စာသင်ခုံတွေ ကျည်ကာဖြစ်လာချိန်

မင်းပြားမြို့နယ်အတွင်း ကျောင်းဆရာမတစ်ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ဆင်ကြီးပြင်ကျေးရွာမှ (၅)ဦး ဒဏ်ရာရ၊ ဖလောင်းပြင်ကျေးရွာမှ (၃)ဦးတွင် (၂)ဦးသေဆုံးကာ (၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ထောင့်ချောင်းကြီးကျေးရွာမှ (၁)ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ ဖလောင်းပြင်ကျေးရွာမှ သေဆုံးခဲ့သူနှစ်ဦးထဲတွင် အသက်(၁၀)နှစ်အရွယ် ကျောင်းသူတစ်ဦးလည်းပါဝင်ခဲ့သည်။

By Admin 14 Nov 2022

စာသင်ခုံတွေ ကျည်ကာဖြစ်လာချိန်

DMG ၊ နိုဝင်ဘာ ၁၄

(ဆောင်းပါး)

အစိမ်းနှင့် အဖြူဝတ်ဆင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများသည် ပေါက်ကွဲသံများ ကြားသည်နှင့်တစ်ပြိုင်နက် စာသင်ခန်းထဲမှ အုတ်နံရံနှင့်ကပ်လျက်ရှိနေသော စာသင်ခုံများအောက်သို့ ချက်ချင်းတိုးဝင်ကာ ပုန်းခိုလိုက်ကြသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပိန္နဲချောင်းကျေးရွာ (မူလတန်း)စာသင်ကျောင်းထဲတွင် စာသင်ကြားနေချိန်အတွင်း ကျောင်းအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲလာသဖြင့် ကျောင်းသားများနှင့် ဆရာများမှာ စာသင်ခုံများကို အကာအကွယ်ယူကာ ပုန်းခိုနေကြခြင်းဖြစ်သည်။

“ပစ်ခတ်သံကြားတော့ ကျောင်းကတံခါးတွေတောင် ပိတ်ချိန်မရလိုက်ဘူး။ ကလေးတွေနဲ့အတူ စာသင်ခုံတွေအောက်က တမံလင်းတွေပေါ်မှာ ယူနီဖောင်းတန်းလန်းနဲ့ ပြားပြားဝပ်ပြီး ပုန်းခိုရတာပဲ”ဟု ကျောင်းဆရာ ဦးလှမောင်(အမည်လွဲ)က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြောပြသည်။

“အသက်အန္တရာယ်ကို စိုးရိမ်ခဲ့ပေမယ့် (လက်နက်ကြီး)ကျလာရင်တော့ မတက်နိုင်ဘူးလေ။ သေတစ်နေ့ မွေးတစ်နေ့ပဲ မထူးတော့ဘူးလို့ စိတ်မှာမှတ်ခဲ့တယ်။ တက်သလောက် မှတ်သလောက် ဘုရားစာတွေရွတ်ပြီး ကလေးတွေကိုလည်း သတိပေးပြီးနေခဲ့ရတယ်”ဟုလည်း ၎င်းကဆိုသည်။

ထိုနေ့က နေ့လည် ၁ နာရီကျော်အချိန်မှစတင်ကာ ကစ္ဆပနဒီတံတား စစ်ဆေးရေးဂိတ်မှ လက်နက်ကြီးများ အဆက်အပြတ်ပစ်ခတ်ခဲ့ပြီး နေ့လည် ၂ နာရီခွဲအချိန်တွင် ရပ်တန့်သွားခဲ့သည်ဟု ဒေသခံများကပြောသည်။

ပိန္နဲချောင်းရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်လေးလုံးခန့် ပျက်စီးခဲ့သည်။ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးမှာလည်း နေအိမ်တစ်အိမ်တွင် တွဲလောင်းကျနေသည်ကို ရွာသားများက တွေ့ရှိခဲ့ကြသည်။

