မြန်မာနိုင်ငံ အာဏာသိမ်းမှုနဲ့ အနာဂတ်နိုင်ငံအခြေအနေ

ယခု(၂၀၂၁)မှာ မြန်မာနိုင်ငံအာဏာကို စစ်တပ်ကသိမ်းယူလိုက်မှုဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်ကနိုင်ငံအာဏာကို တတိယအကြိမ်သိမ်းယူလိုက်ခြင်းလည်းဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီမှာ ဗြိတိသျှဆီက လွတ်လပ်ရေးရယူခဲ့တဲ့မြန်မာနိုင်ငံဟာ (၁၉၆၂)မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းက ဝန်ကြီးချုပ်ဦးနုအစိုးရကိုဖြုတ်ချကာ နိုင်ငံအာဏာကို ပထမဆုံးအကြိမ်အဖြစ်သိမ်းယူခဲ့ပြီး ဆယ့်နှစ်နှစ်ကြာ အာဏာရှင်စနစ်နဲ့အုပ်ချုပ်ကာ (၁၉၇၄)မှာ (၁၉၄၇)ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုတည်ထောင်ကာ တစ်ပါတီအာဏာရှင်စနစ်နဲ့ ဆက်လက်အုပ်ချုပ်ခဲ့ပါတယ်။

By မင်းထီး 17 Nov 2021

DMG ၊ နိုဝင်ဘာ ၁၇

(ဆောင်းပါး)

ပြည်တွင်းစစ်နိုင်ငံရေးပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုကြားက မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်က (၂၀၁၀)ပါတီစုံဒီမိုကရေစီစနစ်နဲ့ပြုလုပ်တဲ့ ရွေးကောက်ပွဲနဲ့အတူ လွတ်မြောက်ခဲ့ပါတယ်။ လူထုရွေးချယ်တဲ့အစိုးရသက်တမ်းနှစ်ခုကို ဖြတ်ကျော်ခဲ့ပြီးတဲ့နောက် တတိယအကြိမ်ရွေးကောက်ပွဲအပြီး (၂၀၂၁)မှာ နိုင်ငံအာဏာကို စစ်တပ်ကပြန်လည်သိမ်းယူလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ နိုင်ငံအာဏာကိုသိမ်းတာမဟုတ်ဘဲ “အာဏာထိန်းတာ”သာဖြစ်တယ်လို့ဆိုပါတယ်။ ထိန်းတာဘဲဖြစ်ဖြစ်၊ သိမ်းတာဘဲဖြစ်ဖြစ် နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာသုံးခုလုံးကို လူတစ်ယောက်တည်းကဦးစီးလိုက်တာဖြစ်တယ်။ စနစ်အရပြန်ကြည့်မယ်ဆိုရင် အချုပ်အခြာအာဏာကို ထိန်းကျောင်းတဲ့မဏ္ဍိုင်ကိုဖျက်သိမ်းလိုက်ပြီး အဖွဲ့အစည်းတစ်ခု(သို့မဟုတ်)လူတစ်ယောက်ကသာ ချုပ်ကိုင်လိုက်တဲ့အတွက် အာဏာရှင်လက်အောက် ပြန်လည်ရောက်ရှိသွားတယ်ဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူး။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးနောက်ပိုင်း စစ်တပ်အာဏာသိမ်းယူမှု နှစ်ပေါင်းခုနှစ်ဆယ်ကျော်အတွင်း တတိယအကြိမ်မြောက်သိမ်းယူခြင်းဖြစ်ပြီး နှစ်ပေါင်းခုနှစ်ဆယ်ကျော်အတွင်း နှစ်ပေါင်းငါးဆယ်ဝန်းကျင်ထိ အာဏာရှင်စနစ်အောက်ရောက်ခဲ့ကြရတယ်လို့ဆိုရမှာပါ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူပေါ်ပေါက်လာခဲ့တဲ့ (၂၀၀၈)ခြေကဟာလည်း တိုင်းရင်းသားတွေလိုလားတဲ့ ဖယ်ဒရယ်နိုင်ငံရေးမဟုတ်ဘဲ ဗဟိုလို့သတ်မှတ်ထားတဲ့ လူများစုအုပ်ချုပ်ရေးအောက်ကိုဆွဲသွင်းထားတဲ့ အာဏာရှင်ခြေဥသာဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာစစ်တပ်ရဲ့အာဏာသိမ်းယူမှုသမိုင်းကို အနည်းငယ် လေ့လာကြည့်ကြရအောင်ပါ။

