ရုပ်ပွားတော်မြတ် ကိန်းဝပ်သည့်ရွှေမြေ (အပိုင်း- ၁)

            ရခိုင်ပြည်၏သမိုင်းကြောင်းကို သူတို့၏ရမ်းရမ်းကားကားလုပ်ဆောင်မှုများဖြင့် ရာစုနှစ်တစ်ခုနီးပါးမျှ အရောင်စွန်းထင်းစေခဲ့သော ဗရင်ဂျီများသည် ဂိုအာ (Goa)၏ ကွပ်ကဲထိန်းချုပ်မှုမှာ လွတ်ကင်းလျှက် သီးခြား လွတ်လပ်စွာ ရှင်သန်ကျင်လည်နေကြသူများဖြစ်သည်။ ဂိုအာသည် ထိုစဉ်က ကမ္ဘာ့အရှေ့ပိုင်းတွင် ပေါ်တူဂီ အာဏာစက်၏ ဗဟိုချက်မဖြစ်ခဲ့သည်။

By ဝေသာ 15 May 2018

ရခိုင်ဘုရင်သဓမ္မရာဇာ မြောက်ဦးမြို့တွင် တိုင်းခန်းလှည့်လည်ပုံ 

ဝေသာ ရေးသားသည်

အထက်ကဖော်ပြခဲ့သော ခေါင်းစဉ်မှာ မစ္စတာ မောရစ်ကောလစ် ရေးသားပြုစုသော စာအုပ်တစ်အုပ်၏ အမည်ကို ငှားယူအသုံးပြုထားခြင်းဖြစ်ပါသည်။ ထိုစာအုပ်မှာ ဆီဘက်စတီယို မန်နရိတ် အမည်ရှိသြဂတ်စတင်း ဘုန်းတော်ကြီးတစ်ပါး ၁၇ ရာစုအစောပိုင်းက ရခိုင်နန်းတော်သို့စွန့်စွန့်စားစားရောက်ရှိခဲ့သည့် အကြောင်းကို ထူးဆန်းအံ့သြဖွယ်ရေးဖွဲ့ထားခြင်းဖြစ်သည်။ ရခိုင်ပြည်တွင် အမှုထမ်းနေကြသော ပေါ်တူဂီအဖျက်သမားတို့၏ စွန့်စားခန်းများအကြောင်းကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် အကျယ်တဝင့်ရေးသားတင်ပြထားသည်။ ထို့ပြင် ထိုခေတ်အခါက ပေါ်တူဂီပိုင်အိ န္ဒိယပြည်အကြောင်းကိုလည်း ကွက်ကွက်ကွင်းကွင်းဖော်ပြသည်။ ဒတ်ချ်လူမျိုး တို့၏ ပြင်းထန်လှသော ထိုးစစ်ဆင်တိုက်ခိုက်မှု မတိုင်မီက ကြီးကျယ်ခန်းနားလှသော ပေါ်တူဂီအန္ဒိယပြည်အ ကြောင်း၊ ယင်း၏ ယိုယွင်းလာမှုနှင့် ပျက်စီပြိုကွဲလုအခြေအနေတို့ကိုလည်း ဖတ်ရှုသိရှိကြရပါသည်။

           ယခုဆောင်းပါးတွင် ရခိုင်ဒေသအတွင်း ပေါ်တူဂီတို့၏ လုပ်ဆောင်မှုများကိုသာမက ဒတ်ချ်တို့၏ လှုပ် ရှားမှုများကိုပါ ဖော်ပြသွားပါမည်။ ထို့ပြင် ထိုအုပ်စုနှစ်ခုတို့၏ အားပြိုင်မှုများကိုလည်း တင်ပြပါမည်။

