် (၅)၊ ၂၀၁၈ ခုနှစ်၊ မေလထုတ်ကို ဖတ်ရပါသည်။ စာမျက်နှာ (၂၅) မှ (၂၈)ထိတွင် ကလောင်ရှင် ဆရာဦးဆက်ထွန်းလင်း (အာယုဗ္ဗေဒ)၏ “ ရခိုင်မဟာမုနိဘုရားကြီးအပေါ် ဗုဒ္ဓဂိုဏ်းကျူးလွန်မိခြင်းနှင့် မြောက်ဦးအဓိကရုဏ်း စသည့်မပြီးဆုံးနိုင်သောပြဿနာများ ဆက်လက်ဖြစ်ပွားနေခြင်း၏ အတိတ် ပစ္စုပ္ပန် အနာဂတ် ”  ဆောင်းပါးတွင် ယနေ့ ရခိုင်ပဋိပက္ခအခြေအနေကိုသာမက ရခိုင်လူမျိုးတို့၏ အတိတ်သမိုင်းကြောင်းကိုပါ တင်ပြထားပါသည်။

ဆောင်းပါးရှင်၏ အတိတ်သမိုင်းကြောင်း တင်ပြချက်တို့သည် ရခိုင်လူမျိုးအပေါ်၌ မဟုတ်မမှန် ရေးသားချက်ဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် ရခိုင်လူမျိုး ရှင်လူရဟန်းကအစ လုံးဝကျေနပ်မှုမရှိကြပါ။ ရခိုင်သမိုင်းကို ဖျက်ဆီးသောတရားခံအဖြစ် ရှုမြင်သုံးသပ်ကြပါသည်။ ထိုဆောင်းပါးပါ အကြောင်းအရာအမှားတို့သည် ရခိုင်တစ်မျိုးသားလုံးကို စော်ကားထိုးနှက်မှုဖြစ်သဖြင့် ရခိုင်လူမျိုးတို့၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ကျဆင်းစေပါသည်။ သို့ဖြစ်ရကား တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖြိုခွဲသူ ဒို့ရန်သူဟု ယူဆနိုင်ပါသည်။

တစ်နည်းအားဖြင့်လည်း ဆောင်းပါးရေးသူ ဦးဆက်ထွန်းလင်းသည် တံစိုးလက်ဆောင်ရ၍ တစ်ဦးဦးက ခိုင်းစေချက်လား။ ဂိုဏ်းဂဏပါတီတစ်ခု၏  ပယောဂကြောင့်လော။ အယူမတူဘာသာခြားတို့၏ သွေးထိုးလှုံ့ဆော်မှုလော။ ရခိုင်နှင့်မြန်မာကို တမင်ရည်ရွယ်၍ ရန်တိုက်ပေးနေခြင်းလော ... စသည်... စသည်ဖြင့် တွေးတောယူဆနိုင်စရာလည်း ရှိနေပါသည်။

ဤစာရေးသူအနေဖြင့် သူ၏ဆောင်းပါးထဲမှ ရခိုင်သမိုင်း အမှားရေးသားချက်များကို အမှန်သိစေလို၍ တုံ့ပြန်ချေပရေးသား လိုက်ရသည်။ ဦးဆက်ထွန်းလင်းတင်ပြချက်ကို ခြုံငုံလေ့လာစိစစ်သည့်အခါ၌ ဤသို့သမိုင်း အမှားအချက်အလက်တို့ကို တွေ့ရှိရပါသည်။

ဦးဆက်ထွန်းလင်း၏ ရခိုင်သမိုင်းအပေါ် အမှားတင်ပြချက်များ -

နံပါတ်(၁) ရခိုင်သည် သီးခြားလွတ်လပ်သည့် နိုင်ငံဟူ၍ ဖြစ်တည်ခဲ့သည်လည်း မရှိခဲ့ပေ။ ခေတ်အဆက်ဆက် မြန်မာမင်းတို့၏ အစောင့်အရှောက်ခံဖြစ်သော ရပ်တည်ဖြစ်ခဲ့ကြခြင်းဖြစ်၏။

နံပါတ်(၂) အခွန်ဘဏ္ဍာနှင့် သမီးကညာများ ဆက်ခဲ့ရသည်သာရှိ၏။

နံပါတ်(၃) တချို့သောကာလများတွင် ရခိုင်တို့သည် ဘင်္ဂလားဘက်မှ အစောင့်အရှောက်များကို ခံယူရသည်များလည်းရှိ၏။ သို့ပါသောကြောင့် ရခိုင်ဒင်္ဂါးများတွင် မွတ်ဆလင်ဘွဲ့အမည်များ၊ အက္ခရာများ ပါရှိနေခြင်းဖြစ်ပါ၏။

နံပါတ်(၄) သို့ဖြစ်ပါ၍ ရခိုင်ထီးနန်းဟူသည် ကိုယ့်ထီး၊ ကိုယ့်ကြငှန်းနှင့် တသီးတခြား အခိုင်အမာ ရပ်တည်ခဲ့သည်ဆိုရန်မှာ ခဲယဉ်းလှပါသည်။ ခိုင်မာသောမှတ်တမ်းများအရ ရခိုင်ထီးနန်းသည် မြန်မာမင်းတို့၏ လက်အောက်သို့ မကြာခဏပင် ကျရောက်ခဲ့ရပါသည်။

နံပါတ်(၅) အေဒီ-၁၀၁၇ မှ ၁၀၅၉ အတွင်း ပုဂံခေတ် အနော်ရထာမင်းသည် ဓညဝတီသို့ ကြွရာက်ချီတက်သိမ်းခံစေခဲ့၏။