မြန်မာနိုင်ငံကို စစ်တပ်မှ အာဏာသိမ်းယူမှုများ

ယခု(၂၀၂၁)မှာ မြန်မာနိုင်ငံအာဏာကို စစ်တပ်ကသိမ်းယူလိုက်မှုဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်ကနိုင်ငံအာဏာကို တတိယအကြိမ်သိမ်းယူလိုက်ခြင်းလည်းဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီမှာ ဗြိတိသျှဆီက လွတ်လပ်ရေးရယူခဲ့တဲ့မြန်မာနိုင်ငံဟာ (၁၉၆၂)မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းက ဝန်ကြီးချုပ်ဦးနုအစိုးရကိုဖြုတ်ချကာ နိုင်ငံအာဏာကို ပထမဆုံးအကြိမ်အဖြစ်သိမ်းယူခဲ့ပြီး ဆယ့်နှစ်နှစ်ကြာ အာဏာရှင်စနစ်နဲ့အုပ်ချုပ်ကာ (၁၉၇၄)မှာ (၁၉၄၇)ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုတည်ထောင်ကာ တစ်ပါတီအာဏာရှင်စနစ်နဲ့ ဆက်လက်အုပ်ချုပ်ခဲ့ပါတယ်။

(၁၉၈၈)မှာ လူထုအုံကြွမှုနဲ့ တစ်ပါတီစနစ်ကိုဖြုတ်ချခဲ့ပြီး ဗိုလ်ချုပ်ကြီးစောမောင်ဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရထံကအာဏာကို (၁၉၈၈)ဩဂုတ်လ (၂၆)ရက်နေ့မှာ သိမ်းယူလိုက်ပါတယ်။ ယင်းနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)ကိုဖွဲ့စည်းခဲ့ပြီး အာဏာရှင်ဆန့်ကျင်သူအများအပြားကို သတ်ပစ်ခဲ့ပါတယ်။ နဝတအစိုးရက သူ့ကတိအတိုင်း (၁၉၉၀)အထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပခဲ့ရာ မြန်မာစစ်တပ်က ထောက်ခံအားပေးပြီး မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကိုဆက်ခံတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲဆန္ဒနယ်(၄၉၂)နေရာမှာ (၃၉၂)နေရာအထိ အရှက်ရအောင်ရှုံးနိမ့်စေခဲ့ပြီးနောက် (နဝတ)ဥက္ကဋ္ဌ စောမောင်နေရာကို ဗိုလ်ချုပ်သန်းရွှေက ဖွဲ့စည်းပုံရေးဆွဲရေးကတိကဝတ်နဲ့အတူ နိုင်ငံအာဏာကို ဆက်ခံတာဝန်ယူလိုက်ပါတော့တယ်။

ဗိုလ်ချုပ်သန်းရွှေဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)ကနေ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ(နအဖ)ကိုဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ကာ နိုင်ငံကို (၂၃)နှစ်ကြာ စစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့ပါတယ်။ (၂၀၁၀)ခုနှစ်မှာ (၂၀၀၈)အခြေခံဥပဒေနဲ့အတူ အထွေထွေရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး စစ်တပ်ကထောက်ခံအားပေးတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီကို အာဏာလွှဲပေးကာ ဗိုလ်ချုပ်သန်းရွှေလည်း စစ်တပ်ကနေအနားယူခဲ့ပါတယ်။

