- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အနောက်ဘက်ဒေသ၏ ဒုတိယအန္တရာယ်
အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ပဋိပက္ခများ မကြာခဏဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ အနောက်ဘက် နယ်စပ်ဒေသ မောင်တောမြို့သည် ကမ္ဘာကျော်မြို့တစ်မြို့ဖြစ်နေသလို စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်ဖောက်ကားမှုနှင့် နာမည်ကြီးနေသော မြို့တစ် မြို့လည်းဖြစ်နေသည်။ အကြောင်းမှာ သန်းချီသော ဒဗလျူဝိုင် (WY) စိတ်ကြွရူးသွပ်ဆေးပြားများကို မကြာခဏ ဖမ်းဆီးရမိနေခြင်းကြောင့်ဖြစ်ပြီး ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် တရားခံများမှာလည်း အသွင်မျိုးစုံကလူများ ပါဝင်နေခြင်းကြောင့်ဖြစ်သည်။
13 Mar 2018
မောင်ကံ ရေးသားသည်
အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ပဋိပက္ခများ မကြာခဏဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ အနောက်ဘက် နယ်စပ်ဒေသ မောင်တောမြို့သည် ကမ္ဘာကျော်မြို့တစ်မြို့ဖြစ်နေသလို စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်ဖောက်ကားမှုနှင့် နာမည်ကြီးနေသော မြို့တစ် မြို့လည်းဖြစ်နေသည်။ အကြောင်းမှာ သန်းချီသော ဒဗလျူဝိုင် (WY) စိတ်ကြွရူးသွပ်ဆေးပြားများကို မကြာခဏ ဖမ်းဆီးရမိနေခြင်းကြောင့်ဖြစ်ပြီး ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် တရားခံများမှာလည်း အသွင်မျိုးစုံကလူများ ပါဝင်နေခြင်းကြောင့်ဖြစ်သည်။
မောင်တောနှင့် ဘူးသီးတောင်မြို့များမှ ကျပ်ဘီလီယံချီသော စိတ်ကြွရူးသွပ်ဆေးပြားများကို ဘုန်းကြီး၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ရခိုင်၊ ဘင်္ဂါလီ၊ ပါတီနှင့်ဆက်စပ်နေသူ စသည့် အသွင်မျိုးစုံသောလူများထံမှ ဖမ်းဆီးရမိနေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်းဆက်သွယ်မှုရှိနေသည့် မြို့ဖြစ်သည့်အတွက် ရှေးခေတ်အဆက်ဆက်ကပင် မှောင်ခိုလုပ်ငန်းများ ကြီးစိုးခဲ့သည့်မြို့ဟု ရခိုင်ဒေသခံအများစုက သိထားကြပြီး ယခင်က ဒဗလျူဝိုင် (WY) စိတ်ကြွရူးသွပ်ဆေးပြားများ ခေတ်မစားသေးသည့်အချိန်ကပင် မူးယစ်ဆေးဝါးများဖြစ်သည့် ဖန်ဆီဒိုင်းနှင့်ဆေးခြောက်များကို မောင်တောမြို့တွင် ဝယ်ယူရရှိနေသည်။ စိတ်ကြွရူးသွပ်ဆေးပြားများ ခေတ်စားလာပြီးနောက် မောင်တောဒေသရှိ ရခိုင်နှင့် ဘင်္ဂါလီလူငယ်တချို့သည် ဆေးသုံးစွဲ၍ စိတ်ဖောက်ပြန်ကာ ရူးသွပ်သွားသူများကိုတွေ့ရှိနေရသည်။ ယင်းအထဲတွင် ဘင်္ဂါလီများထက် ရခိုင်လူငယ်အများစုက ပိုမို၍ စိတ်ဖောက်ပြန် ရူးသွပ်သွားကြသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်က မောင်တောမြို့ ကျောက်ဗလီမှထွက်လာသော ဘင်္ဂါလီလူအုပ်ကြီးသည် မြို့ပေါ်ရပ်ကွက်နှစ်ခုနှင့် ကျေးလက်ရှိ တိုင်းရင်းသားကျေးရွာ ပေါင်းတစ်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ မီးရှို့ဖျက်စီးရန်အတွက် ဘင်္ဂါလီလူငယ်အများစုကို စိတ်ကြွရူးသွပ်ဆေးပြားများ တိုက်ကျွေး၍ စေခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးရမိသည့် တရားခံတချို့က တရားရုံးတွင် သက်သေထွက်ဆိုခဲ့ဖူးသည်။
မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲစခန်းသုံးဆယ်ကျော်နှင့် တပ်စခန်းတစ်ခုကို ARSA အဖွဲ့က မတိုက်ခိုက်မီ သြဂုတ်လ ၂၁ ရက်က မောင်တောမြို့ ဇူလကျေးရွာရှိ ဘင်္ဂါလီတစ်ဦးနေအိမ်မှ ကျပ်သုံးဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သန်းခန့်ကို ဖမ်းဆီးရမိခဲ့သည်။
ယင်းသို့ စိတ်ကြွဆေးပြားနှင့် ဘင်္ဂါလီအမျိုးသားကို ဖမ်းဆီးပြီးနောက် သြဂုတ် ၂၅ ရက်တွင် ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ အကြမ်းဖက်သမားတွေက မူးယစ်ဆေးနဲ့ ဖမ်းထားတဲ့ ဘင်္ဂါလီကိုလွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်၊ ဒါကိုကြည့် ခြင်းအားဖြင့် မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ အကြမ်းဖက်မှုတွေက ဆက်စပ်မှုရှိနေတာကို ဖော်ပြနေတယ်။ ” ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်မှု၊ သုံးစွဲမှုနှင့် ဖမ်းဆီးရရှိမှုသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်ခန့်မှ တွင်ကျယ်လာခြင်းဖြစ်ပြီး သန်းချီသော စိတ်ကြွရူးသွပ်ဆေးပြားများကို မောင်တောနှင့် ဘူးသီးတောင် ဒေသများ၌သာ ဖမ်းဆီးရမိနေခြင်းသည် သံသယဖြစ်ဖွယ်ရာတစ်ခုဖြစ်နေသည်ဟု မောင်တောမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်ကျော်ညွှန့်ကပြောသည်။
“ မောင်တောမှာ စိတ်ကြွဆေးထုတ်တဲ့စက်ရုံမရှိဘူး၊ အဲဒီဆေးပြား တွေအကုန်လုံးက တရုတ်ပြည်ဘက်က လာတယ်လို့သိရတယ်၊ အဲဒီလိုတရုတ် ပြည်ဘက်ကလာတဲ့ စိတ်ကြွဆေးတွေဟာ မြို့ပေါင်းများစွာ၊ စစ်ဆေးရေးဂိတ် ပေါင်းများစွာဖြတ် သန်းလာရတာဖြစ်တယ်။ ဘာလို့ မောင်တောရောက်မှ ဖမ်းမိသလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေတယ်။ ” ဟု ဦးအောင်ကျော်ညွှန့်ကဆိုသည်။
မောင်တောဒေသသို့ ရန်ကုန်မြို့ကနေ ကုန်ပစ္စည်းတစ်ခုရောက်ရှိ ရန်အတွက် ကားလမ်းဖြင့်ဆိုပါက ရန်ကုန်၊ ပဲခူး၊ မကွေးတိုင်း ဒေသကြီးများကို ဖြတ်လာရပြီး စစ်တွေမြို့မှတဆင့် ရေလမ်းခရီးကိုအသုံးပြုရသည်။ စစ်တွေမှ ဘူးသီးတောင်သို့ ရေလမ်းခရီး၊ ဘူးသီးတောင်မှ မောင်တောသို့ ကုန်းလမ်းခရီးဖြစ်သည်။
ယင်းသို့ အဆင့်ဆင့်လာရသောခရီး၌ပင် သန်းချီသောစိတ်ကြွရူး သွပ်ဆေးပြားများ ဝင်ရောက်လာနိုင်ခြင်းသည် စစ်ဆေးရေးဂိတ်များတွင် သေချာစွာမစစ်ဆေး၍ဖြစ်သည်ဟု ဦးအောင်ကျော်ညွှန့်ကဆက်ပြောသည်။ သို့သော် စစ်တွေမှ ဘူးသီးတောင်မြို့ ကိုမဖြတ်ဘဲ တိုက်ရိုက်သွား၍ရသည့် လမ်းကြောင်းတစ်ခုလည်းရှိနေသည်။ ယင်းလမ်းကြောင်းမှာ စစ်တွေ-ရေချမ်း ပြင်-အငူမော်-မောင်တောလမ်းဖြစ်သည်။
စစ်တွေမြို့ရေချမ်းပြင်ဆိပ်ကမ်းမှ မေယုမြစ်ဝကို စက်လှေဖြင့် တစ်နာရီခွဲခန့်ကြာ ဖြတ်လိုက်လျှင် မောင်တောမြို့နှင့် ကုန်းမြေချင်းဆက် စပ်နေသည့် အငူမော်ကျေးရွာသို့ရောက်ရှိသည်။ ယင်း အငူမော်ကျေးရွာမှ မောင်တောသို့ ကားလမ်း ၄၇ မိုင်ကွာဝေးသည်။ အဆိုပါ လမ်းကြောင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများ စီးဆင်းနိုင်သည်ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရဲမှူးကျော်မြဝင်းကပြောသည်။