            ၁၆၂၉ ခုနှစ် နှောင်းပိုင်းတွင် မန်နရိတ်သည်ဒီယင်းဂါး (Dianga) ခရိုင်၏ အသင်းတော်ဆိုင်ရာ ဘုန်း တော်ကြီးအဖြစ်ခန့်အပ်ခြင်းခံရသည်။ ဒီယင်းဂါးခရိုင်သည် ယခုခေတ်ဘင်္ဂလားအရှေ့ပိုင်းတွင်ရှိသည်။ ထိုခေတ် ကတော့ ဒီယင်းဂါးကို စစ်တကောင်းရှိ ရခိုင်ဘုရင်ခံက အုပ်ချုပ်သည်။ မန်နရိတ်သည် ထိုဒေသအတွင်း အုတ် ရောရော ကျောက်ရောရော နေထိုင်ကျက်စားကြသော ဗရင်ဂျီ (ပေါ်တူဂီလူမျိုး) များကြား၌ ဘာသာရေးလုပ် ငန်းများကို ဆောင်ရွက်လုပ်ကိုင်ရသည်။ ဗရင်ဂျီတို့၏ ကျွန်ဖမ်းဆီးခြင်းလုပ်ငန်းကြောင့် ဂင်္ဂါမြစ်ဝှမ်းဒေသတစ် ခုလုံး ကျီးလန့်စာစားဖြစ်နေခဲ့ရသည်။ သို့သော် ရခိုင်ဘုရင်အတွက်ကတော့ ဗရင်ဂျီများ ဆက်သသော ကျွန်များ ရရှိနေပါသည်။ ထိုကျွန်များကို ဒတ်ချ်ကုန်သည်များသို့ လက်လွှဲရောင်းချသည်။ ဒတ်ချ်ကုန်သည်များက ထိုကျွန် များကို ဘာတေးဗီးယား ( Batavia) သို့သဘောၤဖြင့် တင်ပို့လိုက်ကြပါသည်။

            ရခိုင်ပြည်၏သမိုင်းကြောင်းကို သူတို့၏ရမ်းရမ်းကားကားလုပ်ဆောင်မှုများဖြင့် ရာစုနှစ်တစ်ခုနီးပါးမျှ အရောင်စွန်းထင်းစေခဲ့သော ဗရင်ဂျီများသည် ဂိုအာ (Goa)၏ ကွပ်ကဲထိန်းချုပ်မှုမှာ လွတ်ကင်းလျှက် သီးခြား လွတ်လပ်စွာ ရှင်သန်ကျင်လည်နေကြသူများဖြစ်သည်။ ဂိုအာသည် ထိုစဉ်က ကမ္ဘာ့အရှေ့ပိုင်းတွင် ပေါ်တူဂီ အာဏာစက်၏ ဗဟိုချက်မဖြစ်ခဲ့သည်။ ဤသူတို့အား ရခိုင်ဘုရင်က မဂိုအင်ပါယာ၏ အရှေ့ဘက်နယ်ခြားကို အနှောင့်အယှက်ပြုရန်တာဝန်ပေး အသုံးချထားပါသည်။ ဘင်္ဂလားအရှေ့ပိုင်းအပေါ် ရခိုင်တို့၏ စိုးမိုးမှုကို မဂို တို့က မထီမဲ့မြင်ပြုရုံမျှမက ရခိုင်တို့အား စစ်တကောင်းဒေသမှ မောင်းထုတ်ပစ်ရန်အထိပငါ ဤမျှလောက်ကာ လအထိ စိုးမိုးအုပ်ချုပ်ထားနိုင်ခဲ့မည်မဟုတ်ပေ။ သို့ဖြစ်၍ မဂိုတို့ဘက်မှကြည့်လျှင် ဗရင်ဂျီများသည် စူးငြောင့်ခ လုတ်တစ်ခု ဖြစ်နေလေရာ အနှေးနှင့်အမြန်ဆိုသလို နုတ်ပယ်ပစ်ဖို့လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။

            ရခိုင်ဘုရင်၏ သက်တော်စောင့်တပ်ဖွဲ့များအတွင်း ပေါ်တူဂီတပ်မတစ်ခုပါဝင်သည်။ ထိုတပ်မထဲမှ တချို့သည် ကြီးမြင့်သောရာထူးများ၌ တာဝန်ထမ်းဆောင်လျက်ရှိနေကြသည်။ ဖိလစ်ဒီဘရစ်တိုသည် ထိုအရာ ရှိကြီးများထဲမှ တစ်ဦးဖြစ်ပါသည်။ ဒီဘရစ်တို့၏ဇနီးမှာ ဂိုအာဘုရင်ခံ၏တူမဖြစ်သည်။ ဒီဘရစ်တိုသည် သံလျှင် ကိုတာဝန်ယူအုပ်ချုပ်ရသည်။ သီအိုရီအရပြောလျှင် ၁၅၉၉ ခုနှစ် တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွင် ရခိုင်ဘုရင် ၏ကိုယ်စား အုပ်ချုပ်ရသော သံလျှင်ဘုရင်ခံဖြစ်သည်ဟုဆိုနိုင်ပါသည်။ သူ၏သွေးသောက်ရဲဘော်ကြီးမှာ ဆာလ်ဗေဒို ရီဘေရိုဒီဆူးစား (Salvador Ribeiro de Sousa) ဖြစ်သည်။ ဆူးစားသည်လည်း ရခိုင်တပ်မတော် မှ အရာရှိကြီးဖြစ်သည်။ သို့သော် ဆူးစားတွင် နိုင်ငံရေးရည်မှန်းချက်ကြီးကြီးမားမားမရှိပေ။ အမှုထမ်းပြီးနောက် ပိုင်း ဇာတိတိုင်းပြည်သို့ပြန်ကာ အေးအေးဆေးဆေး နေထိုင်သွားပါသည်။

