ခရိုင်တိုးချဲ့ခြင်း နောက်ကွယ်က နိုင်ငံရေးဝှက်ဖဲ

(ဤဆောင်းပါး၌ တနိုင်ငံလုံးတွင် စစ်ကောင်စီက ခရိုင်တိုးချဲ့လာခြင်း၏ နောက်ကွယ်က နိုင်ငံရေးဆက်နွယ်မှုများ၊ ရခိုင်က တိုးချဲ့ခရိုင်တို့၏ ဒေသန္တရနိုင်ငံရေးအခြေအနေများနှင့် ခရိုင်တိုးခြင်းအပေါ် နိုင်ငံရေးသမားတို့၏ အမြင်၊ ဒေသခံတို့၏သဘောထား၊ လာမည့်ရွေးကောက်ပွဲအလားအလာနှင့်ပတ်သက်သည့် သုံးသပ်ချက်တို့ကို ဖော်ပြထားသည်)

By ဂေါင် 31 Mar 2022

DMG ၊ မတ် ၃၁

(ဆောင်းပါး)
ဆောင်ပါးအနှစ်ချုပ်

(ဤဆောင်းပါး၌ တနိုင်ငံလုံးတွင် စစ်ကောင်စီက ခရိုင်တိုးချဲ့လာခြင်း၏ နောက်ကွယ်က နိုင်ငံရေးဆက်နွယ်မှုများ၊ ရခိုင်က တိုးချဲ့ခရိုင်တို့၏ ဒေသန္တရနိုင်ငံရေးအခြေအနေများနှင့် ခရိုင်တိုးခြင်းအပေါ် နိုင်ငံရေးသမားတို့၏ အမြင်၊ ဒေသခံတို့၏သဘောထား၊ လာမည့်ရွေးကောက်ပွဲအလားအလာနှင့်ပတ်သက်သည့် သုံးသပ်ချက်တို့ကို ဖော်ပြထားသည်)

နိဒါန်း

ယခုအခါ မြန်မာနိုင်ငံတွင် စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်မှု စသည့်ကိစ္စအဝဝတို့ကို ဖရိုဖရဲလဲပြိုလာနေသလို တိုင်းနှင့်ပြည်နယ်အနှံ့၌ မီးမမှန်၊ ရေမရ၊ ကုန်ဈေးတက်လို့ လူထုမှာ စိတ်ဒဏ်ရာဗလပွနှင့် အမှောင်ခေတ်သို့ ထိုးကျရောက်နေတော့သည်။

သို့သော်လည်း စစ်ကောင်စီဘက်ကတော့ တနိုင်ငံလုံးအုပ်ချုပ်မှုယန္တယား ပျက်ပြားနေသည့်ကြား၌ပင် မြန်မာနိုင်ငံအတွင်း ခရိုင်(၄၂)ခုအား ထပ်မံတိုးချဲ့ဖွဲ့စည်းရန် စီစဉ်နေသည်။ ယခင်က မြန်မာနိုင်ငံတွင် ခရိုင်ပေါင်း (၇၄)ခရိုင်နှင့် အုပ်ချုပ်ရေးယန္တယားကို မောင်းနှင်စေသည်။ ယခုအခါတွင် ခရိုင်(၄၂)ခုနှင့်  တိုးချဲ့မည့်အတွက် စုစုပေါင်းတနိုင်ငံလုံးတွင် (၁၁၆)ခရိုင် ရှိလာတော့မည်ဖြစ်သည်။

ရခိုင်တွင် ခရိုင် (၇)ခုဖြစ်လာ

ယင်းအထဲမှ ရခိုင်ပြည်နယ်တွင် အမ်းမြို့နှင့် တောင်ကုတ်မြို့ကို ခရိုင်အဖြစ် တိုးချဲ့ဖွဲ့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှသိန်းက ပြီးခဲ့သည့် မတ်လ(၈)ရက်နေ့က သတင်းထောက်များကို ပြောဆိုခဲ့သည်။
အမ်းခရိုင်တွင် အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့ပါဝင်ပြီး တောင်ကုတ်ခရိုင်တွင် တောင်ကုတ်မြို့နှင့် မာန်အောင်မြို့တို့ပါသည်ဟု ၎င်းကဆိုသည်။ ထို့အတူ လက်ရှိတွင် အမ်းမြို့နယ်ရှိ တပ်တောင်မြို့နှင့် မြေပုံရှိ ကမ်းထောင်းကြီးမြို့တို့မှာလည်း အမ်းခရိုင်တွင်ပါဝင်သွားမည်ဖြစ်သလို တောင်ကုတ်မြို့နယ်ရှိ မအီမြို့နှင့် တန်းလွဲရွာမ မြို့တို့အပြင် မာန်အောင်မြို့တို့မှာ တောင်ကုတ်ခရိုင်တွင် ပါဝင်သွားမည်ဖြစ်သည်။

