- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
လမ်းဘေးနားက ကြမ်းတမ်းသော ဘဝများ
ထိုင်ခုံ၊ သေတ္တာခွံ၊ ဗီဒိုနှင့် သစ်လုံး၊ ဝါးလုံးများ ရောထွေးစွာဖြင့် ပြန့်ကြဲနေသော အမှိုက်ပုံက လူအများ စွန့်ပစ်ထားသည့် အမှိုက်ပုံကဲ့သို့ မဟုတ်ဘဲ ဖြိုဖျက်ခံထားရသည့်ပုံစံဖြင့် တည်ရှိနေသည်။ ယင်းသို့ ပစ္စည်းမျိုးစုံ ပြန့်ကြဲနေသောနေရာ အနောက်ဘက်တွင် အမိုးအကာ မပြည့်စုံဘဲ တဲသာသာရှိသော နေအိမ်တစ်လုံးရှိနေပြီး ၎င်းနေအိမ်တွင် အသက်လေးဆယ်နီးပါးရှိပြီ ဖြစ်သည့် ကိုမောင်မောင်အေးတို့ မိသားစု နေထိုင်လျက်ရှိသည်။
29 Mar 2018
(ဖြိုဖျက်ခံထားရသည့် ကိုမောင်မောင်အေး နေအိမ်အား တွေ့ရစဉ်။ ဓာတ်ပုံ-မောင်ကံ)
မောင်ကံ ရေးသားသည်။
ထိုင်ခုံ၊ သေတ္တာခွံ၊ ဗီဒိုနှင့် သစ်လုံး၊ ဝါးလုံးများ ရောထွေးစွာဖြင့် ပြန့်ကြဲနေသော အမှိုက်ပုံက လူအများ စွန့်ပစ်ထားသည့် အမှိုက်ပုံကဲ့သို့ မဟုတ်ဘဲ ဖြိုဖျက်ခံထားရသည့်ပုံစံဖြင့် တည်ရှိနေသည်။ ယင်းသို့ ပစ္စည်းမျိုးစုံ ပြန့်ကြဲနေသောနေရာ အနောက်ဘက်တွင် အမိုးအကာ မပြည့်စုံဘဲ တဲသာသာရှိသော နေအိမ်တစ်လုံးရှိနေပြီး ၎င်းနေအိမ်တွင် အသက်လေးဆယ်နီးပါးရှိပြီ ဖြစ်သည့် ကိုမောင်မောင်အေးတို့ မိသားစု နေထိုင်လျက်ရှိသည်။
ကိုမောင်မောင်အေးတွင် ဇနီးသည်ဖြစ်သူ ဒေါ်ဦးခင်မြင့်နှင့် သမီးတစ် ဦး၊ သားတစ်ဦးရှိပြီး ရန်ကုန်-ကျောက်ဖြူကားလမ်းမ တောင်ကုတ်မြို့နယ် မအီမြို့လမ်းခွဲတွင် နေထိုင်နေသူဖြစ် သည်။ ယခင်က သာမန်လူတန်းစားအဆင့် နေထိုင်နိုင်သည့်နေအိမ်ဖြင့် နေထိုင်ခဲ့ပြီး ထမင်းဆိုင်ရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုကာ သားသမီးပညာသင်ကြားရေးကို ဖြေရှင်းခဲ့သော်လည်း ယခုမူ ဒုက္ခသည်များနေထိုင်သည့် တဲသာသာအိမ်ဖြင့် သူများခြံထဲတွင် ခိုကပ်နေထိုင်ခဲ့ရသည်မှာ (၂)နှစ် နီးပါးပင် ရှိပြီဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဧပြီလဆန်းပိုင်းက ပေါက်တူး၊ သံတူးရွင်း များကိုင်ဆောင်ထားသူ လူနှစ်ဆယ်ကျော်က တောင်ကုတ်မြို့နယ် မအီမြို့ရှိ ကိုမောင်မောင်အေး နေအိမ်အပါအဝင် လူနေအိမ်ရှစ်ဆောင်ကို တစ်ရက်တည်းတွင် ဖြိုဖျက်ခဲ့သည်။ ယင်းသို့ လူနေအိမ်ဖြိုဖျက်ရန် ခေါ်ဆောင်လာသူမှာ ခြေတုတစ်ချောင်းတပ်ဆင်ထားသော တောင်ကုတ်မြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဖြစ်သည်ဟု ကိုမောင် မောင်အေး၏ ဇနီးဖြစ်သူ ဒေါ်ဦးခင်မြင့်က ပြောသည်။
