- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရုပ်ပွားတော်မြတ် ကိန်းဝပ်သည့်ရွှေမြေ (အပိုင်း - ၂)
၁၆၅၂ ခုနှစ်တွင် ဘုရင်စန္ဒသုဓမ္မ နန်းရလာသည်။ ဤမင်းသည် ရခိုင်ရာဇဝင်တွင် မင်းကောင်းမင်းမြတ် တစ်ပါးအဖြစ် ကမ္မည်းတင်ခြင်းခံရပါသည်။ ဤမင်းနန်းရသည့် အချိန်မှစ၍ ရခိုင်ပြည်တွင် ခေတ်သစ်တစ်ခု၏ အာရုဏ်ဦးကို ရောက်ရှိလာခဲ့သည်။
16 May 2018
ဒတ်ချ်ကုန်တိုက် (အကောက်ရုံး) ၊ ဘောင်းဒွတ်
ဝေသာ ရေးသားသည်
မန်နရိတ်သည် သူ၏ရခိုင်ပြည်ဆိုင်ရာ ဒုတိယအတွေ့အကြုံကိုလည်း စာအုပ်တွင် ထည့်သွင်းရေးဖွဲ့ထားပါသည်။ သို့သော် အကျဉ်းသဘောမျှဖြစ်သည်။ ဘုရင်သီရိသုဓမ္မ၏ ကာလတာရှည်ဆိုင်းငံ့ထားခဲ့သော ဘိသေကမင်္ဂလာပွဲတော်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။ ဤဘိသေကမင်္ဂလာပွဲတော်အကြောင်းကိုတော့ အသေးစိတ်ဖွဲ့ဆိုတင်ပြထားပါသည်။ ထို့နောက်တွင် သူ၏တောင်းဆိုမှုကြောင့် ရခိုင်ဘုရင်သည် သူ့အား တိုင်းပြည်မှထွက်ခွာသွားခွင့် ပြုလိုက်ပါသည်။ ဤသို့ဖြင့် မန်နရိတ်နှင့်ရုပ်ပွားတော်မြတ် ကိန်းဝပ်သည့်ရွှေမြေတို့၏ ဆက်နွယ်ပတ်သက်မှု နိဂုံးချုပ်ခဲ့ရပါတော့သည်။
ဘုရင်သီရိသုဓမ္မနှင့်ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ကြသူ ဥရောပသားများမှာ ပေါ်တူဂီလူမျိုး တစ်ခုတည်းသာမဟုတ်ပါ။ မန်နရိတ်၏စာအုပ်တွင် ဖော်ပြထားခြင်းမရှိသော်လည်း ပေါ်တူဂီတို့၏ရန်သူတော် ဒတ်ချ်လူမျိုးများလည်း မြောက်ဦးမြို့တွင် လှုပ်ရှားနေကြပါသည်။ ဤရာစု၏အစောပိုင်းကာလများက ဘုရင်ရာဇာကြီးသည် ဒီယင်းဂါးရှိ ထင်ရာစိုင်းနေကြသူ ပေါ်တူဂီများနှင့် စစ်ပြိုင်ခဲ့ရသည်။ ထိုအချိန်က ရခိုင်ဘုရင်သည် ဒတ်ချ်တို့၏အကူအညီကို ရယူခဲ့သည်။ ဒတ်ချ်တို့အား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ကုန်သွယ်ရေးလွတ်လပ်ခွင့်အပြင် ရခိုင်ပိုင်နက်အတွင်း၌ ကုန်သွယ်ရေးစခန်းများ အခိုင်အမာဆောက်လုပ်ခွင့်ပေးခဲ့ပါသည်။ သို့ဖြစ်၍ ရခိုင်ပြည်သို့ ပီတာဖလောရစ် (Peter Floris) ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော် ၁၆၀၈ ခုနှစ်ကတော့ ဒတ်ချ်တို့သည် ရခိုင်ပြည်၏ဖိတ်ခေါ်မှုကို လက်ခံရန် လိုလိုလားလား မရှိခဲ့ကြပေ။ သို့သော် ၁၆၀၈ ခုနှစ်ကတော့ ဒတ်ချ်တို့သည် ရခိုင်ပြည်နယ်၏ဖိတ်ခေါ်မှုကို လက်ခံရန်လိုလိုလားလား မရှိခဲ့ကြပေ။ ထိုအချိန်က သူတို့မှာ ရခိုင်ဘုရင်ကလိုအပ်နေသော စစ်သည်အင်အားနှင့် စစ်သဘောၤတို့အား ခွဲဝေပေး၍မရနိုင်လောက်အောင် အလုပ်များနေခဲ့ကြသည်။ ထို့အပြင် ရခိုင်နှင့်ဒတ်ချ်တို့သည် အခြေခံသဘောထားအရလည်းကွဲပြားနေကြ ပါသည်။ ရခိုင်ဘုရင်က စစ်ရေးအကူအညီကို လိုအပ်သည်။ ဒတ်ချ်တို့ကို လိုအပ်သည်ကတော့ ကုန်သွယ်မှုသာဖြစ်နေသည်။ မည်သို့ဆိုစေ ဘုရင်ရာဇာကြီးကို ဆက်ဆံလာသော ရခိုင်ဘုရင်က ၁၆၁၅ ခုနှစ်တွင် တိဘောကို တိုက်ခိုက်ရှင်းလင်းသောအခါ ဒတ်ချ်သဘောၤများက အချိန်ကိုက်ပင် အကူအညီပေးခဲ့ကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုနောက်ပိုင်းတွင် ရခိုင်ပြည်သည် ကျွန်ဈေးကွက်အတွက် အလွန်တန်ဖိုးရှိသော ဒေသတစ်ခုဖြစ်ကြောင်း ဒတ်ချ်တို့သတိပြုမိလာခဲ့ကြသည်။ ထိုအချိန်က အရှေ့အိန္ဒိယကျွန်းစုရှိ ဒတ်ချ်အခြေစိုက်စခန်းများအတွက် ကျွန်များအဆက်မပြတ် လိုအပ်နေပါသည်။ သို့ဖြစ်၍ မကြာမီမှာပင် ဒတ်ချ်ကုန်သည်များသည် ရခိုင်ဘုရင်၏ ကျွန်များဝယ်ယူသူ ဖောက်သည်ကြီးများ ဖြစ်လာခဲ့တော့သည်။ ဒတ်ချ်တို့သည် ကျွန်များကို ရခိုင်ဘုရင်ထံမှ အင်မတန်ဈေးပေါပေါဖြင့် ဝယ်ယူရရှိကြခြင်းဖြစ်သည်။ ထို့ပြင် ဆန်စပါးဝယ်ယူရန်အတွက်လည်း ရခိုင်ပြည်သို့ သူတို့လာကြရသည်။ ဒတ်ချ်တို့၏ ဟင်းခပ်အမွှေးအကြိုင်စိုက်ပျိုးသော ဒေသများ၌စက်ရုံများရှိသည်။ ထိုစက်ရုံများအတွက် ရိက္ခာထောက်ပံ့ဖို့လိုအပ်သည်ဖြစ်ရာ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ဆန်စပါးအကြီးအကျယ်စိုက်ပျိုး ထုတ်လုပ်ရာ ဒေသများဆီသို့ သူတို့မလွဲမရှောင်သာ ရောက်ရှိလာကြခြင်းဖြစ်သည်။
ဒတ်ချ်-ရခိုင် ကုန်သွယ်ရေးလုပ်ငန်းသည် အစပိုင်း၌ပြတ်တောင်း ပြတ်တောင်းဖြစ်နေခဲ့သည်။ သို့သော် ၁၆၂၄ ခုနှစ်နှောင်းပိုင်းတွင် အန်ထိုနီကင်း (Anthony Caen) ဦးဆောင်သောအဖွဲ့တစ်ဖွဲ့ကို ပေါ်တူဂီသဘောၤများအားရှာဖွေရန် စေလွှတ်ကြောင်း၊ ထိုအဖွဲ့နှင့်အတူ ဘုရင်ခံချုပ်ထံမှ သဝဏ်တစ်စောင်ပါရှိသွားကြောင်း၊ ထိုသဝဏ်တွင် ရခိုင်ဘုရင်ထံမှ ကျွန်နှင့်ဆန်စပါးများ ဝယ်ယူရေးအတွက် ကုန်သွယ်ရေးစာချုပ်တစ်ခုကို အပြီးသတ်ချုပ်ဆိုရန် အန်ထိုနီကင်းအား အာဏာကုန်လွဲအပ်ထားကြောင်း စသည်ဖြင့် ဘာတေးဗီးယား ဒတ်ချ်ကုန်တိုက်မှတ်တမ်းတွင် ဖော်ပြပါရှိသည်။ ဤသို့ဖြင့် မြောက်ဦးမြို့တော်၌ ကိုယ်စားလှယ်တော်တစ်ဦး အခြေစိုက်ထားရှိပြီး ကုန်သွယ်ရေးလုပ်ငန်းသည်လည်း ကာလတစ်ခုမျှ ဖွံ့ဖြိုးနေခဲ့ပါသည်။ သို့သော် ၁၆၃၀ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ရက်စက်ပြင်းထန်သော ဒုဗ္ဗိက္ခန ္တရကပ်ကြီး ကျရောက်ခဲ့လေရာ ရခိုင်-ဒတ်ချ် ကုန်သွယ်ရေးလုပ်ငန်းမှာလည်း ရပ်ဆိုင်းသွားခဲ့ရတော့သည်။ အငတ်ဘေးကြောင့် လူနှင့်ကျွဲ၊နွားများ သေပျောက်ကြသည်။ အသက်ရှင်ကျန်ရစ်သူများသည် သေသူတို့၏အသားကိုပင် စားသောက်ကြရသည်ဟု ကိုယ်စားလှယ်တော်၏ အစီရင်ခံစာတွင် ဖော်ပြပါသည်။ ထို့ကြောင့် စက်ရုံကိုပိတ်ပစ်ခဲ့ပြီး ကိုယ်စားလှယ်တော်လည်း ဌာနေသို့ပြန်လာခဲ့ရတော့သည်။