သို့ဖြစ်၍ မောင်တောနယ်စပ် ဒေသအပါအဝင် ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက်ကို ရေရှည်စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် လိုအပ်နေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသည့် နေရာတစ်ခုတည်းကိုမဟုတ်ဘဲ ထုတ်လုပ်သည့်နေရာ၊ သိုလှောင်သည့်နေရာ၊ စီးဆင်းသည့်လမ်းကြောင်းနှင့် အသုံးပြုသည့်နေရာ၊ အသုံးပြုသူများကိုပါ စုံစမ်းဖော်ထုတ်အရေးယူရန် လိုအပ်နေသည်ဟု မောင်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်ကပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက မောင်တောဒေသအတွင်း ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေး ပြားများအမှုတွင် ရဲတပ်ဖွဲ့ဝင်တစ်ချို့ပါဝင်ခဲ့ပြီး အဆိုပါရဲတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာဥပဒေနှင့်သာမက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့်လည်း အရေးယူခဲ့သည်ဟု ရဲမှူးကျော်မြဝင်းက ပြောသည်။
“ ပြီးခဲ့တဲ့နှစ်က ရွှေဇားနဲ့ကျောက်ပန္ဒူရွာမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို အပြစ်ယူလို့ရှိရင် မူးယစ်ဆေးဝါးဥပဒေအရရော၊ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရပါ အရေးယူရပါတယ်။ ” ဟု ရဲမှူးကျော်မြဝင်းကရှင်းပြသည်။
ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်ကလည်း တပ်မတော်က ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး၊ တပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးစီးနင်းကာ ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ ထွက်ခွာလာသော ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းလေးသောင်းကို သုံးမိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။
ယင်းသို့ စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ထံမှ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းဆီးရမိနေခြင်းသည် မောင်တောဒေသသို့ မူးယစ်ဆေးဝါးဝင်ရောက် နေမှုများနေခြင်း၏ အဓိကအကြောင်း အရာတစ်ခု ဖြစ်နိုင်သည်ဟု ဒေသခံများကသုံးသပ်ကြသည်။
မူးယစ်ဆေးဝါးအပင်များကို ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်ခြင်းမရှိဘဲ မြန်မာနိုင်ငံ၏အရှေ့မြောက် ဒေသမှတစ်ဆင့် ရောက်ရှိလာခြင်းသာဖြစ်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်းက ပြီးခဲ့သည့်နှစ် လွှတ်တော်အစည်းဝေးတွင် ရှင်းပြဖူးသည်။
ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ပိုမိုဖမ်းဆီးရမိလာပြီး ပင်မအရင်းအမြစ်များ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောသည်။
ရခိုင်ပြည်နယ်၌ မူးယစ်ဆေး ဝါးရောင်းဝယ်ဖောက်ကားမှုလမ်းကြောင်းသည် ယခင်ကတည်းကပင်ရှိနေပြီး ယခု အခါ ပြောင်းလဲလုပ်ဆောင်မှုများနှင့်အတူ ရှာဖွေဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာကြောင်း၎င်းကဆိုသည်။
“ ဒီမူးယစ်ဆေးဝါးကိစ္စဟာ တော်တော်လေးနာမည်ပျက် များပြားပြီးတော့ လုပ်ရတာလည်း ကြီးမားတဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ ” ဟု ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် ရင်ဆိုင်နေရသော မူးယစ်ဆေးဝါးပြဿနာကို ပြောသည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ ပတ်သက်နေသည်ဆိုသည့် ပင်မအရင်းအမြစ်များကို တိတိကျကျ မပြောနိုင်သေးကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