(၂၀၁၂)ကြားဖြတ်ရွေးကောက်ပွဲမှာ (၂၀၀၈)ခြေဥကိုဆန့်ကျင်တဲ့ (NLD)ပါတီ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်လာခဲ့ပြီး (၂၀၁၅) ဒုတိယအကြိမ်အထွေထွေရွေးကောက်ပွဲကြီးမှာ တစ်နိုင်ငံလုံးပြိုင်ဘက်မရှိအနိုင်ရရှိခဲ့ကာ ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ NLD ပါတီဟာ (၂၀၂၀)နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး (၈၂ ရာခိုင်နှုန်း)နဲ့ ထပ်မံအနိုင်ရရှိခဲ့ပြီးတဲ့နောက် (၂၀၂၁) ဖေဖေါ်ဝါရီ (၁)ရက်နေ့မှာ မြန်မာစစ်တပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်ပြီး ရွေးကောက်ပွဲတွင် မဲမသာမာမှုရှိသည်ဟုအကြောင်းပြကာ နိုင်ငံအာဏာကို တတိယအကြိမ်သိမ်းယူခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းယူမှုနောက်ကွယ်က ပဋိပက္ခများ

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းကြောင်းကိုပြန်ကြည့်ရင် ကျောင်းသားတွေဟာ ထိပ်ဆုံးကတက်ကြွသူတွေအဖြစ် ပါဝင်လုပ်ဆောင်ခဲ့ကြတာကိုတွေ့ရပါတယ်။ (၂၀၂၁) ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်တပ်က နိုင်ငံအာဏာကိုသိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ကြီးမားတဲ့လူထုဆန့်ကျင်ဆန္ဒပြပွဲများ နိုင်ငံအနှံ့ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းကာလ ဆယ်လရောက်လာတဲ့အထိ စစ်တပ်ဟာ နိုင်ငံကိုစီမံအုပ်ချုပ်လို့မရသေးတာကို တွေ့ရပါတယ်။

လူထုဆန့်ကျင်မှုဟာ ဆန္ဒထုတ်ဖေါ်တဲ့အသွင်ကနေ မြို့ပြပြောက်ကျားအသွင်သို့ ကူးပြောင်းခဲ့ပြီဖြစ်ပါတယ်။ တိုင်းဒေသကြီးများအတွင်း မြို့နယ်တိုင်းမှာ လူငယ်တွေဦးဆောင်ကာ(PDF- People’s Defense Force) ပြည်သူ့ကာကွယ်ရေးတပ်တွေဖွဲ့စည်းထားကြပြီး လက်နက်ကိုင်တော်လှန်နေကြပါတယ်။ မြန်မာနိုင်ငံဟာ ကိုဗစ်ဓာဏ်၊ အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းမှု၊ နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် နိုင်ငံဝင်ငွေကျဆုံးနေရပြီး ပုဂ္ဂလိကဘဏ်တွေဟာလည်း အဖြစ်သဘောသာ အလုပ်လုပ်နေကြဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကမ္ဘာ့အရှည်ကြာဆုံးပဋိပက္ခဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ချို့နဲ့ သဘောတူစာချုပ်ဖြစ်တဲ့ (၂၀၁၃)ခုနှစ်မှာစတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA–Nation Ceasefire Agreement)ကလည်း ရှေ့မတိုးနောက်မဆုတ်အခြေအနေနဲ့ ပျက်ပြယ်လုနီးပါးအခြေအနေကို မြင်နေရပါတယ်။ အစကတည်းကအထနှေးတဲ့ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်ဟာ NLD အစိုးရလက်ထက်မှာ ပင်လုံညီလာခံနာမည်တပ်ကာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပေမယ့်လည်း မြင်သာတဲ့တိုးတက်ပြောင်းလဲမှုမရှိခဲ့ပါဘူး။

တိုင်းဒေသကြီးတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မြန်မာစစ်တပ်တို့  မြို့ပေါ်ထိပ်တိုက်တွေ့မှုတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်နေပြီး လက်ရှိအချိန်ထိ ပြည်သူ့ကာကွယ်ရေးတပ်ဖက်ကလည်း (ဒလန်-စစ်တပ်သတင်းပေး)ခေါင်းစဉ်တပ်ကာ ပြည်သူတွေအသတ်ခံနေကြရသလို စစ်တပ်ဖက်ကလည်း သောင်းကျန်းသူရှင်းလင်းရေးအကြောင်းပြကာ ပြည်သူတွေကို ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်းတွေကို အနိဌာရုံမြင်းကွင်းများအဖြစ် နေ့စဉ်မြင်တွေ့နေရဆဲဖြစ်ပါတယ်။