ပိန္နဲချောင်းကျေးရွာ (မူလတန်း)စာသင်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ကို ဆရာ၊ ဆရာမ ၆ ဦးတို့မှ ပညာသင်ကြားပေးနေခြင်းဖြစ်သည်။ ယခုအခါ လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်၍ ကျောင်းသား မိဘများမှာ မိမိတို့သားသမီးများကို ကျောင်းသို့မလွှတ်ကြတော့သည်များလည်းရှိကြောင်း သိရသည်။

လုံခြုံမှု ကင်းမဲ့လာခြင်း

အောက်တိုဘာလ ၁၇ ရက်နေ့က မင်းပြားမြို့နယ်၊ င/တန်ပျင်း တံတားအနီးတွင် မြန်မာစစ်တပ်၏ စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် မြို့ပေါ်ရှိ မြန်မာစစ်တပ်၏ တပ်ရင်းများမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်သံများကြောင့် မင်းပြားမြို့နယ်၊ ထောင့်ချောင်းကြီးကျေးရွာ မူလတန်း(လွန်) စာသင်ကျောင်းကို ပိတ်ကာ ကျောင်းသားများကိုလည်း ကျောင်းလွှတ်ပေးလိုက်သည်။ ဆရာမများမှာလည်း လက်နက်ကြီး အန္တရာယ်မှ ဝေးရာသို့ထွက်ပြေးကြစဉ် အသက် (၄၉)နှစ်အရွယ် ဆရာမ ဒေါ်မမြစောမှာ လက်နက်ကြီးကျည်စ ထိမှန်ပြီး အစိမ်း၊အဖြူဝတ်စုံဖြင့် သေဆုံးခဲ့ရသည်။

ထို့နေ့တစ်ရက်တည်းတွင် မင်းပြားမြို့နယ်အတွင်း ကျောင်းဆရာမတစ်ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ဆင်ကြီးပြင်ကျေးရွာမှ (၅)ဦး ဒဏ်ရာရ၊ ဖလောင်းပြင်ကျေးရွာမှ (၃)ဦးတွင် (၂)ဦးသေဆုံးကာ (၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ထောင့်ချောင်းကြီးကျေးရွာမှ (၁)ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ ဖလောင်းပြင်ကျေးရွာမှ သေဆုံးခဲ့သူနှစ်ဦးထဲတွင် အသက်(၁၀)နှစ်အရွယ် ကျောင်းသူတစ်ဦးလည်းပါဝင်ခဲ့သည်။

ယခုကဲ့သို့သေဆုံးဒဏ်ရာရရှိမှုများကြောင့် နေ့စဉ်နှင့်အမျှ အသက်အန္တရာယ် မလုံခြုံမှုကို ခံစားလာရသည်ဟု မင်းပြားမြို့နယ်တွင် တာဝန်ကျနေသည့် ကျောင်းဆရာမတစ်ဦးက ပြောသည်။

“ကျောင်းကသွားနေရပေမယ့် ကြောက်လည်းကြောက်တယ်။ စာသင်ပြနေတဲ့အချိန်မှာ ရုတ်တရက် တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေရတယ်။ အဖြူ၊အစိမ်းရယ်လို့ သိတာမဟုတ်ဘူး။ အခန့်မသင့်ရင် ကံဆိုးသွားနိုင်တယ်။ ကိုယ့်ကိုကိုယ် လုံခြုံမှုမရှိသလို ခံစားရတယ်”ဟု သူကဆိုသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်ခဲ့သည့် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်စစ်မီးမှာ ငြိမ်သက်ခြင်းမရှိဘဲ တစတစ ပြင်းထန်စွာတောက်လောင်လာခဲ့သည်။ တိုက်ပွဲနှင့်မသက်ဆိုင်သည့် ပြည်သူများမှာလည်း လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်တို့ကြောင့် ထိခိုက်သေဆုံးမှု လစဉ်မြင့်တက် လာနေသည်။