နံပါတ်(၆) ပုဂံခေတ် အေဒီ ၁၁၀၃ ခုနှစ်တွင် အလောင်းစည်သူမင်းသည် ဓညဝတီသို့ ကြွရောက်ချီတက် သိမ်းပိုက်သြဇာခံစေခဲ့၏။

နံပါတ်(၇) အင်းဝခေတ်၊ ပုဂံခေတ် အေဒီ-၁၄၀၀ မှ ၁၄၂၁ အတွင်း ဘုရင်မင်းခေါင်လက်ထက်တွင် သားတော်မင်းရဲကျော်စွာသည် ဓညဝတီသို့ ချီတက်သိမ်းပိုက်သြဇာခံစေခဲ့၏။

နံပါတ်(၈) တောင်ငူခေတ် အေဒီ ၁၅၄၄၊ ၁၅၄၅၊ ၁၅၄၆ တို့တွင် မင်းတရားရွှေထီးလက်ထက် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့သည် ဓညဝတီသို့ ချီတက်သိမ်းပိုက်သြဇာခံစေခဲ့၏။

နံပါတ်(၉)  တောင်ငူခေတ် အေဒီ - ၁၅၈၀ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးလက်ထက် ကိုယ်တော်တိုင် ဓညဝတီသို့ ချီတက်သိမ်းပိုက် သြဇာခံစေခဲ့၏။

နံပါတ်(၁၀) ကုန်းဘောင်ခေတ် အေဒီ- ၁၇၅၉ မှ ၁၇၆၃ အတွင်း နောင်တော်ကြီးမင်းလက်ထက် ဓညဝတီသို့ ချီတက်သိမ်းပိုက် သြဇာခံစေခဲ့၏။

နံပါတ်(၁၁) ကုန်းဘောင်ခေတ် အေဒီ - ၁၇၈၄ခုနှစ်တွင် ဗဒုံမင်းလက်ထက် သားတော် အိမ်ရှေ့ဥပရာ ဇာ ရွှေတောင်မင်းကို ဓညဝတီသို့ ချီတက်သိမ်းပိုက်စေခဲ့၏။

နံပါတ်(၁၂) မြန်မာဘက်တွင်မူကား သီရိဓမ္မရာဇာ၊ သတိုးမင်းစော၊ နေမျိုးကျော်ထင်၊ တရဖျား စသည့် ဂုဏ်ထူးဆောင်ဘွဲ့ အဆောင်အယောင်အမည်များကိုသာ သုံးကြ၏။ ရခိုင်ဘက်တွင် ထိုသို့မရှိခြင်းမှာ မူလကတည်းက ဓညဝတီမင်းသည် သူ့အမှုထမ်းများကို ဘွဲ့တံဆိပ်၊ အဆောင်အယောင်များ ပေးပိုင်ခွင့်မရှိသော မြန်မာမင်း၏ သြဇာခံဖြစ်နေသောကြောင့်ဖြစ်၏။

 

ဦးဆက်ထွန်းလင်း ဦးစွာသိရှိထားသင့်သည် သမိုင်းအခြေခံ

လူမျိုးတစ်မျိုး၏ သမိုင်းအကြောင်းကို ရေးသားလိုလျှင် ဦးစွာထိုလူမျိုးတို့၏ သမိုင်းရာဇဝင်၊ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စာပေ အစရှိသည်တို့ကို သိရှိနားလည်ထားဖို့လိုပါသည်။ သို့မှသာ ထိုလူမျိုးတို့၏ သမိုင်းကြောင်းကို ဖော်ထုတ်တင်ပြရာ၌ အံဝင်ကူညီမှု၊ ဆီလျော်မှုရှိနေမည်ဖြစ်သည်။

မွန်လူမျိုးက ရှမ်းလူမျိုးသမိုင်းအကြောင်းကို ရေးသားပြောဆိုလိုလျှင် မွန်သမိုင်းတစ်ခုတည်းနှင့် ဆုံးဖြတ်လို့မရနိုင်ပါ။ ထိုကဲ့သို့ပင် ရခိုင်သမိုင်းကို မြန်မာလူမျိုးတစ်ဦးက ရေးမည်ဆိုလျှင်လည်း မြန်မာသမိုင်းတစ်ခုတည်းဖြင့် ယတိပြတ်ဆုံးဖြတ်လို့ မရနိုင်ပါ။ ရခိုင်သမိုင်းအခြေအနေကိုလည်း သိရှိထားဖို့လိုပါသည်။ ထို့ကြောင့် ဒေသခံသမိုင်းသည် အရေးကြီးလှပါသည်။ မရှိမဖြစ်လိုအပ်ပါသည်။ အတွင်းကျကျလေ့လာနိုင်လျှင် ပို၍ကောင်းမွန်ပါသည်။

ဦးဆက်ထွန်းလင်း ရခိုင်သမိုင်းကို ရေးနိုင်ဖို့အတွက် အတွင်းကျကျလေ့လာဖူးပါသလား။ ကျမ်းတစ်ကျမ်း နှစ်ကျမ်းလေ့လာသမျှနှင့် ရေးသား၍မလုံလောက်နိုင်ပါ။ မရေးတတ်လျှင်မှားမည်။ မပြောတတ်လျှင် ဆဲသလိုဖြစ်တတ်ပါသည်။

ရခိုင်လူမျိုးတို့၏ အတိတ်သမိုင်းသည် ခေတ်ကြီးလေးခေတ်ကို ဖြတ်သန်းခဲ့ရပါသည်။ ခေတ်လေးခေတ်သမိုင်းစဉ်ကို မသိရှိဘဲရေးသားလျှင် အလွဲလွဲအမှားမှား ဖြစ်တတ်ပါမည်။ သို့ဖြစ်ရကား ခေတ်လေးခေတ် ရခိုင်သမိုင်းကို ဇယားဖြင့်ဖော်ပြအပ်ပေသည်။

