- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
NLD အစိုးရသစ်ကို စိန်ခေါ်လိုက်သည့် မောင်တောအကြမ်းဖက်မှု
မူလရှိရင်းစွဲအမည်ဖြစ်သည့် ဘင်္ဂလီဟူသော အမည်ကိုဖျောက်၍ ၁၉၅၁ ခုနှစ်တွင် ဘင်္ဂလီပညာတတ်အသိုင်း အဝန်းတစ်စုက “ရိုဟင်ဂျာ”ဟူသော အမည်သစ်တစ်ခုကို ထီထွင်ဖန်တီးလိုက်ကြသည်။ ၎င်းဘင်္ဂလီများမှာ မြန်မာနိုင်ငံဗြိတိသျှလက်အောက် ကျရောက်နေစဉ်တွင် လယ်ယာစီးပွားရေး တိုးချဲ့လုပ်ကိုင်ရန်အတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ မောင်တော၊ ဘူးသီးတောင်မြို့နယ်များသို့ ဗြိတိသျှအာဏာပိုင်တို့က ခေါ်သွင်းခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှတို့၏ ဆန်စပါးထုတ်လုပ်ရာတွင် အလုပ်သမား များပြားစွာ လိုအပ်လာသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီအလုပ်သမားများကို ရာသီအလိုက် ခေါ်သွင်းခဲ့ကြသည်။ ယင်းမှ တစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလီလူမျိုးများသည် တဖြည်းဖြည်း ဝင်ရောက်မှု များလာခဲ့သည်။
29 Aug 2017
(အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားများ၏ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ဒေသခံပြည်သူ ၁ သောင်းနီးပါးခန့် အိုးမဲ့အိမ်မဲ့ဖြစ်။ ဓါတ်ပုံ - မောင်ဇော်ခိုင်/DMG)
သြဂုတ်လ ၂၉ ရက်နေ့၊ ၂၀၁၇ ခုနှစ်၊ (DMG) ။ ။ မူလရှိရင်းစွဲအမည်ဖြစ်သည့် ဘင်္ဂလီဟူသော အမည်ကိုဖျောက်၍ ၁၉၅၁ ခုနှစ်တွင် ဘင်္ဂလီပညာတတ်အသိုင်း အဝန်းတစ်စုက “ရိုဟင်ဂျာ”ဟူသော အမည်သစ်တစ်ခုကို ထီထွင်ဖန်တီးလိုက်ကြသည်။ ၎င်းဘင်္ဂလီများမှာ မြန်မာနိုင်ငံဗြိတိသျှလက်အောက် ကျရောက်နေစဉ်တွင် လယ်ယာစီးပွားရေး တိုးချဲ့လုပ်ကိုင်ရန်အတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ မောင်တော၊ ဘူးသီးတောင်မြို့နယ်များသို့ ဗြိတိသျှအာဏာပိုင်တို့က ခေါ်သွင်းခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှတို့၏ ဆန်စပါးထုတ်လုပ်ရာတွင် အလုပ်သမား များပြားစွာ လိုအပ်လာသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီအလုပ်သမားများကို ရာသီအလိုက် ခေါ်သွင်းခဲ့ကြသည်။ ယင်းမှ တစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလီလူမျိုးများသည် တဖြည်းဖြည်း ဝင်ရောက်မှု များလာခဲ့သည်။
ဘင်္ဂလီများ၏ နယ်မြေချဲ့ထွင်လာမှု
ရခိုင်ပြည်နယ်အတွင်းသို့ ၁၉၄၂ ခုနှစ်အစောပိုင်းကာလတွင် ဂျပန်များ ရောက်ရှိလာချိန်တွင် ဗြိတိသျှတို့က ဘင်္ဂါလီအပျော်တမ်းတပ်ဖွဲ့ဟူသော တပ်ဖွဲ့တစ်ခုကို လက်နက်များတပ်ဆင်ပေးခဲ့ပြီး ဗြိတိသျှများ ထွက်ခွာခဲ့ သော် ဘင်္ဂလီလက်နက်ကိုင်များမှာ ဂျပန်များကို တိုက်ခိုက်မှုမပြလုပ်တော့ဘဲ မောင်တော၊ ဘူးသီးတောင်မြို့ နယ်များရှိ ဗုဒ္ဓဘာသာဝင်များ၏ ကျေးရွာများနှင့်စေတီ၊ ပုထိုး၊ ကျောင်းကန်များအား မီးရှို့ဖျက်စီးခဲ့ကြပြီး ရခိုင်လူမျိုးများအား သတ်ဖြတ်ခဲ့သည်။ယင်းသတ်ဖြတ်ရာတွင် ရခိုင်လူမျိုး (၃) သောင်းခန့် အသတ်ခံခဲ့ရသကဲ့သို့ လူဦးရေ (၁)သိန်းခန့်မှာလည်း ဘိုးဘွားပိုင်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ဘင်္ဂလီများသည် တဖြည်းဖြည်းဖြင့် နယ်မြေချဲ့ထွင်မှုများပြုလုပ်လာသည်။