DMG မှ ပြုစုထားသည့်စာရင်းအရ ယခုနှစ် သြဂုတ်လမှစတင်ကာ အောက်တိုဘာလအထိ သုံးလတာအတွင်း ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် ပလက်ဝမြို့နယ်တို့မှ လက်နက်ကြီးကျည် ကျရာက်ပေါက်ကွဲမှုကြောင့် အရပ်သား ၉ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ဦးခန့် ရှိခဲ့သည်။

ထိုအထဲတွင် ကျောင်းဆရာမတစ်ဦးနှင့် အသက်(၁၈)နှစ်အောက် ကျောင်းနေအရွယ်ကလေး ၃ ဦးလည်း သေဆုံးခဲ့သည်။ နောက်ထပ် ၁၈ နှစ်အောက် ၁၀ ဦးခန့်မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ယင်းသို့ဖြစ်စဉ်များမှာ ပညာရေးဝန်ထမ်းများအတွက်လည်း အသက်အာမခံချက်မရှိသည့်အခြေအနေများကို ပြသရာရောက်နေသည်ဟု တိုက်ပွဲဖြစ်ပွားခဲ့သည့်ဒေသတွင် တာဝန်ကျနေသည့် အသက်(၂၅)နှစ်အရွယ် ကျောင်းဆရာမ ဒေါ်လှလှ(အမည်လွဲ)က ပြောသည်။

“အစကတော့ ဝန်ထမ်းတွေဆိုရင် ဘာမှဖြစ်မှာမဟုတ်ဘူးလို့ စိတ်ထဲမှာယုံကြည်ခဲ့တယ်။အခုနောက်ပိုင်း ဆရာမတစ်ယောက်(လက်နက်ကြီးကျလို့)သေဆုံးသွားတာသိရတော့ စိတ်ထဲမှာ မလုံခြုံသလို ခံစားရတယ်။ သွားရ၊လာရတာတွေကလည်း မလုံခြုံတော့ဘူးလို့ ခံစားရတယ်”ဟု သူကဆိုသည်။

တကျော့ပြန်တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ ဂျက်တိုက်လေယာဉ်များ အသုံးပြုကာ တိုက်ခိုက်မှုများရှိနေသည့် အပြင် ရခိုင်ပြည်အတွင်းရှိ စစ်တပ်စခန်း နေရာ ၁၇ ခုခန့်မှ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်မှုများရှိသည်ဟု ရက္ခိုင့်တပ်တော်(AA)က အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်မက်ဖြစ်ပွားရာဒေသများတွင် လက်နက်ကြီးပစ်ခတ်မှုများရှိနေသဖြင့် ကျောင်းသားမိဘများမှာလည်း မိမိတို့သား/သမီများကို စိုးရိမ်၍ စာသင်ကျောင်းသို့ မလွှတ်ရဲကြတော့ပေ။ မင်းပြားမြို့နယ်တွင် နေ့စဉ်ကဲ့သို့ လက်နက်ကြီး ပစ်ခတ်မှုများရှိနေသဖြင့် စိုးရိမ်စိတ်များဖြင့် ကျောင်းသွားနေရသည်ဟု ဆရာ/မများက ဆိုကြသည်။

“ကျောင်းမလာတဲ့ကလေးတွေကိုလည်း ကျောင်းလာတက်ဆိုပြီးမခေါ်ရဲဘူး။ ကျောင်းတက်ဖို့ လာခဲ့ဆိုပြီး ခေါ်ရလောက်အောင်လည်း ကလေးတွေကို တာဝန်မယူနိုင်ဘူး။ ကိုယ့်ကိုကိုယ်လည်း တာဝန်မယူနိုင်တဲ့ အခြေအနေဖြစ်နေတယ်”ဟု မင်းပြားမြို့နယ်မှ ကျောင်းဆရာမတစ်ဦးကဆိုသည်။

ထို့ကြောင့် ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များမှ အာမခံချက်ပေးရန်လိုအပ်ကြောင်း ကျောက်တော်မြို့နယ်မှ မူလတန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောသည်။