ထို့အတွက် ရခိုင်ပြည်နယ်တွင် ယခင်က စစ်တွေ၊ မောင်တော၊ မြောက်ဦး၊ သံတွဲ၊ ကျောက်ဖြူ ခရိုင်ဟူ၍ (၅)ခု ရှိရာကနေ လက်ရှိတွင် အမ်းနှင့် တောင်ကုတ် ခရိုင်နှစ်ခုထပ်မံတိုးချဲ့လိုက်သဖြင့် ရခိုင်တွင် ခရိုင်စုစုပေါင်း (၇)ခု ရှိလာပြီဖြစ်သည်။

ခရိုင်တွေ ထပ်တိုးတာ ဘာကြောင့်လဲ

ယခုကဲ့သို့ ခရိုင်များထပ်မံတိုးချဲ့ရခြင်းသည် အုပ်ချုပ်ရေးပိုင်ဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်မဖြစ်နိုင်ဘဲ စစ်ကောင်စီက ကျင်းပပေးရန်စီစဉ်နေသည့် လာမည့် ရွေးကောက်ပွဲ PR စနစ်ကိုကျင့်သုံးရန်အတွက် ဖြစ်သည်ဟု ရခိုင့်နိုင်ငံရေးသမားနှင့် လေ့လာသူများကဆိုသည်။
ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ခရိုင်ခွဲတာကတော့ ရည်ရွယ်ချက်ရှိမယ်လေ။ PR ရွေးကောက်ပွဲစနစ်မှာက ခရိုင်ကိုအခြေပြုမယ့်ဟာတွေ ရှိလာမယ်။ ဒါကြောင့် ခရိုင်တိုးခြင်းဟာ PR ကြောင့်ပါ”ဟု DMG ကိုပြောသည်။

ထို့အတူ မြန်မာနိုင်ငံတွင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထိ အထွေထွေရွေးကောက်ပွဲကြီး သုံးကြိမ်ကျင်းပခဲ့ပြီး အစိုးရဖွဲ့စည်းအုပ်ချုပ်ခဲ့ပြီးဖြစ်သည်။ ထိုရွေးကောက်ပွဲစနစ်မှာ အများစုကိုယ်စားပြုကာ အနိုင်ရသူ အကုန်ယူစနစ်(Frirst Past the Post-FPTP)ကို ကျင့်သုံးခဲ့ကြသည်။

ယခုတစ်ခါ မြန်မာပြည်သူတို့ တစ်ခါမှထိတွေ့မှုမရှိသေးသည့် PR စနစ်ဖြင့် လာမည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကာ ခရိုင်များအသစ်ဖွဲ့စည်းပေးရန်အတွက်လည်း စစ်ကောင်စီကခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံကာ PR ရွေးကောက်ပွဲစနစ်ကျင်းပဖို့ ဆွေးနွေးပွဲများတွင် ပါတီအချို့က တင်ပြထားခဲ့ကြောင်းလည်း ဒေါက်တာအေးမောင်ကပြောသည်။

“ခရိုင်ကို များများဖွဲ့ပေးပါ။ သူတို့၏လူမျိုးတွေရဲ့စိုးမိုးမှုဟာ မြို့နယ်တစ်ခု၊ နှစ်ခုလောက်ပဲရှိတာ။ ဆိုတော့ ခရိုင်တစ်ခုမှာ မြို့နယ် ၁၀ ခုလောက်၊ ၅ ခုလောက်ရှိရင် ကျန်တဲ့သုံးမြို့နယ်မှာ သူတို့လူမျိုးမရှိ။ နှစ်မြို့နယ်လောက်ပဲရှိရင် တိုင်းရင်းသားလူမျိုးငယ်တို့ အနိုင်ရဖို့မလွယ်ဘူး။ ဒါကြောင့် ခရိုင်တိုးပေးတာ”ဟု ဒေါက်တာအေးမောင်က ပြောသည်။