“ အိမ်မှာ ယောကျ်ားက စစ်တွေကိုရောက်နေတယ်။ ကျွန်မနဲ့ သားသမီးတွေပဲ အိမ်မှာရှိတယ်။ သူတို့စဖြိုတဲ့အချိန်မှာ ကလေးတွေက အိမ်ပေါ် မှာ အိပ်နေဆဲပဲ ရှိသေးတယ်။ ပထမဆုံး ကျွန်မတို့နေအိမ်နားက အိမ်ကို စ ဖြိုတယ်။ ပြီးရင် ကျွန်မတို့ နေအိမ်ကို ဖြိုတယ်။ အိမ်ဖြိုလိုက်တော့ ကျွန်မက လတ်တလော ထိတ်လန့်ပြီး သတိလစ်သလိုဖြစ်သွားတယ်။ နောက်မှ ပြန်သတိရလို့ အိမ်ပေါ်မှာအိပ်နေတဲ့ သားသမီးတွေကိုသွားခေါ်တော့ ကလေးတွေက ဘာဖြစ်နေတာလဲ အိမ်မက်မက်နေတာလားဆိုပြီး ပြန်မေးတယ်။ အဲဒီမှာ ကျွန်မပြန်သတိလစ်သွားတယ် ” ဟု မိ မိတို့၏ အသိုက်အမြုံ ဖြိုဖျက်ခံရသည့်နေ့က ဖြစ်ပျက်ခဲ့ပုံကို ပြန်ပြောင်းပြောပြသည်။
ယင်းသို့ လူအများငိုကြွေးနေသည်ကိုမြင်သော ဖြိုဖျက်ရေးသမားများက သနားစိတ်ဝင်ကာ ဆက်လက် မဖြိုဖျက်တော့ဘဲ ရပ်တန့်ထားခဲ့ရာ စစ်မှုထမ်းဟောင်းဥက္ကဋ္ဌဖြစ်သူက နေအိမ်ခေါင်မိုးများကို ဖောက်ပစ်ခဲ့သည်ဟု ဒေါ်ဦးခင်မြင့်က ဆိုသည်။ ယင်းသို့ နေအိမ်ဖြိုဖျက်ခံရခြင်းနှင့် ခေါင်းမိုးအဖောက်ခံရခြင်းတို့ကြောင့် ကလေးငယ်များအပါအဝင် မိသားစုဝင်များ မိုးရေထဲတွင် ညအိပ်ရခဲ့သည်ဟု ဒေါ်ဦးခင်မြင့်က မျက်ရည်ဝဲ၀ဲဖြင့် ပြောပြသည်။ စစ်မှုထမ်းဟောင်းဥက္ကဋ္ဌသည် အိမ်ဖြိုဖျက်မည့်သူများကို ငှားရမ်းလာခဲ့စဉ်က ၎င်းတို့၏ အိမ်ဟောင်းများကို ဖြိုဖျက်ရန်အတွက်ဟုထင်၍ လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး သူတစ်ပါးနေအိမ်ကို ဖြိုဖျက်ခိုင်းမှန်းသိချိန်တွင် ဆက်လက်မဖြိုဖျက်ဘဲ နေခဲ့ကြသည်ဟု အိမ်ဖြိုဖျက်သည့်အခါ ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။
တောင်ကုတ်မြို့နယ် မအီမြို့တွင် စစ်မှုထမ်းဟောင်းအဖွဲ့က ဖြိုဖျက်ခဲ့သည့် နေအိမ်သည် ကိုမောင်မောင်အေးအိမ် အပါအဝင် စုစုပေါင်းရှစ်လုံးရှိပြီး ဖြိုဖျက်ခံရသည့် နေအိမ်ပိုင်ရှင် အများစုသည် တခြားမြို့နယ်များမှ ပြောင်းရွှေ့နေထိုင်နေကြသူများ ဖြစ် သည်။