အာဏာသိမ်းယူပြီးနောက် နိုင်ငံတကာဆက်ဆံရေး

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ (၂၀၁၁)ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကနေ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုလွှဲအပ်ခံရပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပထမဆုံးခရီးစဉ်ကို ဗီယက်နံနိုင်ငံကို ရွေးချယ်ခဲ့တာကိုတွေ့ရပါတယ်။ (၁၉၈၈) မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်နဲ့ အနီးဆုံးမဟာမိတ်အဖြစ်ဆက်ဆံခဲ့တဲ့နိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပါတယ်။ မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နဲ့နီးကပ်တဲ့ဆက်ဆံရေးကို ခွာချင်တဲ့ဆန္ဒရှိပုံကို ပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတစ်ချို့က ဝေဖန်သုံးသပ်ခဲ့ဖူးတာကိုလည်း တွေ့ရပါတယ်။

လက်ရှိအာဏာသိမ်းယူခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာစစ်တပ်ရဲ့ရပ်တည်ချက်ကို ကုလသမဂ္ဂကလည်း လက်မခံသေးသလို အရှေ့တောင်အာရှနိုင်ငံများအသင်း “အာဆီယံအဖွဲ့”အစည်းအဝေးတက်ရောက်ခွင့်ကိုပါ ပိတ်ပင်ထားပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ခန့်အပ်ရေးမှာလည်း ခုံရုံးဖွဲ့အငြင်းပွားနေသေးတဲ့ အခြေအနေမှာရှိနေပြီး မြန်မာစစ်တပ်နဲ့ရော NLD အစိုးရနဲ့ပါ ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ ကမ္ဘာ့စူပါပါဝါ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးဟာလည်း သွေးအေးသွားခဲ့တာကို တွေ့ရပါတယ်။

NLD အစိုးရသက်တမ်းမှာ မြန်မာစစ်တပ်နဲ့ အနီးကပ်ဆုံး ဆက်ဆံရေးကောင်းမွန်လာခဲ့တဲ့ နိုင်ငံကတော့ ရုရှားနိုင်ငံဖြစ်လာခဲ့ပါတယ်။ ရုရှားစစ်တပ်ရဲ့ ဒုတိယအဆင့်ရှိတဲ့ စစ်တပ်ခေါင်းဆောင်ဟာ အာဏာမသိမ်းမီရက်ပိုင်းအလိုမှာ မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းယူလိုက်ပြီးနောက် စစ်ခေါင်းဆောင်ရဲ့ ပထမဆုံးနိုင်ငံခြားရေးခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခဲ့တာကိုတွေ့ရပြီး အပြန်အလှန်ခရီးစဉ်တွေကိုတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်က နိုင်ငံအာဏာသိမ်းယူထားခြင်းကို လက်ခံတဲ့ ပထမဆုံးနိုင်ငံဟာ ရုရှားဖြစ်နိုင်တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။

