(၇)နှစ်ပြည့် NCA ခရီး၏ အတက်အကျကို ဆန်းစစ်ခြင်း
နောက်ဆုံ ချုပ်ဆိုနိုင်ခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၊ အပိုင်း(၁)တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်ထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅)ချက်၊ အပိုင်း(၂)တွင်၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှု ဇယားနှင့် အပိုင်း(၃)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာလမ်းညွှန် အခြေခံမူ သဘောတူညီချက် (၅)ချက်တို့ ရရှိခဲ့ခြင်းဖြစ်သည်။
20 Oct 2022
DMG ၊ အောက်တိုဘာ ၂၀
(ဆောင်းပါး)
မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှု သမိုင်းတွင် ပင်လုံပြီးလျှင် အဆင့်မြင့်ဆုံးဟု ယူဆထားခဲ့သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA) လက်မှတ်ရေးထိုးခဲ့သည်မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် (၇)နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။
အာဃာတ၊ အမုန်းတရားများနှင့် အမြောက်ဆံများ ခင်းထားသည့် စစ်ပွဲများကို လက်နက်ဖြင့် မဖြေရှင်းတော့ဘဲ တွေ့ဆုံဆွေးနွေးပွဲကနေ ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းရေး အဖြေရှာတော့မည်ဟု စဉ်းစားချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၊ စစ်တပ် စသည့်ခေါင်းဆောင်များသည် ပြည်ထောင်စုအဆင့်ချုပ်ဆိုသော NCA စာချုပ်ကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ စသည့် နိုင်ငံတကာ အသိသက်သေများရှေ့မှောက်၌ တရားဝင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
NCA မျှော်မှန်းချက်က ဘာလဲ
NCA လမ်းကြောင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရန် ရည်မှန်းချက်ဖြစ်သည်။
ထို့ကြောင့် မြန်မာအာဏာပိုင်များက NCA သည် လက်နက်ကိုင် ပဋိပက္ခသမိုင်းတစ်လျှောက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများကို အာမခံထားသည့်အတွက် တံခါးပေါက်ဟု ထင်မြင်ခဲ့ကြသည်။ EAOs တို့ ဘက်ကလည်း NCA ရေးထိုးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းမှတဆင့် ပယ်ဖျက်နိုင်ရေးအထိ တာဆူထားခြင်းလည်း ဖြစ်ခဲ့သည်။
NCA ခရီးအစ
NCA လမ်းကြောင်းအစကို ခြေရာခံကြည့်ရာတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဖြစ်လာသူ ဦးသိန်းစိန် ခေတ်ကို စတင်တွေ့ရသည်။ သမ္မတဦးသိန်းစိန် အစိုးရသည် ၂၀၁၁ ခုနှစ် သြဂုတ်လမှစတင်ကာ တိုင်းရင်းသား လက်နက်ကိုင်များကို ငြိမ်းချမ်းရေးမှာပါဝင်လာဖို့ စတင်ဖိတ်ခေါ်ပြီး NCA စာချုပ်ဖြစ်လာရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် (၄)နှစ်နီးပါး အချေအတင် ဆွေးနွေးခဲ့ရသည်။
ထိုသို့ NCA စာချုပ်ဖြစ်လာရေး စတင်ဆွေးနွေးခဲ့စဉ်က KIA၊ TNLA နှင့် MNDAA၊ AA၊ ANC တို့က စာချုပ်မှာ ပါဝင်ဖို့ ကြိုးစားခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျန်နေခဲ့ရသည်။ ယင်းကြောင့် NCA လက်မှတ်ရေးထိုးရာတွင် တနိုင်ငံလုံးရှိ EAOs များ အားလုံး မပါဝင်နိုင်ခဲ့ပေ။