“ ဖမ်းဆီးရမိတဲ့ဟာတွေအပေါ်မှာပဲ စိစစ်ပြီးတော့ အရေးယူဆောင် ရွက်နေတာတွေရှိပါတယ်။ ပင်မအရင်း အမြစ်ကြီးတွေကတော့ ကျွန်တော်တို့လည်း ဒီကာလမှာ မပြောနိုင်သေးပါဘူး။ ပြည်နယ်အစိုးရအနေနဲ့ ဒီအပေါ်မှာ ဆက်လက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ အဓိကထားပြီး လုပ်ဆောင်နေတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ” ဟု ဝန်ကြီးချုပ်ကပြောသည်။
မူးယစ်ဆေးဝါးပြဿနာသည် ပြည်နယ်တွင်းပြဿနာတစ်ခုမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့က နှိမ်နှင်းပေးရန် မကြာခဏတောင်းဆိုနေသည့် ပြဿနာဖြစ်သည်။
မှတ်တမ်းများအရ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်လုံခြုံ ရေးအရာရှိများ အစည်းဝေးများတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို ပူးပေါင်းနှိမ်နှင်းရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က အမြဲတမ်းတောင်းဆိုနေပြီး မောင်တောမြို့၌ပင် စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့် စက်ရုံများရှိ နိုင်သည်ဟု စွပ်စွဲဖူးသည်။
နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်၌ကျင်းပသော မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ နယ်စပ်ဆိုင်ရာအစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ ယာဘအပါအဝင် စိတ်ကြွဆေးများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်နေသည့်ကိစ္စများသည် ဘင်္ဂလားဒေ့ရှ်သာမက နိုင်ငံတကာကိုပါ ထိခိုက်စေသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သယ်ဆောင်နေမှုများကို အမြန်ဆုံးတိုက်ဖျက်ပေးရန် ဘင်္ဂလားဒေ့ရှ်က ဆွေးနွေးခဲ့သည်။
သို့သော်လည်း အဆိုပါစွပ်စွဲ ချက်နှင့်ပတ်သက်၍ မောင်တောဒေသတွင် မူးယစ်ဆေးဝါးစက်ရုံမရှိကြောင်း၊ ကြားလည်းမကြားဖူးကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဉာဏ်ဝင်းဦးက ပြောသည်။
“ မောင်တောမှာ တပ်မတော်လည်းရှိတယ်၊ နယ်ခြားစောင့်ရဲတွေလည်းရှိတယ်၊ တခြားဌာနဆိုင်ရာဝန် ထမ်းတွေလည်းရှိတယ်၊ မူးယစ်ဆေးဝါး စက်ရုံရှိတယ်ဆိုတာ ကျွန်တော်တို့ကြား လည်းမကြားဖူးဘူး၊ ရှိလည်းမရှိပါဘူး။ ” ဟု ဒုရဲမှူးကြီးကဆိုသည်။
စံချိန်တင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိနေမှုကြောင့် မောင်တောဒေသတွင် မေယုအမည်ရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက အကောင်အထည်ဖော်ခဲ့သည်။ ယင်းသို့ အကောင်အထည်ဖော်သည့် တစ်လအတွင်း ကျပ်ကိုးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့သည်။
ယင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်း ဆောင်ရွက်ချိန်နှင့် ဆောင်ရွက်ပြီးချိန်နောက်ပိုင်းတွင် မောင်တောဒေသ၌ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်ဖောက်ကားမှုသည် အနည်းငယ်မျှ လျော့ကျခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်မြှင့်တက်လာခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်က မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲစခန်းသုံးဆယ်ကျော်နှင့် တပ်စခန်းတစ်ခုကို ARSA အကြမ်းဖက်အဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်သမားများကို အာရုံစိုက်နေရသည့်အချိန် မူးယစ်ဆေးဝါး ကုန်သွယ်မှုအတွက် အခွင့်အလမ်းရရှိခဲ့သည်ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