အိမ်နီးချင်းတရုတ်ကတော့ လက်ရှိမြန်မာအရေးမှာ ကမ္ဘာ့အင်အားကြီးအမေရိကန်နဲ့ တစ်သံတည်းထွက်နေတာကိုတွေ့ရပြီး ကိုဗစ်ကာကွယ်ဆေးတွေကိုတော့ လှူဒါန်းပေးတာကိုတွေ့ရပါတယ်။ တရုတ်ဟာ ကိုဗစ်ကာကွယ်ဆေးကို မြောက်ပိုင်းမဟာမိတ်တပ်တွေကိုပါ လူသိရှင်ကြားလှူဒါန်းတာကိုတွေ့ရပြီး ဒါဟာ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ်ထူးခြားလာတဲ့ ဆက်ဆံရေးလို့ သုံးသပ်ရမှာဖြစ်ပါတယ်။
အာဏာသိမ်းမှုနောက်ကွယ်က မြန်မာနိုင်ငံ ရှေ့ဆက်ဘာဖြစ်လာနိုင်မလဲ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတစ်ခုတည်းကသာ ပြဿနာမဟုတ်ပါဘူး။ (၁၉၄၇)ပင်လုံသဘောတူစာချုပ်ကို ဗမာခေါင်းဆောင်တွေ ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာကနေစတင်လာခဲ့ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးကို (၁၉၄၈)ဇန်နဝါရီမှာရရှိခဲ့ပြီး (၁၉၄၈)မတ်လမှာ လက်နက်ကိုင်တော်လှန်ရေး စတင်ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ လွတ်လပ်ရေးရပြီးနောက် တည်ဆောက်မယ့် နိုင်ငံရေးပင်လုံသဘောတူစာချုပ်ကို အခြေမခံလိုတဲ့ ဗမာနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ မြန်မာစစ်တပ်တို့ တူညီတဲ့နိုင်ငံရေးခံယူချက်ဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။

လက်တွေ့အားဖြင့်ပြန်ကြည့်ပါက မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအမျိုးအစားလို့ဆိုရမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပေါင်း နှစ်ဆယ်ကျော်ရှိပြီး ပြည်တွင်းစစ်ဟာ ဒီနေ့ထိအားကောင်းနေဆဲဖြစ်တာကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ အားလုံးလိုလားတဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို အပြည့်အဝအာမခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို မဖန်တီးသမျှ ဒီပြည်တွင်းစစ်ပွဲဟာ အဆုံးသတ်နိုင်ဖွယ်မရှိနိုင်ပါဘူး။

မြန်မာစစ်တပ်နဲ့ ဗမာနိုင်ငံရေးခေါင်းဆောင်အများစုဟာ နိုင်ငံရေးအရ ဗမာတွေနေထိုင်တဲ့ တိုင်းဒေသတွေနဲ့ ကျန်လူမျိုးတွေနေထိုင်တဲ့ ပြည်နယ်ဒေသတွေကို ခွဲခြားဆက်ဆံမှုတွေကိုတွေ့ရပြီး တိုင်းရင်းသားခုနှစ်မျိုးနဲ့ တည်ဆောက်ထားတဲ့နိုင်ငံမှာ ဗမာပြည်မဒေသကလွဲရင် ကျန်တဲ့လူမျိုးတွေဟာ ဖွံ့ဖြိုးမှုနောက်ကျကျန်နေဆဲဖြစ်ပါတယ်။ ပြည်နယ်ဒေသတွေက သယံဇာတတွေကိုထုတ်ရောင်းပြီး ပြည်မဒေသအများစုသာ အကျိုးခံစားရခြင်းဟာ ဒီနိုင်ငံရဲ့ ပင်မပြဿနာထဲကတစ်ခုဖြစ်ပါတယ်။

(၂၀၂၁) အာဏာသိမ်းယူလိုက်ပြီးတဲ့နောက် ပြည်မဒေသကလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ပဋိပက္ခဟာ ပိုမိုကြီးထွားလာနေသလို တွေ့ဆုံဆွေးနွေးရေးဆိုတာထက်ကို ကျော်လွန်သွားပြီဖြစ်ပါတယ်။ အာဏာသိမ်းကာလ ကိုးလကျော်လာတဲ့အထိ နိုင်ငံကိုအုပ်ချုပ်လို့မရနိုင်သေးသလို အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ခံမှုကိုပါမရနိုင်သေးတဲ့ မြန်မာစစ်တပ်ဟာ သူ့ကတိအတိုင်း နှစ်နှစ်ခွဲအတွင်း ရွေးကောက်ပွဲကိုကျင်းပပေးပြီး အာဏာသိမ်းစစ်တပ်ခေါင်းဆောင် အနားယူသွားတာလည်းဖြစ်နိုင်ပါတယ်။

