မရဏပြေးလမ်းပေါ်မှာ ၁၄ ရက်တာ

ဒေါ်ပုနီသည် “သမားတော်-ဆေးခန်း” အတွင်းရှိ ထိုင်ခုံလွတ်တစ်လုံးပေါ်တွင်ထိုင်ကာ ဆရာဝန်နှင့် တွေ့ရမည့်အချိန်ကို စောင့်ဆိုင်းနေ၏။ သူရောက်ရှိနေသော “သမားတော်-ဆေးခန်း” သည် လူနာများ အချိန် တိုင်းပြည့်နေတတ်သော ဆေးခန်းတစ်ခုပင်ဖြစ်၏။ ယခုလည်း ဆေးခန်းထဲတွင် လူနာများ အပြည့်ရှိနေသည်။

By ရက္ခ 16 Aug 2021

DMG ၊ ဩဂုတ် ၁၆

(သတင်းဆောင်းပါး)

(တစ်)

ဒေါ်ပုနီသည် “သမားတော်-ဆေးခန်း” အတွင်းရှိ ထိုင်ခုံလွတ်တစ်လုံးပေါ်တွင်ထိုင်ကာ ဆရာဝန်နှင့် တွေ့ရမည့်အချိန်ကို စောင့်ဆိုင်းနေ၏။ သူရောက်ရှိနေသော “သမားတော်-ဆေးခန်း” သည် လူနာများ အချိန် တိုင်းပြည့်နေတတ်သော ဆေးခန်းတစ်ခုပင်ဖြစ်၏။ ယခုလည်း ဆေးခန်းထဲတွင် လူနာများ အပြည့်ရှိနေသည်။

ဒေါ်ပုနီတစ်ယောက် များပြားလှသောလူနာများကိုကြည့်ရင်း မည်သည့်အချိန်တွင်မှ သူ့အလှည့်သို့ရောက်ပါ မည်နည်းဟု တွေးတောနေမိ၏။ သည်လိုနှင့် အချိန် တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ရာ ညရှစ်နာရီဝန်းကျင်သို့ ရောက်ရှိလာခဲ့သည်။ ဒေါ်ပုနီတစ်ယောက် သူ့အလှည့်ကိုထိုင်စောင့်နေရင်းမှ ရုတ်တရက်အသက်ရှူမဝသကဲ့သို့ ခံစားလာရသည်။ ထိုင်ခုံပေါ်တွင် ထိုင်နေရင်း အသက်ကို ကြိုးစားရှူကြည့်သော်လည်း ရင်ဘတ်နှင့် ကျောကုန်းများသာ အောင့်၍လာ၏။ အချိန်ကြာလာသည်နှင့်အမျှ အသက်ရှူရ ပိုမိုခက်ခဲသောအခြေအနေကို သူရင်ဆိုင်လာရသည်။

သူ၏ခန္ဓာကိုယ်သည်လည်း ထိုင်ခုံပေါ်ထိုင်နေရင်းမှ အရုပ်ကြိုးပြတ် ပြိုလဲကျဆင်း သွားတော့မည့်အတိုင်း ခံစားလာရတော့သည်။

ဒေါ်ပုနီသည် သူ၏အသိစိတ်ကို အတတ်နိုင်ဆုံးစုစည်း၍ လက်ထဲမှဖုန်းကိုဖွင့်ကာ ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆို လိုက်သည်။ သူခေါ်လိုက်သောဖုန်းနံပါတ်မှာ “ရှင်သန်ရေး-ပရဟိတလူငယ်များအဖွဲ့”၏ ဖုန်းနံပါတ်ဖြစ်ပြီး မကြာမီမှာပင် ဆေးခန်းရှေ့သို့ လူနာတင်ကားတစ်စီးရောက်ရှိလာ၏။ သည်နောက်တွင်တော့ ဒေါ်ပုနီ၏ အ သိစိတ်တစ်ခုလုံး အမှောင်ထုထဲကို တစ်စစတိုးဝင်သွားတော့၏။

