ရှုပ်ထွေးလာတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ရခိုင်တွေရဲ့သဘောထား

အထက်မှာဖေါ်ပြခဲ့တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ ဒီမိုကရေစီအထွေထွေသပိတ်၊ ရွှေဝါရောင်တော်လှန်ရေး သံဃာ့သပိတ်ထိ ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုအရေးနဲ့ ဆက်စပ်တဲ့ လူထုဆန္ဒထုတ်ဖေါ်မှုတွေကို မြို့နယ်အားလုံးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသလို လက်ရှိအချိန် စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကိုလည်း တိုင်းရင်းသားလအားလုံးနီးပါးက (လူများစု) မကြိုက်ကြပါဘူး။ ပြည်ထောင်စုအရေးဟာ လူတိုင်းနဲ့သက်ဆိုင်တယ်ဆိုတဲ့ တူညီတဲ့ခံစားချက်တော့ တစ်နိုင်ငံလုံးရှိတယ်ဆိုတာ လူတိုင်းနားလည်ကြမှာပါ။

By မင်းထီး 08 Mar 2021



မင်းထီး ရေးသားသည်

မြန်မာနိုင်ငံရဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို မယုံသင်္ကာဖြစ်တဲ့ တပ်မတော်ရဲ့ တောင်းဆိုချက်ကို အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က မဖြေရှင်းပေးခဲ့တဲ့ကိစ္စကို အခြေတည်ကာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ တစ်ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို ဖမ်းဆီးထားတာ တစ်လကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတော်အာဏာ သိမ်းယူလိုက်ပြီး နောက်နေ့မှာစတင်ခဲ့တဲ့  မြန်မာနိုင်ငံတစ်ဝှမ်း ဆန္ဒဖေါ်ထုတ်မှုတွေနဲ့ (CDM - Civil Disobedience Movement) လို့ခေါ်တဲ့ ( လူထုမနာခံမှု လှုပ်ရှားမှု) အစိုးရအာဏာဖီဆန် ဆန့်ကျင်ရေးလုပ်ရပ်တွေဟာ အခုချိန်ထိ အချိန်အဟုန်မြှင့် လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။

“မြန်မာ့နွေဦးတော်လှန်ရေး” ခေါင်းစဉ်နဲ့ လှုပ်ရှားတောင်းဆိုနေကြတဲ့ လူထုတောင်းဆို ဆန္ဒထုတ်ဖေါ်မှုဟာ နောက်ဆုံးမျိုးဆက် (Generation Z ) လို့ခေါ်တဲ့ လူငယ်မျိုးဆက်အုပ်စုမှ ဦးဆောင်လှုပ်ရှားလာတာကိုတွေ့ရ ပြီး ဒီနေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်း မြို့ကြီးတွေမှာတော့ အာဏာသိမ်းအစိုးရ ( နိုင်ငံတော်ကောင်စီ) က အကြမ်းဖက် နှိမ်နင်းမှုတွေ ဆက်တိုက်ရှိနေပြီး ဆန္ဒထုတ်ဖေါ်နေကြသူတွေဘက်မှလည်း ဆက်တိုက်လှုပ်ရှားနေကြတာပါ။ ယနေ့အထိ နိုင်ငံတော်ကောင်စီ (အာဏာသိမ်းအစိုးရ) က ဆန္ဒထုတ်ဖေါ်သူတွေကို အကြမ်းဖက်နှိမ်နှင်းရာမှာ လူ ၃၀ ထက်မနည်း သေဆုံးခဲ့ရပြီလည်းဖြစ်ပါတယ်။