            ဤစွန့်စားရေးသမားများထဲက အရောင်စုံအသွေးစုံ အလှုပ်ရှားအတက်ကြွဆုံးပုဂ္ဂိုလ်တစ်ဦးမှာ ဆီဘက်စတီယို ဂွန်ဇာလက် တိဘော (Sebastiao Gonzales Tibao) ဖြစ်သည်။ တိဘောကိုလစ္စဘွန်းမြို့အနီး ကျေးရွာတစ်ရွာရှိ ဆင်းရဲသားမိသားစုတစ်ခုမှ မွေးဖွားပါသည်။ ဘင်္ဂလားတွင် စစ်မှုထမ်းပြီးနောက် သဘောၤက လေးတစ်စီးဝယ်ယူကာ ဆားအရောင်းအဝယ်လုပ်သည်။ ဤသို့ဖြင့်တိဘောသည် ဒီယင်းဂါးသို့ ၁၆၀၇ ခုနှစ်တွင် ရောက်လာခဲ့သည်။ ထိုအချိန်သည် ဒီဘရစ်တိုကသံလျှင်ကို အပိုင်စီးရန်လုံးပမ်းနေသောကာလဖြစ်သည်။ သံလျှင်ကို အပိုင်စီးရုံမျှမကဘဲ ထိုမြို့ကိုအခြေခံစခန်းအဖြစ်ထားကာ ရခိုင်တစ်ပြည်နယ်လုံးကိုပါသိမ်းယူရန် ကြံစည်နေသည်ဟု သတင်းထွက်နေပါသည်။ ထို့ကြောင့် ရခိုင်ဘုရင်သည် တပ်အင်အားများစေလွတ်တိုက်ခိုက် ပြီး ဗရင်ဂျီပေါင်းများစွာကို သုတ်သင်ပစ်လိုက်သည်။ ကံကောင်းထောက်မသူ တိဘောကတော့ သေကံမရောက် ဘဲထွက်ပြေးလွတ်မြော်ခဲ့ပါသည်။ သူသည်အခြားသော ဒုက္ခသည်များကို စုစည်းလျှက် ပင်လယ်ဓားပြဖြစ်လာ ပြီး ရခိုင်ကမ်းရိုးတန်းဒေသများကို တိုက်ခိုက်လုယက်လေ့ရှိသည်။ ၁၆၀၉ ခုနှစ်တွင်တော့ တိဘောသည် စစ်တကောင်းကမ်းရိုးတန်း၏ ကမ်းလွန်ကျွန်း ဆင်းဒဝစ် (Sandwip) ကိုတိုက်ခိုက်သိမ်းယူကာ “ဘုရင် ”အဖြစ် စိုးမိုးအုပ်ချုပ်လေတော့သည်။

            ဆင်းဒဝစ်သည် အရေးပါသောကုန်သွယ်ရေး ဗဟိုစခန်းတစ်ခုဖြစ်လာရာ တိဘောလည်းများစွာ ကြွယ်၀ လာခဲ့သည်။ (ရခိုင်) ဘုရင်နှင့်ပဋိပက္ခဖြစ်ပြီး ပုန်ကန်နေသော စစ်တကောင်းဘုရင်ခံ၏ နှမငယ်တစ်ဦးကို တိဘောလက်ထပ်ယူသည်။ တိဘောသည် ရခိုင်ဘုရင်ကိုပင်ခြိမ်းခြောက်အကျပ် ကိုင်နိုင်သည့် အနေအထားသို့ ရောက်ရှိလာလေရာ ရခိုင်ဘုရင်သည် တိဘောနှင့်ငြိမ်းချမ်းရေးရယူခဲ့ရသည်။ ဘင်္ဂလားမှ မဂိုဘုရင်ခံသည် နိုဝါခါလီ (Noakhali) မှ ရခိုင်လူမျိုးတို့၏ တည်ရှိနေမှုကို ခြိမ်းခြောက်လာခဲ့ပေပြီ။ နိုဝါခါလီသည် ဂင်္ဂါမြစ်ဝတွင်ရှိ သည်။ တိဘော၏တပ်အင်အားနှင့် ရခိုင်ရေတပ်တို့ ပူးပေါင်းလျှက်ဘင်္ဂလားကို စစ်ဆင်တိုက်ခိုက်ပါသည်။ ထိုစစ်ဆင်ရေးမအောင်မြင်ပါ။ သို့သော် တိဘောအတွက်အမြတ်ထွက်ပါသည်။ အကြောင်းမှာတိဘောသည် ရခိုင်ရေတပ်မှ တပ်မှူးအာလုံးအားသုတ်သင်ပစ်ပြီး ရေတပ်ကြီးတစ်ခုလုံးကို အပိုင်စီးလိုက်နိုင်သောကြောင့် ဖြစ်သည်။ ထို့နောက် သူသည် ရခိုင်ပြည်မြောက်ဦးမြို့တော့၏ ဆင်ခြေဖုံးအရပ်တို့အား ထိပါးလာပြီး ဘုရင်မင်း မြတ်ပိုင် ရေယာဉ်တော်ကိုပင် မီးရှို့ပစ်ခဲ့ပါသည်။