သို့သော်လည်း ဒေသအခြေနေ တည်ငြိမ်မှုကိုကြည့်ကာ မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ဟု ခရိုင်ရဲတပ်ဖွဲမှူး ဒုရဲမှူးကြီး ဉာဏ်ဝင်းဦးကပြောသည်။
(၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက မောင်တောမြို့မှာ မူးယစ်ဆေးဝါးဖမ်းရမိထားသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ - ချလူးအောင်/DMG)
ယခုနှစ် နိုဝင်ဘာ ၁၃ ရက်က ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ၏ မိခင်နှင့် ညီဖြစ်သူနေအိမ်မှ ကျပ်နှစ်ဘီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတစ် သန်းခန့်ကို ဖမ်းဆီးရမိခဲ့ပြီး ဒီချုပ်ဥက္ကဋ္ဌ၏ ညီကိုလည်း ဖမ်းဆီးရမိခဲ့သည်။ ယင်းသို့ ဖမ်းဆီးရမိခဲ့သည့် ဒီချုပ်ဥက္ကဋ္ဌညီ ဖြစ်သူ၏ ထွက်ဆိုချက်အရ ကျပ်နှစ်ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတစ်သန်းခန့်ကို နိုဝင်ဘာ ၂၀ ရက်တွင် ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ဒီချုပ်ဥက္ကဋ္ဌ၏ညီဖြစ်သူ ဖမ်းဆီးခံထားရမှုသည် ၎င်း၏အပေါင်း အဖော်ဖြစ်သူတစ်ဦးက လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု ဒီချုပ်ဥက္ကဋ္ဌ ဦးရဲသိန်းကပြောသည်။
“ ကျွန်တော့်ညီက အရက်တော်တော်သောက်တယ်၊ အဲဒီစိတ်ကြွဆေးပြား ဖမ်းမိတဲ့နေ့ကလည်း သူကအရက်မူးနေတယ်၊ သူ့အပေါင်းအဖော်က အိမ်ကိုစိတ်ကြွဆေးပြားထည့်ထားတဲ့ သေတ္တာတွေကို အတင်းသွင်းထားခဲ့တာ ကျွန်တော့်ညီလည်း မသိလိုက်ဘူး၊ သွင်းတဲ့သူက ထွက်ပြေးလွတ်မြောက်နေတယ်။ ” ဟု ဦးရဲသိန်းကဆိုသည်။
မောင်တောမြို့ မြို့မတောင် ရပ်ကွက်ရှိ ဘင်္ဂါလီကွမ်းယာဆိုင်နှင့် ပစ္စည်းထားသည့် ဂိုဒေါင်အတွင်းက ကျပ်နှစ်ဘီလီယံခန့် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်သန်းခန့်ကို နိုဝင်ဘာ ၁၇ ရက်က ဖမ်းဆီးရမိခဲ့သည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ စိတ်ကြွရူးသွပ် ဆေးပြား ၁၂ ဒသမ ၇၃၈၆ ဘီလီ ယံကျော်ဖိုး ဖမ်းဆီးရမိထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းတွင် ဖော်ပြထားသည်။
မောင်တောဒေသအပါအဝင် ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှု ပပျောက်ရေးအတွက် ဆေးစွဲနေသူများကို ဆေးပြတ်တောက်သွားအောင် ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်ပေးရန်လိုအပ်နေပြီး မူးယစ်ဆေးဝါးသုံးစွဲသူမရှိလျှင် ရောင်းဝယ်ဖောက်ကားမှုသည်လည်း မရှိနိုင်တော့ကြောင်း စစ်တွေမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းကပြောသည်။
“မောင်တောမှာနေပြီးသား ယောကျ်ားမွေးဖို့တောင် စိတ်ပျက်မိတယ်၊ ဒီလောက်မူးယစ်ဆေးဝါးခေတ် စားနေတာကိုကြည့်ပြီးကြောက်မိတယ်၊ သူများသားသမီးတွေ ရူးသွပ်စေပြီးမှ ချမ်းသာမယ့်အလုပ်မျိုး လုံးဝမလုပ်ရပါစေနဲ့လို့ ဆုတောင်းနေမိတယ်။ ” ဟု မောင်တောမြို့မှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ အဆင်မပြေဖြစ်နေသော မောင်တောဒေသတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုက ကြီးစိုးလာနေသည်။ ယင်းသို့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ကြီးစိုးလာခြင်းသည် အကြမ်းဖက်မှုများကို ထပ်မံဖြစ်ပေါ်လာစေနိုင်သော အကြောင်းအရင်းများ ဖြစ်နေသည်ဟု ဒေသခံများက သုံးသပ်ထားသည်။