စစ်ကောင်စီကကျင်းပမည့် PR ရွေးကောက်ပွဲစနစ်အရ မဲဆန္ဒနယ်မြေတစ်ခုချင်းစီအတွက် မဲပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များကို မဲပေးခြင်းမျိုးမဟုတ်ဘဲ ပါတီ၏မူဝါဒနှင့် ပါတီနာမည်ကိုသာ မဲပေးရမည်ဖြစ်သည်။ ယင်းအထဲမှနေ မဲဆန္ဒနယ်တစ်ခုတွင်(A)နှင့် (B)(C)ပါတီ စသည်ဖြင့်တွေ့ရမည်။ (A)တွင် ၁၀၀ မဲ၊ (B)တွင် ၉၉ မဲနှင့် (C)တွင် ၉၈ မဲ စသည်တို့ကိုပေါင်းလိုက်ပြီး ကိုယ်စားလှယ်ဦးရေးတို့ကို အချိုးချပြီး ရွေးချယ်ရမည်ဖြစ်သည်။

သို့ရာတွင် ယခုအချိန်သည် မြန်မာ့နိုင်ငံရေးအရှုပ်အထွေး၊ စီးပွားရေး၊ လူမှုရေးအကျပ်အတည်းများကို ကောင်းမွန်စွာ ဖြေရှင်းရမည့်အချိန်သာဖြစ်ပြီး ယင်းသို့ ခရိုင်တို့တိုးချဲ့ ဖွဲ့စည်းခြင်းတို့မှာ မလိုအပ်သည့် လုပ်ငန်းများကို စစ်ကောင်စီက လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဝေဖန်မှုတို့ရှိနေသည်။

မြေပုံမြို့မှာ ယခင်က စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦးနှင့် ယခုအမ်းခရိုင်တို့တွင်ပါဝင်နေခြင်းမှာ PR စနစ်ကို အခြေခံပြီး နိုင်ငံရေးရှုပ်ထွေးအောင်လုပ်ဆောင်နေခြင်းဟု မြေပုံဒေသခံတို့က ပြောဆိုနေကြသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက “အဓိက ပြဿနာတွေကို ဖြေရှင်းရမယ့်အချိန်မှာ မလိုအပ်တဲ့ခရိုင်တွေကို တိုးချဲ့နေတယ်ပေါ့။ မလိုအပ်ပဲလုပ်နေတယ်ပေါ့။ မြေပုံဟာဆိုရင်လည်း စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ ကျောက်ဖြူခရိုင်၊ အမ်းခရိုင်တွေမှာပါလိုက်နဲ့ တည်ငြိမ်မှုမရှိဘဲပြောင်းလဲနေတယ်။ ဒါကတော့ ရည်ရွယ်ချက်တစ်ခုနဲ့ အသဲအသန်ရှုပ်ထွေးအောင်လုပ်နေတာ”ဟု ဝေဖန်သည်။

ထိုသို့ခရိုင်တိုးချဲ့ခြင်းက PR ရွေးကောက်ပွဲပြုလုပ်မည့်အရေးမှာ စစ်အာဏာရှင်၏ နိုင်ငံရေးထွက်ပေါက် ကစားကွက်သာဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် သက်တမ်းရှည်ဖို့ခိုင်မာအောင် အခြေချလုပ်ဆောင်ခြင်းဟုလည်း လေ့လာသူတို့ကရှုမြင်နေကြသည်။

ဦးဖေသန်းက “အထူးသဖြင့် မရိုးသားတာကတော့ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတာဖြစ်တယ်။ ဒီတော့ နောက်ထပ်လည်း တိုးချဲ့ဖို့လုပ်လာတယ်ပေါ့။ နိုင်ငံရေးအဖြစ်လုပ်သွားဖို့ ရွေးကောက်ပွဲနဲ့ PR စနစ်ကို ယှဉ်ပြီးတော့သွားမှာဖြစ်တယ်”ဟု ဆိုသည်။