ဤသို့သောအခြေအနေကို ဘုရင်သီရိသုဓမ္မက ကြေနပ်နှစ်သက်နေသည်မဟုတ်ပေ။ ၁၆၃၃ ခုနှစ်တွင် ဘာတေးဗီးယားသို့ သံအရာရှိနှစ်ဦးစေလွှတ်ပြီး စက်ရုံကိုပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့သည်။ ထိုအချိန်တွင် ဒတ်ချ်တို့သည် မလက္ကာရှိ ပေါ်တူဂီတို့၏မဟာခံတပ်ကြီးကို ပိတ်ဆို့နေချိန်ဖြစ်လေရာ စားနပ်ရိက္ခာများ အရေးတကြီး လိုအပ်နေပါသည်။ သို့ဖြစ်၍ ကြေးနီ၊ သံ၊ သံမဏိ၊ ဟင်းခပ်အမွေးအကြိုင်၊ အုန်းသီးများတင်ဆောင်ထားသော ဒတ်ချ်သဘောၤနှစ်စီး ရခိုင်ပြည်သို့ရောက်ရှိလာခဲ့သည်။ သဘောၤပေါ်တွင် ရခိုင်သံအရာရှိနှစ်ဦးတို့လည်း ပါရှိလာသည်။ ထိုသဘောၤနှစ်စီးတွင် ရခိုင်ပြည်မှ ဆန်၊ ဘင်ဇင်းရည်(Benzoin)၊ ခြိပ်နှင့် အသက် ၁၀ မှ ၂၅ နှစ် ကြားရှိ ကျွန်ယောက်ျား၊ မိန်းမ ၃၀၀ ခန့် ဝယ်ယူတင်ဆောင်မည်ဖြစ်သည်။ ကိုယ်စားလှယ်တော်ကြီးတစ်ဦးကိုလည်း ထပ်မံခန့်အပ်တာဝန်ပေးသည်။ ဤသို့သောလုပ်ဆောင်ချက်များကို ဘုရင်မင်းမြတ်သဘောကျ နှစ်ခြိုက်တော်မူသဖြင့် ကုမ္ပဏီမှကုန်သည်ကြီးများ တည်းခိုနားနေဖို့အတွက် ဌာနချုပ်အဖြစ် ကျောက်သားအဆောက်အဦးတစ်ခု တည်ဆောက်ခွင့်ပြုတော်မူပါသည်။
ဒတ်ချ်ကုန်သည်များနှင့် ရခိုင်ဘုရင်တို့၏ အခြေခံအယူအဆများမှာ ဆက်လက်ကွဲလွဲနေဆဲရှိသဖြင့် ရခိုင်-ဒတ်ချ် ကုန်သွယ်ရေးလုပ်ငန်းမှာ ကနဦးကပင် အဖုအထစ်ရှိလာခဲ့ပါသည်။ သာဓကအနေဖြင့် အဖြစ်အပျက်တစ်ခု တင်ပြပါမည်။
၁၆၃၆ ခုမတ်လတွင် ဘုရင်သီရိသုဓမ္မထံမှ ဒတ်ချ်ဘုရင်ခံချုပ်ထံသို့ သဝဏ်တစ်စောင်ရောက်ရှိလာ သည်။ သဝဏ်တွင် ရခိုင်ဘုရင်က မိမိကိုယ်ကို ရန်သူတကာတို့မချိုးနှိမ်နိုင်သောဘုရင်၊ ရခိုင်ပြည်၊ ဘင်္ဂလား နှင့် အတိုင်းတိုင်းအပြည်ပြည်တို့၏အရှင် ၊ဆင်ဖြူသခင်၊ ဆင်နီသခင်၊ကောင်းမွန်သော ပင်လယ်ရေကြောင်းတို့ ၏ပိုင်ရှင်အဖြစ်ဖော်ပြထားသည်။ ထို့ပြင် ဘုရင်ခံချုပ်အား ကြီးမားထည်ဝါလှသော ကျောက်သားရဲတိုက်တို့ကို ပိုင်ဆိုင်သူ၊ စက်ရုံများနှင့် ဘာတေးဗီးယားတို့၏ အရှင်သခင်၊ စွမ်းရည်ထက်မြက်ပြီး ညဏ်ပညာအမြော်အမြင် နှင့် ပြည်စုံသော ရဲရင့်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ညွန်းဆိုထားသည်။
သဝဏ်တွင် “ အကြည်တော်သည် ကျန်းမာပကတိချမ်းသာစွာရှိနေကြောင်း ကျွနု်ပ်မကြာမီကလေးက ကြားသိရသည်။ လက်ဆောင်ပဏ္ဏာများနှင့်အတူတကွ ရောက်ရှိလာသောအကြည်တော်၏ သဝဏ်တွင် ဆန်အမျိုးမျိုးနှင့် ကျွန်များဝယ်ယူလိုပါကြောင်းပါရှိသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ ရခိုင်ပြည်သို့ရောက်ရှိနေကြသော အကြည်တော်၏လူများသည် အလိုရှိရာကုန်ပစ္စည်းများကို ဝယ်ယူရရှိထားကြပြီးဖြစ်သည်။ ကျွနု်ပ်တို့အနေဖြင့် ထိုသူတို့အား မျက်နှာသာမပေး၊ ကူညီမှုမပြု၊ အခက်အခဲများကိုသာ ဖန်တီးနေသည်ဟူ၍ ထိုသူတို့၏ အစီရင်ခံစာများမှတစ်ဆင့် အကြည်တော် ယုံမှတ်နေပါလိမ့်မည်၊ အကြောင်းအရင်းအမှန်မှာ ဤသို့ဖြစ်သည်။ ရခိုင်ပြည်ဆိပ်ကမ်းသို့ ဝင်ရောက်လာသော ဗင်ဒါစတဲလ် (Van der Stel)သည် သူ၏သဘောၤပေါ်၌ မဂိုတို့ထံမှ အကြည်တော်၏အထံသို့ စေလွတ်လိုက်သော သံအရာရှိများကို တင်ဆောင်ခေါ်ယူလာခဲ့ပါသည်။ ဤသို့သော လုပ်ဆောင်ချက်မျိုးအား ခွင့်မပြုနိုင်ခြင်းကို အကြည်တော်နားလည်ပေးနိုင်မည်ဟုမျှော်လင့်သည်။ အကြောင်းမှာ မဂိုတို့သည် ကျွန်ုပ်တို့၏ ရန်သူများဖြစ်ကြသောကြောင့်ပေတည်း။ ” ဟူ၍ဖော်ပြထားပါသည်။
ဒတ်ချ်တို့ကတော့ ကုန်သည်များပီပီ နှစ်ဘက်စလုံးနှင့် ကုန်သွယ်ရေးဆက်ဆံမှုများ မလွဲမသွေ လုပ်ဆောင်ထားရမည်ဟု မှတ်ယူထားကြပါသည်။ ဟူးဂလိကို မဂိုတို့ ၁၆၃၂ ခုနှစ်တွင် သိမ်းယူလိုက်ကြသောအခါ ဘင်္ဂလားဒေသကုန်သွယ်ရေးတွင် ဝေစုခွဲယူဖို့အတွက် အင်္ဂလိပ်တို့နှင့် အသည်းအသန် ပြိုင်ဆိုင်လာကြရပါသည်။ ရခိုင်ဘုရင်ကတော့ (ဒတ်ချ်တို့နှင့်ဆက်ဆံရေးကို) စစ်ရေးမဟာမိတ်တစ်ပိုင်းတစ်စ ဖွဲ့စည်းထားသည်ဟု မှတ်ယူပါသည်။ သို့သော် ခြံစည်းရိုးကိုခွထိုင်ထား၍ ရနိုင်သော်လည်း တပြိုင်တည်းတွင်နှစ်ဘက်လုံးနှင့် သင့်မြတ်ပြေလည်ရေးကတော့ မဖြစ်နိုင်ကြောင်း ရခိုင်ဘုရင် သိရှိနားလည်ပါသည်။ ဒတ်ချ်တို့အနေဖြင့် အတော့်ကိုကြီးမားသော အခက်အခဲတစ်ခုကို ရင်ဆိုင်တွေကြုံရခြင်းဖြစ်လေရာ နောက်ဆုံး ၁၆၆၅ ခုနှစ်တွင် သူတို့၏လုပ်ငန်းအရပ်ရပ်ကို ရခိုင်ပြည်မှ ရုပ်သိမ်းသွားခဲ့ကြလေတော့သည်။
အစောပိုင်းကာလများက နောက်ထပ်အရေးပါသော အခက်အခဲတစ်ရပ်ရှိနေခဲ့သေးသည်။ ၁၆၃၁ ခုနှစ် နှင့် ၁၆၃၄ ခုနှစ်များအတွင်း ဘင်္ဂလားပင်လယ်အော်၏ အစွန်အဖျားဒေသများတွင် မှတ်တမ်းတင်ထားသမျှ တို့အနက် အဆိုးဝါးဆုံး အငတ်ဘေးကြုံတွေ့ခဲ့သည်။ ထိုအချိန်တွင် ဆန်ဝယ်ယူရန်အတွက် ဒတ်ချ်တို့ ရခိုင်ပြည်သို့ ရောက်ရှိလာကြသည်။ သူတို့အဖို့ကတော့ စီးပွားရေးသည် စီးပွားရေးပဲဖြစ်သည်။ လူပေါင်းမည်မျှ အငတ်ဘေးကြုံတွေ့နေရသည်ဖြစ်စေ သူတို့လိုချင်သော ဆန်ပမာဏကို မရ ,ရအောင် ဝယ်ယူကြမည်သာဖြစ်သည်။ ဆန်ပွဲစားများအား ရခိုင်ပြည်၌ဖြစ်ပေါ်နေသော လက်ရှိပေါက်ဈေးထက် အများကြီးပိုပေးထားသည်။ ဘုရင်သီရိသုဓမ္မာ၏ သံအရာရှိများကလည်း မျက်စိဖွင့်နားစွင့်ထားသူများ ဖြစ်လေရာ ဒတ်ချ်တို့၏ မလက္ကာစစ်ဆင်ရေးကြောင့် ဆန်အကြီးအကျယ်လိုအပ်ချက်ရှိနေကြောင်း သိရှိထားပြီးဖြစ်သည်။ သို့ဖြစ်ပါ၍ ဒတ်ချ်တို့၏ အခက်အခဲမှ မိမိတို့အတွက် အကျိုးအမြတ်ရရှိအောင် လုပ်ဆောင်လိုက်ကြသည်။ ရခိုင်ဘုရင်သည် ဘုရင့်ဆန်ပွဲစားတစ်ဦး တရားဝင်ခန့်အပ်လိုက်လေရာ ဒတ်ချ်တို့မှာ ထိုဘုရင့်ဆန်ပွဲစားမှတဆင့်သာလျှင် ဆန်ဝယ်ယူရရှိနိုင်ကြတော့သည်။ တနည်းအားဖြင့် ဆန်ရောင်းဝယ်ရေးကို ဘုရင်က