ယင်းနောက် ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ (၈)ဖွဲ့က ဦးစွာလက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းနောက် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူးဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိနေသည်။
ယခုအချိန်တွင် NCA စာချုပ်မှာ (၇)နှစ်သားအရွယ် ပေါက်လာပြီဖြစ်သည်။ ထိုကာလအတွင်း NCA စာချုပ် အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်နှင့်အညီ ဆောင်ရွက်လာခဲ့ရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (သို့မဟုတ်) ၂၁ ရာစုပင်လုံ (၄)ကြိမ် ကျင်းပနိုင်ခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တွေ့ရှိချက်များ
မြန်မာစစ်တပ်၊ အစိုးရနှင့် NCA ရေးထိုးခဲ့သည့် EAOs တို့သည် NCA က ချမှတ်ထားသည့် ငြိမ်းချမ်းရေး မူဘောင်အတိုင်း ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပထမအကြိမ် စတင်ကျင်းပ နိုင်ခဲ့သည်။ အစည်းအဝေးတွင် NCA ရေးထိုးသည့် အဖွဲ့ခေါင်းဆောင်များအပြင် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော EAOs အဖွဲ့အချို့မှ ခေါင်းဆောင်များပါ တက်ရောက်မိန်းခွန်း ပြောကြားမှုများ ရှိခဲ့သည်။
ထိုမိန့်ခွန်းများနှင့်အတူ အဖွဲ့အစည်းအသီးသီးတို့မှလည်း ဖက်ဒရယ်ပြည်ထောင်စုသို့ ဦးတည်သော ကဏ္ဍစုံ စာတမ်းပေါင်း (၇၀)ကျော် တင်ပြဆွေးနွေးခဲ့သော်လည်း ညီလာခံပြီးဆုံးချိန်တွင် သဘောတူညီချက် တစုံတရာ မရရှိခဲ့ကြဘဲ မှတ်တမ်းအဖြစ်သာ ကျန်ခဲ့သည်။
ထို့နောက် ၂၀၁၇ ခုနှစ် မေလတွင် ဒုတိယအကြိမ်အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေး ဆက်လက်ကျင်းပနိုင်ခဲ့ရာ သဘောတူညီချက် (၃၇)ချက် ရရှိခဲ့သည်ကိုတွေ့ရသည်။ ထို့နောက်တခါ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပခဲ့သေးသည်။ ယင်းအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူညီချက် (၁၄)ချက်နှင့် ယခင်ကအချက်များ အပါအဝင် စုစုပေါင်း (၅၁)ချက်ပါသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်(၁)နှင့် (၂)ကို ရရှိကာ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည်။
ထိုပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းနှစ်ခုတွင် နိုင်ငံရေးကဏ္ဍမူဝါဒ (၁၆)ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒ သဘောတူညီချက် (၁၂)ချက်၊ လူမှုရေးကဏ္ဍ သဘောတူညီချက် (၁၁)ချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဏ္ဍမူဝါဒ သဘောတူညီချက် (၁၂)ချက် တို့ပါဝင်သည်။
ယင်းမှတခါ ၂၀၂၀ သြဂုတ်လ ၂၁ ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ထပ်မံကျင်းပခဲ့သည်။ အစည်းအဝေးနောက်ဆုံးနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် သဘောတူညီချက် အချက် (၂၀)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော်မှုများကို သဘောတူချမှတ်ခဲ့ကြသည်။