            သိမ်းပိုက်ရန် အကြုံပြုတင်ပြလျက် ဂိုအာထံမှ အကူအညီတောင်းခံလိုက်သည်။ ဂိုအာဘုရင်ခံထံမှ ရေတပ်တစ်ခုရောက်ရှိလာပြီး ၁၆၁၅ ခုနှစ်တွင် မြောက်ဦးမြို့တော်ကို တိုက်ခိုက်ကြသည်။ သို့သော် ရခိုင်တို့ တွင် ဒတ်ချ်သဘောၤတချို့ထံမှ အကူအညီရယူထားပြီးဖြစ်ရာ တိဘော၏စစ်ဆင်ရေး ရှုံးနိမ့်သွားပါသည်။ ဂိုအာ ရေတပ်သည် အဝေးသို့ထွက်ပြေးသွားသည်။ ၁၆၁၇ ခုနှစ်တွင် ရခိုင်တို့ဆင်းဒဝစ်ကို သိမ်းပိုက်လိုက်နိုင်သည်။ ထိုအချိန်မှစ၍ ဗရင်ဂျီများသည် အမည်ခံအားဖြင့် ရခိုင်ဘုရင်၏ကျေးတော်မျိုး ကျွန်တော်မျိုးများဖြစ်လာခဲ့ကြပြီး ဂင်္ဂါဖြစ်ဝှမ်းဒေသတွင် ကျွန်ဖမ်းခြင်းလုပ်ငန်းကိုသာ အာရုံစိုက်လုပ်ကိုင်နေခဲ့ကြလေတော့သည်။

            ဤသို့ဖြင့် သူတို့သည် အိန္ဒိယကိုစိုးမိုးထားသော မူဆလင်မိစ္ဆာဒိဌိများ ပျံ့နှံ့မလာစေရေးအတွက် ဟန့်တားဆီးဆို့ထားကြောင်း အကြောင်းပြချက်ပေးနိုင်ကြပါသည်။ ဗရင်ဂျီတို့၏ ကျွန်ဖမ်းမှုအတိုင်းအထာမှာ မန်နရိတ်၏ဖော်ပြချက်အရဆိုလျှင် နှစ်စဉ်နှစ်တိုင်း ဒီယင်းဂါးသို့ ကျွန်အရေအတွက် ၃၄၀၀ ထက်မနည်း ဖမ်းယူ လာခဲ့ကြသည် ဟုဆိုသည်။ စစ်တကောင်းမှ ဒက္ကာအထိဆက်သွယ်ထားသောမြစ်များ၏ ဝဲယာကမ်းနှစ်ဘက် တွင် နေထိုင်သည့် မည်သည့်အိမ်တစ်အိမ်မျှ ပေါ်တူဂီကျွန်ဖမ်းမှုမှ မလွတ်ပါ- ဟု မဂိုစာရေးသူတစ်ဦးကဖော် ထုတ်တင်ပြထားသည်။ ဘုရားကျောင်းတော့၏ စည်းကမ်းကျနသောဘဝမျိုးတွင် ကြီးပြင်းကျင်လည်လာရသော မန်နရိတ်လိုတကယ့် ဘုန်းတော့ကြီးတစ်ပါးအဖို့ ယခုအသက်ရှင်နေထိုင်ရသော ပတ်ဝန်းကျင်အခြေအနေ ကြောင့် မည်မျှထိတ်လန့်တုန်လှုပ်မိမည်ကို တွေးတောခံစားကြည့်နိုင်ကြပေသည်။