လက်ဝါးကြီးအုပ်ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဒတ်ချ်တို့ အကြီးအကျယ်စိတ်ဆိုးကြသည်။ ဤသို့ဖြင့် ပြည်ပသို့ဆန်တင်ပို့မှုကို ရခိုင်ဘုရင်က ထိန်းချုပ်ထားလိုက်သည်။ ဒတ်ချ်တို့ကတော့ ဤသို့သော ချုပ်ကိုင်မှုမှာ တရားမျှတမှုမရှိဟူ၍ ယူဆကြသည်။ တစ်ဘက်မှကြည့်လျှင် ရခိုင်ဘုရင်၏ စီးပွားရေးအသိအမြင်သည် ဒတ်ချ်တို့အောက်နိမ့်ကျမှုမရှိကြောင်း ထင်ရှားသည်။ ဒတ်ချ်ကုန်တိုက်မှတ်တမ်းများတွင် ဖော်ပြထားသော ဆန်ဈေးနှုန်းများကို လေ့လာကြည့်လျှင် သူတို့ထံမှ အလွန်အကျွံ အမြတ်ထုတ်ခြင်းမဟုတ်ကြောင်း သိရှိနိုင်ပါသည်။ ၁၆၃၃ ခုနှစ်တွင် ဘာတေးဗီးယား၌ ၄၄၀ ပေါင်အလေးချိန်ရှိသော ဆန်တစ်ကာရာ(Carra)ကို ၁၈ တန်းဂါးဖြင့် ရောင်းချသည်။ ရခိုင်ဘုရင်ကရောင်း လိုက်သည်မှာ ဆန်တစ်ကာရာကို တန်းဂါး ၁၀ ဈေးနှုန်းသာဖြစ်သည်။ (တန်းဂါး(tanga) - ရူပီကိုမသုံးမီက မဂိုတို့၏ တရားဝင်ငွေကြေးစနစ်။ အင်္ဂလိပ်ငွေကြေးနှစ်ရှီလင်နှင့် တန်ဘိုးတူညီသည်။ ဤဝေါဟာရကို ရခိုင်နှင့် မြန်မာတို့က “ ဒင်္ဂါး ” ဟု အသံထွက်ဖြင့် ဆက်လက်သုံးစွဲနေကြသည်။) နောက်ပိုင်း ဆန်စပါးပြတ်လပ်မှုကာလ ပြီးဆုံးသွားသောအခါ ဒတ်ချ်တို့သည် ဆန်တစ်ကာရာကို ၅ တန်းဂါးဈေးနှုန်းဖြင့် ဝယ်ယူရရှိကြသည်။ ဒတ်ချ်ကုန်သည်များ အထူးသဖြင့် ဒေါသဖြစ်ကြသည့် အကြောင်းအရင်းမှာ ရခိုင်ဘုရင်သည် ဘာတေးဗီးယားသို့ သူလျှိုများစေလွှတ်လျက် အခြေနေအရပ်ရပ်နှင့် ဆန်စပါးဈေးနှုန်းတို့ကို အချိန်နှင့်တပြေးညီသိရှိရအောင် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုအခြေအနေတွင် ဒတ်ချ်တို့သည် ရခိုင်ဘုရင်၏ လက်ဝါးကြီးအုပ်ချုပ်ကိုင်မှုကို မခံရစေရန်အတွက် ဆန်ကိုဈေးပေါပေါဖြင့်ရနိုင်သော စစ်တကောင်းသို့ ကိုယ်စားလှယ်များစေလွှတ်လျက် ဆန်ဝယ်ယူရန် ကြိုးစားကြပါသေးသည်။ သို့သော် စစ်တကောင်းမှ ဆန်အားလုံးကို ရခိုင်ဘုရင်က ဝယ်ယူထားပြီးဖြစ်နေလေပြီ။ ထို့ကြောင့် ဒတ်ချ်တို့မှာ ရခိုင်ဘုရင်ကသတ်မှတ်သော ဈေးနှုန်းဖြင့်သာ ဝယ်ယူခဲ့ကြရလေတော့သည်။
ဆန်ဝယ်ယူရေးကိစ္စ အငြင်းအခုန်ဖြစ်ကြပြီးနောက်တွင် ဒတ်ချ်ကုန်သွယ်ရေးအဖွဲ့အကြီးအကဲ အဒမ်ဗင်ဒါမင်ဒဲယား (Adam Van der Mandere)သည် ရခိုင်ဘုရင်နှင့် ဆက်ဆံရေးအဆင်မပြေတော့ပေ။ ၁၆၃၈ ခုနှစ်တွင်တော့ ဘုရင်ရော၊ ဒတ်ချ်အကြီးအကဲပါ မရှိကြတော့ပါ။ ရခိုင်ဘုရင်မှာ လုပ်ကြံခံရပြီး ဒတ်ချ်အကြီးအကဲကတော့ တခြားစခန်းတစ်ခုသို့ ပြောင်းရွေ့သွားရပါသည်။ ထိုသက္ကရာဇ်တွင် ရခိုင်ပြည်၌ ဘုရင်နှစ်ပါး နန်းရလာကြသည်။ ပထမဘုရင်ကတော့ လအနည်းငယ်မျှသာ ခံခဲ့သည်။ ဒုတိယဘုရင်မှာ နရပတိကြီး ဖြစ်သည်။ အသစ်ရောက်ရှိလာသော ဒတ်ချ်အကြီးအကဲ အားရင့်ဂျန်ဆန်ဗန်ဒန်ဟင်း (Arent Jansen