သူနောက်ဆုံးသိလိုက်ရသည်မှာ သားငယ်လေး၏ စိုးရိမ်တကြီးအော်ခေါ်နေသံနှင့် လူနာတင်ကားမှထွက်ပေါ်လာသော အရေးပေါ်ဥသြဆွဲသံ များပင်ဖြစ်သည်။ ထိုနေ့သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ဖြစ်ပြီး ဒေါ်ပုနီတစ်ယောက် ကိုဗစ်-၁၉ ရောဂါ ဒဏ်ကို အပြင်းထန်ဆုံး စတင်ခံစားခဲ့ရသောနေ့ပင်ဖြစ်သည်။

“အစကတော့ ကျွန်မမှာ ကိုဗစ်ဖြစ်နေတယ်လို့ မသိခဲ့ပါဘူး။ ဇူလိုင် ၁ ရက်နေ့ကပေါ့။ အဲ့ဒီညက ကျွန်မ ပြင်းပြင်းထန်ထန်အသက်ရှူကြပ်ပြီး သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်သွားခဲ့ပါတယ်။ ဆေးရုံကို ရောက်ချိန်အထိ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပါဘူး။ ကျွန်မသတိပြန်လည်လာတဲ့အချိန်မှာ ကိုဗစ်-၁၉ လူနာတွေထားတဲ့ သီးသန့်ခန်းထဲကိုရောက်နေပါပြီ။ ပါးစပ်က အောက်ဆီဂျင်ရှူထားရပါတယ်။ ဒီတော့မှ ကျွန်မကိုယ် ကျွန်မ ကိုဗစ်ဖြစ်နေပြီဆိုတာ သတိထားမိခဲ့တာပါ” ဒေါ်ပုနီက သူကြုံတွေ့ခဲ့ရသောအခြေအနေကို ပြောပြခြင်းဖြစ်သည်။

ဒေါ်ပုနီကို ရှင်သန်ရေးပရဟိတအဖွဲ့က ဆေးရုံသို့ပို့ဆောင်လိုက်ပြီးနောက် ဆေးရုံတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးကြောင်းဆိုသည်။ ကိုဗစ်စစ်ဆေးပြီးနောက် ရောဂါပိုးတွေ့ရှိသဖြင့်  ကိုဗစ်လူနာခန်းထဲသို့ ချက်ချင်း ပို့ဆောင်လိုက်ကြောင်း သူကပြောပြသည်။ ထိုစဉ်က ဆေးရုံထဲရှိ ကိုဗစ်လူနာဆောင်ထဲတွင် ဒေါ်ပုနီနှင့် တခြားကိုဗစ်လူနာတစ်ဦးသာရှိသေးသဖြင့် အောက်ဆီဂျင်မလုံလောက်မှုကို မကြုံတွေ့ခဲ့ရကြောင်းပြောပြသည်။ သို့သော် ဆေးရုံမှာ အောက်ဆီဂျင်ဝယ်ယူ၍ ရှူရှိုက်ခဲ့ရကြောင်း သူကဆိုသည်။

ထိုစဉ်အချိန်က သူ၏သွေးထဲတွင် အောက်ဆီဂျင် လုံးဝကျနေခဲ့ပြီး တစ်နေ့တည်း၌ပင် အောက်ဆီဂျင်သုံးအိုးမှ လေးအိုးအထိရှူခဲ့ရကြောင်းဆိုသည်။ အောက်ဆီဂျင်ဖိုးကုန်ကျငွေမှာလည်း တစ်နေ့လျှင် ကျပ်တစ်သိန်း ဝန်းကျင်မျှအထိရှိခဲ့ကြောင်း သူကဆိုသည်။

ဒေါ်ပုနီသည် ဆီချိုရောဂါနှင့် နှလုံးရောဂါအခံရှိသူဖြစ်ပြီး ဆီးချိုဆေးကို ပုံမှန်သောက်သုံးနေရသူတစ်ဦးပင် ဖြစ်သည်။ သူသည် ဆေးရုံစတက်သည့်နေ့မှစ၍ သုံးရက်မြောက်နေ့အထိ ဆီးချိုလေးရာကျော်ခန့်အထိ တက်နေခဲ့ကြောင်းဆိုသည်။ တစ်နေ့လျှင် ထိုးဆေး ၁၅ လုံးခန့်မျှအထိ ထိုးခဲ့ရကြောင်း ဆိုသည်။