“ ကျွန်တော့်နေအိမ်က ဖြို ဖျက်ခံထားရတဲ့နေရာမှာ တစ်လုံး တည်း တည်ရှိနေတယ်။ နောက်တော့ မအီရဲစခန်းက စခန်းမှူးက စခန်းကို ခေါ်ပြီးတော့ နေအိမ်ကိုဖြိုခိုင်းတယ်။ စစ်မှုထမ်းဟောင်းအဖွဲ့က တရားစွဲဖို့ အမှုလာဖွင့်တဲ့အတွက် အိမ်ဖြိုပေးဖို့ ပြောတယ်။ အဲလိုပြောတော့ ကျွန် တော်လည်း တရားမှု မဖြစ်ချင်တဲ့အ တွက် အိမ်ကိုဖြိုပေးလိုက်တယ်။ ဒါပေ မယ့် တရားစွဲတဲ့အခါ ကျွန်တော်လည်း အစွဲခံခဲ့ရတယ် ” ဟု ကျောက်ဖြူမြို့ နယ်မှ မအီမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သူ ကိုရွှေပြည်စိုးက ပြောသည်။
တောင်ကုတ်မြို့နယ် မအီမြို့သည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်များသို့ ဆက်သွယ်သွားလာရာတွင် အဓိက လမ်းဆုံလမ်းခွတစ်ခုဖြစ်ပြီး ပင်လယ်ရေထွက်ပေါက် ရှိသည့်အတွက် မြို့အဆင့်သာ ဖြစ်သော်လည်း စည်ကားသည့်နေရာဖြစ်သည်။ လျှပ်စစ်မီး ၂၄ နာရီရရှိနေခြင်းက ဒေသခံများအတွက် ပိုမိုအဆင်ပြေနေပြီး အလုပ်အကိုင်ရှားပါးပြီး နေရာသစ်တွင် နေထိုင်လိုသူများအတွက် သင့်တော်သည့် မြို့ဖြစ်နေသည်။ သို့အတွက်ကြောင့် တခြားမြို့နယ်များမှ ဒေသခံများသည် မအီမြို့သို့ ပြောင်းရွှေ့ကာ လုပ်ငန်းသစ်ရှာဖွေလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ မိမိတို့၏ ဘဝများကို ပုံဖော်နေကြသည်။
တောင်ကုတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့သည် ကိုမောင်မောင်အေးတို့ နေထိုင်နေသော မြေနေရာမှာ ၎င်းတို့အဖွဲ့ပိုင် မြေများဖြစ်သည်ဟုဆိုကာ ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း ကိုမောင်မောင်အေးက ပြောသည်။
“ ကျွန်တော်က မြောက်ဦးဇာတိဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်လောက်က မအီရဲစခန်းမှာ တာဝန်ကျနေတဲ့ ကျွန်တော့်ညီဆီမှာ နေထိုင်ပြီးတော့ အခုနေအိမ် ဖြိုဖျက်ခံထားရတဲ့နေရာမှာ ဆိုင်ကယ်ပြုပြင်တဲ့ အလုပ်ကို လုပ်ပါတယ်။ နောက်တော့ ကျွန်တော့်အိမ်ရှင်မက တစ်ခါပြင် ထမင်းရောင်းရင်းနဲ့ အဲဒီနေရာမှာပဲ နေအိမ်ဆောက်ပြီး နေထိုင်လာခဲ့တာ ဖြစ် ပါတယ် ” ဟု မအီမြို့သို့ ရောက်ရှိလာပုံကို ကိုမောင်မောင်အေးက ပြောပြ သည်။
ယင်းသို့ နေထိုင်လုပ်ကိုင်စားသောက်ရင်း ကိုမောင်မောင်အေးတို့ ဒုက္ခရောက်စေမည့် အကြောင်းတစ်ခုက ဖန်တီးလာခဲ့သည်။