လက်ရှိနိုင်ငံတော်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတွေဟာလည်း လုပ်ငန်းလည်ပတ်လို့ မရသေးသလို ပုဂ္ဂလိကလုပ်ငန်းအများစုကိုလည်း ရပ်ဆိုင်းထားကြပါတယ်။ ပုဂ္ဂလိကပိုင် ဘဏ်လုပ်ငန်းများအပါအဝင် နိုင်ငံတော်စီးပွားရေးကို အထောက်အကူပြုနေတဲ့ စီပွားရေးလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားတာပါ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (အာဏာသိမ်းအစိုးရ) ကို နိုင်ငံတစ်ကာအနေနဲ့ အသိအမှတ်ပြုကြောင်း ပြောဆိုလာတဲ့နိုင်ငံ မရှိသေးသလို ကုလသမဂ္ဂကလည်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်ကြေညာချက်တွေ ထုန်ပြန်နေတာကို တွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမတ်များစုပေါင်းပြီး  (CRPH - Committee Representing Pyidaungsu Hluttaw) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းထားတာကို တွေ့ရပေမယ့် ဒီကော်မတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခုတည်းကသာ ပါဝင်နေတာကို တွေ့ရပါတယ်။ CRPH - အနေနဲ့ ဘယ်လိုပုံစံ အကောင်အထည်ဖေါ်လာမလဲ ဆိုတာကိုတော့ မမြင်ရသေးပါဘူး။ လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းထားရုံနဲ့တော့ နိုင်ငံတော်အာဏာကို ပြန်လည်ရယူနိုင်ဖို့ မဖြစ်နိုင်သလို စင်ပြိုင်အစိုးရဖွဲ့လာတဲ့အထိ ပုံစံမျိုးနဲ့ လှုပ်ရှားလာမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

လူထုလမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုမှုဟာ (စု၊ ရွေး၊ လွှတ်) လို့ ခေါ်ဆိုနေကြတဲ့  “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွပ်မြောက်ရေး” ၊ “ရွေးကောက်ပွဲရလဒ် အတည်ပြုပေးရေး”  “မတရားဖမ်းဆီးခံထားရသူ အားလုံးလွှတ်ပေးရေး” စတဲ့ တောင်းဆိုမှုတွေနဲ့ စတင်လာခဲ့တာကို တွေ့ရပါတယ်။  ရန်ကုန်ရောက် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေနဲ့ ကရင်ပြည်နယ်က စတင်ကြွေးကြော်လိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖယ်ဒရာယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး စတဲ့ တောင်းဆိုမှုတွေဟာ ရန်ကုန်အသိုင်းအဝိုင်းမှာ တိုင်းရင်းသားအများစုပါဝင်တဲ့ သပိတ်စစ်ကြောင်းတွေမှာ ကြွေးကြော်တာကို တွေ့ရသလို CRPH - က (6/3/2021) နေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးဟာ မူတစ်ရပ်အနေနဲ့ ပါဝင်လာတာကို တွေ့ရပါ တယ်။

အခု မြန်မာနိုင်ငံအာဏာကို စစ်တပ်ကသိမ်းယူလိုက်ခြင်းဟာ မြန်မာနိုင်ငံစတင်ပေါ်ပေါက်လာခဲ့တဲ့ နှစ်ပေါင်း (၇၃) နှစ်အတွင်း တတိယအကြိမ်မြောက် သိမ်းယူခြင်းဖြစ်ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၁၉၄၈ က စတင်အုပ်ချုပ်လာခဲ့တဲ့ ဦးနုအစိုးရကို (ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ မှာ အာဏာသိမ်းယူခဲ့သလို၊ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကာ ဦးနေဝင်းအစိုးရက ၁၉၇၄ ဥပဒေဖြင့် နိုင်ငံကို ပါတီစုံ ဒီမိုကရေစီစနစ်ကနေ တစ်ပါတီစနစ်သို့ ကူးပြောင်းစေကာ (၁၉၆၂ ကနေ ၁၉၉၀ ထိ) ၂၈ နှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၈၈ ဒီမိုကရေစီသပိတ်ကို အကြောင်းပြုပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၇၂%) ကျော် အနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်ထားတဲ့ စစ်တပ်က ထပ်မံအာဏာသိမ်းယူခဲ့ပါတယ်။

ယင်းနောက်တွင်တော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး စစ်အာဏာတည်မြဲရေးကို အဓိကထား လုပ်ဆောင်ခဲ့တာကို တွေ့ခဲ့ကြရမှာလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးစိုးမောင်ဆီကနေ အာဏာကို ရယူခဲ့သည့် ဗိုလ်ချုပ်မှုကြီးသန်းရွေတို့အုပ်စုဟာ ၁၉၉၇ မှာတော့ အသွင်တစ်မျိုးနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကဆိုပြီး ပွဲထွက်လာပြန်ပါတယ်။ အဲဒီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ကပဲ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ အာဏာသိမ်းအုပ်ချုပ်ခြင်း နှစ်နှစ်ဆယ်နီးပါး ကြာပြီးနောက် ၂၀၁၀ မှာ ထွေထွေရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့ပြီး ဆယ်နှစ်အကြာမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်က ထပ်မံပြီးအာဏာသိမ်းယူလိုက်ခြင်း ဖြစ်ပါတယ်။