ယင်းသို့ နိုင်ငံရေးသမားတို့၏ ဝေဖန်ထောက်ပြမှုနှင့်ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်မေးမြန်ဖို့ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
သို့သော်လည်း PR အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်ကာ ခရိုင်များ တိုးချဲ့သတ်မှတ်နိုင်ကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက မတ်လ ၂၄ ရက်နေ့ စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည်။

“အထူးသဖြင့် လူဦးရေနည်းပါးတဲ့နယ်မြေများတွင် ကိုယ်စားလှယ်အရေအတွက်များစွာ လျှော့နည်းပါးသွားမှာ ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ တွက်ချက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၁၀၉(က)အရ မြို့နယ်ကိုသာ အခြေခံသင့်ကြောင်းနှင့် မဲဆန္ဒနယ်ကိုတော့ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ ခရိုင်မြို့နယ်များကို လိုအပ်သလိုစုစည်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာ PR စနစ်ဖြင့် ရွေးကောက်ပွဲဆောင်ရွက်နိုင်ပါတယ်”ဟု ဦးခင်မောင်ဦးက ပြောဆိုခဲ့သည်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၃၉(ဂ)အရ မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တို့တွင် ဖွဲ့စည်းပုံပါအခြေခံဥပဒေ အရေအတွက်အတိုင်း ဖွဲ့စည်းရန်အတွက် ကော်မရှင်က မဲဆန္ဒနယ်များသတ်မှတ်ပြီး ရွေးကောက်ပွဲများ အချိုးစားကိုယ်စားပြုစနစ်(PR)စနစ်အသုံးပြု၍ ကျင်းပမည်ဟုလည်း ဦးခင်မောင်ဦးကပြောဆိုခဲ့သည်။

အလားတူ လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို အချိုးကျကိုယ်စားပြုစနစ်(PR)၊ အမျိုးသားလွှတ်တော်ကိုတော့ နိုင်သူအကုန်ယူစနစ်(FPTP)နဲ့ ကျင့်သုံးဖို့ရှိလာနိုင်ကြောင်းလည်း ဦးခင်မောင်ဦးကဆိုသည်။

တောင်ကုတ်နဲ့ အမ်းခရိုင်တို့ရဲ့ ဒေသန္တရနိုင်ငံရေး

ယခင်ရွေးကောက်ပွဲ ရလာဒ်များကိုပြန်ကြည့်လျှင် အမ်းမြို့နယ်သည် ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရခဲ့ပြီး၊ တောင်ကုတ်မြို့နယ်သည် NLD အားကောင်းသည့် နယ်မြေတို့ဖြစ်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ANP က အနိုင်ရ ထိုးဖောက်ဝင်ရောက်နိုင် ခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့် အဆိုပါဒေသများ၏ ဒေသန္တရ နိုင်ငံရေးပါတီလမ်းကြောင်းမှာ ယခုထပ်မံ နယ်မြေကွဲလာသည့်အတွက် စဉ်းစားချက်တို့ရှိလာသည်။

မြေပုံမြို့နယ်သည် အစဉ်အဆက် ရခိုင်အမျိုးသားရေးကိုအခြေခံသည့် ရခိုင်ပါတီများရခဲ့သည်။ အမ်းမြို့နယ်တွင် စစ်တပ်ကလွှမ်းမိုးသည့်ဒေသဖြစ်သည့်အတွက် USDP က အနိုင်ရသည်ကိုတွေ့ရသည်။ ထို့ကြောင့် မြေပုံမြို့နယ်ကို အမ်းဘက်ကို ရွှေ့ပြောင်းပေါင်းလိုက်သည့်အတွက် အမျိုးသားရေးအင်အားစုများ အားပျော့သွားအောင်လုပ်ဆောင်သည့် သဘောဟုလည်း စဉ်းစားနေကြသည်။

“မြေပုံကို အင်အားလျှော့သွားအောင်၊ တနည်းအားဖြင့် အားသာတဲ့ အမ်းမြို့နယ်နဲ့ ရောသမလိုက်တော့ အမျိုးသားရေးအင်အားစုတွေ အားပျော့သွားမယ်။ တောင်ကုတ်နဲ့မာန်အောင်မှာလည်း ဒီလိုပဲ”ဟု ဦးဖေသန်းက ဝေဖန်သည်။