ရခိုင်ခေတ်လေးခေတ် ဖြစ်စဉ်သမိုင်းဇယား

ဓညဝတီခေတ်၌ ရခိုင်ဘုရင်ထီးနန်းစိုက်ခဲ့ရာ မြို့တော်(၇) မြို့ရှိခဲ့သည်။ ၎င်းတို့မှာ (၁) ပထမဓညဝတီမြို့၊ (၂)ပထမကန်သုံးဆင့်မြို့၊ (၃) နီလာပန်းတောင်းမြို့၊ (၄) ကျောက်ပန်းတောင်းမြို့၊  (၅) ဒုတိယဓညဝတီမြို့၊ (၆) တတိယဓညဝတီမြို့၊ (၇) ဒုတိယကန်သုံးဆင့်မြို့ တို့ဖြစ်ကြသည်။

ဝေသာလီခေတ်၌ ရခိုင်ဘုရင်ထီးနန်းစိုက်ခဲ့ရာ မြို့တော် (၃)မြို့ရှိခဲ့သည်။ ၎င်းတို့မှာ (၁) ဝေသာလီကျောက်လှေကားမြို့၊ (၂) မြောက်ဦးမြို့၊ (၃) သပိတ်တောင်မြို့တို့ဖြစ်ကြသည်။

လေးမြို့ခေတ်၌ ရခိုင်ဘုရင်ထီးနန်းစိုက်ခဲ့ရာ မြို့တော်(၆)မြို့ရှိခဲ့သည်။ ၎င်းတို့မှာ (၁) စမ္ပဝက်မြို့၊ (၂) ပဉ္စာမြို့၊ (၃)ပုရိန်မြို့၊ (၄) ခြိပ်မြို့၊ (၅) နေရဉ္စရာတောင်ငူမြို့၊ (၆) လောင်းကြက်မြို့တို့ဖြစ်သည်။

မြောက်ဦးခေတ်၌ ရခိုင်ဘုရင်ထီးနန်းစိုက်ရာ တစ်မြို့ တည်းသာရှိခဲ့သည်။ ၎င်းမှာ မြောက်ဦးမြို့ပင် ဖြစ်ပေသည်။ (ကျမ်းကိုး (၁) စာ (၃၇၆ မှ ၃၄၉ ထိ)၊ ကျမ်းကိုး (၂) ဇယား၊ ကျမ်းကိုးအမှတ်စဉ် (၃) စာ(၁၈၆ မှ ၂၀၂ ထိ) ရှုပါ။ )

 

ပြန်လည်တုံ့ပြန်ချေပချက်များ

အမှတ်စဉ်(၁)ချေပချက်

ဦးဆက်ထွန်းလင်းက ရခိုင်သည် သီးခြားလွတ်လပ်သည့် နိုင်ငံမဟုတ်။ ခေတ်အဆက်ဆက် မြန်မာမင်းတို့၏ အစောင့်အရှောက်ခံဟု ဆိုထားပါသည်။ ခေတ်အဆက်ဆက်ဟူ၍ သုံးနှုန်းဖော်ပြလိုက်ခြင်းသည် ရခိုင်တို့၏ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် လေးခေတ်စလုံးနှင့် သက်ဆိုင်သွားပါသည်။

ရှေ့က ဦးဆက်ထွန်းလင်းသိရှိစေရန် ရခိုင်သမိုင်းဖြစ်စဉ် ခေတ် (၄)ခေတ်ကို ခုနှစ်သက္ကရာဇ် ဇယားနှင့်တကွ ဖော်ပြခဲ့ပါပြီ။ ရခိုင်တို့၏ (ဓညဝတီခေတ်)ထွန်းကားချိန်သည် ခရစ်တော်မပေါ်မီ ဘီစီ-၃၃၂၅ မှ ခရစ်တော်ပေါ်ပြီး အေဒီ-၃၂၇ ကာလဖြစ်သည်။ ဤနှစ်ကာလအတွင်း၌ မြန်မာလူမျိုးနှင့် ပုဂံခေတ်မရှိသေးသည်ကို အထူးသတိပြုသင့်ပါသည်။ သို့ဖြစ်၍ ဓညဝတီခေတ်ထွန်းကားချိန် ရခိုင်သည် မြန်မာမင်းတို့၏ အစောင့်အရှောက်ခံဆိုခြင်းမှာ ထင်ထင်ရှားရှား လွဲမှားနေလေသည်။

တစ်ခါ အေဒီ (၄)ရာစုမှ (၈)ရာစုတွင် ဝေသာလီခေတ် ထွန်းကားခဲ့ပါသည်။ ဝေသာလီမြို့တော်သည် မြန်မာနိုင်ငံရှေးဟောင်းသုတေသနမှ တူးဖော်တွေ့ရှိရသော အထောက်အထားများအရ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး စသောမြို့တော်များနှင့် ခေတ်ပြိုင်ဖြစ်သည်ဟုဆိုကြသည်။ (ကျမ်းကိုး (၄) ကိုရှုပါ။ )

ထို့ကြောင့် ရခိုင်ပြည်၌ ဝေသာလီခေတ် ထွန်းကားချိန်ကာလတွင်လည်း မြန်မာလူမျိုးမဟုတ်သော ပျူလူမျိုးတို့နှင့်သာ ခေတ်ပြိုင်ဖြစ်ခဲ့သည့်အတွက် မြန်မာမင်းမရှိသေး၍ မြန်မာမင်းအစောင့်အရှောက်ခံ ဆိုသည်မှာ လုံးဝ(လုံးဝ) မှားယွင်းလျက်ရှိနေသည်။