လေးရက် မြောက်နေ့တွင်မူ ဒေါ်ပုနီတစ်ယောက် အနည်းငယ်သက်သာသောအခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သို့သော် သူသည် မှတ်ဉာဏ်များ လုံးဝချွတ်ယွင်းသွားသောအခြေအနေကို ကြုံတွေ့ ရကြောင်းဆို၏။ သူ၏နေအိမ်ကိုမျှပင် မည်သည့်အရပ်ဒေသတွင်တည်ရှိမှန်း စဉ်စားမရတော့ကြောင်းဆိုသည်။ လက်ရှိအချိန် အထိလည်း မှတ်ဉာဏ်မှာ ပုံမှန်အခြေအနေသို့ မရောက်သေးဟုထင်မိကြောင်း သူကဆိုသည်။

(နှစ်)

ရခိုင်ပြည်နယ်သည် ကိုဗစ်-၁၉ တတိယလှိုင်း၏ ရိုက်ခတ်မှုဒဏ်ကို အလွန်ဆိုးဆိုးဝါးဝါး ခံစားနေရသော ပြည်နယ်တစ်ခုဖြစ်သည်။ ဇူလိုင်လမှစတင်ကာ ရခိုင်ပြည်နယ်အတွင်းမြို့နယ်တိုင်းတွင် ကိုဗစ်လူနာများကို အစုလိုက်အပြုံလိုက်တွေ့ရှိခဲ့ပြီး လူနာသေဆုံးမှုများလည်း တစစမြင့်မားလာခဲ့သည်။ ရခိုင်ပြည်နယ် အနှံမှ ဆေးရုံများတွင် ကိုဗစ်လူနာများနေ့စဉ်တိုးပွားလာနေသော်လည်း ထိုလူနာများကို ကုသရေးနှင့်ပတ်သက်၍ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ ဆေးရုံသို့ရောက်ရှိလာသော ကိုဗစ်လူနာများသည် အောက်ဆီဂျင်ပေး ရန်လိုအပ်နေသူများဖြစ်ပြီး အောက်ဆီဂျင် မလုံလောက်မှုများကို ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်နယ်ရှိ ဆေးရုံများတွင် အောက်ဆီဂျင်မလုံလောက်မှုနှင့် ပြတ်တောက်မှုများကြောင့် ကိုဗစ်လူနာများ မသေသင့်ပဲ သေဆုံးနေကြရကြောင်း ဝေဖန်သံများကို ပြည်သူများအကြား ကျယ်ကျယ်လောင်လောင် ကြားနေကြရသည်။ ပြည်နယ်ကောင်စီတာဝန်ရှိသူများက ရခိုင်ဆေးရုံများတွင် အောက်ဆီဂျင်လုံလောက်မှု ရှိကြောင်း ထုတ်ပြန်ပြောကြားနေသော်လည်း မြေပြင်တွင် အောက်ဆီဂျင်ရရှိရေး ကူညီဆောင်ရွက်နေကြသော ပရဟိတအဖွဲ့များကမူ ကိုဗစ်လူနာများအတွက် နေ့စဉ်အောက်ဆီဂျင် လိုအပ်ချက်များရှိနေကြောင်းဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်းမှ အောက်ဆီဂျင်လိုအပ်ချက်များကို ကူညီဖြေရှင်းနိုင်ရန်အတွက် မြို့နယ်တိုင်း၌ ကိုယ်ထူကိုယ်ထအောက်ဆီဂျင်စက်ရုံများ တည်ထောင်လာနေကြသည်ကို တွေ့ရှိနေရသည်။