“အခုက ဒေသအခြေအနေကို ကြည့်ပြီးစာသင်နေရတယ် စိုးရိမ်ပေမယ့် သတိနဲ့ကျောင်းတက်နေရတာပဲ။ ဖြစ်လာရင်တော့ ဘာမှတက်နိုင်မှာမဟုတ်ဘူး။ ကျနော်တို့လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပါတယ်။ ဒါကြောင့် ကျောင်းတက်နေချိန်တွေမှာ တစ်စုံတစ်ရာမဖြစ်ရအောင် အာမခံချက်တစ်ခုခုလိုချင်ပါတယ်”ဟု သူကဆိုသည်။

ယခုနိုဝင်ဘာလ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရခိုင်ပြည်အတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုတို့ကြောင့် သေဆုံးသူ ၆ ဦးရှိခဲ့ပြီး ၁၈ နှစ်အောက်အရွယ် တစ်ဦးပါဝင်သည်။ ဒဏ်ရာရရှိသူ ၃၁ ဦးထဲတွင် ၁၈ နှစ်အောက်အရွယ် ၆ ဦးပါဝင်ခဲ့သည်။ ယခုလအတွင်း အရပ်သားသေဆုံးမှုမှာ ဆက်လက်မြင့်တက်လာနေပြီး ထိခိုက်သေဆုံးမှုအများဆုံးမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ ဖြစ်ကြသည်။

စစ်မက်ဖြစ်ပွားရာဒေသက စာသင်ကျောင်းများ

တိုက်ပွဲဖြစ်ပွားမှုနှင့် လမ်းပိတ်ထားမှုတို့ကြောင့် မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ စာသင်ကျောင်းစုစုပေါင်း (၆၀)ခန့်မှာ ယာယီပိတ်ထားရသည်ဟု ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

မြန်မာစစ်တပ်မှ မင်းပြားမြို့နယ်၊ ကြပ်စင်တံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်မှာ တစ်လခန့်အထိ ရှိလာသဖြင့် ဖလောင်းပြင်၊ ရေငန်ဆည်၊ ချောင်းဝ၊ ချောင်းဖျား၊ နန်းချောင်၊ ကန်ချောင်၊ ကျားပိုက်ကေ စသည့်ကျေးရွာတို့မှ စာသင်ကျောင်းပေါင်း (၂၀)ခန့်ကို ယာယီပိတ်ထားရသည်။

“ကြပ်စင်တံတား လမ်းကလုံးဝမဖွင့်ဘဲပိတ်ထားတယ်။ အခုက တခြားခရီးသည်တွေရော ဆရာ/မတွေလည်း မသွားရဆိုပြီး လမ်းပိတ်ထားတာဖြစ်တယ်။ လမ်းဖွင့်မှ သွားရမယ့်အခြေအနေဖြစ်နေတယ်။ အခုက လမ်းပိတ် ထားလို့ သွားလို့လည်းအဆင်မပြေဘူး”ဟု ၎င်းဒေသတွင်တာဝန်ကျနေသည့် ကျောင်းဆရာမတစ်ဦးက ပြောသည်။

မင်းပြားမြို့နယ်၊ င/တန်ပျင်းတံတားအနီးတွင် အောက်တိုဘာလ ၁၇ ရက်နေ့က စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်မှ ကြပ်စင်တံတားပေါ်တွင်တပ်စွဲပြီး သွားလာခွင့်ပိတ်ထားခြင်းဖြစ်သည်။ ယင်းကြောင့် ကြပ်စင်တံတားမှဖြတ်သန်း၍ ကား/ဆိုင်ကယ်တို့ဖြင့် နေ့ချင်းပြန်ကျောင်းသွားနေကြသည့် မင်းပြားမြို့မှ ဆရာ/မများမှာ ကျောင်းမသွားနိုင်ကြတော့ပေ။