ဒါက မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ အတိုချုံးအချက်အလက်ပါ။ ဆိုတော့ ၁၉၈၈ ဒီမိုကရေစီ အထွေထွေသပိတ်မှာ မြန်မာတစ်နိုင်ငံလုံး တောရောမြို့ပါမကျန် ပါဝင်ဆင်နွှဲခဲ့ကြပေမယ့် ယနေ့အချိန်မှာတော့ မြန်မာနိုင်ငံထဲက ဒေသတစ်ချို့ဟာ ဒီအာဏာသိမ်းဆန့်ကျင်မှုမှာ ပါဝင်ခြင်းလုံးဝမရှိဘဲ ငြိမ်နေကြတာကို တွေ့ရပါတယ်။ တစ်ချို့ပြည်နယ်တွေ ပါဝင်တယ်ဆိုပေမယ့်လည်း အင်အားအရ နည်းပါးကြတာကို တွေ့ရပြီး စစ်အာဏာသိမ်းယူမှု ဆန့်ကျင်ရေးဟာ တိုင်းရင်းသားပြည်နယ်တွေက လူထုတွေ သိပ်များများစားစား ဒေါသမထွက်ကြဘူးလားလို့ဆိုတာ စဉ်းစားစရာပါ။

အထူးသဖြင့် ရခိုင်ပြည်နယ်ဟာ လုံးဝပါဝင်ခြင်းမရှိဘူးလို့ ဆိုရလောက်တဲ့အထိ ငြိမ်သက်နေတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဒီချုပ်ပါတီကို ထောက်ခံမှုအားကောင်းတဲ့ ဂွမြို့၊ သံတွဲနှင့် တက်ကြွလှုပ်ရှားသူအနည်းငယ်ရှိတဲ့ မာန်အောင်၊ တောင်ကုတ်နဲ့ အမ်းမြို့တို့ကလွဲရင် ဒီနေ့ထိ စစ်အာဏာသိမ်းယူမှု ဆန့်ကျင်ရေးမလုပ်ကြတာကို တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။ ဒါဟာ ကျနော်တို့ စဉ်စားစရာတစ်ခု ဖြစ်လာပါတယ်။ လက်ရှိပြဿနာဟာ ဒီချုပ်နဲ့ စစ်တပ်ကြားက ပြဿနာသက်သက်လား၊ ပြည်ထောင်စုတစ်ခုလုံးရဲ့ အရေးမဟုတ်ဘူးလားဆိုတာ ဒီနေ့ သုံးသပ်ကြရမယ့် ရှုပ်ထွေးမှုကြားက ပြည်ထောင်စုအရေးလို့ ဆိုရမှာပါ။

အထက်မှာဖေါ်ပြခဲ့တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ ဒီမိုကရေစီအထွေထွေသပိတ်၊ ရွှေဝါရောင်တော်လှန်ရေး သံဃာ့သပိတ်ထိ ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုအရေးနဲ့ ဆက်စပ်တဲ့ လူထုဆန္ဒထုတ်ဖေါ်မှုတွေကို မြို့နယ်အားလုံးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသလို လက်ရှိအချိန် စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကိုလည်း တိုင်းရင်းသားလအားလုံးနီးပါးက (လူများစု) မကြိုက်ကြပါဘူး။ ပြည်ထောင်စုအရေးဟာ လူတိုင်းနဲ့သက်ဆိုင်တယ်ဆိုတဲ့ တူညီတဲ့ခံစားချက်တော့ တစ်နိုင်ငံလုံးရှိတယ်ဆိုတာ လူတိုင်းနားလည်ကြမှာပါ။