ဘင်္ဂလီလူမျိုးများသည် ၁၉၄၈ ခုနှစ်တွင် “ မူဂျာဟစ်ပါတီ ” ထောင်ပြီး ဇွန်လ (၉)ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရသို့ ကုလားတန်မြစ်နှင့် နတ်မြစ်အကြားဒေသများကို မြန်မာပြည်ရှိ မွတ်ဆလင်များ၏ နယ်မြေအဖြစ် အသိအမှတ်ပြုပေးရေး၊ မူဂျာဟစ်ပါတီကို မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးပါတီအဖြစ် တရားဝင် အသိအမှတ်ပြုပေးရေးနှင့် ဖမ်းဆီးထောင်ချထားသော မူဂျာဟစ်တိုက်ခိုက်ရေးသမားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးဟူသော အချက်(၃)သုံးချက်ပါ တောင်းဆိုချက်ကို တောင်းဆိုခဲ့ကြသည်။
၁၉၅၀ ပြည့်နှစ်အလွန်တွင် မြန်မာပြည်၏ ဒေသအများစုတွင် ကွန်မြူနစ်သူပုန်ထခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ ရပြီး အစိုးရအနေဖြင့် ထိန်းမနိုင်၊ သိမ်းမရသည့်အခြေအနေတွင် ဖြစ်ပေါ်စေခဲ့သည်။ ယင်းကဲ့သို့ အချိန်တွင် ဦးနုမှာ လွှတ်တော်မှ အယုံကြည်မဲ့ ထုတ်ပြန်၍ ရာထူးမှ ပယ်ရှားခံရမည့် အခြေအနေနှင့် ထိပ်တိုက်တွေ့ခဲ့ ရသည်။ ယင်းသို့သောကာလအတွင်းတွင် ဘင်္ဂလီများအား ပြည်နယ်ပေးမည်ဟုဆိုကာ မဲဆွယ်ခဲ့မှုကြောင့် ၁၉၅၈ ခုနှစ်၊ ဇွန်လအတွင်းတွင် ဦးနုအစိုးရအဖွဲ့က မဲအနည်းငယ်ရရှိပြီး အနိုင်ရရှိခဲ့သည်။
ယင်းနောက်ပိုင်းကာလတွင် ဦးနုက မူဂျာဟစ်သူပုန်များအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ဘင်္ဂလီများမှာလည်း နိုင်ငံသားဖြစ်ခွင့်တောင်းဆိုလာကြကာ ထောင်ပေါင်းများစွာသော ဘင်္ဂလီများက မြန်မာနိုင်ငံသားကဒ်များ တောင်းဆိုရရှိခဲ့သည်။ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ပေးကာ နိုင်ငံဖြစ်ခွင့်ရရှိရန် ကြိုးစားကြပြီး မိမိကိုယ်ကို မိမိ ရခိုင်မွတ်ဆလင်ဟူ၍ သုံးနှုန်းလာကြသည်။ ယင်းမှ တစ်ဆင့် ရိုဟင်ဂျာဟူသော အမည်များကို သုံးစွဲလာကြသည်။
ဘင်္ဂလီများ၏ ရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံတိုင်းရင်းသားလူမျိုးဖြစ်ခွင့်ရရှိရေးအတွက် လက်နက်ကိုင်တပ်များ ဖွဲ့စည်းခဲ့ကာ ဒေသခံရခိုင်တိုင်းရင်းသား လူမျိုးများအား သတ်ဖြတ်မှုများ၊ ဗုဒ္ဓဘာသာအဆောက်အဦးများကို ဖျက်စီးမှုများပြုလုပ်လာကြခဲ့ကြပြီး မောင်တော၊ ဘူးသီးတောင်မြို့နယ်များတွင် ဌာနေရခိုင်တိုင်းရင်းများ မနေနိုင်ဝံ့အောင်ထိ ခြိမ်းခြောက်မှုများနှင့် ဆူပူမှုများကိုပြုလုပ်လာကြသည်။
ဘင်္ဂလီ - ရခိုင်ပြဿနာ ပြန်လည်စတင်လာခြင်း