အလားတူ ရသေ့တောင်မြို့နယ်တွင်လည်း လက်နက်ကြီးကျရောက်မှုများကြောင့် ပြိန်းတော၊ ရက်ခုန်တိုင်၊ သမီးလှ၊ ရေမျက်၊ ကုလားချောင်း၊ ညောင်ပင်လှ၊ ဗောဓိကုန်း စသည့်ကျေးရွာ(၁၀)ခန့်မှ ဒေသခံ အများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် စာသင်ကျောင်းများကိုလည်း ပိတ်ထားရသည်မှာ သုံးလခန့် ရှိနေပြီဖြစ်သည်။

ပြိန်းတောကျေးရွာမှ ဒေသခံတစ်ဦးက “လက်နက်ကြီးတွေနဲပစ်တော့ ကျောင်းသားမိဘတွေလည်း မနေရဲတော့ဘူး။ ကျောင်းသူတစ်ယောက်လည်း လက်နက်ကြီးကျလို့ သေဆုံးသွားတယ်။ ဆရာ/မတွေကလည်း ကြောက်လန့်လို့ထွက်ပြေး။ ရွာသားတွေက အကုန်လုံလည်းထွက်ပြေး။ ရွာမှာလည်း ဆရာ/မတွေနဲ့ ကျောင်းသားတွေလည်း မရှိဘူး။ ဆိုတော့ ကျောင်းတွေ ပိတ်ထားရတာပေါ့”ဟု ပြောသည်။

ပြိန်းတောကျေးရွာမှ အသက် ၁၃ နှစ်အရွယ် သတ္တမတန်းကျောင်းသူတစ်ဦးမှာ အောက်တိုဘာလ ၁၉ ရက်နေ့က နေအိမ်အတွင်းရှိနေစဉ် လက်နက်ကြီးကျည်ကျရောက်လာသဖြင့် ကျည်ထိမှန်သေဆုံးသွားခဲ့သည်။

ရခိုင်တွင်ဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲအတွင်း စာသင်ကျောင်းများပိတ်ထားရကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများမှ တင်ပြလာခြင်းမရှိသေးဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

“စာသင်ကျောင်းတွေ ပိတ်ထားတာ မရှိဘူး။ မြို့နယ်ပညာရေးမှူးရုံးတွေက တင်ပြလာတာမရှိဘူး။ သူတို့က ဒေသအခြေအနေအရ ကြည့်ပြီးလုပ်နေကြတာဖြစ်မယ်”ဟု ဦးဘထွီးစိန်က ဆိုသည်။

အသက်လုထွက်ပြေးမှုကြားမှ ပညာရေး

တကျော့ပြန်တိုက်ပွဲများကြောင့် ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် ယခုနှစ် သြဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင် ၁၆၀၀၀ အထိ တိုးလာခဲ့သည်။ စစ်မက်ဖြစ်ပွား၍ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်လာသူများထဲတွင် ကျောင်းနေအရွယ်ကလေး အများစုလည်း ပါဝင်နေသည်။

အဆိုပါစစ်ရှောင်ကလေးများကို ပညာရေးနှင့် အလှမ်းမဝေးစေရန်နှင့် ပညာရေး အဆက်မပြတ်ရေးအတွက် နီးစပ်ရာစာသင်ကျောင်းများတွင် ပညာသင်ကြားခွင့်ရရှိအောင် ပညာရေးဌာနများနှင့် လူမှုကူညီရေးအဖွဲ့များက ဆောင်ရွက်ပေးထားကြသည်။