ဒီလိုလုပ်ခဲ့ရင် ယနေ့လက်နက်ကိုင်ထားတဲ့ ပြည်မဒေသက PDF တွေက လက်ခံမှာလား၊ မခံဘူးလားဆိုတဲ့ ပြဿနာလည်းရှိနိုင်သလို လက်ရှိဖမ်းဆီးထောင်ချထားတဲ့ (NLD)ပါတီအကြီးအကဲတွေကို လွှတ်ပေးပြီး လက်နက်ကိုင်တွေကို အရင်းအမြစ်ဖြတ်တောက်ကာ ငြိမ်းချမ်းရေးနဲ့လှဲလှယ်တဲ့ မြန်မာစစ်တပ်ရဲ့ထုံးစံအကွက်ကို ပြန်ရွှေ့တာလည်းဖြစ်နိုင်ပါတယ်။

လက်ရှိအချိန် အာဏာသိမ်းစစ်တပ်ကခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကပြောနေတဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကိုကျင့်သုံးပြီး စစ်တပ်ထောက်ခံတဲ့ ကြံ့ဖွံ့ပါတီနဲ့ လွှတ်တော်မှာ (၂၅)ရာခိုင်နှုန်းရှိနေတဲ့ စစ်တပ်ကိုယ်စားလှယ်တို့ပူးပေါင်းပြီး (၂၀၀၈)ကို ပိုမိုခိုင်မာအောင်ဆက်လုပ်ထားဖို့စီစဉ်ခြင်းဟာ တိုင်းရင်းသားတွေအတွက် ဘာမှမျှော်လင့်လိုမရနိုင်တဲ့အခြေအနေမှာ ဆက်လက်တည်ရှိနေပါလိမ့်မယ်။ တိုင်းရင်းသားတွေပြောနေတဲ့ ဖယ်ဒရယ်၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်နဲ့ အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေကျင့်သုံးရေးကို (NCA)စာချုပ်ကိုပြကာ ပျားရည်နဲ့ဝမ်းချနေမယ့်ပုံစံကိုသာ ဆက်လက်ဦးတည်သွားဖို့ များပါတယ်။

တိုင်းရင်းသားတွေလိုလားတဲ့ ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေးဟာ မြန်မာစစ်တပ်မှာမရှိသလို လက်ရှိဖမ်းဆီးခံထားရတဲ့ ဗမာနဲ့ တိုင်းရင်းသားတွေအများစုထောက်ခံအားပေးတဲ့(NLD)ပါတီမှာလည်း မရှိပါဘူး။ စစ်အာဏာသိမ်းပြီးနောက် လက်ရှိဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှာလည်း မရှိပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေအတွက်တော့ လက်ရှိအာဏာသိမ်းယူမှုဟာလည်း “ဆင်နင်းတဲ့ယပ်တောင် ပိုမပြား”ဆိုသလို ကိုတို့ဘာသာ လိုချင်တဲ့နိုင်ငံရေးကို ကိုယ်တိုင်တည်ဆောက်ပြီး ဆက်လက်ချီတက်နေရုံသာရှိနိုင်ပါတယ်။

ယနေ့ပဋိပက္ခနဲ့ နိုင်ငံရေးလိုအပ်ချက်ဟာ စစ်အာဏာရှင်ကျဆုံးရေးကိုအခြေခံတဲ့ ပြည်မတော်လှန်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးပိုင်ခွင့်လိုလားတဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလိုအပ်ချက်ဟာ တစ်ထပ်တည်းကျနေတာကို မတွေ့ရပါဘူး။ ဒီပြဿနာကို ရှုမြင်ပုံမတူညီသရွှေ့တော့ ဒီနိုင်ငံရဲ့ပြည်တွင်းစစ်ဟာ စစ်အာဏာရှင်ဖြစ်စေ၊ (၂၀၀၈)ခြေဥအရတက်လာတဲ့ အစိုးရဖြစ်စေ တိုင်းရင်းသားတွေအတွက်တော့ အတူတူသာဖြစ်နေမှာဖြစ်ပါတယ်။

မင်းထီးရေးသားသည်။