ရခိုင်ပြည်နယ်ထဲတွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို ရင်ဆိုင်ခဲ့ကြရစဉ်က သေဆုံးသူ (၃၇) ဦးမျှသာရှိနေခဲ့ပြီး လက်ရှိကိုဗစ်တတိယလှိုင်းတွင်မူ တစ်လခန့်အချိန်အတွင်း၌ သေဆုံးသူ (၁၀၄)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သတင်းများမှဆိုသည်။ လက်ရှိ ကိုဗစ်တတိယလှိုင်းတွင် ကိုဗစ်ဖြင့် သေဆုံးမှု အများပြားဆုံးမြို့နယ်မှာ တောင်ကုတ်မြို့နယ်ဖြစ်ပြီး ဇူလိုင်လအတွင်းတွင် ဆေးရုံတက်ကုသခံရသူ (၁၅၇) ဦးနှင့် သေဆုံးသူ (၄၀) ဦးအထိရှိကြောင်း တောင်ကုတ်မြို့နယ် ကိုဗစ်-၁၉ သတင်းမှန် ပြန်ကြားရေးမှ ထုတ်ပြန် ထားသည်။ သို့သော် ကိုဗစ်-၁၉ တတိယလှိုင်း၏ ရောဂါကူးစက်ပျံ့ပွားမှုနှင့် သေဆုံးမှု နှုံးတို့ကို ကာကွယ်၊ ထိန်း ချုပ်၊ ကုသရာတွင် လက်ရှိတိုင် လိုအပ်ချက်များ ရှိနေဆဲပင် ဖြစ်သည်။

(သုံး)

 “ကျွန်မ ကိုဗစ်လူနာဆောင်မှာ တစ်ပတ်လောက်နေထိုင်နေစဉ်အတွင်းမှာ လူနာအသစ်တွေ နေ့စဉ်နဲ့အ မျှ ရောက်လာကြပါတယ်… ရက်ပိုင်းအတွင်းမှာ အခန်း ပြည့်သွားပါတယ်… နေထိုင်ဖို့အတွက် အခက်အခဲ ရှိလာပါ တယ်… ဒီတော့ ဆ ရာဝန်က ကျွန်မကို  အိမ်မှာနေပြီးပဲ ကုသဖို့ ပြောပြီး ဆေးရုံကဆင်းခွင့်ပေးပါတယ်… သောက် ဆေး (၁၀) ရက်စာကို ထည့်ပေးလိုက်ပါတယ်….”

တောင်ကုတ်မြို့ ကုတင်(၁၀၀) ဆေးရုံတွင် တက်ရောက်ကုသခဲ့ရသော ကိုဗစ်လူနာ ဒေါ်ပုနီ ပြောပြ သောစကားများပင် ဖြစ်သည်။ ဒေါ်ပုနီက သူသည် မည်သူ့ထံမှ ကိုဗစ်ကူးစက်ခံခဲ့ရသည်ကို မသိရှိကြောင်း ဆို သည်။ ထို့အပြင် အစဦးပိုင်း နေမကောင်းဖြစ်နေစဉ်ကာလက မြို့ထဲမှ သမားတော်-ဆေးခန်းတွင် ပြသ၍ ကုသ မှုခံယူနေခဲ့ကြောင်း ဆိုသည်။ ထိုသို့ကုသနေရင်း တစ်ပတ်ခန့်မျှကြာသောအခါ အားအင်များပိုမိုကုန်ခမ်းလာသ လိုဖြစ်လာသဖြင့် ဆေးခန်းမှဆရာဝန်က ဆေးရုံတက်ကုသရန် ညွှန်ကြားခဲ့ကြောင်း သူက ပြောပြသည်။