            ဒီယင်းဂါးသို့ မန်နရိတ်ရောက်ရှိပြီး မကြာမီမှာပင် သတင်းတစ်ခုပျံ့လာသည်။ ခြေရှုပ်တတ်သော ကြေးစားစစ်သည် ဗရင်ဂျီတို့၏ နောက်ထပ်တစ်ကြိမ် ပုန်ကန်ထကြွမှုမဖြစ်ရလေအောင် ကြိုတင်လက်ဦးမှုရယူ သည့် အနေဖြင့် မြောက်ဦးမြို့ရှိရခိုင်ဘုရင်သည် ဗရင်ဂျီတို့အား ၁၆၀၇ ခုနှစ်ကကဲ့သို့ ဆေးခါးကြီးတိုက်ကျွေး တော့မည်ဟူသော သတင်းဖြစ်သည်။ ထိုအချိန်တွင် ပေါ်တူဂီရေတပ်မှာ ကျွန်ဖမ်းရေးလုပ်ငန်းဖြင့် အဝေးသို့ ရောက်ရှိနေပါသည်။ ကပ္ပတိန်တစ်ဦးကတော့ နေမကောင်းဖြစ်နေသဖြင့် ဒီယင်းဂါးတွင် ကျန်ှရှိနေခဲ့သည်။ ထို သူမှာ ကွယ်လွန်သူ “ ဆင်းဒဝစ်ဘုရင် ”၏ဆွေမျိုးဖြစ်သူ ဂွန်ဇာလက်တိဘော ဖြစ်ပါသည်။ တိဘောနှင့် မန်န ရိတ်တို့သည် မြောက်ဦးမြို့တော်သို့ ချက်ချင်းသွားရောက်လျှက် ဘုရင်မင်းမြတ်အား အလျှင်စလို အရေးယူ ဆောင်ရွက်မှုမပြုပါရန် ဟန့်တားဖျောင်းဖျထားဖို့ ဆုံးဖြတ်ထားလိုက်ကြသည်။

            မန်နရိတ်သည် သူတို့၏ ရခိုင်ပြည်ခရီးစဉ်တလျှောက်ကြုံတွေ့ခဲ့ရသည်များကို မြောက်ဦးမြို့တော်မှ ပြန်ရောက်လာပြီး နှစ်အနည်းငယ်အကြာတွင် ရှင်းလင်းပြေပြစ်သော အရေးအသားတို့ဖြင့် ကွက်ကွက်ကွင်း ကွင်း ပီပြင်ထင်ရှာစွာရေးဖွဲ့ခဲ့သည်။ ထိုစာအုပ်ကို ဟက္ကလူယွတ်အသင်း (Hakluyt Society) က အင်္ဂလိပ်ဘာ သာသို့ ပြန်ဆိုထုတ်ဝေထားသည်။

            မန်နရိတ်၏ မြောက်ဦးမြို့တော်ခရီးအား သည်းထိတ်ရင်ဖိုစွန့်စားခန်းတစ်ခုဖြစ်သည့် ဟုဆိုလျှင်နှိမ့် ချပြောဆိုရာကျပါလိမ့်မည်။ အမှန်က ထိုခရီးသည် မန်မရိတ်တို့ကြုံတွေ့ခဲ့ရသမျှထဲတွင် အံ့ဘွယ်သရဲကိစ္စရပ် တစ်ခုဖြစ်နေသည်။ မဟာမုနိရုပ်ပွားတော်မြတ်ဆီသို့ ခန်းနားကြီးကျယ်စွာ ဘုရားဖူးထွက်တော်မှုနေသော ရခိုင် ဘုရင်မင်းမြတ်အား သူတို့တွေ့ဆုံခစားခဲ့ကြရသည်။ ၁၇၈၄ ခုနှစ်တွင် မြန်မာတို့ရခိုင်ကို သိမ်းယူပြီးနောက် ထို မဟာမုနိရုပ်ပွားတော်အား ရခိုင်ဘိုးတော်ဘုရားက မြန်မာပြည်သို့ပင့်ဆောင်ယူသွားခဲ့လေသည်။