အဓိကပြဿနာက မြန်မာနိုင်ငံပြည်ထောင်စု တည်ဆောက်ပုံကို ဗမာနိုင်ငံရေးခေါင်းဆောင်တွေရဲ့အမြင်နဲ့ ဗမာမဟုတ်တဲ့ တစ်ခြားပြည်နယ် လူမျိုးခေါင်းဆောင်တွေရဲ့ ရှု့မြင်ပုံမတူတဲ့ ပြသနာလို့ပြောရမှာပါ။ တောင်တန်း ပြည်မကို ချုပ်ဆိုခဲ့ကြတဲ့ “ပင်လုံ” ကတိကဝတ်ဟာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံရပြီးနောက်ပိုင်း ဗမာနိုင်ငံရေးခေါင်းဆောင်တွေက အခုထိမေ့လျှော့နေကြဆဲဖြစ်သလို မြန်မာနိုင်ငံရေးမှာ မကြာခဏ အာဏာသိမ်းယူခဲ့တဲ့ တပ်မတော်ကလည်း အသိအမှတ်မပြုခဲ့ပါဘူး။

မြန်မာ့လွပ်လပ်ရေးကာလကနေ တောက်လျှောက် ပြည်နယ်ဒေသ တိုင်းရင်းသားခေါင်းဆောင်တွေက ပင်လုံကတိက်ကဝတ်တွေကို အကောင်အထည်ဖေါ်ပေးဖို့ တောင်းဆိုကြသလို တိုင်းရင်းသားတွေဟာ ဗမာ၊ ပြည်မနဲ့ နိုင်ငံရေးအရ တန်းတူအခွင့်အရေးမရှိခဲ့ကြတာကြောင့် ၁၉၄၈ မှာ ကရင်တွေ လက်နက်ကိုင် တော်လှန်ခဲ့ကြသလို မြန်မာနိုင်ငံရဲ့ ၁၉၄၇ ခြေဥအရ ပထမဆုံးရုပ်ပြသမ္မတဖြစ်ခဲ့တဲ့ စဝ်ရွှေသိုက်ရဲ့ ဇနီးက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့အထိ ပြည်ထောင်စုအရေးဟာ တိုင်းရင်းသားတွေအတွက် ခါးသီးခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကနေ လူထုခေါင်းဆောင်လို့ခေါ်ခံရလောက်တဲ့အထိ  ဒေါ်အောင်းဆန်းစုကြည် မြန်မာ့နိုင်ငံရေးကို ဝင်ရောက်လာတဲ့အခါမှာတော့ တိုင်းရင်းသားလူမျိုးတွေကပါ ဝိုင်းဝန်းထောက်ခံခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုအဆင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်ရဲ့ အာဏာသိမ်းယူမှုကိုခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားအားလုံး သုတ်သင်ရှင်းလင်းခံခဲ့ရကာ ထောင်သွင်းအကျဉ်းချ ခံခဲ့ကြရပါတယ်။

ဒေါ်စုဟာ မြန်မာနိုင်ငံရဲ့ တန်းတူအခွင့်အရေးနဲ့ ဖယ်ဒရာယ်ပြည်ထောင်စုအတွက် ဦးဆောင်းပေးနိုင်မည့်သူအဖြစ် လက်နက်ကိုင် ခေါင်းဆောင်တွေရော တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်တွေကပါ ထင်မြင်ချက်ပေး လေးစားခံခဲ့ရသူဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်စုဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့အတူ ၁၉၉၀- ရွေးကောက်ပွဲ အနိုင်ရပါတီများ မဟာမိတ်အုပ်စု (UNA) အုပ်စုတစ်ခုလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့အတူ  ၂၀၀၈ ခြေဥကို ဆန့်ကျင်ကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့အထိ ဒေါ်စုဟာ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေကို ဩဇာရှိခဲ့တာကို တွေ့ရပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အမျိုးဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် (UNA) အုပ်စု တစ်ခုလုံး ပါတီမှတ်ပုံတင်ခဲ့ကြတာကို တွေ့ရပါတယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကပဲ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ ပြည်ထောင်စုလွှတ်တော်မှာ တစ်နိုင်ငံလုံး အနိုင်ရရှိခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာခဲ့တဲ့ နောက်ပိုင်း မဟာမိတ်အုပ်စုကို လုံးဝအသိအမှတ်မပြုခဲ့သလို မည်သည့် တိုင်းရင်းသားပါတီနဲ့မျှ မဟာမိတ်ပြုမှာမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖက်က ပြောဆိုခဲ့ပါတယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေမျှော်လင့်ခဲ့တဲ့ ပြည်နယ်တွေရဲ့ နိုင်ငံရေးအခွင့်အရေးဟာလည်း ထူးမခြားနားခဲ့ပါဘူး။

အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ပြည်နယ်အစိုးရဖွဲ့ခွင့်ကို တောင်းဆိုခဲ့ပေမယ့် ၂၀၀၈ ခြေဥကို အတည်ကိုင်ကာငြင်းဆန်ခဲ့တာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်ဟာ ပုဒ်မ (၅၉-စ) လို လူတစ်ဦးကို ကန့်သတ်ပေးထားတဲ့ ပုဒ်မမျိုးကိုသာ ပြင်ဆင်ဖို့ကြိုးစားခဲ့ပြီး တိုင်းရင်းသားတွေလိုလားတဲ့ ဖယ်ဒရယ်ဖွဲ့စည်းပုံပေါ်ပေါက်ရေးဟာ အမျိုးသားဒီမိုကရေစီအုပ်စုမှာလည်း မူမရှိဘူးဆိုတာကို တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေ ကောင်းကောင်းသိခဲ့ကြပုံရပါတယ်။

ဒေါ်စုဟာ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ဖယ်ဒရယ်အရေး၊ တန်းတူရေးကို လုပ်ဆောင်နိုင်မယ့်လမ်းကြောင်း မရွေးချယ်ခဲ့ဘဲ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးကိုတိုးမြှင့်ကာ ဖွဲ့စည်းပုံခြေဥ ပြင်ဆင်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၈ မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်  ICJ အထိ ကာကွယ်ပေးခဲ့တာကို တွေ့ရပါတယ်။

၂၀၁၉ ခုနှစ်အစမှာ ရခိုင်ပြည်နယ်အတွင်း အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း REC ရဲ့ စာရင်းအရ စစ်တပ်မှသင်္ကာမှုဖြင့် သတ်ပစ်ခဲ့သူများ၊ နေအိမ်အတွင်း လက်နက်ကြီးကျည်ကျခြင်းများ၊ မိုင်းပေါက်ကွဲမှုများကြောင့် သေဆုံးခဲ့တဲ့အရပ်သား ရခိုင်ပြည်သူပေါင်း ၃၄၀ ကျော်နဲ့ ဒဏ်ရာရရှိသူ ၇၆၀ ကျော်ရှိခဲ့ပါတယ်။ သဇင်ဥပဒေအထောက်အကူအပြုအဖွဲ့ရဲ့ စာရင်းအရ (၂)နှစ်တာ ကာလအတွင်း AA နဲ့ ဆက်စပ်သည်ဆိုတဲ့ သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများနဲ့ တရားစွဲခံရသူ ၃၆၂ ဦးအထိ ရှိပါတယ်။ သို့သော်လည်း ဒေါ်စုဦးဆောင်တဲ့အစိုးရဟာ ရခိုင်လူထုဘက်မှ ရပ်တည်ကာ ပြောကြားသင့်တဲ့ စကားလုံးများနဲ့ အစိုးရတစ်ရပ်ရဲ့ ပြည်သူအပေါ်တာဝန်ယူမှုကို မျက်ကွယ်ပြုကာ တပ်မတော်သားတွေကို ချီးကျူးပေးနေခဲ့ပါတယ်။

ဒေါ်စုဦးဆောင်တဲ့ NLD အစိုးရရဲ့ လုပ်ရပ်က ရခိုင်ပြည်သူလူထုတွေအတွက် ခါးသီးခဲ့ပါတယ်။ ပြီးတော့ စစ်ဘေးရှောင်ဒုက္ခသည် ၂ သိန်းကျော်အထိရှိခဲ့ပြီး အခုတော့ တစ်သိန်းရှစ်သောင်းကျော် ရှိနေပါတယ်။ ဒီ ဒုက္ခသည်တွေအတွက်လည်း လူသားဆန်ဆန် ရပ်တည်ဖို့ NLD အစိုးရက အခွင့်အရေးမပေးခဲ့ပါဘူး။ လက်ရှိအချိန်မှာလည်း ရခိုင်ဒုက္ခသည်တွေမှာ စားဝတ်နေရေးအခက်အခဲနဲ့ နေရပ်ပြန်ဖို့ မိုင်းအန္တရာယ်ကို စိုးရိမ်နေကြရပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ကန့်သတ်ခံခဲ့ရသလို အချို့နိုင်ငံခြားအဖွဲ့အစည်းတွေကိုလည်း တားမြစ်ခဲ့ပါတယ်။ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့လည်း ဘတ်ဂျက်ချပေးတာ အရမ်းနည်းပြီးတော့ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အတည်ပြုတောင်းဆိုချက်တွေအားလုံးကို အကောင်အထည်ဖော် မခဲ့ပါဘူး။ ဒီအချက်တွေဟာဆိုရင် ရခိုင်ပြည်သူတွေအတွက် ရင်ထုမနာ ဖြစ်ရပ်တွေပါပဲ။ ဒါ့ကြောင့် အခု ပြည်မမှာ လှုပ်ရှားနေကြတဲ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားရေးမှာ ရခိုင်ပြည်သူတွေ အပြည့်အဝမပါဝင်ရတဲ့ အကြောင်းအရင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။  