“သူတို့(စစ်ရှောင်ကလေးတွေ)ကို တခြားကျောင်းတွေမှာ လွှဲပြီးသင်နေတာရှိတယ်။ မြို့ပေါ်ရောက်လာတဲ့ ကလေးတွေဆိုရင် မြို့ပေါ်ကျောင်းတွေမှာ သင်ကြားတာတွေရှိတယ်။သူတို့ရောက်နေတဲ့ရွာတွေမှာဆိုရင်လည်း အဲဒီရွာကစာသင်ကျောင်းတွေမှာ ပညာရေးသင်ကြားလို့ရအောင် ဆောင်ရွက်ပေးထားတာရှိတယ်”ဟု မောင်တောမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် စစ်ဘေးရှောင်ကလေးများ၏ ပညာဆက်လက်သင်ယူနိုင်ရေးအတွက် စိန်ခေါ်မှုများရှိနေသည်။ စစ်ဘေးဒုက္ခသည်စခန်းများတွင် စားဝတ်နေရေးကျပ်တည်းမှုကြားမှ သား/သမီးနှစ်ဦး ပညာဆက်လက်သင်ကြား နိုင်ရေးအတွက် ကြိုးပမ်းရသည်မှာ မလွယ်ကူကြောင်း ရသေ့တောင်မြို့နယ်မှ ပြိန်းတောကျေးရွာမှ စစ်ဘေးရှောင် ကျောင်းသားမိဘတစ်ဦးကပြောသည်။

“အခက်အခဲတွေ အများကြီးရှိတာပေါ့။ ကိုယ့်ရွာမှာလည်း မနေရဘူး။ ကိုယ့်ရွာစာသင်ကျောင်းမှာ တက်နေရတာ မဟုတ်ဘူးဆိုတော့ လိုအပ်ချက်တွေရှိတာပေါ့။ ကျောင်းသားတွေအတွက်ဆိုရင် စာအုပ်၊ခဲတံတွေကအစ အကုန်လုံး အစစအရာရာလိုအပ်တယ်”ဟု သူကဆိုသည်။

လက်ရှိကာလတွင် လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် နပန်းလုံးပြီး ကူညီပေးနေရသည့်အချိန်တွင် စစ်ရှောင်ကျောင်းသား/သူများ၏ ပညာရေးအား ကူညီပေးရန်အတွက် စိန်ခေါ်မှုများရှိနေသည်ဟု ရသေ့တောင်မြို့နယ်မှ စေတီပြင်ကူညီကယ်ဆယ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့က သူတို့လေးတွေ လိုအပ်တဲ့ပစ္စည်းတွေကို မထောက်ပံ့ပေးနိုင်ဘူး။ သူတို့စားဝတ်နေရေးအတွက်ပဲ ထောက်ပံ့ပေးနိုင်တယ်။ ကျောင်သားတွေအတွက် ဘာမှထောက်ပံ့မပေးနိုင်ဘူး။ ကျနော်တို့မှာလည်း အလုံအလောက်မှ မရှိတာ။ တခြား NGO အဖွဲ့အစည်းတွေလည်းမရောက်ဘူး။ နိုင်ငံခြားရောက်နေတဲ့ လူမှုအဖွဲ့ အစည်းတွေက အလှူခံပြီးကျွေးနေရတယ်”ဟု သူကဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများကို အမြန်ဆုံးငြိမ်းအေးစေလိုကြောင်း မင်းပြားမြို့နယ် အသက်(၂၅)နှစ်အရွယ် ကျောင်းဆရာမ ဒေါ်လှလှ(အမည်လွဲ)က ပြောသည်။

“စစ်ပွဲတွေကိုလည်း ငြိမ်းစေချင်တယ်။ စစ်ပွဲတွေမဖြစ်စေချင်ဘူး။ ကလေးတွေကိုလည်း သူတို့အရွယ်သဘာဝအရ ကျောင်းတက်စေချင်တယ်။ ကျမတို့လည်း လုံလုံခြုံခြုံနဲ့စာသင်ပြချင်တယ်”ဟု သူကပြောသည်။

မည်သို့ပင်ဆိုစေကာမူ စစ်မက်ဖြစ်ပွားနေသည့် ဒေသများမှ ရင်သွေးငယ်များမှာ အနာဂတ်အတွက် မညီညာသည့်လမ်းကြမ်းကို ဆက်လက်လျှောက်လှမ်းနေကြရအုံးဖြစ်ကာ တိုက်ပွဲကြားမှ စာသင်ခုံများမှာလည်း ကျည်ကာအဖြစ် ဆက်လက်ရှိနေအုံးမည်ဖြစ်သည်။

မင်းထွန်း - ရေးသည်