ယင်းနောက် သံတွဲခရိုင်ရှိ သံတွဲနှင့်ဂွမှာလည်း NLD က ဝင်မပြိုင်ခဲ့လျှင် USDP အားသာရန်  ပိုပြီးသေချာမည် ဖြစ်သည့်အတွက် ရခိုင့်ပါတီနိုင်ငံရေးမှာ စိတ်ဝင်စားစရာရှိနေသည်။ ထို့ကြောင့် မဲဆန္ဒနယ်များကို အားသာရာနှင့် အားနည်းရာကို ရောသမမွေလိုက်ခြင်းဟုလည်း နိုင်ငံရေးသမားတို့က ရှုမြင်နေကြသည်။

PR စနစ်ကို ရွေးကောက်ပွဲတွင်ရှုံးနိမ့်နိုင်ခြေများသည့် နိုင်ငံရေးပါတီများ၊ ပါတီငယ်များကလည်း PR စနစ်အပေါ် ကြိုက်နှစ်သက်သည်။ ယင်းစနစ်မှာ တဖက်ကကြည့်ရင် မှန်နေသည်ဆိုသော်လည်း အခြားတဖက်က အစိုးရဖွဲ့သည့်အခါမှာ အင်အားလျော့သွားမည်ကို တွေ့နိုင်သည်။
အကြောင်းမှာ မြန်မာနိုင်ငံတွင် PR စနစ်ကျင့်သုံးသော်လည်း ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအလျှောက် ယူထားပြီး သားရှိနေသည့်အတွက် ပြည်သူတို့ယှဉ်ပြိုင်ရမည့် လွှတ်တော်အခင်းအကျင်းတွင် ၇၅ ရာခိုင်နှုန်းပဲ ရှိနေသည်။ တနိုင်ငံလုံးအတိုင်းအတာအရ ဥပမာ (NLD)နှင့် (USDP)တို့ အချိုးချလိုက်လျှင် (NLD)က နှစ်ပုံရလျှင် (USDP)က တစ်ပုံရမည်မှာ သေချာနေကာ တစ်နိုင်ငံလုံး မဲအပြတ်အနိုင်ရသည်ဆိုသည်မှာ မရှိတော့ပေ။

ယင်းကြောင့် PR စနစ်မှာ အင်အားကြီးသော အစိုးရတစ်ရပ်မဖြစ်လာတော့ပဲ ညွန့်ပေါင်းအစိုးရဖြစ်လာမည်မှာ မုတ်ချပင်။ ထိုညွန့်ပေါင်းအစိုးရကို စစ်တပ်ကလိုလားနေသလို မျိုးနွယ်စုငယ်ပါတီများနှင့် ရခိုင်ပါတီ တချို့ကလည်း လိုလားနေသည်။

ယင်းကြောင့် လာမည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် ညွန့်ပေါင်းအစိုးရအဖြင့်နှင့် ခရီးနှင်ရမည့် ကိန်းဆိုက်သလို တိုင်းရင်းသားအားလုံးပါဝင်မည့် အခွင့်အရေးရှိလာနိုင်သဖြင့် နိုင်ငံရေးသမားတချို့ကလည်း သဘောတွေ့နေကြသည်။
ဒေါက်တာအေးမောင်ကတော့ “ဒီတိုင်းပြည်က ဒီတိုင်းပြည်က ညွန့်ပေါင်းအစိုးရနဲ့ ကိုက်ညီတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိနေတာလေ။ ညွန့်ပေါင်းအစိုးရဖြစ်မှပဲ ကချင်၊ ချင်း၊ ရခိုင်တွေ ပါရမယ်။ အားလုံးကို ပြည်မပါတီကနိုင်သွားရင် အားလုံးခေါင်းညိတ်နေတဲ့ သူကိုတင်လိုက်ရင် ဘာမှပြောလို့ မရတော့ဘူး”ဟု သူ့အမြင်ကို ရှင်းပြသည်။