နောက်ဆုံ ချုပ်ဆိုနိုင်ခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၊ အပိုင်း(၁)တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်ထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅)ချက်၊ အပိုင်း(၂)တွင်၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှု ဇယားနှင့် အပိုင်း(၃)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာလမ်းညွှန် အခြေခံမူ သဘောတူညီချက် (၅)ချက်တို့ ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် လက်ရှိတွင် NCA လမ်း၏ လမ်းပြမြေပုံဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံမှ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁) (၂) (၃) စသည်ဖြင့် အချက်ပေါင်း (၇၁)ချက် သဘောတူထားသည်ကို တွေ့ရသည်။
သို့သော်လည်း ယင်းပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများထဲတွင် တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ထဲမှ အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်သော ပြည်နယ်အာဏာခွဲဝေမှု၊ တပ်နေရာချထားရေး၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ စသည့်အချက်များကို လုံးဝမပါဝင်သေးသည်ကို မြင်ရသည်။
သတိပြုစရာ အချက်များ
ဤတွင် NCA စာချုပ် အစိတ်အပိုင်း(၃)သည် လက်နက်ကိုင်များအရေးနှင့်ပတ်သက်၍ ယခင်ကထက်ပိုပြီး ဖြည့်စွက်နိုင်ခဲ့သည်ကို မြင်ရသည်။
NCA စာချုပ် အစိတ်အပိုင်း(၃)၊ နံပါတ်(၇) ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်း အပိုဒ်(က)တွင် နှစ်ဖက်တိုက်ရိုက် ထိတွေ့ရင်ဆိုင်မှုရှိသောနေရာတို့တွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် စက်ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှုနည်းလမ်းများ ရယူလျက် ချက်ချင်းဆောင်ရွက်ရန် သဘောတူထားခြင်းဖြစ်သည်။
ထို့အတူ အခန်း ၃၊(က)တွင် အပစ်ရပ်နယ်မြေအတွင်း တဖက်နှင့်တဖက်အကြား နယ်မြေစိုးမိုးမှု၊ တပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများ ဖျက်စီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများရပ်ဆိုင်းရန် ပါရှိသည်။
ယင်းအပြင် အခန်း(၃) စာချုပ်နံပါတ်(၈) တပ်ဖွဲ့ဝင်များ လွတ်လပ်စွာသွားလာခွင့် အပိုဒ်(ခ)တွင်လည်း တဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့်သွားလာရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်ဖြင့် သွားလာရန်ဟု ဖော်ပြထားသည်။
ထို့ပြင် နံပါတ်(၅)အချက်၌ စာချုပ်တွင်ဖော်ပြထားသည့် နှစ်ဖက်အပြန်အလှန် ရရှိထားသော ကတိကဝတ်များကို စောင့်ထိန်းရန်၊ ပွင့်လင်းမြင်သာပြီး တာဝန်ယူ၊ တာဝန်ခံမှုဖြင့် အကောင်အထည်ဖော်ရန်၊ ဖြစ်ထွန်းလာသည့် တိုးတက်မှုများတွင် အခွင့်အရေးမယူဘဲ စာချုပ်ပါကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန် ဆိုထားသည်။
NCA လမ်း ဖြောင့်တန်းခဲ့သလား
အထက်ပါအတိုင်း နိုင်ငံတကာ အသိသက်သေများဖြင့် နိုင်ငံခေါင်းဆောင်များ သဘောတူထားသည့် NCA စာချုပ်ဆိုသည့် နောက်ကြားကာလများတွင် နှစ်ဘက်တပ်များက ဆက်ဆံရေး၊ စစ်ရေးတင်းမာမှုများ တဖြည်းဖြည်းမြင့်တက်ကာ စာချုပ်ပါ အချက်အလက်များ ချိုးဖောက်လာခဲ့မှုများလည်း တွေ့ခဲ့ရသည်။