van den Helm) သည် ဘုရင်အသစ်နှင့် အတော်ကြီးပြေလည်ပါသည်။ သို့သော် ၁၆၄၃ ခုနှစ်တွင် ဘုရင်နရပတိကြီး၏ ကျန်းမာရေးယိုယွင်းလာခဲ့သည်။ ၁၆၄၅ ခုနှစ် နတ်ရွာစံသည်အထိ ၂ နှစ်ကာလအတွင်း ဘုရင်ကြီးမှာ အားကိုးရာမရှိသောလူမမာကြီး ဖြစ်နေရှာသဖြင့် မည်သို့သော တိုင်းရေးပြည်ရာကိုမျှ ကိုင်တွယ်ဆောင်ရွက်နိုင်စွမ်းရှိမနေခဲ့ပေ။ ဤကာလအတွင်း ဖြစ်ပေါ်လာသော အရေးကိစ္စတစ်ခုကြောင့် ဒတ်ချ်တို့အကြီးအကျယ် အမျက်ထွက်ပြီး စက်ရုံပိတ်ပစ်ကာ ကုန်သည်အားလုံးတို့ကိုလည်း ရခိုင်ပြည်မှ ပြန်လည်ခေါ်ယူ ရုပ်သိမ်းသွားခဲ့ပေသည်။
အဖြစ်အပျက်မှာ ဤသို့ဖြစ်သည်။
နစ်ကလပ် ဒါ ဂရဖ်(Nicholas der Graeff) အမည်ရှိသော ဂုဏ်သရေရှိလုပ်ငန်းရှင်ကြီးတစ်ဦးပိုင် အပေါ့စား ဖရီးဂိတ်သဘောၤကလေးသည် အဖိုးတန်ကုန်ပစ္စည်းများ တင်ဆောင်လျက် စစ်တကောင်းသို့ ဦးတည်သွားနေသည်။ ထိုသဘောၤအား မြောက်ဦးမြို့တော်သို့ လှည့်ဖျားခေါ်ယူသွားပြီး သဘောၤရော ပစ္စည်းများကိုပါ ဖမ်းဆီးအရေးယူပါသည်။ ကုန်များကိုသိမ်းပြီး ကပ္ပတိန်နှင့် သဘောၤသားအားလုံးကို အကျဉ်းချထားလိုက်သည်။ ယင်းတို့လွတ်မြောက်ရေးအတွက် ဒတ်ချ်သက်ဆိုင်ရာတို့၏ ကြိုးပမ်းအားထုတ်မှုများ၊ ဘာတေးဗီးယားမှ အရေးဆိုခြိမ်းခြောက်မှုများအားလုံး ရှုံးနိမ့်သွားခဲ့သည်။ ပိုင်ရှင် ဗန်ဒါဂရဖ်နှင့် သူ၏အရာရှိချုပ်တို့ အကျဉ်းထဲတွင် သေဆုံးသွားကြသည်။ ဘုရင်ကြီးမှာ နာမကျန်းဖြစ်နေသဖြင့် ဤကိစ္စကို မည်သို့မျှ မကိုင်တွယ် မဆောင် ရွက်နိုင်ဖြစ်နေခဲ့သည်။ ဘုရင်ကြီးသည် ဒတ်ချ်စက်ရုံများ ပိတ်သိမ်းသွားမည်ကို စိုးရိမ်ပါသည်။ သို့သော် ဒတ်ချ်သဘောၤကိုဖမ်းဆီးခြင်းမှ အကျိုးအမြတ်များစွာ ရရှိကြသည်ဟုယူဆရသော ဝန်ကြီးမှူးမတ်တို့၏သြဇာကို မကျော်လွှားနိုင်ဖြစ်နေခဲ့သည်။ ထို့ကြောင့် မြောက်ဦးမြို့ရှိ ဒတ်ချ်စက်ရုံများသည် ရှစ်နှစ်တာမျှ ဟာလာဟင်းလင်း ဖြစ်နေခဲ့ကြပြီး ဒတ်ချ်တို့က ရခိုင်သဘောၤများကို တိုက်ခိုက်သိမ်းယူခြင်းဖြင့် အကြီးအကျယ် လက်တုံ့ပြန်နေခဲ့ကြပါသည်။
၁၆၅၂ ခုနှစ်တွင် ဘုရင်စန္ဒသုဓမ္မ နန်းရလာသည်။ ဤမင်းသည် ရခိုင်ရာဇဝင်တွင် မင်းကောင်းမင်းမြတ် တစ်ပါးအဖြစ် ကမ္မည်းတင်ခြင်းခံရပါသည်။ ဤမင်းနန်းရသည့် အချိန်မှစ၍ ရခိုင်ပြည်တွင် ခေတ်သစ်တစ်ခု၏ အာရုဏ်ဦးကို ရောက်ရှိလာခဲ့သည်။ ဒတ်ချ်တို့ကလည်း စက်ရုံပြန်ဖွင့်ဖို့ ပြင်ဆင်လာကြသည်။ ၁၆၅၃ ခု နှစ်ဦးတွင် ဒတ်ချ်အကြီးအကဲအသစ် ဂျိုဝမ် ဂိုဆန် (Joan Goessens) သည် ကုန်သွယ်ရေးလုပ်ငန်း ပြန်လည်စတင်ရေး ဆွေးနွေးညှိနှိုင်းရန် ရွှေမြို့တော်သို့ ရောက်ရှိလာခဲ့သည်။ ထိုသူနှင့်အတူ ကုန်သွယ်ရေး စည်းကမ်းသတ်မှတ်ချက် စာချုပ်တစ်ခုလည်း ပါလာသည်။ ဤစည်းကမ်းချက်များသည် ဒတ်ချ်တို့ ရခိုင်ပြည်မှ ယခင်ကရရှိထားသော အတွေ့အကြုံများကို အခြေခံလျက် သတ်မှတ်ထားကြောင်း ထင်ရှားနေပါသည်။