ဒေါ်ပုနီသည် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူခဲ့သည်။ ဆေးရုံတွင် သုံးရက်ခန့်မျှ နေထိုင်ကုသမှုခံယူခဲ့ပြီးနောက် ကျန်းမာလာသဖြင့် ဆေးရုံမှ ပြန်ဆင်းရသည်။ သို့သော် အိမ်ပြန် ရောက်သော နေ့ညဖက်၌ပင် အကြီးအကျယ် အဖျား တက်လာပြန်သည်။ နောက်တနေ့ညတွင် သူ ပြသနေကျ သမားတော် ဆေးခန်း၌ ပြန်လည်ပြရန် စောင့်ဆိုင်းနေစဉ် အသက်ရှူကြပ်လာသဖြင့် ဆေးရုံသို့ တဖန် ပြန်လည်တက်ရောက် ခဲ့ရခြင်း ဖြစ်သည်။ သို့သော် သည်တစ်ကြိမ်တွင်မူ ဆေးရုံ၌ ကိုဗစ်ရောဂါပိုး စစ်ဆေးခြင်းခံရပြီး သူ့တွင် ကိုဗစ် ရောဂါပိုးကူးစက်ခံထားရသည်ကို သိခဲ့ရကြောင်း ဒေါ်ပုနီက ဆိုသည်။ သို့သော် ထူးခြားသည်မှာ ဒေါ်ပုနီ ၏ နံဘေးနားတွင် တောက်လျှောက် ပြုစုပေးနေသော အသက်-၂၀ ကျော်အရွယ် သားငယ်ကလေးကို လက်ရှိအ ချိန်ထိ မည်သည့် ရောဂါပိုးမျှ ကူးစက်မှုမရှိကြောင်း သူက ဆိုသည်။

“လူအတော်များများက ကိုဗစ်ဖြစ်ပြီဆိုတာနဲ့ သေရတော့မယ်ဆိုပြီးတော့ နှလုံးသွင်းလိုက်ကြတယ်လို့ ထင်ပါတယ်…. ဒါကြောင့် ရောဂါကို ခုခံ တွန်းလှန်နိုင်ဖို့ မကြိုးစားတော့ပဲ လက်မြှောက်အရှုံးပေးလိုက်ကြသလို ဖြစ်သွားကြပါတယ်….  ကျွန်မ ဆိုရင် ဆီးချိုရော၊  နှလုံးရော ရှိတယ်… အဆုတ်က လည်း သိပ်မကောင်းပါဘူး…. ဒါပေမယ့် ဒီရော ဂါဆိုးကြီး ဝင်ရောက်လာတာကို ကျွန်မ အရှုံး မပေးခဲ့ပါဘူး… အဓိကကတော့ စိတ်ဓာတ်ပါပဲ…. ကျွန်မ စိတ်ဓါတ်ကျ နေခဲ့ရင် ပါသွားမှာ အသေအချာပါပဲ…. ဒါကြောင့် ကျွန်မ စိတ်ဓာတ်ကို တင်းပါတယ်… ပြီးတော့ ကျွန်မ အခုအချိန်အထိ ကိုဗစ်ဖြစ်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ထားပါဘူး…. ဒါဟာ သာမန် တုတ်ကွေး တစ်ခု လို့ပဲ ကျွန်မ ခံယူထားပါတယ်……ပုံမှန်အတိုင်းပဲ နေထိုင်စားသောက်ပြီးတော့ ဒီရောဂါဆိုးကြီးကို ရင် ဆိုင်ခဲ့ပါတယ်….”

ကိုဗစ်ရောဂါဖြစ်ပွားခဲ့သူ ဒေါ်ပုနီ ပြောပြသော စကားများပင် ဖြစ်၏။ ဒေါ်ပုနီသည် အသက် ၅၀ ကျော်အ ရွယ် မုဆိုးမတစ်ဦး ဖြစ်သည်။ သူ၏ လင်ယောကျ်ားဖြစ်သူ ဦးကိုတူး မှာ လွန်ခဲ့သော သုံးနှစ်ခန့်က ဆုံးပါးသွားခဲ့ ပြီ ဖြစ်၏။ လက်ရှိအချိန်တွင် အသက် ၂၀ ကျော်အရွယ်သားနှစ်ယောက်နှင့်အတူ စားသောက်ဆိုင်တစ်ခုကို ဖွင့် လှစ်ရောင်းချနေသူ ဖြစ်၏။