ယင်းအချက်မှာ မြန်မာစစ်တပ်ဖက်မှ နယ်မြေတိုးချဲ့ခြင်း၊ စစ်အင်အားချဲ့ခြင်း၊ လက်မှတ်ရေးထိုးထားသည့် EAOs အဖွဲ့များနှင့် အရပ်သားအချို့အား မတရားအသင်းဆက်သွယ်မှုပုဒ်မ- (၁၇/၁-၂)တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်း၊ အရပ်ဘက်တက်ကြွလှုပ်ရှားသူများ၊ စစ်ပွဲရပ်တန့်ရန် လူထုဆန္ဒထုတ်ဖော်သည့် လူငယ်ခေါင်းဆောင်များအား မြန်မာစစ်တပ်က ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲခြင်းတို့ကို မြင်ရသည်။
အခြားတဘက်တွင်လည်း EAOs များက NCA လက်မှတ်ထိုးပြီးချိန်တွင် လူသစ်စုဆောင်းခြင်း၊ တပ်အင်အား ဖြည့်တင်းခြင်း၊ ဒေသခံများထံမှ အခွန်ကောက်ခံခြင်း စသည်တို့ပါဝင်နေသည်။
NCA လက်မှတ်ရေးထိုးခဲ့သည့် KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ဖာပွန်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး အကြောင်းပြကာ ၂၀၁၈ ခု မတ်လက မြန်မာစစ်တပ်က လမ်းဖောက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်လာခဲ့သည်။
NCA စာချုပ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာကိစ္စရပ်များတွင် “အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် တိုက်ပွဲမဖြစ်ပွားရေးအတွက် အလေးအနက်ထားကာ စာချုပ်ပါ အချက်အလက်များကိုလည်း လိုက်နာကျင့်သုံးရမည်”ဟု ဆိုထားသော်လည်း တဘက်နှင့်တဘက် ကတိကဝတ်များကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ချိုးဖောက်ခဲ့ကြသည်။
NCA ကို ယုံကြည်မှုပျက်စီးသွားတဲ့ အကြောင်းရင်းများ
တစတစဖြင့် ပျက်ယွင်းလာသည့် NCA ပါ အချက်အလက်များမှာ စစ်အာဏာသိမ်းမှုကြောင့် ပိုပြီး စိတ်ပျက်စရာ ဖြစ်လာတော့သည်။ လက်ရှိတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် စာချုပ်ချုပ်ဆိုထားသည့် EAO များထဲမှ KNU၊ CNF တို့နှင့် စစ်တပ်တို့ကြား တိုက်ပွဲကြီးများ စတင်လာသဖြင့် NCA လမ်းကြောင်းမှာ လက်နက်ကိုင် အင်အားစုများနှင့် ပြည်သူတို့အကြား ယုံကြည်မှုနည်းပါးသည်ကို တွေ့လာနေသည်။ အဆိုပါအဖွဲ့များမှာလည်း ယခုနွေဦးတော်လှန်ရေး PDF စသည့် အင်အားစုများကို အကူအညီပေးခြင်းများနှင့် မြေပြင်တွင်လက်တွဲကာ စစ်ကောင်စီကို တော်လှန်နေတော့သည်။
နောက်ပြီး NCA လမ်းစဉ်ပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ EAOs များ ပါဝင်ရမည်ဖြစ်သော်လည်း အာဏာသိမ်းမှုကြောင့် လွှတ်တော်မရှိတော့သည့်အတွက် နိုင်ငံရေး ဆွေးနွေးမှု သဘောတူညီချက်များကို အတည်ပြုရန် နေရာမရှိတော့ပေ။ ယင်းကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှာ “NCA ရှိသေးလား”ဟု မေးခွန်းထုတ်စရာဖြစ်နေပြီး NCA အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်အားလုံး ရပ်တန့်နေရတော့သည်။
ယင်းကြောင့် မျက်မှောက်ကာလ၌ NCA သည် လေဖြတ်နေသည့် လူနာတစ်ဦးနှယ် သေပြီးဟု မပြောနိုင်သော်လည်း လှုပ်မရတော့ဘဲ မြန်မာနိုင်ငံနေရာအနှံ့ လက်နက်ကိုင်တိုက်ပွဲကြီးငယ်၊ စစ်ရေးပြင်ဆင်လှုပ်ရှားမှု၊ ပဋိပက္ခတင်းမာမှုများကြားတွင် အကျပ်ဆိုက်နေသည်။