နောက်တစ်ခုအနေဖြင့် ရုပ်ကြွင်းသမိုင်းအထောက်အထားဖြင့် ရှင်းလင်းပါမည်။ ရခိုင်ဘုရင်တို့သည် ကုန်သွယ်ရာ၊ ရောင်းဝယ်ရာ၌အသုံးပြုရန် ငွေဒင်္ဂါးများကိုခပ်နှိပ်၍ ဝေသာလီခေတ်ကပင် သုံးစွဲခဲ့ကြပါသည်။ ဝေသာလီခေတ် ဘုရင်များဘွဲ့နာမည်နှင့်တကွ ခပ်နှိပ်သော ဒေဝစန္ဒြ၊ စန္ဒြဗန္ဓု၊ ဘူမိစန္ဒြ၊ နီတိစန္ဒြ၊ ဝီရိစန္ဒြ၊ ဗြီတိစန္ဒြ၊ ဓမ္မစန္ဒြ၊ ဓမ္မဝိဇယ စသည့်ငွေဒင်္ဂါးများကို ယခုအခါ တွေ့ရှိထားပြီးဖြစ်ပါသည်။ (ကျမ်းကိုး (၅) ငွေဒင်္ဂါးပုံ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁ တို့ကို ရှုပါ။)

မြောက်ဦးခေတ်၌လည်း နန်းစံဘုရင်၏ သက္ကရာဇ်နှင့်တကွအုပ်ချုပ်သော မင်း၏ဘွဲ့အမည်ပါသော (ဆင်ဖြူသခင် ဆင်နီသခင် သီရိသုဓမ္မရာဇာ)၊ (ဆင်ဖြူသခင် နရပတိကြီး)၊ (ရွှေနန်းသခင် စန္ဒသုဓမ္မရာဇာ)၊ (ရွှေနန်းသခင် ဝရဓမ္မရာဇာ) စသည်ဖြင့် ငွေဒင်္ဂါးများကို ထုတ်ဝေခဲ့ကြပါသည်။ (ကျမ်းကိုး (၅) ငွေဒင်္ဂါးပုံ ၃၃၊ ၃၄၊ ၃၇၊ ၃၈ တို့ကို ရှုပါ။) ယနေ့ထိ မြောက်ဦးခေတ်ဘုရင် (၂၈)ပါး ထုတ်ဝေခဲ့သော ဒင်္ဂါးများကို တွေ့ရှိထားပြီး ဖြစ်သည်။ (ကျမ်းကိုး (၆) မြောက်ဦးခေတ်ဒင်္ဂါးများ၊ အခန်း ၁၃ ကို ရှုပါ။) ရခိုင်ဘုရင်တို့သည် ငွေဒင်္ဂါးများကို ခပ်နှိပ်ထုတ်ဝေခဲ့သည်သာမက ဝေသာလီခေတ်နှင့် မြောက်ဦးခေတ်တွင် ရွှေဒင်္ဂါးထုတ်ဝေခဲ့သည်ကိုလည်း သမိုင်းရုပ်ကြွင်းအရ တွေ့ရသည်။ (ကျမ်းကိုး (၇) ရွှေဒင်္ဂါးပုံ ၃၀၊ ၃၁ ကို ရှုပါ။)

ထို့ကြောင့် ရခိုင်ဘုရင်တို့သည် မြန်မာဘုရင်ထံ အစောင့်အရှောက်ခံဆိုလျှင် ဤကဲ့သို့လွတ်လပ်စွာ ဘွဲ့တံဆိပ်နာမည်ခပ်နှိပ်၍ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးထုတ်ဝေရန် အကြောင်းမရှိပါ။ တစ်နည်းအားဖြင့် ရခိုင်နိုင်ငံကို မြန်မာမင်းတို့က သြဇာခံထားနိုင်ပြီဆိုလျှင် (ရွှေနန်းသခင် အနော်ရထာ)၊ (ရွှေနန်းသခင် ကျန်စစ်သား)၊ (ရွှေ နန်းသခင် အလောင်းစည်သူ) စသည့်ဒင်္ဂါးများကို အဘယ့်ကြောင့် မထုတ်ဝေခဲ့ပါသနည်း။ ဦးဆက်ထွန်းလင်းသိစေရန်မှာ မင်းအမည်နှင့်တကွ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးထုတ်ဝေခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာဘုရင်ကသာလျှင် ထုတ်ဝေရခြင်းဖြစ်သည်။ သီးခြားလွတ်လပ်မှုမရှိလျှင် ဤကဲ့သို့ဒင်္ဂါးများကို ထုတ်ဝေခဲ့ရမည်မဟုတ်ပါ။ ရခိုင်သည် သီးခြားလွတ်လပ်သောနိုင်ငံဖြစ်ခဲ့၍ ဤသို့လျှင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကို မင်းဘွဲ့တံဆိပ်ခပ်နှိပ်၍ ထုတ်ဝေရခြင်းဖြစ်ပေသည်မှာ ရှင်းနေပါသည်။

 

အမှတ်စဉ်(၂)ချေပချက်

ဦးဆက်ထွန်းလင်းက ရခိုင်ဘုရင်များသည် မြန်မာမင်းများအား အခွန်ဘဏ္ဍာနှင့် သမီးကညာ ဆက်သခဲ့ရကြောင်း ဆိုပြန်သည်။