“ အဲလိုနေထိုင်နေရင်းနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ ရောက်လာပြီးတော့ စုပေါင်းဂိတ်ကို ဖွင့်ပါတယ်။ ပြီးရင် အနီးအနားနေအိမ်က လူတွေကို ကားဂိတ်ဖွင့်ရင် လူစည်ပြီးတော့ ဆိုင်တွေလည်း ရောင်းကောင်းလာမယ်။ အဲဒါကြောင့် ဆိုင်ပိုင်ရှင်တွေကလည်း လခနည်းနည်းပေးဆိုပြီး တောင်းခံလို့ ပေးသွင်းခဲ့ပါတယ်။ နောက်ကားဂိတ်လည်း အဖွင့်မဖြစ်တော့ ကျွန်တော်တို့နေတဲ့ မြေနေရာတွေဟာ သူတို့အဖွဲ့ပိုင်မြေ ဖြစ်တယ်ဆိုပြီး ဖြိုဖျက်ခဲ့တာဖြစ်ပါ တယ် ” ဟု ကိုမောင်မောင်အေးက ဆို သည်။
ယင်းသို့ နေအိမ်ဖြိုဖျက်ခံရပြီးနောက် စစ်မှုထမ်းဟောင်းအဖွဲ့သည် ကိုမောင်မောင်အေးအပါအဝင် လူရှစ်ဦးကို တရားစွဲဆိုခဲ့ပြီး တရားရုံးက ၎င်းမြေနေရာများသည် စစ်မှုထမ်းဟောင်းအဖွဲ့ပိုင် မဟုတ်သည်မှာ မှန်ကန်သော်လည်း နေထိုင်သူများက လစဉ်ကြေး ပေးသွင်းခဲ့သည့်အတွက် မြေရှင်မြေ ငှားစနစ်ပေါ်ပေါက်သည်ဟုဆိုကာ ကိုမောင်မောင်အေးတို့ရှစ်ဦးကို အရှုံးပေးလိုက်သည်ဟု ဆက်ပြောသည်။
နေအိမ်လည်း အဖြိုဖျက်ခံ တရားလည်းရှုံးခဲ့ရသည့် ကိုမောင်မောင်အေးတို့က အသနားခံစာတစ်စောင်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့သည်ဟု ဆိုသည်။ ယင်းသို့ တင်ပြထားသည်မှာလည်း တစ်နှစ်ကျော်ခန့်ကြာပြီဖြစ်ပြီး ယခုအချိန်ထိ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း နေအိမ်ဖြိုဖျက်ခံထားရသည့် မိသားစုဝင်များက ပြောသည်။
(အစိုးရ၏ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေသော ကိုမောင်မောင်အေး ။ ဓာတ်ပုံ-မောင်ကံ)
ကိုမောင်မောင်အေးတို့ နေထိုင်ခဲ့သည့် မအီမြို့ရှိ အငြင်းပွားမှုဖြစ်ပွားနေသည့် မြေနေရာနှင့် ပတ်သက်၍ ထပ်မံစစ်ဆေးမှုများ ပြုလုပ်သွားရန် စီစဉ်နေသည်ဟု တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်နီနီမေမြင့်က ပြောသည်။
ရခိုင်ပြည်နယ်တွင် မြေယာအငြင်းပွားမှုများ၊ တပ်သိမ်းမြေကိစ္စများသည် ယခုအရပ်သားအစိုးရလက်ထက် မတိုင်မီကပင် ရှိလာခဲ့ခြင်းဖြစ်ပြီး ယင်းအငြင်းပွားမှုများကို ဦးသိန်းစိန်အစိုးရ သက်တမ်းငါးနှစ်တွင်လည်း မဖြေရှင်းနိုင်ခဲ့သလို လက်ရှိ ဒီချုပ်အစိုးရလက်ထက်တွင်လည်း မဖြေရှင်းနိုင် ဖြစ်နေသေးသည်။