            ရခိုင်ဘုရင်အနေဖြင့် ဒီယင်းဂါးမှပေါ်တူဂီတို့နှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာကြောင့်ကြစိုးရိန်ရန်မရှိပါ ကြောင်း မန်နရိတ်က ရှင်းလင်းပြောဆိုဖျောင်းဖျနိုင်ခဲ့သည်။ သို့ဖြစ်၍ ပေါ်တူဂီတို့အား တိုက်ခိုက်ရန်စီစဉ်ထား သောစစ်ဆင်ရေးကိုလည်း ဖျက်သိမ်းပေးခဲ့သည်။ ထိုမျှမက ဘုရင်မင်းမြတ်ထံမှ အခြားသောခွင့်ပြုလိုက်လျော ချက်များကိုပင် မန်နရိတ်ရယူနိုင်ခဲ့ပါသည်။ အထူးသဖြင့် မြို့တော်၏ အနောက်ဘက်ဒိုင်းဂျီဘက်ကမ်း၌ ကက်သလစ်ဘုရားကျောင်းတစ်ခုဆောက်လုပ်ခွင့် ပြုတော်မှုပုံမျိုးဖြစ်သည်။ ဒိုင်းကျီဘက်ကမ်းတွင် ဘုရင့်သက် တော်စောင့် တပ်ဖွဲ့ဝင်ပေါ်တူဂီကြေးစားစစ်စည်များ နေထိုင်သည်။ ရွှေနန်းတော် အသိုင်းအဝိုင်း၏ ဘာသာကိုး ကွယ်မှုနှင့်ပတ်သတ်၍ မိမိ၏ထင်မြင်ချက်ကို မကွယ်မဝှက်ရိုးသားပွင့်လင်းစွာ ဝေဖန်ဆွေးနွေးလျှောက်ထား သော မန်နရိတ်အား ဘုရင်မင်းမြတ်က နှစ်သက်သဘောကျတော်မှုသည်ဖြစ်ရာ မန်နရိတ်သည်ရခိုင်နန်းတော် ၏ ပေါ်တူဂီလူမျိုးများဆိုင်ရာသံမှူးကြီး (Persona Grata) အဖြစ်သို့ရောက်ရှိလာခဲ့လေတော့သည်။ ရွှေနန်း တော်အနှံ့အပြားသို့ သွားရောက်ကြည့်ရှုလေ့လာခွင့်ရသဖြင့် မန်မရိတ်သည် ၁၅၉၉ ခုနှစ်က မြန်မာတို့ထံမှ သိမ်းယူလာခဲ့သော ပစ္စည်းဥစ္စာများကို မြင်တွေ့ခဲ့ရသည်။ ယင်းတို့အနက် ကျော်ကြားလှသော ဆင်ဖြူရတနာ ကို မြင်တွေ့ရသည်မှာ အထူးပင်နှစ်သက်အံ့သြစဖွယ်ဖြစ်သောကြောင့် ဆင်ဖြူတော်၏မှုလအစနှင့် သမိုင်း ကြောင်းတို့ကို သူ၏စာအုပ်တွင်အခန်းသုံးခန်းအထိပင်ရေးဖွဲ့ဖော်ပြထားသည်။ ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့ ၏ မင်းမြောက်တန်ဆာဒွါဒရာတို့တွင် တပ်ဆင်မွမ်းမံထားသော ကျောက်မျက်ရတနာတို့၏ အရည်အသွေးနှင့် အရွယ်အစားတို့ကို မြင်တွေ့ရသောအခါ မန်နရိတ်သည် အံ့အားသင့်ခြင်းကြီးစွာဖြင့် “မိုးကြိုးပစ်ခံရသလို”ပင် ဖြစ်သွားကြောင်း ဝန်ခံရေးသားထားသည်။ ၁၅၉၉ ခုနှစ် မြန်မာပြည်သိမ်းတိုက်ပွဲမှ ခေါ်ဆောင်ယူခဲ့သော နန္ဒဘုရင်၏ သမီးတော် (ဘုရင်ရာဇာကြီး၏ မိဖုရား) နှင့်လည်း စကားစမြည်ပြောဆိုခဲ့ရသည်။ ဘုရင်ရာဇာကြီး သည် ၁၆၁၂ ခုနှစ်က လွန်တော်မူပါသည်။ မန်နရိတ်နှင့်တွေ့ဆုံရသည့်အချိန်တွင် ထိုအမျိုးသမီးသည် ရခိုင်နန်း တော်၌ ဖွားတော်မိဖုရားကြီး ဖြစ်နေခဲ့ပါပြီ။ မိဖုရားကြီးသည် မန်နရိတ်အား သူမ၏ဘဝဖြစ်ကြောင်း အထွေထွေ ကို နက်ရှိုင်းသောခံစားမှုပြည့်ဝစွာဖြင့် ရင်ဖွင့်ပြောပြခဲ့လေသည်။