ဤအဆို၌ မည်သည့်ခေတ်၊ မည်သည့်မင်းလက်ထက်၊ မည်သည့်သက္ကရာဇ်ဟူ၍ မပါရှိသည့်အတွက် တုံ့ပြန်ချေပရန်မှာ ကျယ်ပြန့်နေပါသည်။ သမိုင်းကိုဖော်ပြရာ၌ တိကျဖို့လိုပါသည်။ ဝိုးတဝါး ရေးသားတင်ပြလို့မရပါ။ သို့သော်လည်း ရခိုင်ဘုရင်အဆက်ဆက် ခေတ်အဆက်ဆက်က ထီးနန်းကျ၍ စစ်ရှုံးသည်တောင်မှ လက်ဆောင်သမီးကညာ ဆက်သခြင်းလုံးဝမရှိသော စာပေအထောက်အထားတစ်ခုကို တင်ပြလိုက်ရပါသည်။

ရခိုင်၌ နန်းစံဘုရင်အပါး(၂၀၀) ကျော်ရှိပါသည်။ သားစဉ်မြေးဆက် အုပ်ချုပ်မှုများရှိခဲ့သည်။ ရခိုင်ဘုရင်နောက်ဆုံးဖြစ်သော မဟာသမ္မတရာဇာမင်းသည် မြောက်ဦးရွှေမြို့တော်နန်း၌ စိုးစံသည်။ ဤကဲ့သို့ကာလ ရခိုင်သစ္စာဖောက် ငသံတွေ၊ လေးခတ်တောင်စား ငထွန်းစံတို့ ဗဒုံမင်းထံ စစ်ပန်၍ ခေါ်ယူမှုကြောင့် မြန်မာဗဒုံမင်းတပ်သည် မြောက်ဦးမြို့တော်အနီးသို့ ရောက်လာသည်။ ထိုသောအခါ မဟာသမ္မတ၏ ယောက်ဖတော် ဓားပိုင်ကြီးကျော်ပုံက “ အရှင်မင် ကြီး အမရပူရမှစေလွှတ်လိုက်သော စစ်သည်အင်အားကြီးလှပါသည်။ လက်ဆောင်ပဏ္ဏာနှင့် သမီးကညာကိုဆက်သ၍ ကြည်ဖြူ သာယာစွာပြောဆိုလျှင် မဟာမိတ်ဖြစ်တော်မူမှ ပြည်ထဲအရေးငြိမ်းအေးပါမည် ” ဟု လျှောက်ထားလေသည်။

ဓားပိုင်ကြီးက ဘုရင့်သမီးတော်အား လက်ဆောင်ဆက်သဖို့လျှောက်ထားချက်ကို မဟာသမ္မတမင်းကြီးက ပယ်ချလိုက်ပြီး “ ရှေးဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့လက်ထက် ဤရခိုင်ပြည်သို့ တစ်တိုင်းတစ်နိုင်ငံက စစ်ပြိုင်လာသောမင်းတို့ကို လက်ဆောင်ပဏ္ဏာနှင့် သမီးကညာ ဆက်ဖူးသည်မရှိပေ။ ငါတို့ရခိုင်ပြည်သို့သာ ထိုသို့သောပြည်တို့က လက်ဆောင်ပဏ္ဏာနှင့် သမီးကညာဆက်ဖူးကြောင်း သမိုင်းရာဇဝင်၌ ထွက်ဆိုလေသည်။ ယခုငါ့လက်ထက်တွင်မှ လက်ဆောင်ပဏ္ဏာနှင့် သမီးကညာဆက်သရချေလျှင် နောင်လာမင်းတို့သည် ကမ္ဘာကြေသော်လည်း ဥဒါန်းစကားသည် မကြေရှိလိမ့်မည် ” ဟုမိန့်တော်မူပြီးလျှင် ညီတော်အိမ်ရှေ့မင်း ချစ်လှရွှေကို ဗိုလ်ချုပ်ခန့်၍ အခြားသောလက်ဝဲမြန်၊ လက်ယာမြန်၊ ဓားပိုင်ကြီး၊ လက်ဝဲမှူး၊ လက်ယာမှူးတို့အား ပြောင်းလက်နက်တင်လှေ (၈၀)နှင့် ရေကြောင်းမှစစ်ချီစေသည်။ (ကျမ်းကိုး (၁) စာ ၃၀၆ - ၃၀၇ ကို ရှုပါ။)

ရခိုင်ဘုရင်မင်းအဆက်ဆက်တို့သည် မိမိတိုင်းပြည်မှ အခွန်ဘဏ္ဍာနှင့် သမီးကညာအား ဆက်သခဲ့သည်မှာ လုံးဝမရှိပါ။ အခြားတိုင်းနိုင်ငံများကသာလျှင် ရခိုင်မင်းထံသို့ လက်ဆောင်ပဏ္ဏာနှင့် သမီးကညာဆက်သဖူးကြောင်းကို ဤသို့လေ့လာတွေ့ရှိရပါသည်။ ဦးဆက်ထွန်းလင်း မှတ်ယူပါ။

(က) ဝေသာလီခေတ် သီရိစန္ဒြားမင်း (အေဒီ ၅၉၅-၆၆၇) လက်ထက် ကုလားပဆာမင်းသည် အခွန်မဆက် ပုန်ကန်ခြားနား၏။ ယင်းကို သားတော်အိမ်ရှေ့မင်းကိုယ်တိုင် ရဲမက်များစွာ အမတ် (၁၀၀၀) နှင့်စစ်ချီရာ သမီးတော် ဒံရမာဇာလီနှင့် ဒူရဘီတို့အား ရွှေ၊ ငွေ၊ ဘဏ္ဍာ လက်ဆောင်ဆက်လျက် ကျွန်ဖြစ်ခံလာသည်။ (ကျမ်းကိုး (၈) စာ ၂၆၇ ကိုရှုပါ။)