ခရိုင်တိုးချဲ့ခံရခြင်းနဲ့ ဒေသခံတို့ သဘောထား

အမ်းမြို့အား ခရိုင်အဖြစ်သတ်မှတ်လိုက်ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများရှိလာမည်ဖြစ်သဖြင့် ဒေသခံတို့က ကြိုဆိုကြသော်လည်း နိုင်ငံရေးအကျိုးအမြတ်အတွက် စမ်းသပ်အသုံးပြုမည်ဆိုသည့်အချက်ကို ဒေသခံတို့က မနှစ်မျို့ကြပေ။

အမ်းဒေသခံကိုမျိုးလွင်ကမူ “တကယ်တမ်း နိုင်ငံရေးအရအမြတ်ထုတ်ဖို့အတွက် ခရိုင်တိုးလိုက်တယ်ဆိုရင် ရလာဒ်မကောင်းဘူးလို့ပြောရမယ်။ PR စနစ်စမ်းသုံးဖို့ဆိုပြီး ကြိုးစားနေတဲ့အချိန်မှာ အမ်းကလည်း တပ်ရင်းမြို့ ဖြစ်တဲ့အခါမှာ သူတို့လွှမ်းမိုးနိုင်တဲ့နေရာတွေကို ခရိုင်အဖြစ်သတ်မှတ်တာကတော့ သူတို့အတွက် နိုင်ငံရေး အမြတ်ထုတ်တာတော့ မကောင်းဘူးလို့ပြောလို့ရတယ်”ဟု DMG ကို ပြောဆိုထားသည်။

ထို့အတူ တောင်ကုတ်မြို့ကိုလည်း ခရိုင်အဆင့်တိုးလာလျှင် ခရိုင်အင်္ဂါရပ်နဲ့ညီမျှတဲ့ တာဝန်ယူမှု လိုအပ်မည်ဖြစ်ပြီး နိုင်ငံရေးအရအဆင့်တိုးပြီး စည်ပင်ဝဖြိုးအောင်မလုပ်ဆောင်လျှင် အလားကားသာ ဖြစ်သွားမည်ဟုလည်း ဒေသခံတို့ကဆိုသည်။

တောင်ကုတ်မြို့ခံ ကိုမင်းမဟာကတော့ “အခုဟာက တောင်ကုတ်မြို့ဟာ သာမန်မြို့လေးတစ်ခုပါ။ ဒါကို ခရိုင်အဆင့်နဲ့တိုးလိုက်တဲ့အခါ သတ်မှတ်ချက်အင်္ဂါရပ်နဲ့ညီအောင် စေတနာပါပါလုပ်ပေးရမယ်။ ဒါမှ ပြည်သူတွေ လက်ခံမှာ။ ဒါပေမယ့်လည်း နိုင်ငံရေးအရ ဆက်နွယ်မှုလည်း ရှိကောင်းရှိကောင်းလိမ့်မယ်။ ခရိုင်သတ်မှတ်ပြီးတော့ နယ်မြို့အဆင့်သာရှိနေရင်တော့ ဒါကအလကားပဲလေ”ဟု မှတ်ချက်ပေးသည်။

လက်ရှိတောင်ကုတ်ဒေသတွင် မြို့အဖြစ်သတ်မှတ်ခံထားရသည့် မအီ၊ တန်းလွဲရွာမမြို့တို့မှာလည်း မြို့အဖြစ်သာ နာမည်ရထားသော်လည်း မြို့အင်္ဂါရပ်နှင့် လိုက်လျှောညီထွေမည့် လုပ်ငန်းပိုင်းတွင်လည်း အကောင်အထည်ဖော်ဆောင်မှု အားနည်းချက်တို့ရှိနေကြောင်းလည်း ဒေသခံတို့ကပြောဆိုနေကြသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ထိပ်ပိုင်းခေါင်းဆောင် ဦးမျိုးကျော်ကလည်း “ခရိုင်တွေတိုးချဲ့နေတာ မြို့တွေတိုးချဲ့တာလည်း နာမည်ပေးလိုက်ရုံနဲ့မရဘူး။ တာဝန်ပိုင်း၊ အလုပ်ပိုင်း စတဲ့အရာတွေပါလာတယ်။ ဘတ်ဂျတ်အရ ရုံးအဆောက်အအုံ၊ ဝန်ထမ်းအဆောင်ယောင်တွေ လုပ်ပေးရမယ်လေ။ အခုကတော့ ဘာမှ ပြောင်းလဲတာမရှိဘူး”ဟု ထောက်ပြသည်။