ဆက်လက်ပြီး ရခိုင်ပြည်သူထောက်ခံတဲ့ ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပေးခဲ့ပြီး ရခိုင်ပြည်မြောက်ပိုင်းကို တစ်နှစ်ကျော်ကြာ အင်တာနက်ပိတ်ဆို့မှုကြီးကို လုပ်ဆောင်ပေးထားခဲ့ပါတယ်။ အဲဒီ ကျူးလွန်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေအပေါ်မှာ ရခိုင်လူထုတစ်ရပ်လုံး စိတ်နာကျဉ်းခဲ့ကြရပြီး ပြည်ထောင်စုအိမ်မက်ဟာ ရခိုင်လူထုတွေရဲ့အသိထဲက ပျောက်ကွယ်သွားခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းအပေါ်မှာ ရခိုင်လူထုအနေနဲ့ ပါဝင်ခံစားဖို့ မဖြစ်နိုင်တော့သလို မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေလိုလားတဲ့ တန်းတူရေးနဲ့ ဖယ်ဒရယ်အိမ်မက်ဟာ  မြန်မာစစ်တပ်မှာလည်း မရှိသလို ဗမာနိုင်ငံရေး ခေါင်းဆောင်တွေမှာလည်း မရှိဘူးလို့  ယူဆသွားကြပုံရပါတယ်။

ဒါကြောင့်လည်း လက်ရှိအာဏာသိမ်းယူမှုမှာ ရခိုင်လူထုငြိမ်သက်နေခြင်းဟာ စစ်အာဏာသိမ်းယူမှုကို ထောက်ခံခြင်း မဖြစ်နိုင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း တိုင်းရင်းသားတွေကို ရှု့မြင်ပုံဟာ စစ်တပ်နဲ့ ထူးမခြားနားတဲ့ အတွေးအေခါ်အယူအဆ ရှိတယ်ဆိုတဲ့ ထင်မြင်ချက်ကို ရခိုင်လူထုက ကုန်ခဲ့တဲ့ ငါးနှစ်တာကလအတွင်း မှတ်ယူသွားပုံရပါတယ်။ အဲဒီတော့ တိုင်းရင်းသားပြည်နယ်ဒေသတွေအတွက်က ဘယ်သူနိုင်နိုင် ထုံးစံအတိုင်း လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်မှာဘဲဆိုတဲ့ ထင်မြင်ယူဆချက်တွေကိုသာ တွေ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

လက်ရှိစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု (စု၊ ရွေး၊ လွှတ်) ဟာ ရခိုင်ပြည်နယ်လို ပူပူနွေးနွေး ချေမှုန်းခံထားရတဲ့ လူထုအတွက် မျှော်လင့်ချက်မဟုတ်သလို  CRPH - က ထုတ်ပြန်ချက်မှာပါဝင်တဲ့ ၂၀၀၈ ဖျက်သိမ်းရေးနဲ့ ဖယ်ဒရာယ်စနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံပေါ်ပေါက်ရေး ထုတ်ပြန်ချက်မျိုးဟာ တိုင်းရင်းသားတွေအတွက် ထောက်ခံပေးဖို့ ခက်နေဦးမယ်လို့ သုံးသပ်ပါရစေ။

“အာဏာရှင်စနစ်ကျရှုံးပါစေ”

#ယခု ဖော်ပြပါ ဆာင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။