ထို့အတူ စစ်အာဏာသိမ်းမှုကို NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(NCA-S EAO)များ၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့အနေနဲ့ပါ ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်းက ပိုပြီး NCA အပေါ် မယုံခြင်းကို ပြသစေသည်။ ယင်းမှတခါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုကို အကြမ်းဖက်နည်းမျိုးစုံဖြင့် စစ်ကောင်စီက အင်အားသုံး နှိမ်နှင်းဖြေရှင်းခဲ့မှုကြောင့် ယခင်က စစ်ပွဲဆိုသည်ကို အဝေးကနေ သတင်းစကား တဆင့်ကြားသိခဲ့ရသည့် ဗမာလူထုအင်အားစုမှာ ကိုယ်တိုင်လက်နက်ကိုင် တော်လှန်လာခဲ့သည်။
နိုင်ငံရေးအကျပ်အတည်းက NCA အပေါ် သက်ရောက်မှု
အာဏာသိမ်းကာလ တနှစ်ခွဲကျော်ကြာလာသည်နှင့်အမျှ မြန်မာပြည်အနှံ့ ပြင်းထန်သောစစ်ပွဲများမှာ နေ့စဉ်နှင့်အမျှ အတော့မသတ်နိုင်တော့ပေ။ ကချင်ပြည်နယ်တွင် (KIA)၊ ကရင်၊ မွန်ပြည်နယ်တွင် (KNU)၊ ကရင်နီတွင် KNPP၊ ချင်းတွင် CNF တို့မှာ CDF ပူးပေါင်းအဖွဲ့များနှင့်အတူ ရှမ်းပြည်နယ်တွင် (MNDAA)၊ TNLA နှင့် ရခိုင်ဘက်တွင်လည်း (AA)တို့က စစ်ကောင်စီနှင့် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားနေတော့သည်။
ထို့အတူ ယခင်က အဖြူရောင်နယ်မြေဖြစ်ခဲ့သည့် မြန်မာနိုင်ငံအနောက်မြောက်ဒေသ စစ်ကိုင်းတိုင်း၊ အလယ်ပိုင်း မကွေးတိုင်း၊ ပဲခူး၊ မန္တလေးဒေသအပါဝင် ဗမာပြည်အနှံ့တွင်လည်း နွေဦးတော်လှန်ရေး အင်အားစုများဖြစ်သော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင် စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်နေသည်။
ယင်းကြောင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ တဖွဲ့ချင်းစီ၏ နိုင်ငံရေးလမ်းစဉ် မတူညီမှုများကြောင့် အနာဂတ် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ယခင်ရှေးဟောင်းလမ်းစဉ် NCA မူဘောင်အတိုင်းသွားရန် လုံးဝခက်ခဲသွားကြောင်း ပြောရပေမည်။
လက်ရှိနေအထားတွင် တော်လှန်ရေးအင်အားစုအားလုံးက စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၊ NCA မဟုတ်သော တခြားငြိမ်းချမ်းရေးလမ်းကြောင်း သို့မဟုတ် စစ်အာဏာရှင်ပြုတ်ကျရေးနှင့် ဖွဲ့စည်းပုံအသစ်တစ်ခု ရေးဆွဲပြီး ဆွေးနွေးနိုင်မှ မြန်မာ့နိုင်ငံရေး လက်တွေ့ကျမည်ဟု စဉ်းစားမှုများရှိလာနေသည်။
သို့သော်လည်း စစ်ကောင်စီဘက်က NCA မူကို ဆုပ်ကိုင်ထားပြီး လက်ရှိတွင်လည်း NCA လမ်းကြောင်းအတိုင်း EAOs များကိုလက်ခံရန် ကြိုးစားနေသည့်သဘောကို မြင်ရသည်။ စစ်ကောင်စီ၏ နိုင်ငံရေးဦးတည်ချက် မူဝါဒတွင် နိုင်ငံရေးကဏ္ဍ(ခ)တွင် “တနိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA အတိုင်း အလေးထား လုပ်ဆောင်ရေး”ဟု စစ်ကောင်စီပိုင်သတင်းစာတွင် ဖော်ပြထားသည်။ ထို့အတူ ယခု စစ်ကောင်စီသည် NCA ထိုးထားသူများ၊ မထိုးထားသူများပါဝင်သည့် EAOs အဖွဲ့ (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည်။
အခြားတဘက်တွင်လည်း စစ်ကောင်စီမှာ နိုင်ငံတော်အာဏာကို သိမ်းယူထားသဖြင့် ပြည်သူတင်မြောက်သည့် အဖွဲ့အစည်းမဟုတ်ဟုဆိုကာ လုံးဝဆွေးနွေးစရာမရှိဟု သတ်မှတ်ထားသည့် လက်နက်ကိုင်အင်အားစု များစွာလည်း ရှိနေကြဆဲပင်။