ဒေါ်ပုနီက သူ ကိုဗစ်ကူးစက်ခံခဲ့ရခြင်းမှာ သူ၏ စားသောက်ဆိုင်တွင်လာရောက်စားသုံးသူများထံမှ ကူး စက်ခံရခြင်း မဖြစ်နိုင်ကြောင်းဆိုသည်။ လက်ရှိအချိန်အထိ သူ၏စားသောက်ဆိုင်သို့လာရောက်ခဲ့ကြသူမည်သူ တစ်ဦးတစ်ယောက်မျှ ရောဂါဖြစ်ပွားခြင်း မရှိကြောင်း သူက ဆိုသည်။ သို့သော် ဒေါ်ပုနီ ကိုဗစ်ကူးစက်ခံရချိန်မှ စတင်ကာ လက်ရှိအချိန်အထိ သူ၏ စားသောက်ဆိုင်ကို ပိတ်ထားဆဲပင်ဖြစ်ကြောင်း ဆိုသည်။ လက်ရှိအချိန်တွင် ဒေါ်ပုနီသည် ကိုဗစ်ရောဂါဆိုးကြီးဘေးမှ ပြန်လည် နာလန်ထလာခဲ့ပြီဟု ဆိုနိုင်၏။ သို့သော် အားအင်များ ကုန်ခမ်းနေဆဲဖြစ်သဖြင့် စကားအများကြီးပြောခြင်းနှင့် ပင်ပန်းသောအလုပ်များကို လုပ်ဆောင်နိုင်ခြင်းမရှိသေး ချေ။

မည်သို့ပင်ဖြစ်စေ အသက် ၅၀ ကျော်အရွယ် ဆီးချိုရောဂါသည် ဒေါ်ပုနီသည် ကိုဗစ်-၁၉ ရောဂါဆိုးကြီး ကို မရဏလမ်းပေါ်ထက်၌ ၁၄ ရက်တာ ရင်ဆိုင်တိုက်ပွဲဆင်နွှဲနိုင်ခဲ့သူတစ်ဦးပင် ဖြစ်သည်။ သူ့တွင် ကိုဗစ်ရောဂါ ဆိုးကြီးကို ရင်ဆိုင်နိုင်ရန်အတွက် အသက်အရွယ်နှင့် လုံလောက်သော အင်အားတို့ရှိမနေခဲ့ပါချေ။ သို့သော် အနိုင်မခံအရှုံးမပေးသော စိတ်ဓါတ်တစ်ခုတည်းဖြင့် ကိုဗစ်ရောဂါဆိုးကြီးကို ကျားကုပ်ကျားခဲ အနိုင်ယူပြနိုင်ခဲ့သည်။

ဒေါ်ပုနီတစ်ယောက် ဆေးရုံတက်ရသည့်နေ့မှစတင်ကာ သူ့ကို သေဆုံးသွားပြီဆိုသော သတင်းများ မ ကြာခဏပျံ့နှံ့ခဲ့သည်။ ထိုသတင်းများကို သူ ပြန်ကြားရသောအခါ ကျန်းမာရေးကို ပိုမို၍ပင် ဂရုစိုက်ဖြစ်လာခဲ့၏။ ကိုဗစ်တိုက်ပွဲကိုသူ အနိုင်နွှဲနိုင်ရမည်ဟုလည်း စိတ်ထဲဆုံးဖြတ်ထားလိုက်မိ၏။ စင်စစ် ဒေါ်ပုနီရင်ဆိုင်ကျော်ဖြတ်ခဲ့ ရသော အခြေအနေများမှာ အလွန် အန္တရာယ်များသော အခြေအနေများပင် ဖြစ်သည်။ သေခြင်းနှင့် ရှင်ခြင်းနှစ်ခု ကြားထဲမှ မရေမရာမသေချာသော အသက်လုပွဲတစ်ခုပင် ဖြစ်၏။ သို့သော် သူ သည် ထို မရဏပြေးလမ်းထဲမှ ခက်ခက်ခဲခဲ ရုန်းထွက်လာနိုင်ခဲ့သည်။ ဒေါ်ပုနီ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသော မရဏလမ်းပေါ်မှနေ့ရက်များက တော့ ဒေါ်ပုနီအတွက်သာမကပဲ ကိုဗစ်ရောဂါကိုရင်ဆိုင်နေကြရသော လူသားတိုင်းအတွက် အားဆေးတစ်ခွက် ဖြစ်နေစေလိမ့်မည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။

#ရက္ခ_ရေးသားသည်