စာချုပ်ပထမအပိုဒ်ခွဲတွင် အတိတ်ကာလ အဖြစ်အပျက် အမှားအမှန်တို့ကို အတိတ်မှာပင် ချန်ထားရစ် ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ဒုတိယအပိုဒ်ခွဲတွင် ဗန်ဒါဂရဖ်၏သဘောၤမှ အဖမ်းခံရသူများအနက် အသက်ရှင်ကျန်နေသေးသော သဘောၤသားခြောက်ဦးတို့အား ရခိုင်တို့ကပြန်လွှတ်ပေးရန် ဤသို့လွှတ်ပေးပါက ဒတ်ချ်တို့ကလည်း သူ့ကိုဖမ်း ဆီးထားသော ရခိုင် ၁၂၃ ဦးတို့အား ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ (၁၆၄၅ ခုနှစ်စက်ရုံပိတ် သိမ်းသွားပြီးနောက် ဒတ်ချ်တို့က လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ဖမ်းဆီးထားသော ရခိုင်များဖြစ်သည်။) စာချုပ်၏ ကျန်သောအပိုင်းများမှာ ကုန်သွယ်စီးပွားလုပ်ငန်းများနှင့် သက်ဆိုင်ပါသည်။
“ ရခိုင်မြစ် ” ထဲသို့ ဝင်ရောက်လာသော ဒတ်ချ်သဘောၤများအား နေပြည်တော်သို့ ခေါ်ဆောင်သွားရန် အတွက် ကျွမ်းကျင်သောရေကြောင်းပြများ ထောက်ပံ့ပေးရမည်။ ဘုရင်ခံချုပ်ထံမှ ရခိုင်ဘုရင်များထံသို့ ပေးပို့သော သဝဏ်များအား နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ တင်သွင်းပေးဆက်ရမည်၊ ဒတ်ချ်ကပ္ပတိန်များအား ဘုရင် မင်းမြတ်ထံ တိုက်ရိုက်ဝင်ရောက်လျှောက်ထားခွင့်ပြုရမည်။ သို့မှသာ ဝန်ကြီးမှူးမတ်တို့က အနှောင့်အယှက် မပြုနိုင်ဘဲရှိမည်။ ကပ္ပတိန်များက ဘုရင်မင်းမြတ်ထံ ဝင်ရောက်လျှောက်ထားသောအခါ မိမိကိုယ်ပိုင်စကားပြန်များ ခေါ်ယူခွင့်ပြုရမည်။ နန်းတော်ကခန့်အပ်ထားသော ဘုရင့်စကားပြန်အရာရှိသည် လျှောက်တင်စကားများကို အမြဲလိုလို တည်းဖြတ်ခြင်း၊ ဖြတ်တောက်ထုတ်ပယ်ပစ်ခြင်း၊ ဝေါဟာအသုံးအနှုန်းတို့အား ယဉ်ကျေးသိမ်မွေ့သွားအောင် ပြောင်းလဲပစ်ခြင်းများ ပြုလုပ်လျက် ဘုရင်၏ရွှေနားတော်နှင့် သင့်လျော်ညီညွတ်အောင် ပြုပြင်ပစ်လေ့ရှိသည်။ ဘုရင်မင်းမြတ်၏ ခွင့်ပြုချက်ဖြင့် မည်သည့်ကုန်ပစ္စည်းကိုမဆို လွတ်လပ်စွာ ရောင်းချခွင့်၊ ဝယ်ယူခွင့်ပြုရမည်။ ဒတ်ချ်စက်ရုံများသို့ သူလျှိုများစေလွှတ်လျှက် စုံစမ်းထောက်လှမ်းခြင်း၊ အစောင့်အနေချထားခြင်းဖြင့် အနှောင့်အယှက်ဖြစ်စေခြင်းများ မပြုလုပ်ရ။ ပို့ကုန်သွင်းကုန်နှစ်မျိုးစလုံးအပေါ် အကောက်အခွန် ကင်းလွတ်ခွင့်ပြုရမည်။ ဒတ်ချ်တို့ဝယ်ယူထားပြီးသောကျွန်များကို ဘုရင့်အမိန့်အရ တခြားတန်ဖိုးနည်းသော ပစ္စည်းတစ်စုံတစ်ရာနှင့် လဲလှယ်ပေးရန် အတင်းအကြပ်မပြုရ။ ငွေကြေးများကို သင့်လျော်ကောင်းမွန်သော နှုန်းထားဖြင့် လဲလှယ်ပေးရမည်။ စက်ရုံတည်ဆောက်ရန်အတွက် သင့်လျော်ကောင်းမွန်သော နေရာတစ်ခု သတ်မှတ်ပေးအပ်ရမည် စသည့်အချက်များဖြစ်ကြသည်။