            ရခိုင်ပြည်၌ ၆ လတာမျှနေထိုင်ခဲ့ပြီးနောက် မိမိတာဝန်ကျရာဒီယင်းဂါးသို့ မန်နရိတ်ပြန်လာခဲ့သည်။ ၁၆၃၁ ခု၊ နှစ်ဦးပိုင်းကာလဖြစ်သည်။ နောက်တစ်နှစ် (၁၆၃၂ ခုနှစ်) တွင် မဂိုဧကရာဇ် ရှားဂျဟန်ကဟူးဂလိမှ ပေါ်တူဂီအခြေစိုက်စခန်းအား ရှင်းလင်းပစ်ရန်စီစဉ်ပါသည်။ ဒီယင်းဂါးမှ ကျွန်ဖမ်းခြင်းလုပ်ငန်းသည် သည်းမခံ နိုင်လောက်အောင် ဆိုးရွားလာခဲ့သည်။ ထိုကျွန်ဖမ်းသမားများအား ဟူးဂလိရှိပေါ်တူဂီတို့က တစ်စုံတစ်ရာအကူ အညီပေးနေကြောင်း သက်သေအထောက်အထားမပြနိုင်သော်လည်း ပါဝင်ပတ်သတ်နေသည်ကိုတော့ သံသယရှိသည်။ ထို့ပြင်ပေါ်တူဂီတို့သည် ကက်သလစ်ဘာသာဝင်များဖြစ်နေပြီး ရှားဂျဟန်မှာတော့ တကယ့်မူစ လင် အစစ်တစ်ဦးဖြစ်နေလေရာ ကက်သလစ်တို့အား မုန်းတီးသောကြောင့် သင်ခန်းစာကောင်းကောင်းပေးချင် နေသည်။ ဤသို့သော အနေအထား၌ ၁၆၂၉ ခုနှစ်ကဖြစ်ပွားခဲ့သောကိစ္စရပ်က ရှားဂျဟန်၏ဒေါသကို မီးထိုးပေး လိုက်သလို ဖြစ်သွားသည်ဟုဆိုသည်။ ကိစ္စမှာဤသို့ဖြစ်သည်။

            ဒီယင်းဂါးမှ ပင်လယ်ဓားပြများသည် ဒက္ကာမြို့အနီးရှိ ရွာတစ်ရွာအားဝင်စီးပြီး မဂိုအဆင့်မြင့် အရာရှိတစ် ဦး၏ ဇနီးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ဒီယေဂို ဒီဆာအမည်ရှိပေါ်တူဂီ ကပ္ပတိန်က ထိုအမျိုးသမီးအား အရူးအမူးချစ်ကြိုက်မိသည်။ ကပ္ပတိန်၏ အကြမ်းဖက်ချစ်ရေးဆိုမှုအား ခုခံကာကွယ်ရင်းက အမျိုးသီးသည် ကပ္ပတိန်သည် အမျိုးသမီးအားခြေလက်တို့ကို တုပ်နှောင်ကာရေထဲသို့ ပစ်ချသတ်ဖြတ်ပစ်ရန် စီစဉ်လေတော့ သည်။ မန်နရိတ်အချိန်မီရုံကလေး ရောက်ရှိသွားသဖြင့် အမျိုးသမီးကို ကယ်တင်လိုက်နိုင်သည်။နောင်တွင် မန်နရိတ်သည် အမျိုးသမီးအားခရစ်ယန်ဘာသာသို့ ပြောင်းလဲသွတ်သွင်းပေးပြီး ပေါ်တူဂီအမျိုးသားတစ်ဦးနှင့် လက်ထပ်ထိမ်းမြားပေးလိုက်ပါသည်။ ဤအဖြစ်အပျက်ကြောင့် ဒေါသမီးတောက်လောင်နေကြသော ဆွေမျိုး များက ရှားဂျဟန်အားဟူးဂလိမှ ပေါ်တူဂီတို့အပေါ်လက်စားချေတုံ့ပြန်ပေးပါရန် သနားခံလိုက်ကြသည်။