(ခ) လေးမြို့ခေတ် မဉ္ဖူသင်မင်း (အေဒီ ၁၁၆၁ - ၁၁၆၆) လက်ထက် ခရစ် - ၁၁၆၃ တွင် စမ္ပဝက်မြို့ပြောင်း၍ နေရဉ္စရာမြို့ကိုတည်သည်။ ဤမင်းလက်ထက် လက်ရုံးဘုန်းကြီးသည်။ အရှေ့ဘက် မိုးညှင်း၊ အုန်းဘောင်၊ ရပ်စောက်၊ ညောင်ရွှေ။ တောင်ဘက်တလိုင်း၊ မွန်ပြည်။ အနောက်ဘက် ကုလားသူရတန်ပြည်။ မြောက်ဘက် မြုံပြည်၊ ဟစ်ရုံပြည်တိုင်ပိုင်၏။ ဤမင်း၏လက်ဝင်ဖြစ်သော ထိုမင်းတို့သည် လက်ဆောင်ပဏ္ဏာ၊ သမီးကညာ၊ ရတနာများစွာဆင်မြင်းပေးသွင်းဆက်သရ၏။ (ကျမ်းကိုး (၉) စာ ၃၄၄ ကိုရှုပါ။)

(ဂ) လေးမြို့ခေတ် (အေဒီ ၁၂၅၀ - ၁၂၅၆) တွင် နန်းစံခဲ့သော အလောမာဖြူမင်းသည် လောင်းကြက်မြို့၌ နန်းစံ၍(၂)နှစ်မြောက်ရှိလျှင် မင်းကိုယ်တိုင် အရှေ့ဘက်သို့စစ်ထိုးရာ ကလေး၊ မိုးညှင်း၊ မိုးကောင်း၊ ယွန်း၊ ထီးလှိုင် တို့ကိုအောင်မြင်၍ သမီးကညာရတနာ ဘဏ္ဍာထုတ်ခွန်ကို ရရှိခဲ့သည်။ ထို့အပြင် အနောက်ကုလားပြည်သို့ စစ်ချီခဲ့ရာ သက်၊ မြုံ၊ ဟစ်ရုံပြည် တို့ကိုရရှိ၍ သမီးကညာရတနာစသော လက်ဆောင်အထုတ်အခွန်ကို ခံယူ၍ ယင်းမှပြန်လာခဲ့သည်။ (ကျမ်းကိုး (၉) စာ ၃၅၄၊ ၃၅၆ ကိုရှုပါ။)

(ဃ) မြောက်ဦးခေတ် မင်းဗာကြီး (အေဒီ ၁၅၃၁ - ၁၅၅၃) လက်ထက်တွင် မင်းတရားရွှေထီးနှင့် ဘုရင့်နောင်တပ်သည် မြောက်ဦးမြို့ကို သိမ်းပိုက်ရန် စစ်ချီလာကြသည်။ ရခိုင်စစ်သည်များစွာတို့  မြို့အပြင်သို့ထွက်၍ လက်နက်ကိရိယာ၊ ဆင်လုံးမြင်းရံနှင့် ပိုးချည်ကျွန်းတွင် စစ်တိုက်ကြရာ တပင်ရွှေထီးတပ်မှ စစ်သည်များစွာ လက်နက်စွန့်၍ထွက်ပြေးကြသည်။ ရေကြောင်းစစ်သည်တို့သည် ကျွန်းထင်းမျှောသကဲ့သို့ ရေပြင်ပြည့်မျှ သေပျောက်ကြကုန်၏။

မင်းတရားရွှေထီးတပ်ကို မြောက်ဦးတပ်ကဝိုင်းရံ၍ လိုက်လံတိုက်ခိုက်ရာ အလွန်ကြောက်လန့်သည်ဖြစ်၍ မင်းစေတမန်လွှတ်ပြီးလျှင် ရခိုင်မင်းထံ ရွှေ၊ ငွေ၊ ရတနာများစွာ၊ ဆင်မြင်း အစရှိသော ရတနာပဏ္ဏာကရတို့ဖြင့် ဆက်သပြီးသော် မဟာမိတ်ဖွဲ့၏။ မင်းဗာကြီးလည်း မင်းတရားရွှေထီးအား ကတိသစ္စာတည်းဟူသော ကြိုးဖြင့်ချည်ဖွဲ့လျက်ခွင့်ပြု၏။ မင်းတရားရွှေထီးလည်း သေဘေးမှလွတ်သဖြင့် အလွန်ဝမ်းမြောက်သည်ဖြစ်၍ မွန်မင်း သုရှင်တကရွက်ပိ၏ မယားဖြစ်သော ပြည်ဘုရင် နရပတိနှမတော်ကို မင်းဆောင်မင်းယောင်နှင့်တကွ ဆက်သခဲ့၍ သက္ကရာဇ် ၉၀၈ ခု၊ တပေါင်းလဆန်း (၉)ရက်နေ့တွင် ပြန်တော်မူလေသည်။ (ကျမ်းကိုး (၁) စာ ၅၂ ကိုရှုပါ။)

(င) မြောက်ဦးခေတ် မင်းဗာကြီး (အေဒီ ၁၅၃၁-၁၅၅၃) လက်ထက်တွင် ဟံသာဝတီပဲခူးပြည်ကြီးရှင် မင်းတရားရွှေထီးသည် ကသာအရပ်သို့ ဆင်ဖမ်းထွက်ရာ တဲနန်း၌ကျိန်းစက်နေစဉ် သမိန်စောထွတ်၏ညီ လက်ဝဲဓားမှူးလုပ်ကြံ၍ သက္ကရာဇ် ၉၁၂ခု၊ ကဆုန်လပြည့်ကျော် (၁) ရက်၊ ဗုဒ္ဓဟူးနေ့သို့အဝင် ညဉ့်သုံးချက်တီး၌ လွန်တော်မူသည်။ ထိုသမိန်စောထွက်နှင့် တစ်ဖက်တည်းဖြစ်သောမင်းသားသည် ဟံသာဝတီပဲခူးပြည်၌ လှေအပေါင်းနှင့် ရေပြင်အားလုံးဝယ်မင်းပြုလျက် ဗလစက္ကဝါဟူသော အမည်ခံသည်။