ယခင်က ဒတ်ချ်လူမျိုးများသည် ရခိုင်ဘုရင်ထံ မှောက်ဝင်ရောက်ဖူးမျှော်ရာတွင် မိမိတို့၏ အဆင့်အတန်းနှင့်လျှော်ညီသော ဂုဏ်သိက္ခာကို ထိန်းသိမ်းမှုမရှိခဲ့ကြဟူ၍ ဘာတေးဗီးယားကောင်စီက ယူဆထားပါသည်။ သို့ဖြစ်၍ ယခုစာချုပ်တွင် အပိုဒ်ခွဲတစ်ခု၌ ဤသို့သတ်မှတ်ဖော်ပြထားသည်။
“ ဘုရင်မင်းမြတ်အားတွေ့ဆုံဖူးမျှော်ရာတွင် ကျွနု်ပ်တို့သည် မိမိတို့လူမျိုး၏ အလေ့အထအတိုင်းသာ လျှင် သင့်လျှော်ကောင်းမွန်သောနည်းဖြင့် အရိုအသေပြုမည်ဖြစ်သည်။ ဘုရင်မင်းမြတ်၏ ပလ္လင်တော်ဆီသို့ ဝန်ကြီးတစ်ဦးဖြစ်စေ၊ သီးသန့်ခန့်အပ်ထားသော (coutewall) ကဖြစ်စေ၊ (ကျွန်ုပ်တို့အား) ဆွဲငင်ခေါ်ယူသွား ခြင်းမျိုး မပြုလုပ်ရ။ အဆန်းတကြယ် မြှောက်ပင့်ချီးမွမ်းသောစကားများ ပြောဆိုလျှောက်တင်ရန် အတင်းအကျပ်မပြုလုပ်ရ။ ဘုရင်မင်းမြတ်ထံ၌ ခစားနေကြသော လူတကာတို့ ရယ်ပွဲဖွဲ့ခံရသူများအဖြစ်သို့ ရောက်အောင် မပြုလုပ်ရ။ ”
စိတ်ဝင်စားစရာကောင်းသော နောက်ထပ်တောင်းဆိုမှုတစ်ခု ရှိပါသေးသည်။ ဒတ်ချ်လူမျိုးများနှင့် ရခိုင် သူမတို့ပေါင်းဖက်၍ မွေးဖွားလာသော သားသမီးများအား ဘာတေးဗီယားသို့ လွဲပြောင်းပေးအပ်ရေး တောင်းဆို ချက်ဖြစ်သည်။ ၁၇ ရာစုနှင့် ၁၈ ရာစုတစ်လျှောက်လုံး ဥရောပသားများနှင့် မြန်မာဘုရင်/ရခိုင်ဘုရင်တို့၏ စေ့စပ် ညှိနှိုင်းမှုဟူသမျှ၌ ဤသို့သောတောင်းဆိုမှုမျိုး ထပ်တလဲလဲပါဝင်လေ့ရှိသည်။ ထိုခေတ်ကာလက မြန်မာပြည်/ ရခိုင်ပြည်သို့လာရောက်ကြသော နိုင်ငံခြားကုန်သည်တို့အား မိမိတို့၏ အမျိုးသမီးများနှင့် ပေါင်းဖက်နေထိုင်ရန် တိုက်တွန်အားပေးလေ့ရှိသည်။ သို့သော် ထိုနိုင်ငံခြားသားများ ဌာနေပြန်လျှင် ပေါင်းဖက်ခဲ့သောဇနီးမယား သို့မဟုတ် မွေးဖွားလာသောသားသမီးများအား အတူခေါ်ဆောင်သွားခြင်း မပြုရ ဟူ၍ နားလည်ထားရမည်ဖြစ် သည်။ ဤတားမြစ်ချက်သည် ကြီးမားသောပြသာနာကို မကြာခဏဖန်တီး တတ်ပါသည်။ မြန်မာ/ရခိုင်အမျိုးသမီးများသည် အဆင့်မြင့်သောဂုဏ်၊ အဆင့်အတန်းကို ပိုင်ဆိုင်ကြပါသည်။ အိန္ဒိယမှ အမျိုးသမီးများတွင်မူ ဤသို့မဟုတ်ကြပါ။ အိမ်ထောင်ရှင် မြန်မာ/ ရခိုင်အမျိုးသမီးတစ်ဦးသည် ထူးကဲမြင့်မြတ်သော ဇနီးမယားဖြစ်သည်။ ကြီးမြတ်သော ဂုဏ်ကျက်သရေရှိသည်။ ဥရောပသားများသည် သူတို့၏ဇနီးမယား၊ မိသားစုတို့ကို (မြန်မာ/ရခိုင်ပြည်မှ) ခိုးထုတ်သွားရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းကြသည်။ လာဘ်သပ်ပကာ ပေးကမ်းခြင်းသည် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်လေ့ရှိသည်။ သို့သော် ဇနီးမယားအား သဘောၤတွင် ရေ သို့မဟုတ် ကောက်ပဲသီးနှံများထည့်ရန် အသုံးပြုသော အိုးကြီးများထဲထည့်၍ ခိုးထုတ်ယူသည့်ကိစ္စမျိုး အများကြီးဖြစ်ပေါ်ခဲ့သည်။