လာမည့် ရွေးကောက်ပွဲ အလားအလာ

လက်ရှိအခြေအနေအရ ပြည်မနေပြည်သူတို့အပါအဝင် ရခိုင်လူထုတို့မှာလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ရခိုင်တွင် AA ၏ တော်လှန်ရေးလမ်းစဉ်အောက်တွင် လိုက်ပါနေကြသလို ဗမာနှင့်တခြားပြည်နယ်တို့တွင်လည်း တော်လှန်ရေးအားကောင်းနေခြင်းနှင့် NLD ပါတီ ယှဉ်ပြိုင်ဖို့အနေအထားမှာ မသေချာသေးခြင်းဆိုသည့်အချက်တို့ကိုတွေ့ရသည်။

ယင်းကြောင့်စစ်တပ်ကလိုချင်သည့် နိုင်ငံရေးအခင်းအကျင်းတစ်ခုသည်လည်း ယခင်က အင်အားကြီးသည့် ပါတီများ မပါဝင်လေ ကောင်းလေဆိုသည့် အားသာချက်တို့လည်းရှိနေသည့်အတွက် ရွေးကောက်ပွဲတွင် အမြတ်နှစ်ဆထွက်မည့် အခြေအနေတွင်ရှိနေသည်။

“ရွေးကောက်ပွဲကို ကျနော်တို့လုပ်နိုင်တဲ့နေရာမှာလုပ်မယ်။ မလုပ်နိုင်တဲ့နေရာမှာ မလုပ်ဘဲချန်ထားရင် ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲရဲ့အနှစ်သာရတွေ ယုတ်လျော့သွားမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအကြား အလပ်မရှိကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်”ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၄ ရက်နေ့က နေပြည်တော်မှာ လုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားသည်။

ယခင်က ရွေးကောက်ပွဲ(၃)ကြိမ်တို့တွင် မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အထဲ၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မြို့နယ် ၃၂၃ မြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မြို့နယ် ၃၁၅ မြို့နယ်ကျင်းပနိုင်ခဲ့သည်။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်ကစပြီး မြို့နယ်တဖြည်းဖြည်း လျော့ကျင်းပနိုင်ခဲ့ခြင်းကို တွေ့ရသဖြင့် ယခုအခါတွင် ပါတီစုံဒီမိုကရေစီစနစ်ကို တစ်နိုင်ငံလုံး မည်သည့်နေရာဒေသမကျန် ကျင့်သုံးရန်အတွက်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။

နိဂုံး

မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီဘက်ကတော့ ပြည်သူစိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ၊ အချိန်တန်လျှင် ၎င်းတို့က အင်အားနည်းပါတီအနည်းငယ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ပေးကာ သူတို့သွားလိုသည့် နိုင်ငံရေးလမ်းစဉ်ကိုသွားမည်ဖြစ်ကြောင်း တွေ့ရသည်။
ယင်းကြောင့် PR နှင့် ရွေးကောက်ပွဲခရီးမှာ စစ်ကောင်စီ၏မဟာဗျူဟာ ကစားကွက်တစ်ခုသာဖြစ်ကြောင်းနှင့် ၎င်းတို့လိုချင်သည့် ဝှက်ဖဲတချပ်ကို ကြိုက်သလိုထုတ်သုံးလို့ရကြောင်းလည်း ရခိုင့်နိုင်ငံရေးသမားတို့က ပြောဆိုနေကြသည်။

ALD ထိပ်ပိုင်းခေါင်းဆောင် ဦးမျိုးကျော်ကတော့ “အဓိကတော့ ဘယ်သူဘာပြောပြော စစ်ကောင်စီကတော့ ရေရှည်အုပ်ချုပ်ဖို့အတွက် သူတို့သွားမယ့်အခင်းအကျင်းကို ပြင်ဆင်တာ။ သူတို့ဒိုင်လုပ်တယ်။ သူတို့ဖဲကို သူတို့ ကုလားဖန်ထိုး၊ သူ့ဟာသူချိုးပြီးတော့ သူ့ဝိုင်းကိုစားဖို့လုပ်တဲ့ ဥပမာတစ်ခုပါ”ဟု မှတ်ချက်ပြုသည်။

ဂေါင်-ရေးသည်