- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
မှေးမှိန်သွားသည့် ရခိုင်က MSME လုပ်ငန်းများ
ရခိုင်ပြည်နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာလျှင် ရခိုင်ပြည်တွင်းက ရွှေ့ပြောင်းလုပ်သားများ နည်းပါးလာနိုင်ပြီး စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လူငယ်များက မျှော်လင့်ချက်များရှိခဲ့သည်။
26 Sep 2024
ဝင်းညွန့် - ရေးသည်။
လွန်ခဲ့သည့် နှစ်အငယ်ကာလများက ရခိုင်ပြည်တွင်း လုပ်ငန်းခွင် ဖွံဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကူအညီပေးရန် အစပျိုးလုပ်ဆောင်လာခဲ့သည့် အငယ်စား၊ အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများမှာ ယခုအခါ တဖြည်းဖြည်း မှေးမှိန်သွားသည်။
အဓိကအားဖြင့် တိုက်ပွဲနှင့်အတူ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသဖြင့် MSME လုပ်ငန်းရှင်များမှာ စီးပွားရေးကို ဆက်မလုပ်နိုင်တော့ဘဲ ရပ်တန့်လိုက်ရခြင်းဖြစ်သည်။
တတိယအကြိမ် တကျော့ပြန်တိုက်ပွဲ မဖြစ်ခင်ကတည်းက MSME လုပ်ငန်းရှင်များမှာ ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် ကုန်ကြမ်းလိုအပ်ချက် စသည့်စိန်ခေါ်မှုများရှိခဲ့ပြီး တိုက်ပွဲဖြစ်လာသည်နှင့် လုပ်ငန်းအားလုံးနီးပါးကို ရပ်နားထားလိုက်ရသည်။
အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း (ရခိုင်) - MSME Association Rakhine မှ တာဝန်ရှိသူတစ်ဦးက “စီးပွားရေးလည်ပတ်မှုက လုံးဝမရှိတော့ဘူး။ ကုန်သွယ်မှုအားလုံးက တရားမဝင် ကုန်သွယ်မှုဖြစ်သွားတယ်။ အိန္ဒိယကုန်သွယ်မှုဆိုတာကလည်း လမ်းခရီးခက်ခဲမှုတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ အိန္ဒိယအစိုးရက ကန့်သတ်ထားတာတွေရှိတဲ့အတွက် အခက်အခဲတွေရှိတယ်” ဟု ပြောသည်။
ရခိုင်ပြည်အတွင်းက MSME လုပ်ငန်းရှင် စုစုပေါင်း ၁၀၀ ကျော်ပါဝင်သည့် MSME (ရခိုင်)အသင်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
ရခိုင်ပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များအချင်းချင်း အပြန်အလှန်ဖေးမကူညီပေးရန်၊ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များအား ပြည်တွင်းလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးနိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်းလာပြီး ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန်၊ ဒေသထုတ်ကုန်များ ဈေးကွက်အတွင်းသို့ ရောက်ရှိရန်အတွက် MSME (ရခိုင်)အသင်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်အတွင်းက MSME လုပ်ငန်းများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသော လုပ်ငန်းများနှင့် အိမ်တွင်း စက်မှု၊လက်မှု လုပ်ငန်းများလည်း ပါဝင်သည်။