            မဂိုတို့၏ထိုးစစ်ကို ဟူးဂလိ (မှပေါ်တူဂီတို့) က အပြင်းအထန်ခုခံတွန်းလှန်ကြပါသည်။ သို့သော်မြို့မှာ အခိုင်အခံ့ကာရံထားခြင်းမရှိသောကြောင့် မကြာမီမှာပင် မဂိုတပ်၏ဝိုင်းဝန်းပိတ်ဆို့ထားခြင်းကိုခံရလေသည်။ ထိုသို့ပိတ်ဆို့ခြင်းကို ပေါ်တူဂီတို့ဖောက်ထွက်ကြရပေလိမ့်မည်။ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် ပေါ်တူဂီ သဘောၤတစ်ချို့လွတ်မြောက်လာခဲ့သည်။ ထိုသဘောၤတို့သည် ဟူးဂလိမြစ်ဝအပြင်ဘက်ရှိ ဆောဂါး(Saugar) သို့ရောက်ရှိလာပြီး စခန်းချကြပြန်သည်။ ထို့နောက် ပေါ်တူဂီတို့သည် ဖာသာကာဘရယ်(Father Cabral) အား ရခိုင်ပြည်သို့စေလွတ်ပြီး အခြေအနေအရပ်ရပ်ကို ဘုရင်မင်းမြတ်ထံလျှောက်တင်စေလျှက် အကူညီတောင်းခံ ကြသည်။ ရခိုင်ဘုရင်သည် ဘုန်တော်ကြီးကာဘရာယ် မရောက်မီကပငါ သတင်းရရှိထားပြီးဖြစ်သဖြင့် ဟူးဂလိ ကိုသိမ်းပိုက်ထားသော မဂိုတို့အား အငိုက်ဝင်တိုက်ရန်စီစဉ်ထားပြီးဖြစ်နေသည်။ ဟူးဂလိကိုသိမ်းမိလျှင် မဂိုတို့ ၏ ဒုတိယပစ်မှတ်မှာ စစ်တကောင်းပင်ဖြစ်လိမ့်မည် ဆိုသည်ကို ဘုရင်မင်းမြတ်တွက်ဆမိပါသည်။ သူ၏ရည် မှန်းချက်မှာ ဘင်္ဂလားဒေသတစ်ခုလုံးအား မဂိုတို့လက်မှ သိမ်းယူရန်ဖြစ်သည်။ ဤရည်မှန်းချက်ကြီးကို အကောင်အထည်ဖော်ရန်မှာ မိမိ၏ကြိုးကိုင်မှုအောက်တွင် ထားရှိနိုင်ပြီဖြစ်ရာ ရခိုင်ဘုရင်သည် ဂိုအာနှင့်မဟာ မိတ်ဖွဲ့နိုင်ရေး မျော်လင့်ထားပါသည်။ သို့သော်ရခိုင်ဘုရင်၏ အကြံအစည်ကို ကနဦးကပင်ရာသီဥတုကမျက်နာ သာမပေးချေ။ ဗရင်ဂျီစစ်သဘောၤများ ပြန်ရောက်လာသောအခါ မဂိုတို့လက်သို့ ဟူးဂလိကျရောက်သွားခဲ့လေ ပြီ။ မဂိုတို့အား လိုက်လံချေမှုန်းပြီးနောက် ရခိုင်ဘုရင်ထံမှ ရောက်ရှိလာမည့်တပ်ကူများကို ဆောဂါးကျွန်းမှနေ၍ ပေါ်တူဂီတို့စောင့်နေကြပါသည်။

            ရခိုင်ဘုရင်သီရိသုဓမ္မသည် ဖာသာကာဘရယ်အား မိမိကြံရွယ်ထားသော အစီအစဉ်ကို ပြောပြအသိ ပေးပါသည်။ ဤသို့ဖြင့် မန်နရိတ်သည် မြောက်ဦးရွှေမြို့တော်သို့ ဒုတိယအကြိမ်လာရောက်ခဲ့ရပြန်သည်။ ယခုတစ်ကြိမ်တွင်မှု ဂိုအာဘုရင်ခံ၏တမန် ဂက်စပါဒီမက်စကီတာ (Gaspar de mesqutia) ၏ အကြံပေး အရာရှိအဖြစ်လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ အချိန်မှာ ၁၆၃၃ ခုနှစ်ကုန်ခါနီးဖြစ်ပေသည်။

            စေ့စပ်ညှိနှိုင်းမှုမအောင်မြင်ပါ။ ရခိုင်ဘုရင်အကြီးအကျယ်စိတ်ပျက်သွားခဲ့ရသည်။ သံအဖွဲ့သည် မန်မရိတ်အား မြောက်ဦးမြို့တော်၌ ချန်ထားရစ်ခဲ့ကာ ပြန်သွားကြသည် မန်နရိတ်ကတော့ ဒီယင်းဂါးသို့ ပြန်ရမည်ဖြစ်သည်။ သို့သော်ရခိုင်ဘုရင်က မန်နရိတ်အား ပြန်ခွင့်မပြုပါ။ ဘုရင်သည် မန်နရိတ်အား နှစ် သက်သဘောကျပါသည်။ ထို့ပြင် ယခုအချိန်တွင် ရခိုင်ပြည်နှင့် သက်ဆိုင်သော လျှို့ဝှက်ချက်အတော် များများကို မန်နရိတ်သိထားပြီဖြစ်နေသည်။ ဤလျှို့ဝှက်ချက်များကို သယ်ဆောင်လျှက် မန်နရိတ်အား တိုင်းပြည်မှ ထွက်ခွာသွားခွင့်ပြုဖို့ဆိုသည်မှာ စိတ်ကသိကအောက်ဖြစ်စရာ အခြေအနေဖြစ်နေပါသည်။ သို့ဖြစ်၍ မန်နရိတ်မှာ ရခိုင်ပြည်၌ဆက်လက်နေထိုင်ခဲ့ရပါတော့သည်။