ကာလအတန်ကြာ၍ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီများနှင့် ရခိုင်လူမျိုးများသည် အတူတကွယှဉ်တွဲနေထိုင်၍ ပြဿနာတစ်စုံတစ်ရာမဖြစ်ပွားသော်လည်း ရခိုင်လူမျိုးများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများအား ခိုးယူခြင်း၊ အနှောင့်အယှက်ပေးခြင်းနှင့် ကဲျွ၊ နွားများအား ခိုးယူပြီး တစ်ဖက် နိုင်ငံသို့ပို့ဆောင်မှုများ ပြုလုပ်ခဲ့မှုများ မကြာခဏဖြစ်ပေါ်ခဲ့ပြီး ရခိုင်လူထုများ၏ စိတ်တွင် ဘင်္ဂလီများ အပေါ် စိုးရိမ်စိတ်များ ဝင်ရောက်လာခဲ့သည်။
၂၀၁၂ ခုနှစ်၊ မေလ (၂၈)ရက်နေ့သည် ရခိုင်ပြည်နယ်တွင် ဘင်္ဂလီနှင့်ရခိုင်လူမျိုးတို့ဆက်ဆံရေးသည် နောက်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပြီဟုပြောလို့ရသည်။ အကြောင်းမှာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာတွင် ရခိုင်အမျိုးသမီးတစ်ဦးအား ဘင်္ဂလီ(၃)ဦးမုဒိန်းကျင့် သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ဇွန်လ (၃)ရက်နေ့မှာမူ တောင်ကုတ်မြို့တွင် ဘင်္ဂလီ(၁၀)ဦးမှာ သတ်ဖြတ်မှုခံခဲ့ရကာ ဘင်္ဂလီများနှင့် ရခိုင်လူထုများကြား ပဋိပက္ခအသွင်ဆောင်မှုများကို တားဆီးမရသည့်အခြေအနေအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ယင်းပဋိပက္ခသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်နှင့် အနီးဆုံးမြို့ဖြစ်သကဲ့သို့ ဘင်္ဂလီရာခိုင်နှုန်းအများဆုံး ရှိသော မောင်တောမြို့သို့ ကူးစက်သွားခဲ့သည်။ ဘင်္ဂလီလူမျိုးများသည် ဗုဒ္ဓဘာသာဘုရားကျောင်းများနှင့်ဘုန်းကြီး ကျောင်းများ၊ နေအိမ်များအား မီးရှို့လာကြပြီး အကြမ်းဖက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာမှုကြောင့် မောင်တောမြို့ကို ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ရပြီး ရပ်ကွက်အချို့တွင် ပိတ်မိနေသည့် ရခိုင်တိုင်းရင်းသားများကို တပ်မတော်မှ ကယ်ဆယ်ရေးပြုလုပ်ပေးခဲ့ရသည်။
မောင်တောမြို့နယ်တွင် ဘင်္ဂလီများက ဆူပူအကြမ်းဖက်မှုများ ပြုလုပ်နေကြသည်ဟုဆိုသည့် သတင်းများသည် ရခိုင်ပြည်နယ် တစ်ဝှမ်းသာမက မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ချက်ချင်းရောက်ရှိသွားသည်။ ယင်းကြောင့် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့လည်း ကူးစက်လာမည်ကိုလည်း စိုးရိမ်စိတ်များရောက်ရှိ လာကြပြီး မကြာမီရက်ပိုင်းတွင် စစ်တွေမြို့တွင်လည်း ဘင်္ဂလီများနှင့်ရခိုင်များပြဿနာဖြစ်ပွားခဲ့ပြီး အသတ်ခံရမှုများ၊ ဒဏ်ရာရရှိမှုများ၊ အိမ်များမီးရှို့ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်စေခဲ့သည်။ ပဋိပက္ခသည် စစ်တွေမှ ကျောက်ဖြူအထိ ကူးစက်မှုများဖြစ်ပေါ်ခဲ့သည်။
(အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားများ၏ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် စာသင်ကျောင်းများကို အကန့်အသတ်မရှိ ပိတ်ထားရစဉ်။ ဓါတ်ပုံ - မောင်ဇော်ခိုင်/DMG)
NLD အစိုးရအကျပ်ရိုက်ခဲ့သည့် ဘင်္ဂလီအကြမ်းဖက်မှုပြဿနာ