ပြီးခဲ့သည့် ၂ နှစ်ခန့်က လုပ်ငန်းတိုးတက်မှုရှိခဲ့သည့် စစ်တွေမြို့မှ ရက္ကန်းစက်ရုံ၊ ပလတ်စတစ်အိတ်စက်ရုံ၊ တီးရှူးစက်ရုံ၊ ရခိုင်ဒေသထွက် စားသောက်ကုန်ထုတ်လုပ်ငန်းများမှာ လက်ရှိတွင် လုပ်ငန်းရပ်နားထားရသည်။
တိုက်ပွဲနှင့်အတူ လျှပ်စစ်မီးပြတ်တောက်နေမှုကလည်း MSME လုပ်ငန်းများ မလည်ပတ်နိုင်ခြင်း အကြောင်းအရင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။
“ထုတ်ကုန်တစ်ခုလုပ်ဖို့အတွက် ရေ၊ လျှပ်စစ်မီးက အရေးကြီးတယ်။ အခုက လျှပ်စစ်မီးတွေလည်း မရတော့ဘူး။ လုပ်ငန်းထိခိုက်မှုဆိုတာထက် လုပ်ငန်းတွေက ပျက်ထွက်သွားအောင်ထိ ဖြစ်သွားတယ်။ တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ၊ ဖြန့်ချိရေးလုပ်ငန်းတွေက အကုန်လုံးရပ်သွားတယ်” ဟု သူက ရှင်းပြသည်။
ထိုသို့ဒေသတွင်း တပိုင်တနိုင်ကုန်ထုတ်နေကြသည့် MSME လုပ်ငန်းများ ရပ်တန့်နေမှုများသည် လုပ်ငန်းရှင်များ ထိခိုက်မှုတစ်ခုတည်း မဟုတ်ပေ။ စက်ရုံအလုပ်ရုံများကို မှီခိုနေကြရသည့် ဒေသခံအလုပ်သမားများမှာလည်း စားဝတ်နေရေးကျပ်တည်းမှုများ ရှိလာနေသည်။
ပြည်တွင်းထုတ်ကုန်များ မရှိတော့ပေ
MSME လုပ်ငန်းတစ်ခုဖြစ်သည့် စစ်တွေမြို့နယ်က ရိုးရာရက္ကန်းလုပ်ငန်း လုပ်ကိုင်သည့် ဝါဘိုကျေးရွာသားမှာလည်း လုပ်ငန်းရပ်နားပြီး လက်ရှိတွင် စစ်ဘေးရှောင်အဖြစ် လွတ်မြောက်ရာနေရာများသို့ ထွက်ပြေးနေကြရသည်။
“ဝါဘိုသူရက္ကန်း”လုပ်ငန်းရှင် ဒေါ်မတင်သိန်း “တရွာလုံးက ရှောင်ပြေးသွားတော့ ရက္ကန်းမရက်ကြတော့ဘူး။ ကျမတို့ရွာမှာ ရက္ကန်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ကြတာလေ။ အဲဒါအခု မလုပ်ကြရတော့ စားဝတ်နေရေးက တော်တော်ဆိုးရွားသွားတာပေါ့” ဟု ပြောသည်။
ဝါဘိုသူရက္ကန်းလုပ်ငန်းတွင် ဝန်ထမ်း ၃၀ ကျော်ရှိပြီး ရက္ကန်းလုပ်ငန်း ရပ်နားလိုက်ရသည့်အတွက် ဝန်ထမ်းများမှာလည်း စားဝတ်နေရေးမှာ ထိခိုက်မှုများရှိနေကြသည်။
ဝါဘိုသူဆိုင်မှ ဝန်ထမ်းတစ်ဦးက “ရက္ကန်းလုပ်ရတဲ့အချိန်က တစ်လကို ငွေကျပ်တစ်သိန်းခွဲထိ ပုံမှန်ဝင်ငွေရှိတယ်။ မိသားစုစားဝတ်နေရေးအတွက် မဖူလှုံဆိုရင်တောင် ဝင်ငွေတစ်ခုပုံမှန်ရှိတဲ့အတွက် ဆန်စရိတ်ရသေးတယ်။ ကျမတို့တစ်ရွာလုံးက ရက္ကန်းလုပ်ငန်းကိုအားကိုးပြီးတော့ မှီခိုစားသောက်နေကြတာ။ အခုက ဘာအလုပ်မှ မရှိတော့ဘူး” ဟု ပြောသည်။
ရခိုင်ရိုးရာ ရက္ကန်းလုပ်ငန်းသည် ရဟတ်၊ ရွှန်းသီး၊ ရွှန်း၊ ရှား၊ ယာဉ်သွား၊ နှပ်ချည်၊ ကျော့ဝါးလုံး၊ နှပ်သီးတန်၊ ခြေနင်း၊ ယာဉ်ကြိုး စသည်တို့ဖြင့် ပိုးထည်၊ ချည်ထည်တို့ကို အိန္ဒိယချည်အမျိုးစားဖြင့် အရည်အသွေးမီ အမျိုးသား၊ အမျိုးသမီး အဝတ်အထည်များကို ရက်လုပ်ခြင်းဖြစ်သည်။
ရခိုင်ပြည်တွင်ရှိသည့် ရွှေကျားရက္ကန်းစက်ရုံသည် ရက္ကန်းစင် ၁၀၀ ကျော်ဖြင့် လည်ပတ်ခဲ့ပြီး လက်ရှိတွင် စစ်ရေးပဋိပက္ခများကြောင့် အလုပ်မဖြစ်တော့ပေ။ ယခင်က ရခိုင်ပြည်တွင်း ထုတ်ကုန်တစ်ခုဖြစ်သော ရခိုင်ရိုးရာ ရက္ကန်းထည်များကို ရခိုင်ပြည်အပြင် ပြည်မနှင့် ပြည်ပနိုင်ငံအသီးသီးသို့ ဖြန့်ချိရောင်းချခဲ့သည်။
စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ Top ပလတ်စတစ်အိတ်စက်ရုံ လည်ပတ်ခဲ့သည်မှာ ၆ နှစ်ကျော် ကြာမြင့်ခဲ့သော်လည်း လက်ရှိတွင် လုပ်ငန်းအားလုံးကို ရပ်နားထားရသည်။
“တိုက်ပွဲဖြစ်စတုန်းကလည်း လုပ်ငန်းလည်ပတ်ခဲ့သေးတယ်။ ဖေဖော်ဝါရီလကတည်းက လျှပ်စစ်မီးတွေမရတဲ့အတွက် လုပ်ငန်းတွေကို ရပ်နားလိုက်ရတာ။ အခုက လုပ်ငန်းတွေရပ်ထားရတာဆိုတော့ စက်ရုံတန်ဖိုးနဲ့ဝယ်ထားတဲ့ ကုန်ကြမ်းတွေက ဆုံးရှုံးတာပေါ့။ စက်ရုံရပ်ထားတော့ ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ဖြစ်သွားတာပေါ့” စစ်တွေမြို့ရှိ Top ပလတ်စတစ်အိတ်စက်ရုံပိုင်ရှင် ဦးအောင်သန်းလှိုင်က ပြောသည်။
ရခိုင်ပြည်အတွင်း ပလတ်စတစ်စက်ရုံ သုံးရုံရှိပြီး စစ်တွေမြို့နယ်တွင် နှစ်ရုံနှင့် မြောက်ဦးမြို့နယ်တွင် တစ်ရုံဖြစ်သည်။ ၎င်းစက်ရုံများမှ ရခိုင်ပြည်အတွင်း နေ့စဉ်အသုံးပြုနေသော ပလတ်စတစ်အိတ် ၂၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်နိုင်ခဲ့သည်။
ရခိုင်တွင် တစ်နှစ်လျှင် ပလတ်စတစ်အိတ်သုံးစွဲမှု အလေးချိန်ပေါင် ၂ သန်းခွဲခန့်ရှိသည့်အနက်မှ ရခိုင်ပြည်တွင်း စက်ရုံများမှ တစ်နှစ်လျှင် ပလတ်စတစ်တန်ချိန်ပေါင် ၄ သိန်းခွဲခန့်သာ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
“ပစ္စည်းကလုပ်ပြီးရင် အကုန်လုံးရောင်းထွက်ပြီးသား။ Order မှာသူတွေလည်းများတယ်” ဟု အောင်သန်းလှိုင်က ဆိုသည်။
MSME လုပ်ငန်းကြောင့် ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများမှာ အရှေ့တောင်အာရှရှိ ထိုင်း၊ မလေးရှား၊ ဘရူနိုင်း စသည့် နိုင်ငံများရှိသည်။ ထိုင်းနိုင်ငံမှာ သဘာဝအရင်းအမြစ်များအဖြစ် သံရိုင်း၊ ရော်ဘာ၊ သစ်၊ ခဲနှင့် ငါး အများဆုံးထွက်ရှိပြီး မြေဧရိယာ၏ ၃၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။
အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရက အတိုးနှုန်းနည်းသည့် MSME ချေးငွေများ နှစ်စဉ်ထုတ်ပေးသဖြင့် စက်ရုံအလုပ်ရုံများ ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းလည်း ဖြစ်သည်။
ရခိုင်ဒေသသည်လည်း ရေခံမြေခံကောင်းပြီး သီးနှံများ စိုက်ပျိုးဖြစ်ထွန်းမှုရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူးရေးလုပ်ငန်းများနှင့် လယ်ယာလုပ်ငန်းများနှင့် ငါးဖမ်းလုပ်ငန်းများကိုလည်း တွင်ကျယ်စွာ လုပ်ကိုင်နိုင်သည်။