ငြိမ်းချမ်းရေးက ဘယ်ဆီမှာ
ခြုံငုံကြည့်လျှင် စစ်တပ်နှင့် (EAOs)များမှာ NCA အပစ်ရပ်လက်မှတ် ထိုးပြီးတပြိုင်နက် အချင်းချင်းကြား ယုံကြည်မှု ကောင်းမွန်စွာမတည်ဆောက်နိုင်သေးသည့် ကြားကာလအတွင်း သဘောထားမတိုက်ဆိုင်မှု၊ ယုံကြည်မှုတည်ဆောက်မရဘဲ ပြင်းထန်သည့် ပဋိပက္ခ၊ ထိတွေ့တိုက်ပွဲသို့ ပြန်လည်နောက်လှည့်ခဲ့ရသည်။
ယင်းကြောင့် ၁၉၄၈ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့သည်ဟု ပြောဆိုကြသော်လည်း ပြည်သူတို့မှာ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး အနှစ်သာရများကို မခံစားရသေးပဲ စစ်ရေးပဋိပက္ခသံသရာထဲတွင် တဝဲလည်လည်နှင့် ဆင်းရဲမွဲတည်နေဆဲဖြစ်သည်။
ထိုအထဲတွင် တိုင်းရင်းသားဒေသများက လူမှုဘဝ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မှု ပိုပြီးနှောင့်နှေးခြင်းအပြင် လူသားအရင်းအမြစ်များ နေ့စဉ်ဆုံးရှုံးပြီး ကြောက်မက်ဖွယ်ရာ အကျပ်အတည်းများကို ရင်ဆိုင်လာရသည်။
ထိုအခြင်းအရာများမှာ NCA က ချမှတ်ထားခဲ့သည့် နိုင်ငံရေးလမ်းပြမြေပုံ လုပ်ငန်းစဉ်များ၊ စာချုပ်ပါ အချက်အလက်များကို အကောင်အထည်မဖော်ဆောင်ခြင်း၊ လျစ်လျူရှုထားခြင်းတို့ကြောင့်လည်း ဆိုနိုင်သည်။
အောက်တိုဘာ ၁၄ ရက်နေ့က NCA–EAOs ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ကလည်း မူလ NCA ပြဋ္ဌာန်းချက်များကို အပြည့်အဝ အကောင်အထည်မဖော်နိုင်တော့သည့်အတွက် ပြည်သူများ အကျပ်အတည်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ အကျပ်အတည်းများကနေ လွတ်မြောက်နိုင်ရန်အတွက် NCA ၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများအား အကာအကွယ်ပေးရေးဟူသော အခြေခံမူ ၃ ရပ်ကို ယနေ့အချိန်အထိ ကြိုးပမ်းအကောင်အထည်ဖော်နေကြောင်း PPST က ထုတ်ပြန်ခဲ့သည်။
ထို့အတူ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း NCA နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဟု NCA (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
အချုပ်အားဖြင့် မြန်မာ့သမိုင်းတွင် ပင်လုံစာချုပ်နောက်ပိုင်း ချုပ်ဆိုနိုင်ခဲ့သော NCA ၏ မိုင်တိုင်ခရီး(၇)နှစ်ပြည့် (သမိုင်းဝင်ငြိမ်းချမ်းရေးနေ့)အထိမ်းအမှတ် တွေ့ဆုံပွဲကို စစ်ကောင်စီနှင့် အလွမ်းသင့်သည့် RCSS၊ DKBA၊ KNU/KNLA-PC၊ PNLO၊ NMSP ALP၊ LDU (၇)ဖွဲ့တို့က ငြိမ်းချမ်းစွာတွေ့ဆုံခဲ့ပြီး NCA မှာ ပျက်စီးလို့မဖြစ်ဆိုသည့် အကြောင်းကို ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။ အခြားတဘက်တွင်လည်း NCA ရေးထိုးခဲ့သည့် KNU၊ ABSDF၊ CNF တို့က (၇)နှစ်ပြည့်နေ့သို့ မတက်ရောက်ခဲ့ပေ။
ယင်းကြောင့် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့မှာ နေပြည်တော်တွင် ဆွေးနွေးနေသော်လည်း အောက်ခြေမြေပြင်တွင်ကား ယမ်းခိုးယမ်းငွေ့ထူထပ်စွာဖြင့် ပြည်သူများမှာ ဆင်းရဲဒုက္ခကြီးစွာဖြင့် သမိုင်းဝင် ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးအရသာကို ရှာမတွေ့ခဲ့ကြပေ။
ဂေါင် - ရေးသည်။