၂၀၁၂ ခုနှစ်က အစပြုခဲ့သည့် ဘင်္ဂလီ - ရခိုင်ပြဿနာသည် တည်ငြိမ်နေပြီဟု သုံးသပ်မှုများ ရှိနေခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဦးအောင်သော NLD အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် မောင်တောဒေသ ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်အပါအဝင် (၃)ခုမှာ ဘင်္ဂလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ယင်းအကြမ်းဖက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ လက်နက်အမြောက်အများပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် (၉)ယောက်လည်း သေဆုံးသွားခဲ့သည်။
အကြမ်းဖက်မှု အန္တရာယ်ကို စိုးရိမ်မှုများကြောင့် မောင်တောဒေသမှ ရခိုင်တိုင်းရင်းသား(၂၀၀၀) ဦးခန့်မှာ စစ်တွေနှင့် တခြားမြို့များသို့ နေရပ်ပြောင်းရွှေ့ခိုလှုံခဲ့ရသည်။အကြမ်းဖက်မှုဆက်တိုက်ဖြစ်ပေါ်ခဲ့သော မောင်တောဒေသကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတစ်ရပ် အကြီးအကျယ် ပြုလုပ်ခဲ့သည်။
ယင်းအကြမ်းဖက်အဖွဲ့RSO နှင့်ဆက်နွယ်နေသည့် Rqa Mul Mujahidin (အကာလ် မူလ်မူဂျာဟီဒင်အဖွဲ့) အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း နိုင်ငံတော်အစိုး ရမှ ထုတ်ပြန်သည်။ ၎င်းအကြမ်းဖက်သမားများသည် အစိုးရနှင့်နီးစပ်သည့် ဘင်္ဂလီရာအိမ်မှူးများ၊ အုပ်ချုပ်ရေး မှူးများအား တိုက်ခိုက်သတ်ဖြတ်လာကြသည်။ နောက်ပိုင်းတွင် ရခိုင်တိုင်းရင်းသားများကိုပါ သတ်ဖြတ်မှုများ ရှိလာသည်။ လက်နက်များနှင့် အတူ အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည့် အကြမ်းဖက် စခန်းတစ်ခုကို ဘူးသီးတောင် - မောင်တောဒေသ မေယုတောင်ကြောတွင် ရှာဖွေ တွေ့ရှိခဲ့သည်။ မောင်တောဒေသ အကြမ်းဖက်မှုပြဿနာကား ပျောက်ကွယ်မသွားဘဲ ပိုမိုဆိုးရွားသည့် အကြမ်းဖက်မှုတကျော့ပြန် ဖြစ်လာ၍ တပ်မတော်မှ နယ်မြေရှင်းလင်းရေးများ ပြုလုပ်ရသည်။
ရခိုင်တိုင်းရင်းသား (၈) ဦး ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ခံရခြင်း
မောင်တောဒေသတွင် အပြစ်မဲ့ပြည်သူများသေဆုံးမှုများ၊ ပျောက်ဆုံးမှုများဖြစ်ပေါ်လျက်ရှိပြီး ဒေသတွင်း စိုးရိမ်မှုများရှိနေသည့်အတွက် “ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်စသည့်မြို့နယ်များမှ ပြည်သူများ၏ ဘဝလုံခြုံရေးကို အာမခံချက်ပေးနိုင်မည့် လုံခြုံရေး အစီအမံများကို ပြည်နယ်အစိုးရက ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း” အဆိုအား ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြည်နယ်လွှတ်တော်တွင်တင်သွင်းခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့က ကန့်ကွက်သူမရှိ အတည်ပြုပေးခဲသည်။ သို့သော်လည်း ယင်းအဆိုအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေး တာဝန်ခံ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က မောင်တောဒေသသည် တည်ငြိမ်အေးချမ်းနေပြီဖြစ်၍ မှတ်တမ်းအဖြစ်သာထားရှိရန် လွှတ်တော်၌ တောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မောင်တောဒေသ တည်ငြိမ်အေးချမ်းနေပြီဟု ပြောဆို၍ ရက်ပိုင်းအလို( သြဂုတ်လ ၃ ရက်နေ့)မှာ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာ(မြို)ကျေးရွာမှ ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသား ၈ ဦးသည် ဘင်္ဂလီအကြမ်းဖက်သမားများ သေနပ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု၊ ဓားဖြင့်ခုတ်သတ်မှုဖြင့် သေဆုံးခဲ့သည်။ ၎င်းရခိုင်တိုင်းရင်းသားများသည် မေယုတောင်ပေါ်တွင်ရှိသည့် ၎င်းတို့၏ တောင်ယာလုပ်ငန်းခွင်သို့ သွားရောက်စဉ် အကြမ်းဖက်သမားများ၏ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
သြဂုတ်လ ၂၅ ရက်နေ့တွင်ကား အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားမျာသည် မောင်တောဒေသရှိ လုံခြုံရေးဆောင်ရွက်နေသော ရဲကင်းစခန်း ၃၀ ခုနှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို တစ်ချိန်တည်း အလစ်အငိုက် အကြမ်းဖက်ထပ်မံတိုက်ခိုက်ခဲ့သည်။ ယင်းအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အရပ်သားပြည်သူများသေဆုံးခဲ့ရပြီး ထောင်နှင့်ချီသော ရခိုင်တိုင်းရင်းသားများသည် ဘေးလွတ်နေရများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ မီဒီယာများ၏ အမြင်
မောင်တောဒေသတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက် စဉ်အတွင်း ဘင်္ဂလီကျေးရွာများ မီးရှို့ခံရမှုရှိသည်ဟု ဂြိုဟ်တုဓာတ်ပုံများကို မှီငြမ်းပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများနှင့်နိုင်ငံတကာ မီဒီယာများက ပြစ်တင်စွပ်စွဲလာကြသည်။ သို့သော် မြန်မာအစိုးရဘက်ကမူ ဘင်္ဂလီတို့မှာ မိမိအိမ်ကိုမိမိမီးရှို့၍ နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ရရှိရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုကာ စွပ်စွဲချက်အား အပြင်းအထန်ငြင်းပယ်ခဲ့သည်။ သို့သော် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်တစ်ချို့နိုင်ငံ အစိုးရများကမူ မောင်တောဒေသတွင် ဘင်္ဂလီလူမျိုးများအား မြန်မာအစိုးရဘက်မှ လူမျိုးတုံး သတ်ဖြတ်မှု(Genocide)၊ လူမျိုးသန့်စင်ရှင်းလင်းရေး လုပ်ဆောင်မှု (Ethnic Cleansing) များ ကျုးလွန်နေသည်ဟု စွပ်စွဲလာပြန်သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းနှင့် နိုဘယ်လ်ဆုရှင် ကိုဖီအာနန်ကမူ ရခိုင်ပြည်နယ်မောင်တောဒေသတွင် အကြမ်းဖက်မှုဖြစ်ပွားခဲ့မှုများနှင့် ပတ်သတ်၍ ဘင်္ဂလီများ အပေါ် အစိုးရတပ်မတော်ဘက်က လူမျိုးတုံးသတ်ဖြတ်မှုမရှိဟုပြောဆိုခဲ့သည်။ ယင်းနည်းလည်းကောင်းပင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလည်း နိုင်ငံတကာသတင်းသမားများအား လူမျိုးတုံးသတ်ဖြတ်မှုမရှိဟု ဖြေဆိုခဲ့သည်။
မောင်တောဒေသအား ဘင်္ဂလီများအကြမ်းဖက်ရခြင်း