တစ်နှစ်ထက်တစ်နှစ် အိမ်ယာမြေများ ဈေးမြင့်တက်လာမှုများက မြေယာအငြင်းပွားမှုကို ပိုမိုဆိုးဝါးစေသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ လက်ရှိတွင်လည်း တောင်ကုတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌသည် စစ်မှုထမ်းဟောင်းပိုင်မြေ နေရာတစ်ချို့ကို စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို ချပေးခြင်းမရှိဘဲ တခြားသူများသို့ ရောင်းစားထားသည်ဟု စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ချို့က ပြောသည်။ ယင်းသို့ ဆောင်ရွက်နေခြင်းသည် ပွင့်လင်းမြင်သာမှုမရှိ ဖြစ်နေသည်ဟု စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ က ပြောကြားပြီး ယင်းပြောဆိုချက်များသည် မဟုတ်မှန်ကြောင်း စစ်မှုထမ်းေ ဟာင်းအဖွဲ့ ဥက္ကဋ္ဌက ငြင်းဆိုထား သည်။ ယခုကဲ့သို့ ဖြစ်ရပ်များက မြေနေရာများနှင့် ပတ်သက်၍ စစ်မှုထမ်းဟောင်းအဖွဲ့၏ နေရာယူမှုကို ဖော်ပြ နေသည်ဟု နေအိမ်ဖြိုဖျက်ခံခဲ့ရသူများ က ပြောသည်။
“ အားရှိတဲ့အဖွဲ့အစည်းတွေက အနိုင်ကျင့်တာပါ။ အားနည်းတဲ့ ဒေသခံတွေမှာ တရားရုံးတက်ဖို့၊ သက်ဆိုင်ရာကို တင်ပြဖို့တောင် ဦးဆောင်မယ့်သူမရှိ ဖြစ်နေပါတယ်။ အဓိကတော့ ငွေမရှိတဲ့သူတွေမှာ စိုးရိမ်စိတ်တွေက ကြီးစိုးနေတယ်။ ဖြေသိမ့်မှုနဲ့ပဲ နှစ်ပါးသွားနေရတယ် ” ဟု ဒေါ်ဦးခင်မြင့် က ပြောသည်။
နေအိမ်ဖြိုဖျက်ခံရပြီးကတည်းက ဆယ်တန်းတက်နေသည့် သမီးကြီး ကို ဘော်ဒါဆောင်မထားနိုင်တော့ဘဲ ကျောင်းထုတ်လိုက်ရသည်ဟု ဒေါ်ဦး ခင်မြင့်က ဝမ်းနည်းနေသောအသံဖြင့် မပွင့်တစ်ပွင့်ပြောသည်။
လက်ရှိမှာတော့ မြေကြီးပေါ်တွင် ကစဉ့်ကလျား ပြန့်ကြဲနေသော လူအသုံးအဆောင်ပစ္စည်းများကို နေ့တိုင်းကြည့်ရင်း ကိုမောင်မောင်အေးတို့မိသားစုက အစိုးရအဖွဲ့၏ အကြောင်းပြန်ကြားစာကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ဆိုင်းနေဆဲဖြစ်သည်။
(၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ထွက်ရှိသော Development News Journal ၏ အမှတ် (၈၃) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)