ပေါက်တောမြို့နယ်မှ တစ်ပိုင်တစ်နိုင် ငါးမွေးမြူးရေးလုပ်ငန်းရှင်တစ်ဦးက “ငါးမွေးမြူရေးလုပ်ငန်းက အောင်မြင်မှုရှိပါတယ်။ ဒါပေမဲ့ ဒီထက်လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့တော့ ငွေကြေးအခက်အခဲတွေ ရှိနေတယ်။ ကျနော်တို့မှာ မိုခါကြောင့် တာတမံတွေ ပေါက်သွားတဲ့အတွက် အကုန်လုံးဆုံးရှုံးသွားခဲ့ရတယ်။ အခုလည်း တိုက်ပွဲဖြစ်တော့ ငါးမွေးရေးလုပ်ငန်းကို မလုပ်နိုင်တော့ဘူး” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာလျှင် ရခိုင်ပြည်တွင်းက ရွှေ့ပြောင်းလုပ်သားများ နည်းပါးလာနိုင်ပြီး စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လူငယ်များက မျှော်လင့်ချက်များရှိခဲ့သည်။
စစ်ကောင်စီ ကတိကဝတ်
အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးပယောဂတို့ကြောင့် အကျဘက်ကိုရောက်ခဲ့ရသည့် မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်ရန် ဆောင်ရွက်နေကြောင်း ပြောဆိုထားသည်။
၂၀၂၂ ခုနှစ်အတွင်းက စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တိုင်းနှင့်ပြည်နယ်အချို့မှ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုများရှိခဲ့သည်။
တိုင်းပြည်စီးပွားရေး ပြန်လည်မြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များနေရာတွင် ပြည်တွင်းထုတ်ကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ထုတ်ကုန်များ တင်ပို့နိုင်ရန်အတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့်ငွေကြေးကို နိုင်ငံတော်မှ ထုတ်ချေးပေးသွားမည်ဟု စစ်ကောင်စီက စကားဆိုထားသည်။
ရခိုင်ပြည်တွင်လည်း MSME စီးပွားရေးလုပ်ငန်းရှင်များကို ငွေကျပ်ဆယ်ဘီလီယံ ထုတ်ချေးပေးမည်ဟု ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်။ သို့သော် စစ်ကောင်စီထံမှ ချေးငွေရရှိသည့် MSME လုပ်ငန်းရှင်များရှိသလို လက်ရှိအချိန်ထိ ချေးငွေမရရှိသည့် လုပ်ငန်းရှင်များလည်း ရှိခဲ့သည်။
MSME လုပ်ငန်းနှင့်ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ဆောင်ရွက်ပေးခဲ့သော်လည်း အားနည်းချက်များ ရှိခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။
လက်ရှိတွင် နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ တဟုန်းထိုးကျဆင်းသွားကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (REIC) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။
“အဓိက နိုင်ငံရေးကျောထောက်နောက်ခံ တည်ငြိမ်မှုမရှိတဲ့အတွက် စီးပွားရေးအခြေအနေက တဟုန်ထိုး ကျဆင်းသွားတယ်။ MSME လုပ်ငန်းရှင်တွေမှာ ကုန်ကြမ်းလည်းမရသလို ကုန်ချောလည်း မထုတ်နိုင်တဲ့အတွက် စီးပွားရေးအခြေအနေက လုံးဝထိုးကျသွားတယ်” ဟု ပြောသည်။
ယင်းအပြင် MSME လုပ်ငန်းရှင်များမှာ တရားဝင်လုပ်ငန်း မှတ်ပုံတင်လက်မှတ် လျှောက်ရာတွင်လည်း ကန့်သတ်မှုများရှိခဲ့ပြီး လိုင်စင်ရရှိမှုမှာ ကြန့်ကြာမှုများရှိခဲ့သည်။ အခြားတစ်ဖက်တွင်လည်း သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဒဏ်ကြောင့် ရခိုင်က MSME လုပ်ငန်းရှင်များမှာ အဘက်ဘက်မှ နစ်နာမှုများ ရှိခဲ့သည်။