ထိုမင်းညီနောင်နှစ်ဦး မြေပြင်၊ ရေပြင်လုကြရာ ညီတော်ဗလစက္ကဝါသည် အားချင်းမတန်၍ ထီးဖြူမြှောက်စည်နှင့်တကွ ရခိုင်ပြည့်ရှင်မင်းဗာကြီးထံ နှမတော်ကိုလက်ဆောင်ပြုလျက် ဆက်သဝင်ရောက် လာသည်။ မင်းဗာကြီးလည်း ထိုဗလစက္ကဝါမင်းသားကို သားတော်ကဲ့သို့ စည်းစိမ်ချမ်းသာပေးသနားသည်။ (ကျမ်းကိုး (၁) စာ ၅၄ ကိုရှုပါ။)

(စ) မြောက်ဦးခေတ် မင်းဗာကြီးလက်ထက် ဘင်္ဂါ (၁၂) မြို့သည် ရှေးကပင် ရခိုင်မင်းအဆက်ဆက် ခေတ်အဆက်ဆက်ပိုင်ဆိုင်ခဲ့ရာ နယ်မြေဖြစ်သည်။ မင်းစောမွန်လက်ထက်ရောက်မှ ရခိုင်နန်းတွင် ဘုရင်မတည်မြဲခဲ့၍ ဘင်္ဂါ (၁၂) မြို့မှ အခွန်ဘဏ္ဍာကျဆင်းခဲ့ရသည်။ မင်းဗာကြီးလက်ထက်၌ ပြန်လည်သိမ်းယူရန် စီစဉ်သည်။ စစ်သည် (၃၂၀၀၀၀) ဖြင့် ဘင်္ဂါ (၁၂) မြို့သို့ မြောက်ဦးမြို့မှနေ၍ သက္ကရာဇ် ၈၉၄ ခု၊ တန်ဆောင်မုန်းလဆန်း (၉) ရက်နေ့စစ်ချီ သည်။ စစ်ပွဲ၌ ပြည့်ရှင်မင်းကြီးတပ်နှင့် သားတော် အိမ်ရှေ့မင်းတပ်တို့ ရောင်ပူရ်မြို့တွင် အထက်အောက်ပိတ်၍စစ်တိုက်ရာ ကုလား အိမ်ရှေ့မင်းသား မုရသိန်ကို လက်ရဖမ်းဆီးရမိသည်။ ကုလား ဒီလီပဆာမင်း စစ်ရှုံးသဖြင့် လက်ဆောင်ပဏ္ဍာတော်နှင့်တကွ သမီးတော် ပန်ဆီဒေါလ်(ပဲသီတာ)ကို ဆက်သလာလျှင် အိမ်ရှေ့မင်း မုရသိန်အား ပြန်လွတ်ပေးလိုက်သည်။ (ကျမ်းကိုး (၁၀) - စာ ၁၂၀ ကိုရှုပါ။)

(ဆ) မြောက်ဦးခေတ် မင်းဗာကြီး (အေဒီ ၁၅၉၃- ၁၆၁၂) လက်ထက် အေအီး ၉၅၉ ခုနှစ်တွင် ကျော်ထင်ရာဇာ ညီတော်မင်းခေါင်၏သား မင်းရဲကျော်ထင်အမည်ရှိသော တောင်ငူမင်း သီဟသူသည် ဘကြီးတော် ကျော်ထင်နော်ရထာ၏သား ဟံသာဝတီပဲခူးမင်းကို လုပ်ကြံလို၍ အထူးထူးသောလက်ဆောင်ပဏ္ဏာ ရွှေပေလွှာများနှင့် ကြည်းတောင်းစား၊ ကသာမြို့စားနှစ်ယောက်ကို စေလွတ်၍ ရောက်လာသည်။ စာတွင်ပါသည်ကား “ ပဲခူးမြို့ကို ကူညီတိုက်ယူ၍ ပေးတော်မူပါ။ ပဲခူးမြို့ရလျှင် သမီးကညာနှင့် ဆင်ဖြူရတနာကို ဆက်သပါမည်။ ” မင်းရာဇာကြီးသည် လက်ခံပြီးစစ်ကူခဲ့ရာ စစ်နိုင်သော တောင်ငူမင်းထံမှ ကတိအတိုင်း ဆင်ဖြူတော်နှင့်တကွ ဟံသာဝတီ ဘုရင့်သမီးတော် ရှင်မနှောင်းကို လက်ခံရရှိခဲ့သည်။(ကျမ်းကိုး (၁) စာ ၁၄၄ - ၁၄၈ ကိုရှုပါ။)

ဤသို့လျှင် မြန်မာမင်းထံမှ သမီးကညာဆက်သလာခြင်းကို ရခိုင်ဘုရင်တို့သည် ကောင်းစွာလက်ခံပြီး ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ခြင်း ရှိခဲ့၏။ ဟံသာဝတီပဲခူးပြည့်ရှင် သမီးတော်ခင်မနှောင်းကို တန်ဆောင်းမိဖုရား မြှောက်တော်မူလေသည်။

(ကျမ်းကိုး (၈) စာ ၄၁၀ ကိုရှုပါ။)