မောင်တောင်ဒေသတွင် ဘင်္ဂလီများ၏ အကြမ်းဖက်မှုများမှာ ဒေါ်အောင်ဆန်းစုကြည်ဦးသော NLD အစိုးရ လက်ထက်မှ စတင်ဖြစ်ပေါ်လာခြင်းတော့မဟုတ်ပေ။ ဘင်္ဂလီများ၏ အကြမ်းဖက်ရခြင်းရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစ္စလာမ်ပြည်နယ် ထူထောင်ရေးဖြစ်သည်။ ၁၉၄၈ ခုနှစ်က ဘင်္ဂလီများ (မူဂျာဟစ်သူပုန်များ)သည် မောင်တောမြို့နယ် မြောက်ပိုင်းကျေးရွာများကို ရက်စက်စွာ စစ်ဆင်ရေးပြုလုပ်ပြီး ဖျက်ဆီးခဲ့ကြသည်။ ဗုဒ္ဓဘာသာရဟန်းတော်များအား ပြန်ပေးဆွဲမှုများ၊ ဓားစာခံများအဖြစ် ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ဘင်္ဂလီအကြမ်းဖက်သမားများကြောင့် ဆိုးရွားစွာအကြမ်းဖက်လာမှု ဖြစ်လာသောကြောင့် ဗိုလ်ချုပ်နေဝင်း၏ အမိန့်အာဏာဖြင့် ရခိုင်ပြည်နယ်တွင် နဂါးမင်းစစ်ဆင်ရေးဟူ၍ ကြီးမားသည့် စစ်ဆင်ရေးတစ်ခုကို ပြုလုပ်ခဲ့သည်။
၁၉၆၀ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် မူဂျာဟစ်သူပုန်များကို အနိုင်တိုက်နိုင်ခဲ့သည်။ သို့သော်လည်း ဘင်္ဂလီခေါင်းဆောင်များကမူ မိမိကိုယ်ကို မိမိ ရိုဟင်ဂျာဟူ၍ ဇာတိရုပ်အသစ်တစ်ခုကို ဖန်တီးလိုက်ကြသည်။
နိဂုံး
ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် မဖြေရှင်းနိုင်ခဲ့သည့် ဘင်္ဂလီပြဿနာကို ရှေ့ဆက်ပြီး မဖြေရှင်း နိုင်ခဲ့သော် မြန်မာနိုင်ငံ၏ အခြေအနေ၊ ရခိုင်ပြည်နယ်၏ အခြေအနေသည် ဆိုးရွားသည့် အခြေအနေတစ်ရပ်ကို ရောက်ရှိသွားလိမ့်မည်။ အစိုးရအဆက်ဆက်၏ လုံခြုံရေးပေါ့လျော့မှု၊ နိုင်ငံအပေါ်သစ္စာ မစောင့်ထိန်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ် - ရခိုင်နယ်စပ်မှ တစ်ဆင့် ဘင်္ဂလီများ သောင်းနှင့်ချီ၍ တရားမဝင်ခိုးဝင်လာကြသည်။ ယင်းဘင်္ဂလီများသည် မြန်မာနိုင်ငံသား လုံးဝမဟုတ်သောကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် လုံးဝစိစစ်ခြင်းမရှိဘဲ နိုင်ငံသား အခွင့်အရေးများကို ပေးလို့မရပါ။ နိုင်ငံသားများကဲ့သို့ အခွင့်အရေးများအား ပေးလိုက်လျှင် ဌာနတိုင်းရင်းသားများနှင့် တကျော့ပြန် ဆူပူမှုများဖြစ်လာမည်ဖြစ်ရာ ယင်းပြဿနာများကို ဖြေရှင်းရမည့် တာဝန်မှာ ယခုတက်နေသည့် နိုင်ငံတော် အစိုးရ၏ မဟာတာဝန်တစ်ရပ်လည်းဖြစ်သည်။ အစိုးရအနေဖြင့် ရခိုင့်အရေးပြဿနာများနှင့်ပတ်သတ်ပြီး ဆောင်ရွက်လျှင် ရခိုင်လူမျိုးများ၏ သဘောဆန္ဒကိုရယူပြီး ပူးပေါင်းဆောင်ရွက်လျှင် ယခုဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး အောင်မြင်မှု ရရှိနိုင်မည်လည်း သုံးသပ်တင်ပြလိုက်ရသည်။
ဖဒူ ထွန်းအောင်
ကိုးကား - ရခိုင်ပြည် ပဋိပက္ခနှင့် အကြမ်းဖက်မှု (AHRDO)
(အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားများ၏ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ဒေသခံပြည်သူ ၁ သောင်းနီးပါးခန့် အိုးမဲ့အိမ်မဲ့ဖြစ်။ ဓါတ်ပုံ - မောင်ဇော်ခိုင်/DMG)