ကျောက်ဖြူ ဆားလုပ်ငန်းရှင်များအသင်းဝင် ဦးဖြူဒေါင်းကြီးက “မနှစ်က ထွက်ရှိတဲ့ဆားတွေကို တိုက်ပွဲကြောင့် မြို့နယ်တွေကို မပို့နိုင်ခဲ့တဲ့အတွက် ဆားတွေတင်ကျန်နေတယ်။ ဒီနှစ်ဆားလုပ်ဖို့က သိပ်မသေချာဘူး” ဟု ပြောသည်။
ရခိုင်ပြည်တွင် ၂၀၀၀ ပြည့်နှစ်မတိုင်မီက ဆားလုပ်ကွက်ဧကပေါင်း ၂,၀၀၀ နီးပါးရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆားလုပ်ငန်းလုပ်ကိုင်သူ နည်းပါးသွားပြီး လက်ရှိမှာ ဆားလုပ်ကွက်ဧက ၁,၀၀၀ ကျော်သာ ကျန်ရှိတော့သည်။
ရခိုင်ပြည်မှဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် အစီအစဉ်မှာလည်း မအောင်မြင်ခဲ့သဖြင့် ဆားလုပ်ငန်းလုပ်ကိုင်သူများမှာ မျှော်လင့်ချက်မဲ့နေကြရသည်။
လုပ်ငန်းရှင်တွေ မျှော်လင့်ချက်
MSME လုပ်ငန်းများမှာ ပြည်နယ်တစ်ခုဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်အခန်းကဏ္ဍတွင် ပါဝင်သည်ဖြစ်၍ အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည်လွတ်လပ်ရေးရပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိပါက MSME လုပ်ငန်းများကို ဦစားပေးလုပ်သင့်ကြောင်း လုပ်ငန်းရှင်များက တိုက်တွန်းထားသည်။
ဒေသဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းနှင့်အတူ အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှုကြောင့် ရခိုင်ပြည်သည် ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်နေရဆဲဖြစ်သည်။ ထို့ကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုမှာလည်း နေ့စဉ်နှင့်အမျှရှိနေပြီး လူသားအရင်းအမြစ်များ တဖြည်းဖြည်း ဆုံးရှုံးလာနေရသည်။
ရခိုင်ပြည်သည် ရေခံမြေခံကောင်းပြီး မြေအောက်သယံဇာတများစွာထွက်သည့် ဒေသတစ်ခုဖြစ်ပြီး ပြည်နယ်အတွင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၊ ရေနံပိုက်လိုင်း စီမံကိန်းကြီးများရှိသည်။
သို့သော် အုပ်ချုပ်သူအဆက်ဆက် လက်ဝါးကြီးအုပ်မှုများကြောင့် စီမံကိန်းကြီးများ၏ အသီးအပွင့်များကို ဒေသခံများက ခံစားခွင့်မရဘဲ ဆင်းရဲတွင်းသည်လည်း နက်သထက်နက်လာနေသည်။
ခေတ်အဆက်ဆက်မှာ ဆုံးရှုံးနစ်နာခဲ့သည့် MSME လုပ်ငန်းရှင်များမှာ အာရက္ခပြည်သူ့အစိုးရကို ယုံကြည်မှုများရှိနေပြီး မျှော်လင့်ချက်များလည်း ရှိနေကြသည်။
“ရခိုင်ပြည်လွတ်လပ်ရေးရခဲ့ရင် အာရက္ခအစိုးရအနေနဲ့ MSME စီးပွားရေးနဲ့ပတ်သက်ပြီး ဘယ်လိုမူဝါဒတွေ ချမှတ်ပြီးတော့ လုပ်ဆောင်သွားမှာလဲဆိုတာ မသိသေးဘူး။ အဓိက စွန့်ဦးတီထွင်လုပ်ငန်း MSME လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခန်းကဏ္ဍတစ်ခုအနေနဲ့ အလေးပေးဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်” ဟု MSME Association Rakhine မှ တာဝန်ရှိသူက သူ၏မျှော်လင့်ချက်ကို ပြောသည်။