(ဇ) အမရပူရ ဘိုးတော်ဗဒုံမင်း၏ သားတော်မောင်ပေါ်သည် သက္ကရာဇ် ၁၁၄၆ ခု၊ ပြာသိုလဆုတ် (၇) ရက်၊ စနေနေ့တွင် ရခိုင်ပြည် မြောက်ဦးမြို့ကို သိမ်းပိုက်သည်။ နန်းတော်၌ ဘုရင်နှင့်တကွ မိဖုရား၊ မောင်မမိဿံ၊ သားတော်၊ သမီးတော်မရှိ။ ကျွန်းသာယာသို့ ရှောင်တိမ်းသွားသည်။ မြန်မာတပ်က ကျွန်းသာယာသို့ လိုက်လာပြီး ၁၁၄၆ ခု၊ ပြာသိုလကွယ်နေ့တွင် မဟာသမ္မတနှင့်တကွ မိဖုရား၊ သားတော်၊ သမီးတော်တို့ အဖမ်းဆီးခံရသည်။ ထို့နောက် အမရပူရသို့ ခေါ်ဆောင်သွားသည်။ အမရပူရ ဘိုးတော်ဗဒုံမင်းက မဟာသမ္မတမင်း၏ မိဖုရားမြသန္တာသည် အရောင်အဆင်းနှင့် ပြည့်စုံသည်ကိုမြင်သောအခါ လိုချင်ရမ္မက်တက်ပြီး တရားတဘောင်လုပ်၍ လင်ကိုကွာစေကာ အဓမ္မသိမ်းယူလေသည်။ (ကျမ်းကိုး (၁) စာ ၃၀၇-၃၁၀ ကိုရှုပါ။)

ဤအခြင်းအရာများကို ကြည့်ခြင်းအားဖြင့် ရခိုင်လူမျိုးတို့သည် ထီးနန်းကျသည့်တိုင် ပဏ္ဏာလက်ဆောင်နှင့် သမီးကညာကိုဆက်သခြင်း ထုံးစံမရှိခဲ့ဆိုသည်မှာ ထင်ရှားနေသည်။ သူ့သား၊ သူ့မယားကို အဓမ္မသိမ်းယူခြင်းက ဗဒုံမင်းသည် မင်းဆိုးမင်းညစ်ဖြစ်သည်ကို ပေါ်လွင်လျက်ရှိနေပါသည်။

ထို့ကြောင့် ရခိုင်ရာဇဝင် သမိုင်းအစောင်စောင်၌ ဓညဝတီခေတ် နှစ်ပေါင်း (၁၈၁၈) နှစ်ကာလသည် ရန်သူ့လက်ထဲ၌ ကျရောက်ခြင်းမရှိခဲ့သည်ကို ကောင်းစွာတွေ့ရသည်။ မြို့သက်ကုန်၍ ဝေသာလီမြို့သစ်သို့ ရွှေ့ပြောင်းခြင်းသာဖြစ်သည်။ ဝေသာလီခေတ် နောက်ဆုံးမင်းပဲဖြူမင်းလက်ထက်၌ ဝေသာလီမြို့ကိုစွန့်လျှက် မြောက်ဦးမြို့၊ သပိတ်တောင်မြို့၌ ယာယီနန်းစံနေခဲ့သည်။ မင်းမရှိသောဝေသာလီကို သျှမ်းတို့က စစ်လာတိုက်ပြီး လူတစ်ချို့ကို ဖမ်းယူ၍ပြန်သွားကြသည်။ လေးမြို့ခေတ်နောက်ဆုံး မင်းစောမွန်လက်ထက် အင်းဝမှ ဘုရင်မင်းခေါင်သား မင်းရဲကျော်စွာလာတိုက်သည်။ မင်းစောမွန်အဖမ်းမခံ၊ သားမယားကိုယူ၍ ဘင်္ဂါ(၁၂)မြို့ ရှောင်တိမ်းနေလေသည်။ ထို့နောက်တစ်ဖန် လောင်းကြက်နန်းကို ကြိုးပမ်း၍ရရှိလာသည်။ နောက်ဆုံး မြောက်ဦးခေတ်ဘုရင် မဟာသမ္မတရာဇာမင်းကို အမရပူရမှ ဗဒုံမင်းလာတိုက်သည်။ အခွန်ဘဏ္ဍာနှင့် သမီးကညာလုံးဝမဆက်သ။ ညဉ့်သန်းခေါင်ယံတွင် မြောက်ဦးနန်းတော်မှ တိုက်လှေ (၃၀) နှင့် ရှောင်တိမ်းနေသည်။ (ကျမ်းကိုး (၉)  စာ ၃၀၄၊ ကျမ်းကိုး (၁၀) စာ ၁၁၃၊ ကျမ်းကိုး (၁) စာ ၃၀၇ တို့ကိုရှုပါ။)

ဦးဆက်ထွန်းလင်းရေးသော အခွန်ဘဏ္ဍာနှင့် သမီးကညာကို ရခိုင်မင်းက မြန်မာမင်းအား ဆက်သခဲ့ရသည်မှာ အဘယ်မှာနည်း။ လုံးဝမတွေ့ရပါ။ ရခိုင်မင်းထံသို့သာ မွန်၊ မြန်မာ၊ ကုလားမင်းတို့ အခွန်ဘဏ္ဍာနှင့် သမီးကညာဆက်သသည်ကိုသာ တွေ့ရသည်။

( ဆရာ မင်းပြားမင်းသိန်းဇံ၏ ဆက်လက်ချေပချက်များအား စောင့်မျှော်ဖတ်ရှုအားပေးကြပါရန်)

(ဤဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင် (၁) ရက်နေ့ထုတ် Development News Journal ၊ အမှတ် (၈၈) တွင် ဖတ်ရှုနိုင်သည်။)